နတ်မတောင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
နတ်မတောင်
ခေါ်နူးစုမ် / ဝိတိုရိယတောင်
Nat Ma Taung, Mount Victoria between the trees.JPG
နတ်မတောင်ကို သစ်ပင်များကြားမှ မြင်ရစဉ်
အမြင့်ဆုံးအမှတ်
အမြင့် ၃,၀၇၀ m (၁၀,၀၇၀ ft) [၁]
ပေါ်လွင်မှု ၂,၁၄၈ m (၇,၀၄၇ ft) [၁]
ကိုဩဒိနိတ် 21°14′00″N 93°54′00″E / 21.23333°N 93.90000°E / 21.23333; 93.90000ကိုဩဒိနိတ်: 21°14′00″N 93°54′00″E / 21.23333°N 93.90000°E / 21.23333; 93.90000
ပထဝီဝင်
နတ်မတောင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နတ်မတောင်
နတ်မတောင်
နတ်မတောင်တည်နေရာ
တည်နေရာ ချင်းပြည်နယ်မြန်မာနိုင်ငံ
ပင်မတောင်တန်း ချင်းတောင်တန်း
တောင်တက်ခြင်း
ပထမဆုံး တက်ရောက်ခြင်း မသိရှိရ
အလွယ်ဆုံး တောင်တက်လမ်း တောင်တက်လမ်း

နတ်မတောင်ဟု လူသိများလာသော ပေတစ်သောင်းကျော်မြင့်သည့် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မတူပီကန်ပက်လက်မြို့နယ် သုံးမြို့နယ်အတွင်း တည်ရှိသည်။

နတ်မတောင်၏ အမည်ကို ဒေသခံတို့က ခေါ်နူးစုမ်၊ဒေနုမထုမ် စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ ကိုလိုနီခေတ်က ဝိတိုရိယတောင်ဟုလည်း အမည်ပေးခဲ့သေးပေသည်။

နတ်မတောင်နှင့် အနီးဆုံးမြို့ကား ကန်ပက်လက် ဖြစ်သည်။ ကန်ပက်လက် မှ ဆယ်မိုင်ကျော်ခန့် မင်းတပ်သွားသည့်လမ်းအတိုင်း တောင်တက်ခရီးကိုသွားသော် နတ်မတောင်၏ ပေရှစ်ထောင်အမြင့်ရှိ နတ်မတောင်တက်ရာ အလွယ်ဆုံး စခန်းထောက်သို့ ရောက်ပေသည်။ ထိုပေရှစ်ထောင်စခန်းမှ ကားလမ်းအတိုင်း သွားသော် အဆင်းလမ်းဖြစ်ပြီး အေးစခန်းသို့ ရောက်သည်။ အေးစခန်းမှ ဆက်ဆင်းသော် ဝမ်းရွာ၊ ထို့နောက် ချီချောင်းကို ရောက်သည်။ ချီချောင်း၌ ချောင်းကူးတံတား ရှိသည်။ ထိုချီချောင်းမှ မင်းတပ်သို့ တောင်ပြန်တက်ရပေသည်။ ပေသုံးထောင်ခန့်တက်သော် ပြေရွာနှင့် မင်းတပ်တို့ကို တစ်ဆက်တည်း တွေ့ရမည် ဖြစ်၏။

နတ်မတောင်ကို တောင်တက်ဝါသနာရှင်များသည် အလွန်စိတ်ဝင်စား ကြသည်။

ပြည်တွင်းမှ ဝါသနာရှင်များအပြင် နိုင်ငံတကာမှ ဝါသနာရှင်များလည်း စိတ်ဝင်စားကြသည်။ နတ်မတောင်သို့ တက်ကြသူများတွင် တောင်တက်ခြင်းဝါသနာရှင်များအပြင် ထိုဒေသရှိ ပန်းများ၊ သစ်ပင်များကို လေ့လာလိုသူ ရုက္ခဗေဒသမားများလည်း ပါသည်။ ထို့ပြင် နတ်မတောင်ရှိ ရှားပါးငှက်များကို လေ့လာလိုကြသော ငှက်ကြည့်သမားများ၊ ငှက်ဝါသနာရှင်များလည်း ပါကြ၏။ နတ်မတောင်ကို လာတက်ကြသော တောင်တက်သူများတွင် ရိုးရိုးအပျော်တမ်း တောင်တက်သူများပါသလို တောင်တက်ခြင်း အခက်အခဲကို ပျော်မွေ့သော တကယ့်တောင်တက်သူများလည်း ပါဝင် ကြသည်။

အပျော်နှင့် ဗဟုသုတအတွက် တောင်တက်သူများက ကန်ပက်လက်မှ တက်သောလမ်းကို ရွေးကြသည်။ ထိုဘက်လမ်းက သက်သာလွယ်ကူသောကြောင့် ဖြစ်ပေသည်။ ကန်ပက်လက်မြို့သို့ သွားသည်၊ ထိုမှ ပေရှစ်ထောင် စခန်းထောက်သို့ ကားဖြင့်ပင် တက်ကြသည်။ နတ်မတောင်ထိပ်သို့အရောက် လမ်းလျှောက်တက်ရသော တောင်တက် ခရီးက ပေနှစ်ထောင်ကျော်သာသာရှိတော့ပြီး လမ်းကလည်းပြေသည်။ လမ်းလျှောက်တက်ရန်အတွက် လမ်းအူကြောင်း လည်းရှိပြီး သက်သာသည်။ အခက်အခဲမရှိ။ တောင်တက်သမားများကမူ မင်းတပ်ဘက်မှ ချီချောင်း၊ အေးစခန်းတို့မှ တောင်တက်သမားများသုံးသည့် လမ်းအတိုင်း နတ်မတောင်ထိပ်သို့ တက်ကြသည်သာ ဖြစ်၏။ စာရေးသူ ဖတ်မှတ် မိဖူးသမျှဆိုသော် ခြေလျင်တောင်တက်အသင်းကြီးသည် တစ်ချိန်ကဆိုလျှင် သူ့အဖွဲ့ဝင်များကို ထိုမင်းတပ်၊ အေးစခန်း ဘက်မှ ခြေလျင်တက်မှသာ နတ်မတောင်တက်ခြင်းကို အောင်မြင်သည်ဟု အသိအမှတ်ပြုကြောင်း မှတ်သားခဲ့ဖူး ပေသည်။

အေးစခန်းမှာ ရွာကြီးတစ်ရွာဖြစ်ပြီး ထိုစခန်းသည် နာမည်ကြီး အစဉ်အလာရှိသောစခန်း ဖြစ်သည်။ ထိုစခန်း၌ ဘိုတဲကြီးတစ်လုံး ရှိသည်။ မင်းတပ်ဘက်ခြမ်းကို မြင်ရသော တောင်စောင်းဘက်တွင် ဆောက်လုပ်ထားသော ဘိုတဲကြီး ဖြစ်သည်။ အတော်လေး ကျယ်ဝန်းသော အဆောက်အအုံ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီကတည်းက ရှိခဲ့သော အဆောက်အအုံဖြစ်ပြီး စစ်ပြီးခေတ်တွင် ၁၉၄၈ ခန့်က ပြန်လည်ပြုပြင်ခဲ့သော ဘိုတဲဟု ဆိုကြသည်။

ယခင်က သစ်သားအဆောက်အအုံဖြစ်သော်လည်း ယခုအခါ အကာအရံများမှာ သွပ်ပြားများဖြင့် လဲလှယ် ထားရပေရာ သစ်သားများ ကျန်သော်လည်း နေရာအများအပြားမှာ သွပ်များ ဖြစ်နေပေပြီ။ ၁၉၄၈ ခန့်က ထိုဘိုတဲ၌ နာမည်ကျော် ပန်းသုတေသနသမား အင်္ဂလိပ်လူမျိုး အက်ဖ်ကင်းဒမ်းဝပ်(F.Kingdone Ward)ဆိုသူ နှစ်နှင့်ချီ၍ နေသွားခဲ့ပြီး နတ်မတောင်တစ်ကြောမှ တောင်ဇလပ်များ၊ သစ်ခွပင်များ စုဆောင်းသွားသည်။ ဝပ်သည် ချင်းပြည်နယ်တွင်သာမက တောင်ဇလပ်၏ဇာတိဟုဆိုရမည့် ကချင်ပြည်နယ်တွင်လည်း နေရာအနှံ့ သွားရောက် လေ့လာစုဆောင်းခဲ့ပြီး သုတေသနပြုခဲ့သည်။ ၁၉၅၈ ခုတွင် အင်္ဂလန်နိုင်ငံ ချဲလ်ဆီးပန်းပြပွဲ၌ တောင်ဇလပ်ကို ပြသ တင်သွင်းကာ နာမည်ကျော်ခဲ့သည်။ မြန်မာနိုင်ငံမှ တောင်ဇလပ်၊ သစ်ခွတို့နှင့် ပတ်သက်၍ စာအုပ်ရေးသားခဲ့ပြီး ထို စာအုပ်များ နာမည်ကျော်ခဲ့သည်။

အေးစခန်းဘိုတဲကြီးတွင် နံရံတိုင်း၌ တွေ့ရသောအရာများက လက်ရေးစာလုံးသေးသေးလေးများ ဖြစ်သည်။ နတ်မတောင်တက်ရန် အတွက် ရောက်လာသောတောင်တက်အဖွဲ့သားတိုင်းလိုလို အေးစခန်း ဘိုတဲကြီး၌ တစ်ထောက် စခန်းချကြသည်ဖြစ်ရာ သူတို့အဖွဲ့သားများစာရင်းနှင့် ရောက်ရှိသည့်နေ့စွဲများကို မှတ်တမ်းတင်ထားခဲ့ကြသည်။ ထိုအထဲ တွင် အမှတ်တရစာတမ်းလေးအချို့လည်း ပါပေသည်။

ထိုနတ်မတောင်သို့ ၂၀ဝ၃ ခု ဖေဖော်ဝါရီ ၁၄ ရက်တွင် ပန်းချီ မောင်ညိုဝင်း၊ မင်းဝေအောင်၊ သိန်းရွှေကြည်၊ ကျော်ရှိန်၊ ဇော်မင်း၊ ဓာတ်ပုံစိန်မင်းနိုင်တို့နှင့် ရောက်ခဲ့သည်။ ၂၀ဝ၄ ခုနှစ်၊ ဧပြီလ ၂၄ ရက် နေ့တွင် ပန်းချီမောင်မောင်လှမြင့်၊ မင်းဝေအောင်၊ ဇော်မင်း၊ ကျော်ရှိန် တို့နှင့် ဒုတိယအခေါက်ရောက်ခဲ့၏။ ၂၀ဝ၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက် နေ့တွင် ပန်းချီမင်းဝေအောင်၊ သိန်းရွှေကြည်၊ ဇော်မင်း၊ ဓာတ်ပုံ နာဂိုယာ ဇော်မြင့်၊ ဝေလွင်၊ စိုးဝေတို့နှင့် တတိယအခေါက် ရောက်သည်။ ၂၀ဝ၇ ခု၊ မတ်လ ၂၄ ရက်နေ့တွင် ပန်းချီမောင်မောင်လှမြင့်၊ ရုပ်ရှင်အဖွဲ့များဖြစ်သော လွင်မိုး၊ တင်ဆန်း၊ ကျော်ဝင်း၊ ရွှေမိုး၊ ဥက္ကာ(ဓာတ်ခဲ)၊ ဝင်းရွှေ၊ ဇော်ဦးတို့နှင့်အတူ စတုတ္ထအခေါက်ရောက်သည်။ စာရေးသူနှင့် အတူသွားရောက်ခဲ့သူများ၌ ၂၀ဝ၃ ခုကသွားသည့် မောင်ညိုဝင်း၊ မင်းဝေအောင်၊ သိန်းရွှေကြည်၊ ကျော်ရှိန်၊ ဇော်မင်းနှင့် စိန်မင်းနိုင်တို့ တောင်ထိပ်အထိ နှင်းလေပြင်းများကြားမှ အရောက်တက်ခဲ့ကြသည်။

၂၀ဝ၇ ခု မတ်လက သွားခဲ့ကြသော ပန်းချီမောင်မောင်လှမြင့် နှင့် လွင်မိုးတို့ရုပ်ရှင်အဖွဲ့အာလုံး (စာရေးသူမှလွဲ၍) နတ်မတောင်ထိပ်သို့ အရောက်တက်ကာ တောင်ထိပ်၌ တစ်ညပင် အိပ်ခဲ့ကြသည်။

စာရေးသူမှာ ၂၀ဝ၃ ခုနှစ် ပထမတစ်ခေါက်၌ ပေကိုးထောင်အထိ တက်ခဲ့ပြီး ခြေထောက်ကျိုးဒဏ်ရာဟောင်းကို ငဲ့ကာ ပြန်ဆင်းခဲ့ရသည်။ ၂၀ဝ၇ ခုနှစ်တွင်လည်း ပေ ၈၅၀ဝ ခန့်အထိသာ တက်ခဲ့သည်။ တောင်ထိပ်သို့ တစ်ကြိမ်မျှ မရောက်ခဲ့ပေ။ ပေကိုးထောင်ခန့် ရောက်သည်ကပင် ဓာတ်ပုံကောင်းများစွာ ရရှိခဲ့ပေသည်။

စာရေးသူ လေးကြိမ်ရောက်ခဲ့သော နတ်မတောင်၏အခြေအနေသည် တစ်ကြိမ်နှင့်တစ်ကြိမ် မတူခြားနားချက်များ ဆုံခဲ့ရ၏။ ပထမဆုံးအကြိမ် ရောက်စဉ်က ပေရှစ်ထောင်မှတက်လမ်းသည် လမ်းသာလှပြီး သန့်ရှင်းသည်။ သစ်ပင်များ၏အခြေအနေက များစွာ ထူထပ်သည်ကို တွေ့ရသည်။ လမ်းတွင် နတ်မတောင်သန့်ရှင်းရေးအတွက် စည်းကမ်းမဲ့ အမှိုက်မပစ်ရန်အတွက် အမှိုက်ပုံး များဖြင့် သန့်ပြန့်သည်။ နောက်ဆုံး တစ်ခေါက်၌ သစ်ပင်များ အတော် နည်းသွားသည်ကို တွေ့ရသည်။ ဒေသခံများ အဖြတ်အသွား ပိုများလာသည်အား တွေ့ရပြီး တောင်ပေါ်၌ အမှိုက်ပုံးများ မတွေ့ခဲ့ရ။ ပေရှစ်ထောင် စခန်းထောက်၌ ယခင်ကရှိခဲ့သော `နတ်မတောင် အမျိုးသားဥယျာဉ်အတွင်း ဖြတ်သန်းစဉ် လိုက်နာရမည့် စည်းကမ်းချက်များ´ ဟူသည့် သတိပေးဆိုင်းဘုတ်၊ နတ်မတောင် လမ်းပြမြေပုံ စသည့် လမ်းညွှန်များကား မည်သူ မီးဖိုထင်းဆိုက်သွားသည်မသိ၊ တိုင်လေးများသာ ကျန်တော့သည်။ စနစ်တကျဆောက်ထားသော အိမ်သာ၊ နားနေဆောင်တို့လည်း အကာအခင်း များ ကျိုးတိုးကျဲတဲသာ ကျန်တော့သည်။

နတ်မတောင်တွင် လေ့လာစရာ ပန်းနှင့် သဘာဝပေါက်ပင်များ အများအပြားရှိသည်။ ရှားပါးသော တောင်ဇလပ် အမျိုးအစားများ ရှိသည်။ ထို့ပြင် ကမ္ဘာပေါ်တွင် မျိုးတုံးပျောက်ကွယ်လုနီးဖြစ်သော ငှက်မျိုးစိတ် အတော်များများ ရှိသည်ဟု ကမ္ဘာကျော်ငှက်သုတေသနသမားများက သတ်မှတ်လက်ခံထားကြသည်။ နှစ်ချို့ သစ်ပင်ကြီးများ၊ သက်ကြီးပု တောင်ဇလပ်ပင်များ၌ ကပ်၍ ပေါက်နေသောသစ်ခွများလည်း ရှိသည်။ လေသိုက်ခေါ် သစ်ပင်၌ ကပ်ပေါက်နေသော မှော်ပင်များလည်း တွေ့ရသည်ဖြစ်၏။


(စာကြွင်း။ ။ မင်းတပ်နှင့် ကန်ပက်လက် ၃၇ မိုင်၊ မင်းတပ်နှင့် ဝမ်းရွာ ၁၀ မိုင်၊ မင်းတပ်နှင့် အေးစခန်း ၁၅ မိုင်၊ ကန်ပက်လက်နှင့် ပေ ၈၀ဝ၀ စခန်း ၁၀ မိုင်ကျော်၊ နတ်မတောင်အမြင့် ၁၀၅၀ဝပေ)

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Peaklist - 19 Mountain Summits with Prominence of 1,500 meters or greater Retrieved 23 December 2013