သန်လျင်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

သန်လျင်

သန်လျင်
သန်လျင် is located in မြန်မာနိုင်ငံ
သန်လျင်
သန်လျင် တည်နေရာ၊ မြန်မာ။
Coordinates: 16°45′50″N 96°15′07″E / 16.763776, 96.251837
နိုင်ငံ မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး
ခရိုင် ရန်ကုန်တောင်ပိုင်းခရိုင်
မြို့နယ် သန်လျင်မြို့နယ်[၁]


သန်လျင်မြို့သည် ဟံသာဝတီခရိုင်၊ သန်လျင်နယ်နှင့် သန်လျင်မြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်ခဲ့ရုံမက ၁၉၅၈ ခုနှစ်ဒီဇင်ဘာလ ၂၂ ရက်နေ့မှစ၍ ဟံသာဝတီခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်လာခဲ့သည်။ ယခု ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ယခင်က သန်လျင်နယ်တွင် ကျောက်တန်းမြို့နယ်သုံးခွမြို့နယ်ခရမ်းမြို့နယ်နှင့် သန်လျင်မြို့နယ်များပါဝင်ခဲ့သည်။ ၄င်းကို အင်္ဂလိပ်များက (ဆီရီယမ်) Syriam ဟု ခေါ်ဆိုခဲ့ကြသည်။ စာရေးသားရာတွင် သန်လျင်ဟု ရေးသားသော်လည်း ခေါ်ဆိုအသုံးပြုရာတွင် တညင် (သို့) သန်လျင်ဟုလည်း ခေါ်ဆိုသူများရှိသည်။ ပဲခူးမြစ်ပေါ်တွင် တည်ရှိပြီး၊ မြန်မာပြည်၏ အဓိက ဆိပ်ကမ်းလည်း ရှိသည်။ ဒေါက်တာသန်းထွန်း ရေးသော မြန်မာသမိုင်းနိဒါန်းတွင် သန်လျင် = သံလျင်း၊ ဆောင်ပန်း ဟု အဓိပ္ပါယ်ရသည်။

သန်လျင်မြို့တွင် မြန်မာနိုင်ငံ၏ အဓိက ရေနံချက်စက်ရုံတစ်ခုဖြစ်သည့် ရေနံချက်စက်ရုံ အမှတ် (၁) လည်းရှိသည်။ သန်လျင်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံရှိပြီး ပန်းခြံထဲတွင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးနေသည့် ရုပ်ထု၊ ငါးကန်နှင့်၊ နာရီစဉ်ကြီးသည် မြင့်မားစွာ တည်ရှိသည်။ ၄င်း၏ အနောက်ဘက်တွင် သန်လျင်အထက်တန်းကျောင်း အထက (၁) နှင့် ရန်ကုန်-သီလဝါဆိပ်ကမ်းကို ချိတ်ဆက်ထားသည့် ရထားဘူတာတို့ရှိသည်။ သန်လျင်မြို့၏ အကျယ်အဝန်းမှာ ၄.၆ဝ၄ စတုရန်းမိုင်ဖြစ်သည်။ သန်လျင်မြို့တွင် အုပ်ချုပ်ရေးဆိုင်ရာရုံးများ၊ အထက်တန်းကျောင်းများ စသည့် အစိုးရအဆောက်အအုံများရှိသည်။

သမိုင်း[ပြင်​ဆင်​ရန်​]

သမိုင်းတစ်လျှောက် သန်လျင်ကို ကြီးစိုးခဲ့သူများမှာ မွန်တို့ဖြစ်သည်။ မွန်တို့ ပဲခူးကို ဗဟိုပြုပြီး အောက်မြန်မာနိုင်ငံကို အုပ်ချုပ်စဉ်က သန်လျင်ကို စညင် ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ မြန်မာမင်းများ အာဏာကြီး၍ မွန်တို့ဒေသကို အုပ်ချုပ်စဉ်များတွင်လည်း သန်လျင်မှာ မြို့ပြအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ နောက်ဆုံး အလောင်းဘုရားလက်ထက်တွင်မှ သန်လျင်ဟု အမည်ခေါ်စေခဲ့ခြင်းဖြစ်သည်။

သန်လျင်မြို့သည် ရှေးမြန်မာဘုရင်များလက်ထက်ကပင် ထင်ရှားသောမြို့ဖြစ်သည်။ ထိုမြို့ကိုတည်သူ ငသန်လျင်အားအစွဲပြု၍ သန်လျင်မြို့ဟု တွင်ကြောင်းဖြင့် သန်လျင် သမိုင်း၌ဆိုသည်။ ယခုကျောက်တန်းမြို့ ဟုခေါ်သော ပါဒရွှေမြို့တော်ကြီးမှ နောက်ဆုံးစိုးစံတော်မူသော အရိန္ဒရာဇာမင်း လက်ထက်တွင် ပါဒမြို့ အရှေ့အရပ်ဝယ် ဘုရားကြီးရွာ ဟူ၍ရှိသည်။ ထိုရွာတွင်နေထိုင်ကြသော တောင်သူ ဇနီးခင်ပွန်းနှစ်ယောက်တို့၌ ရုပ်လက္ခဏာ၊ ခွန်အားဗလ၊ စွမ်းရည်သတ္တိနှင့်ပြည့်စုံ၍ သန်စွမ်းပေါ့ပါးလျင်မြန်သော ငသန်လျင်ဆိုသူ သားတစ်ယောက်ဖွားမြင်သည်။ ငယ်စဉ်ကပင် ထမင်းတစ်ယောက်မကုန်အောင် စားနိုင်သောဟူ၏။ ခွန်အားဗလအလွန်ကြီးသော သား၏အကြောင်းကို မင်းတို့ကြားသိခဲ့သော် မင်းပြစ်မင်းဒဏ် မလွတ်မကင်းဖြစ်မည် စိုးသည်ကတစ်ကြောင်း၊ အစားအသောက်ကြီးသဖြင့် ပြည့်စုံအောင် ရှာဖွေမကျွေးနိုင်မည်စိုးသည်က တစ်ကြောင်း တို့ကြောင့် တစ်နေ့တွင် သားအဘနှစ်ယောက် သီဟဒီပကျွန်းဘက်သို့ကူးသွားကာ သားဖြစ်သူအား ဥပါယ်တံမျဉ်ဖြင့် သစ်ပင်ပိသေအောင်ကြံခဲ့ကာ မိမိနေရင်း အရပ်သို့ပြန်ခဲ့၏။ ငသန်လျင်လည်း ဘုန်းသမ္ဘာရှင်ဖြစ်သည့်အလျောက် မသေဘဲတောထဲ၌ လှည့်လည်နေထိုင်လေသည်။ ယင်းသို့နေထိုင်စဉ် တောဝက်ကြီး တစ်ကောင်သည် သီဟဒီပကျွန်းသို့ ပတ္တမြားကိုငုံလျက် ကောင်းကင်ခရီးဖြင့်ပျံလာ၍ သဖန်းသီးများကို စားသောက်သည်ကိုမြင်လျှင် တောဝက်၏ပတ္တမြားကို လိုချင်သဖြင့် တစ်နေ့တွင်ဝက်ကြီး အလာကို စောင့်နေလေသည်။

ဝက်ကြီးရောက်၍ ငုံလာသောပတ္တမြားကို သစ်ပင်ရင်း၌ထားကာ သဖန်းသီးများစားနေစဉ် ငသန်လျင်သည် သစ်ပင်ပေါ်မှ သဖန်းသီးမှည့်များကိုဆွတ်၍ အရပ်လေးမျက်နှာ ခပ်ဝေးဝေးသို့ လှမ်းပစ်သော် ဝက်ကြီး လည်းလိုက်လံကောက်ယူလေသည်။ ယင်းသို့ဝက်ကြီး အဝေးရောက်နေစဉ် ငသန်လျင်သည် သစ်ပင်ထက်မှဆင်း၍ ပတ္တမြားကို ယူလိုက်သည်။ ဝက်ကြီးပြန်လာ၍ ပတ္တမြားကို မတွေ့သဖြင့် ဒေါသထွက်လျက် သဖန်းမြစ်ကို တူးဆွရှာဖွေစဉ်တွင် ငသန်လျင်သည် သစ်ပင်ကိုနုတ်ကာ ဝက်ကြီး ကိုရိုက်သတ်သဖြင့် ဝက်ကြီးသေလေသည်။

ပတ္တမြားကိုရသော် ငသန်လျင်သည် ထိုပတ္တမြားကိုငုံ၍ ရန်အောင်မြင်ကုန်း၊ ကျိုက်ဒေးပယင်းကုန်း၊ ကျိုက်ဒေးဝန်းကုန်းတို့သို့သွားကာ ရသေ့ညီနောင်သုံးဦးအား သိကြားမင်းလှူခဲ့သော ဓါးမ၊ မြူတာအိုး နှင့်စည်ငယ်တို့ကို ဥပါယ်တံမျဉ်ဖြင့်ယူပြီးလျှင် မိမိဖွားရာ ဘုရားကြီးရွာသို့ ပြန်ခဲ့သည်။ ထိုအချိန်တွင် ပါဒမြို့တော်၌စိုးစံသည့် အရိန္ဒရာဇာမင်းသည် မင်းကျင့်တရားဆယ်ပါးနှင့်လည်းမညီ၊ သာသနာတော်ကိုလည်း မချီးမြှောက်၊ ရှေးမင်းတို့ထုံးစံအရပူဇော်မြဲ ထီးဖြူစောင့်နတ်စသော သမ္မာဒေဝနတ်အပေါင်းတို့ကိုလည်း ပူဇော်ပသခြင်းမပြုသဖြင့် ထီးဖြူစောင့်နတ်သည် လူ၏အသွင်ကိုယူ၍ ငသန်လျင်ရှိရာသို့လာပြီးလျှင် ပါဒမြို့ကို အုပ်ချုပ်မင်းလုပ်ရန် တောင်းပန်လေသည်။ ငသန်လျင်သည် အမိအဘတို့အားလွှတ်၍ ပါဒမင်းထံ ထီးနန်းကိုတောင်းသော် မရသဖြင့် ကိုယ်တိုင်သွား၍ထီးနန်းကိုသော်လည်း ပေးအပ်မည်လော၊ စစ်သော်လည်းတိုက်မည်လောဟု ကြွေးကြော်လေ၏။ ပါဒမင်းလည်းအမတ်ကြီးတစ်ဦးအား စစ်သည်ဗိုလ်ပါ ၅ဝဝ နှင့်လွှတ်၍ ငသန်လျင်ကို ဖမ်းဆီးသတ်ဖြတ်စေသည်။

အမတ်ကြီး ထွက်၍ဖမ်းဆီးလေသော် ငသန်လျင်သည် စည်ငယ်ကိုတီးရာ စစ်သည်ဗိုလ်ပါများစွာထွက်၍ တစ်ဖက်ရန်သူတို့အား တိုက်စေသည်ကို ပါဒမင်းကြီး ကြားသိလျှင် မိမိကိုယ်တိုင် စစ်သည်ဗိုလ်ပါများစွာဖြင့် အင်အားရှိသမျှ ဖိ၍တိုက်လေသည်။ ငသန်လျင်သည်မြူတာအိုးကို သွန်မှောက်လိုက်ရာ မြစ်ကြီးခြားပြီးလျှင် တစ်ဖက်စီ တားဆီးနေလေ၏။ ထိုနောက် ဓါးမကိုစေ၍ ပါဒမင်းဦးခေါင်းကိုဖြတ်စေမှ ပါဒမင်းကြီး အားအောင်မြင်လေသည်။ ပါဒထီးနန်းကိုရပြီးနောက် ငသန်လျင်သည် ပတ္တမြားရရာအရပ်၌ မြို့တည်ထောင်လျှင် သင့်မည်ဟုကြံစည်ကာ သီဟဒီပကျွန်းသို့ပြန်၍ မြို့တည်မင်းပြုသည်။ သန်လျင်မင်းဟုတွင်သတည်း။ သန်လျင်မင်းကိုစွဲ၍ သန်လျင်မြို့ဟု ခေါ်ဝေါ်သမုတ်ကြလေသည်။ သန်လျင်မင်း တည်ခဲ့သော မြို့ဟောင်းပုံသဏ္ဌာန်ကို ဆက်စပ်ကြည့်သောအခါ ခြင်္သေ့သဏ္ဌာန်ဖြစ်သည်။ (၁) ခြင်္သေ့ပါးစပ်ရှိရာ၌ ကွမ်းသီးတံခါး၊ (၂) မျက်လုံးရှိရာ၌ အိုးထိန်းတံခါး၊ (၃) အမောက်ရှိရာ၌ ဒေးဝန်းတံခါး၊ (၄) နားရှိရာ၌ မြင်းတင်တံခါး၊ (၅) လည်ချောင်းရှိရာ၌ ဆင်ထွက်တံခါး၊ (၆) လည်ဆစ်ရှိရာ၌ လဒကုန်းတံခါး၊ (ရ) လက်ရှိရာ၌ ဇင်ပြွန်းကုန်းတံခါး၊ (၈) ချက်ရှိရာ၌ သစ်ဆိမ့်ကုန်းတံတား။(၉) သိုရှိရာ၌ ကျေးဘုရားတံခါး၊ (၁ဝ) ဒွါရရှိရာ၌ သောတာပန်တံခါး၊ (၁၁) ခါးဆစ်ရှိရာ၌ သရက်လေးပင်တံခါး၊ (၁၂) လက်ပြင်ရှိရာ၌ ဘယတံခါး၊ (၁၃) မြောက်ဘက်ပိဿာတံခါး၊ (၁၄) အရှေ့မြောက်ဘက် ပင်လယ်တံခါး၊ (၁၅) တောင်ဘက် ဝက်သတ်တံခါးတို့ဖြစ်သည်။ သန်လျင်မင်းမှစတင်၍ မြို့တည်ထောင်အုပ်စိုးခဲ့ကြရာ ဘောဂသေနမင်းလက်ထက် သန်လျင်မြို့မင်းဆက်ပြတ်သည်။ ပါဒမြို့၊ သန်လျင်မြို့နှစ်ရပ်ပေါင်းသည်ရှိသော် မင်းဆက်ပေါင်း ၃၆ ဆက် ဖြစ်၏။

သန်လျင်မြို့၌ နောက်ဆုံးစိုးစံတော်မူသော ဘောဂသေနမင်း၏ မိဖုရားကြီးကား သုဝဏ္ဏဘူမိသထုံပြည်ရှင် ဘုရင်မင်းမြတ်၏သမီးတော် သုဝဏ္ဏဒေဝီမင်းသမီးဖြစ်သည်။ ထိုမိဖုရားကြီးတွင် ပဋိသန္ဓေတည်၍ နေ့လစေ့သော် မဖွားမြင်နိုင်သဖြင့် နတ်ရွာစံလေ၏။ ထိုမိဖုရားကြီး၏ အလောင်းကို မြို့၏အနောက်ဘက် သုဿာန်သို့ ထုတ်ဆောင်၍ မီးသင်္ဂြိုဟ်ရာ ပဋိသန္ဓေတည်နေသော သတို့သမီးသည် ဘုန်းကံရှိသည်ဖြစ်ရကား မီးမလောင်ကျွမ်းဘဲ အမိဝမ်းမှပေါက်ထွက်လွင့်စဉ် ဖွားမြင်လေသည်။ သုဿာန်တစပြင်၌ ဖွားမြင်သော သမီးတော်မွေ့နွန်းအား မင်းကြီးသည် မြို့တွင်းသို့သွင်း၍မဖြစ်သဖြင့် ထိုနေရာ၌ ပင်တိုင်နန်းဆောက်လုပ်ပြီးလျှင် အမတ်ကြီး နှစ်ယောက်နှင့်တကွ အခြွေအရံများစွာဖြင့် အစောင့်အရှောက်ထားတော်မူ၏။

ဘောဂသေနမင်း နတ်ရွာစံသော် နန်းလျာသားတော်မရှိသည့်အပြင် သမီးတော်မွေ့နွမ်းလည်း သုဿာန်တွင် ဖွားသူဖြစ်သဖြင့် နန်းမရလေရကား သန်လျင်မင်းဆက်ပြတ်လေသည်။ ထိုအချိန်မှစ၍ မြို့စောင့် မြို့စား များခန့်အပ်အုပ်ချုပ်လေသည်။ ထိုနောက် မွန်တစ်လှည့် မြန်မာတစ်လှည့် ပိုင်ဆိုင်ပြီးလျှင် မြို့စားမင်းများထား၍အုပ်ချုပ်လာရာမှ သန်လျင်မြို့သည် ယခင်ကလောက်မကြီးကျယ်တော့ဘဲ ဘုရားပုထိုးများလည်းများစွာ ပျက်စီးလေသည်။

မြန်မာသက္ကရာဇ် ၉၆ဝ ပြည့်နှစ် (၁၅၀၀ ခုနှစ်ဝန်းကျင်)တွင် ဟံသာဝတီပျက်ပြီးသည့်နောက်တွင် ရခိုင်ဘုရင်မင်းရာဇာကြီး၏ ဆန္ဒအရ ပေါ်တူဂီလူမျိုး၊ လေ့လာစုံစမ်းသူတစ်ယောက်ဖြစ်သည့် ဖိလစ်ဒီဗရစ်တို (ငဇင်ကာ) အား သင်္ဘောသုံးစင်းလွန်းကြင် ၁ဝဝ ကျော်၊ လူနှစ်ထောင်ခန့်နှင့် သန်လျင်တွင် အခိုင်အလုံ တပ်စွဲနေထိုင်ခွင့်ပေးသည်မှစ၍ သန်လျင်မြို့သည်တစ်ဖန် မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားလာပြန်သည်။ မြို့တည်ရာတွင် စီမံပြုလုပ်သောဗိသုကာ ဇွင်ဆီရီယံ ကိုစွဲ၍ သန်လျင်မြို့ကို အင်္ဂလိပ်လို ဆီရီယံမြို့ ဟုခေါ်ကြောင်း အချို့ကဆိုသည်။ သို့ရာတွင် ငဇင်ကာ မတည်မီ ရှေးအခါကပင် ဆီရီယမ် ခေါ်ခဲ့ကြောင်း၊ မှတ်တမ်းများရှိသဖြင့် သံသယဖြစ်စရာရှိသည်။ အချို့ကလည်း သန်လျင်သည် မွန်တို့ဒေသမြို့ဖြစ်သဖြင့် မွန်တို့ကဍုင်စရင် ဟုခေါ်သည်မှ နိုင်ငံခြားသားတို့က မပီမသဖြင့် ဆီရီယမ်း ခေါ်ကြသည်ဟုဆိုသည်။ ဒီဗရစ်တိုသည် သန်လျင်မြို့တွင် အခိုင်အလုံတပ်စွဲနေထိုင်ခွင့်ရသည်မှစ၍ ပဲခူးနယ်တစ်ဝိုက် တိုက်ခိုက်နယ်ချဲ့ခြင်း၊ ပုသိမ်၊ မုတ္တမ၊ ဒဂုန်စသော သင်္ဘောဆိပ်မြို့များသို့ သွားမည့်သင်္ဘောများကို သန်လျင်ဆိပ်သို့သာ ဝင်ရောက်ဆိုက်ကပ်စေ၍ အကောက်ခွန်များကောက်ခြင်း၊ သန်လျင်နှင့် ဟံသာဝတီမြို့ ပတ်ဝန်းကျင်တွင်ရှိသော ဘုရားပုထိုးတို့၏ ဌာပနာတိုက်များကိုတူးဖောက်ယူခြင်း၊ ဘုရားပုထိုးကျောင်းကန်များတွင် လှူဒါန်းထားသော ကြေးခေါင်းလောင်းကြီးများကိုယူဆောင်၍ အမြှောက်သွန်းလုပ်ခြင်းတို့ကို ပြုလုပ်လေသည်။ သူသည် ရခိုင်လူမျိုးများ၏ အသိအမှတ်ပြုခံထားရသော စီးပွားရေးသမားတစ်ဦးဖြစ်ပြီး၊ သန်လျင်မြို့တွင် စစ်ရေးတစ်ကြောင်းကိုလည်း ဖန်တီးနိုင်ခဲ့သူဖြစ်သည်။ သူသည် မွန်လူမျိုးများနှင့် မြန်မာလူမျိုးများ စစ်တိုက်သည့်အခါ သူ၏ စစ်တပ်ကို အသုံးချခဲ့ကြသည်။ ၁၅၉၉ တွင် သူ၏ စစ်တပ်အား ပဲခူး နှင့် စစ်တိုက်ခဲ့ရာ အောင်မြင်မှုမရရှိခဲ့ဘဲ၊ ၁၆၁၃ ခုနှစ် သာလွန်မင်းလက်ထက်တွင် သူ့ကိုဖမ်းဆီး နိုင်ခဲ့ပြီး ဗုဒ္ဓဘာသာ ပုထိုးများကို ဖျက်ဆီးခဲ့သည့် အတွက်ကြောင့် သေဒဏ်ချမှတ်ခဲ့သည်။ ၁၇၅၆ ခုနှစ်တွင် အလောင်းဘုရား၏ လက်အောက်သို့ မရောက်သည့်တိုင်အထိ၊ သန်လျင်မြို့သည် မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းမြို့တော်အဖြစ် တည်ရှိခဲ့သည်။

ပေါ်တူဂီလူမျိုးများဖြစ်သည့် ဥရောပအာရှသားများသည် ငဇင်ကာ၏ လက်သားများဖြစ်ကြပြီး၊ တစ်ချို့လွတ်မြောက်ကြသူများသည် မူးမြစ်၊ ရွှေဘိုတွင် ရှိသော မွန်လှ နှင့် ချမ်းသာရွာများတွင် နေထိုင်ခဲ့ကြသည်။ သူတို့ကို ဘုရင်ဂျီဟု ခေါ်ဆိုကြပြီး၊ ဆံပင်ရောင်ဖြော့များနှင့် ဥရောပအာရှသားများသည် ထိုရွာများတွင် ဆက်လက်နေထိုင်ခဲ့ကြပြီး၊ ကက်သလစ် ဘာသာရေးသင်ကြားမှုများ ပြုလုပ်ခဲ့ကြပြီး၊ မြန်မာများနည်းတူ ဆက်လက်နေထိုင်နေကြသည်။ ထိုမျှမကမြန်မာသက္ကရာဇ် ၉၇၄ ခုနှစ်တွင် မုတ္တမဘုရင် ဗညားဒလနှင့်ပူးပေါင်းကာ တောင်ငူမြို့ကို သိမ်းယူ၍ နန်းတော်ကုန်းကို မီးတိုက်ဖျက်ဆီးပြီးနောက် မြို့စားနတ်သျှင်နောင်ကိုပါ သန်လျင်သို့ ယူဆောင်သွားလေသည်။

ထိုအကြောင်းကို အနောက်ဘက်လွန်မင်းတရားကြီး ကြားသော် သန်လျင်သို့ ရေအား ကြည်းအားနှင့် ချီတက်လုပ်ကြံသည်။ မြို့တွင်းမှနေ၍ ပေါ်တူဂီတို့ အခိုင်အမာ ခံရုံမက မြို့ကိုတက်သော မြန်မာစစ်သည်များအား မြို့ထိပ်မှ ပွဲလျက်ရည်၊ ငရုတ်ရည်များဖြင့် ဆီးလောင်းခြင်း၊ ဗုံးနှင့်ပစ်ခတ်ခြင်းတို့ပြုသဖြင့် မြန်မာတို့အထိအပါး အရှအနများသောကြောင့် မြို့မကျဘဲရှိလေသည်။ နောက်ဆုံးမှမြန်မာတို့၏ မလျှော့သောဇွဲနှင့်တိုက်ခိုက်မှုကြောင့် သန်လျင်စား ဒီဗရစ်တိုနှင့်တကွ တစ်မြို့လုံးကိုရလေသည်။ ထိုအချိန်က သန်လျင်မြို့သည် မြန်မာနိုင်ငံအောက်ပိုင်းတွင် ထင်ရှားစည်ကားသောမြို့ဖြစ်သည်။

နိုင်ငံခြားသင်္ဘောများ ဝင်ထွက်ဆိုက်ကပ်ရာ သင်္ဘောဆိပ်မြို့ကြီး လည်းဖြစ်သည်။ အင်္ဂလိပ်၊ ဒတ်ချ၊ ပြင်သစ်စသော နိုင်ငံခြားသားများကလည်း အဝင်အထွက်များသဖြင့် အရောင်းအဝယ်လုပ်ငန်းများဖြင့် စည်ပင်သည်။ စက်ရုံကြီးများလည်း လာရောက်တည်ထောင်ထားကြလေသည်။ အလောင်းဘုရားလက်ထက်ရောက်သောအခါ သန်လျင်မြို့သည် မွန်တို့လက်၌ရောက်ရှိနေလေသည်။

မင်းတရားကြီးသည် အောက်မြန်မာနိုင်ငံကို ချီတက်တိုက်ခိုက် ၁၁၁၈ ခုတန်ခူးလတွင်သန်လျင်မြို့သို့ ရောက်သည်။ သန်လျင်မြို့ကို အကြိမ်ကြိမ်ချဉ်းကပ်၍ လုပ်ကြံသော်လည်း လက်နက်ထူထပ်သောကြောင့် မချဉ်းကပ်ဝံ့ချေ။ သို့ရာတွင် မြို့တွင်းသို့ ရိက္ခာများမရောက်စေရန် မြန်မာတို့က ပိတ်ဆို့ထားသဖြင့် မြို့သူမြို့သားများ သစ်ဥသစ်ဖုကိုမျှ ထွက်၍မရှာဝံ့ဘဲ ငတ်မွတ်လှသောကြောင့် တစ်နေ့လျှင် လူလေးငါးခြောက်ဆယ်ခန့် မြန်မာတို့ဘက်သို့ ထွက်ပြေးဝင်ရောက်လာကြလေသည်။ မျိုးရိက္ခာ ပြတ်လတ်ငတ်မွတ်ပါများသဖြင့် သန်လျင်မြို့တွင်းမှရှိသမျှ လက်နက်လူသူတို့ကို သင်္ဘောခုနစ်စင်းနှင့် ဇလာကပင်ကူရွပ် သမ္ဗာန်ကြီးများတွင်တင်ပြီးလျှင် တိုက်လှေကြီး ၅ဝဝ ကျော်နှင့်တကွ မြို့ကခွာ၍ ပင်လယ်သို့ထွက်ရန် စီစဉ်လေသည်။ မွန်တို့၏အကြံအစည်ကို ထွက်ပြေးလာသူတို့မှ တစ်ဆင့် ကြားတော်မူလျှင် ရေတပ်တော်များကို အင်အားဖြည့်၍လွှတ်သည်။

အလောင်းမင်းတရားကိုယ်တိုင် သံလျက်စွန်းသို့ သင်္ဘောဖြင့်ထွက်၍ သန်လျင်တိုက်ပွဲကို အဝေးကြည့်မှန်ပြောင်းဖြင့်ကြည့်လျက် စစ်ရေးကိုစီရင်တော်မူသည်။ လက်ရွေးစင် သူရဲကောင်း ၉၃ ယောက်ကိုလည်းရွေး၍ လက်နက်အပြည့်အစုံနှင့်မြို့ကို အပြင်းအထန်လုပ်ကြံစေရာ မြို့ပေါက်လေသည်။ ၁၁၁၈ ခုနှစ်ဝါဆိုလတွင် သန်လျင်မြို့ မြန်မာတို့လက်သို့ရောက်ရာ မင်းထင်နော်ရထာကို ဗိုလ်မှူး၊ သတိုးကျော်သူနှင့် ကျော်ထင်သက်တော်ရှည်တို့ကို စစ်ကဲခန့်၍ သန်လျင်ကို အုပ်ချုပ်စေသည်။ မင်းတရားကြီးသည် ရန်ကုန်ဟုသမုတ်လိုက်သော ဒဂုန်မြို့ကို ဆိပ်ကမ်းမြို့အဖြစ် ပြုလုပ်လိုက်ရာ သန်လျင်မြို့သည် အပျက်အစီးနာပြီးလည်းဖြစ်သည့်အလျောက် အလိုလိုမှေးမှိန်သွားလေသည်။ သန်လျင်မြို့သည် ဒဂုန်မြို့လက်အောက်ခံမြို့ငယ်ကလေးမျှသာ ဖြစ်လာလေသည်။ သန်လျင်မြို့၌ မြို့ရိုးဟောင်းနှင့်မြို့တံခါးနေရာများကို အမှတ်အသားကောင်းသော ရှေးလူကြီးများ ယခုတိုင် အမည်နှင့်တကွပြသနိုင်ကြသည်။ ၁၅ ရာစုနှစ်ခန့်က ပေါ်တူဂီတို့တည်ထားခဲ့သော မြို့၏အကြွင်းအကျန်များကိုမူ ယခုတိုင် တွေ့မြင်နိုင်လေသည်။ [၂]

လမ်းပန်းဆက်သွယ်ရေး[ပြင်​ဆင်​ရန်​]

သန်လျင်မြို့သည် ပဲခူးမြစ်၏လက်ဝဲဘက် ကမ်းတွင်တည်ရှိ၍ ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်းတို့ဆုံရာ မြစ်ဝမှ သုံးမိုင်အကွာတွင်တည်ရှိသည်။ ရန်ကုန်မြို့နှင့်လည်း တစ်နာရီလျှင်တစ်ခေါက်ကျ ကူးသန်းသွားလာနေသော ကူးတို့သင်္ဘောဖြင့် အဆက်အသွယ်ရှိသဖြင့် အိမ်ဦးနှင့်ကြမ်းပြင်သဖွယ် သွားလာနိုင်လေသည်။ ထို့အပြင် သန်လျင်မြို့မှ ၁၂ မိုင်ဝေးသောကျောက်တန်းမြို့သို့၎င်း၊ ၂၂ မိုင်ဝေးသော သုံးခွမြို့သို့၎င်း မော်တော်ကားလမ်း ဖောက်လုပ်ထားလေသည်။

ယခင်က သန်လျင်သားများနှင့် အခြားနယ်များမှ ခရီးသွားများသည် ရန်ကုန်သို့ သွားရောက်လိုပါက သင်္ဘောဖြင့်သာ ကူးသန်းသွားလာနိုင်သည်။ သင်္ဘောသည်လည်း မကြာခဏ တိမ်းမှောက်မှုများ ရှိခဲ့ပြီး အသေအပြောက်များရှိခဲ့ဘူးသည်။ ရထားလမ်းဖြင့် ဆက်သွယ်နိုင်ရန် ဆောက်ရွက်နေဆဲဖြစ်သည်။ အထူးသဖြင့် ၁၈၈၂.၆ မီတာ ရှည်လျားသော ရန်ကုန်-သန်လျင် တရုတ်မြန်မာချစ်ကြည်ရေး ဆောက်လုပ်ထားသည့် သန်လျင်တံတားကြီးကို ၁၉၉၃ ခုနှစ်တွင် ဖွင့်လစ်နိုင်ခဲ့သည်။ တံတားသည် ညာဘက်နှင့် ဘယ်ဘက်တွင် တစ်လမ်းမောင်း တံတားဖြစ်ပြီး၊ အလယ်တွင် ရထားလမ်းရှိသည်။ ထိုတံတားပေါ်တွင် ယခင်က လမ်းလျှောက်သူများ၊ လေ့ကျင့်ခန်းလုပ်သူများဖြင့် စည်ကားခဲ့သော်လည်း ယခုအခါ ယဉ်များသာ မောင်းနှင်ခွင့်ပြုသည်။ ယခုအခါ တံတားကြီး၏ အောက်တွင် သောင်ကျွန်းများပေါ်ထွန်းလျက်ရှိကာ၊ သင်္ဘောကြီးများ သွားလာနိုင်ခြင်း မရှိတော့ခြေ။ တံတားဆောက်ပြီးသောအခါတွင် သင်္ဘောဖြင့်ကူးသန်းသွားလာမှုများ ကျဆင်းလာခဲ့ပြီး၊ သင်္ဘောဆိပ်တွင် တည်ရှိခဲ့သည့် သုံးခွ၊ ခရမ်း အဝေးပြေးကားဂိတ်သည် သန်လျင်မြို့မဈေးအနီးသို့ ပြောင်းရွှေ့ခဲ့သည်။

သီလဝါ ဆိပ်ကမ်း[ပြင်​ဆင်​ရန်​]

မြန်မာ့အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကိမ်းသည် ရေနက်ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့တော်နှင့် ၂၅ ကီလိုမီတာ အကွာအဝေးတွင်တည်ရှိသည်။ Hutchison Port Holdings (HPH) မှပိုင်ဆိုင်ပြီး၊ ကုန်ဆိုဒ်မျိုးစုံကို ၂၄ နာရီ နားရက်မရှိ အလုပ်လုပ်နေသော ဆိပ်ကမ်းလည်းဖြစ်သည်။ ၄င်းဆိပ်ကမ်းသို့ ရထားလမ်းဖောက်လုပ်ရန် စီစဉ်မှုများနှင့် အထူးစီးပွားရေးဇုန်အဖြစ် မကြာခင် အသိအမှတ်ပြုရန် စီစဉ်ထားသည့် နေရာတွင်တည်ရှိသည်။

စီးပွားရေး[ပြင်​ဆင်​ရန်​]

သန်လျင်မြို့တွင် မြန်မာနိုင်ငံ၏ အဓိကကုန်ဖြစ်သည့် ဆန်စပါးလည်းထွက်ပြီး၊ အခြားသီးနှံများလည်း စိုက်ပျိုးသည်။ စီးပွားရေးအရ စိတ်ကမ်းမြို့တစ်ခုဖြစ်ပြီး ရန်ကုန်မြို့ နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နာရီပိုင်းအတွင်း သွားနိုင်သည့် နေရာတွင်လည်း တည်ရှိသည်။ သန်လျင်နယ်သည် စပါးအကြီးအကျယ်စိုက်ပျိုးသော နယ်လည်းဖြစ်၏။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေအရ လယ်မြေများကိုသိမ်းယူ၍ လယ်သမားများအားခွဲဝေ လုပ်ကိုင်စေခြင်းကို ပထမဆုံး သန်လျင်နယ်တွင် စမ်းသပ်လုပ်ကိုင်လေသည်။ သန်လျင်နယ်သည် စပါးလုပ်ငန်း၊ရေနံလုပ်ငန်းများကြောင့် လူဦးရေ ထူထပ်ပေါများသည်။

မြို့မဈေး[ပြင်​ဆင်​ရန်​]

သန်လျင်မြို့မဈေးအား စစ်အစိုးရလက်ထက်တွင် အသစ်ပြန်လည်တည်ဆောက်မှုများ ပြုလုပ်ခဲ့သည်။ အသစ်တည်ဆောက်ပြီးစီးသော ဈေးကြီးသည် နိုင်ငံစံချိန်မမီသော်လည်း ရွှေဆိုင်များ နှင့် မင်္ဂလာဆောင်ခန်းမတစ်ခုကို နှစ်ထပ်ဆောင်တွင် တည်ထားရှိသည်။ အလယ်တွင် ကုန်ခြောက်ဆိုင်များ နှင့် အထည်ဆိုင်များရှိပြီး၊ ဟင်းသီးဟင်းရွက်ဆိုင်များ နှင့် ငါးဈေးတန်းသည် မြို့မဈေးကြီး၏ အနောက်ပိုင်းတွင်တည်ရှိသည်။ ဈေးကြီးသို့ နိုင်ငံတကာမှ ခရီးသွားများလည်း မကြာခဏ လာရောက်လေ့လာဈေးဝယ်သူများရှိသည်။ ဈေးကြီးသည် အရှေ့ပိုင်းမှဝင်ရောက်ပါက သန့်ရှင်းသပ်ရပ်မှုကိုတွေ့နိုင်သော်လည်း၊ အနောက်ပိုင်းသည် ဈေး၏ အဆင့်အတန်းနိမ့်ဆင်းမှုကို ခရီးသွားများသို့ ပြသနေသော ဈေးကြီးလည်းဖြစ်သည်။ သန်လျင်မြို့အနီးတဝိုက်ရှိ အနယ်နယ်အရပ်ရပ်မှ လာရောက်ရောင်းချကြသော ဟင်းသီးဟင်းရွက်သယ်များ နှင့် ရန်ကုန် ဈေးကြီးများမှ ပြန်လည်ဝယ်ယူရောင်းချကြသည့် ကုန်သည်များဖြင့် စည်ကားလျက်ရှိသည့် ဈေးကြီးလည်းဖြစ်သည်။

သန်လျင် ရေနံချက်စက်ရုံ[ပြင်​ဆင်​ရန်​]

မြန်မာ့ရေနံ ကော်ပိုရေးရှင်း (ယခင်ဘီအိုစီကုမ္ပဏီ) ၏ ရေနံချက်စက်ရုံကြီးနှစ်ရုံရှိသည်။ မြန်မာနိုင်ငံအထက်ပိုင်းမှထွက်သောရေနံစိမ်းများကို ယခင်ကပိုက်လိုင်းကြီးဖြင့် သွယ်ယူပြီးလျှင် ကန်ကြီးများတွင်သိုလှောင်ကာ ရေနံဆီ၊ ဓာတ်ဆီ၊ ဖယောင်းတိုင်များချက်လုပ်ကြသည်။ သန်လျင်မြို့လူထု၏တစ်ဝက်ကျော်သည် ရေနံလုပ်ငန်းဆိုင်ရာ အလုပ်သမားများလိုလိုပင်ဖြစ်ကြသည်။

ရေနံချက်စက်ရုံ သည် သန်လျင်မြို့ လုပ်သားပြည်သူများ၏ အားထားရာ အလုပ်ခွင်တစ်နေရာအဖြစ်သလို၊ မသမာ ဒုစရိုက်လုပ်သူများ၏ နေရာတစ်ခုလည်းဖြစ်သည်။ လောင်စာဆီခိုးထုတ်မှုပြဿနာများသည် သတင်းစာများတွင် မပါသော်လည်း၊ သန်လျင်မြို့တွင် နေထိုင်ကြသူများ နေ့တိုင်းတွေ့မြင်နေကြရသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။ သန်လျင်မြို့တွင် နာမည်ကြီးလူသိများသည့် သူဌေးများသည် ထိုရေနံမှောင်ခိုဒုစရိုက်လုပ်ငန်းများ နှင့် ဆက်နွယ်နေကြသူများဖြစ်သည်။ ရေနံချက်စက်ရုံလုပ်သားများသည် ရရှိသည့် လုပ်ခများ မလောက်ငသဖြင့် ရေနံဆီများကို သောက်ရေပုလင်းများတွင် ထည့်ကာ အပြင်တွင် မှောင်ခိုးဈေးနှင့် ပြန်လည်ရောင်းချကြသည်။ ရေနံချက်စက်ရုံမှ ထွက်ရှိသည့် ဖယောင်းတိုင်များသည် သန်လျင်သားများ နှင့် ရန်ကုန်မြို့နယ်ရှိ လျပ်စစ်မီးပြည့်ဝစွာ မရရှိသော ပြည်သူများ၏ အားကိုးရာ ကုန်ပစ္စည်းတစ်ခုလည်းဖြစ်သည်။

ရေနံချက်စက်ရုံရှိ လုပ်သားပြည်သူများသည် ရေနံချက်စက်ရုံအနီးရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ခွင့်ရကြပြီး၊ လျပ်စစ်အခမဲ့ သုံးခွင့်ရှိကြသည်။ အရာရှိများသည် ရေနံဝန်းအတွင်းရှိ သီးသန့်အိမ်များတွင် နေထိုင်ခွင့်ရရှိကြပြီး၊ ပုံမှန်လုပ်သားများသည် တိုက်ခန်းတန်းယားများတွင် နေထိုင်ကြသည်။ ထိုနေရာတွင် လျှပ်စစ် ၂၄ နာရီရသောကြောင့် လုပ်သားများသည် လျှပ်စစ်ကို စိတ်ကြိုက်အသုံးပြုကြခါ၊ အဲယားကွန်းတပ်ဆင်ထားသူများပင်လျှင်ရှိသည်။ သို့သော် ရေနံချက်စက်ရုံ၏ လုံခြုံရေးအရကြောင့် ယခင်က ည ၈ နာရီကျော်လျှင် ဝန်ထမ်းအိမ်ယာများနှင့် အနီးရှိ အိမ်များကို ခြားနားထားသည့် ခြံစည်းရိုးတံတိုင်းများ ပတ်လည် ကာယံထားသည်။ ဝန်ထမ်းအိမ်ယာများသည် ရွာတစ်ခုလိုဖြစ်နေပြီး၊ အထဲတွင် ဈေးဆိုင်များ ၊ စားသောက်ဆိုင်များနှင့် စည်ကားသော ရွာကလေးတစ်ခုဖြစ်သည်။ ရေနံချက်စက်ရုံ၏ မကြာခဏ မီးလောင်မှုများသည်လည်း ထိုအထဲတွင်နေထိုင်ကြသည့် လုပ်သားပြည်သူများ နှင့် သန်လျင်မြို့တွင် နေထိုင်ကြသူများ၏ ကြောက်ရွံ့နေကြရသည် အန္တရာယ်ကြီးတစ်ခုလည်းဖြစ်သည်။

ပညာရေး[ပြင်​ဆင်​ရန်​]

သန်လျင်မြို့တွင် ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်အဖြစ် စစ်အစိုးရမှ တည်ဆောက်ခဲ့သည်။ ထိုတက္ကသိုလ်သည် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်နှင့် သုံးခွမြို့သို့သွားရာ လမ်းအနီးတွင်ရှိသည့် လယ်ကွင်းများတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ သန်လျင်မြို့တွင် တည်ရှိသည့် အခြားတက္ကသိုလ်များမှာ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်နည်းပညာတက္ကသိုလ်(သန်လျင်)နှင့် သမဝါယမတက္ကသိုလ်(သန်လျင်) တို့ဖြစ်သည်။

အထက်တန်းကျောင်းများ[ပြင်​ဆင်​ရန်​]

  • အထက်တန်းကျောင်း အထက (၁)
  • အထက်တန်းကျောင်း အထက (၂)
  • အထက်တန်းကျောင်း အထက (၃)
  • အထက်တန်းကျောင်း အထက (၄)

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

သန်လျင်မြို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးခွဲတစ်ခုသည် သန်လျင်မြို့မဈေးကြီး၏ ညာဘက်အခြမ်းတွင် တည်ရှိသော်လည်း၊ ယခုအခါ သံခြေးကိုက် ဆွေးမြေ့နေပြီး၊ ဘေးတွင်ရှိသော ဆိုင်ခန်းသစ်များ နှင့် ယှဉ်ကြည့်လျင် အထီးကျန်လှသည်။

အဓိက ဘာသာရေးစေတီ ပုထိုးများ[ပြင်​ဆင်​ရန်​]

ဆံတော်ရှင်ကျိုက်ခေါက် စေတီတော်[ပြင်​ဆင်​ရန်​]


သန်လျင်မြို့၏ ထင်ရှားသောဘုရားမှာ ကျိုက်ခေါက်ဘုရားဖြစ်သည်။ ကျိုက်ခေါက်ဘုရား၏ မြောက်စောင်းတန်းအဆင်းတွင် ဝန်ကြီးပဒေသရာဇာ၏ အရိုးဂူဆိုသောဂူကိုယခု တိုင်တွေ့မြင်နိုင်သည်။

ရေလယ်ဘုရား[ပြင်​ဆင်​ရန်​]

ရေလယ်ကျောက်တန်း ဘုရားသို့သွားလာသူများသည် သန်လျင်မြို့ကို ဖြတ်သန်းသွားလာကြရသည်။ ရေလယ်ဘုရားသည် ကျောက်တန်းမြို့တွင် တည်ရှိပြီး၊ သန်လျင်မြို့၏ ၂၀ ကီလိုမီတာ (ဆယ်သုံးမိုင်) ဝန်းကျင်တွင် တည်ရှိသည်။ ထိုထူးဆန်းသော ဘုရားကို ဘုရင်ဗောဂဇနသည် သုံးရာစုနှစ်တွင် တည်ထားခဲ့ခြင်းဖြစ်ပြီး၊ ဘုရားတွင် အံ့ဩဖွယ် ဆေးပန်းချီလက်ရာများ၊ ပန်းပုများသည် မြန်မာလူမျိုးများ၏ ဗုဒ္ဓဘာသာ လက်မှုပညာများကို ပြသနေခြင်းဖြစ်သည်။


ကိုးကား[ပြင်​ဆင်​ရန်​]

  1. GAD, Feb 2011.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)