ပြည်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပြည်မြို့တစ်နေရာ၏ ရှေးခေတ်မြင်ကွင်း။
ပြည်မြို့၏ ယခုခေတ်မြင်ကွင်း

[၁] ပြည်မြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ပဲခူးတိုင်း၏ အနောက်မြောက်ဘက် အစွန်ဆုံးမြို့လည်း ဖြစ်သည်။ ရန်ကုန်မြို့နှင့် ကားလမ်း (၁၇၉) မိုင်၊ မီးရထားလမ်း(၁၆၁) မိုင်ရှည်လျားပြီး ရန်ကုန်-ပြည် ကားလမ်းဆုံးမြို့လမ်းဖြစ်သည်။ ပြည်မြို့မှ တဆင့် မကွေးတိုင်းကိုဖြတ်၍ ကျောက်ပန်းတောင်း၊ ပုဂံစသောဒေသ များသို့လည်းကောင်း၊ မန္တလေးမြို့သို့လည်းကောင်း၊ ဧရာဝတီမြစ်ကို ဖြတ်၍ ပန်းတောင်းမြို့များမှ တဆင့် ရခိုင်ပြည်နယ်သို့ လည်းကောင်း သွားရောက် နိုင်သဖြင့် လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်သော မြို့လည်းဖြစ်သည်။ ရေလမ်းအားဖြင့် ရန်ကုန်မှ ၂၆၃ မိုင်ကွာဝေး၍ လေကြောင်းလမ်းအဆက်အသွယ်လည်းရှိသည်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်နှင့်အမျှစီးပွားရေး အချက်အချာ ကျရာဒေသလည်းဖြစ်သည်။ မြန်မာပြည်၏ ပထမဆုံးသော မီးရထားလမ်းအဖြစ် ရန်ကုန်-ပြည်မီးရထားလမ်းအား ၁၈၇၇၊မေလ ၁ ရက်နေ့တွင် အင်္ဂလိပ်တို့က ဖေါက်လုပ်ပြီးစီးခဲ့သည်။ မိုင်ပေါင်း ၁၆၁ မိုင်ရှည်လျားပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ ၁, ၁၇၅, ၃၀ဝ၀ ကုန်ကျသည်ဟု မှတ်တမ်းများတွင်ဖေါ်ပြထားသည်။ (ရန်ကုန်၊ ပြည်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ပုသိမ်၊ မုတ္တမ၊ မော်လမြိုင် တို့သို့ အစဉ်အတိုင်း ဆက်လက်ဖေါက်လုပ်ခဲ့သည်။) ပြည်မြို့ မြူနီစပါယ်အဖွဲ့အား ၁၈၇၄ ခုနှစ်တွင်အင်္ဂလိပ်တို့က စတင်ဖွဲ့စည်းပေးခဲ့သည်။ ပြည်မြို့တွင် ဗိုလ်ချုပ်အထိမ်းအမှတ်မြင်းစီးကျောက်ရုပ် တည်ရှိပြီး ကြေးရုပ်အဖြစ် အမှတ်မှားတတ်ကြသည်။ ဆရာအတတ်သင်ကျောင်းနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းများ ရှေးမဆွကပင်တည်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ တတိယမြောက် စက်မှုတက္ကသိုလ်လည်းဖွင့်လှစ်နိုင်ခဲ့သည်။

မြန်မာ့သမိုင်းတွင် ထင်ရှားသောရှေးဟောင်း ပျူ မြို့တော်သရေခေတ္တရာမြို့ဟောင်းမှာ ပြည်မြို့ရှိမှော်ဇာအရပ်တွင်တည်ရှိသည်။ ရှေးလက်ရာ ပျူယဉ်ကျေးမှုများအား ယခုထက်တိုင်ပင်တွေ့ရှိနိုင်သေးသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ပြည်မြို့ရှိသော နေရာတွင် မည်သည့်ခုနှစ်မှစ၍ မည်သူက မြို့တည်ထောင်ခဲ့ကြောင်း တိကျခိုင်မာသော မှတ်တမ်းမရှိပေ။ ဘုရားသမိုင်းများတွင်မူ ဂေါတမဘုရားရှိစဉ်အခါကပင် သီရိခေတ္တဆိုသော မင်းသားဦးဆောင်၍ တည်ထောင်ခဲ့ကြောင်းဖေါ် ပြပါရှိလေသည်။

စကားလုံးဆင်းသက်ပုံ သမိုင်း[ပြင်​ဆင်​ရန်​]

သီရိခေတ္တမင်းနှင့် နောက်လိုက်နောက်ပါတို့သည် မြို့သစ်အမည်ကို နဝါဝါသီ ဟုပေးခဲ့ကြောင်း ပြည်မြို့အနောက်ဘက်ကမ်း ရှိ ဖိုးဦးတောင် ဘုရားသမိုင်းတွင် ဖေါ်ပြထားသည်။ နောင်သောအခါ သီရိခေတ္တမင်းသား နှင့် အပေါင်းအပါတို့သည် ရသေ့၊ရဟန်း ပြုကြပြီး ထို နဝါဝါသီအရပ်သည် စစ်မက်အပေါင်းမှ ပြီးပြေငြိမ်းအေးရာ အရပ်ဖြစ်သောကြောင့် ပြေမြို့ ဟုသမုတ်ခဲ့ကြောင်း ထိုဘုရားသမိုင်းတွင် ပါရှိသည်။

ပွင့်လှသိမ်ကုန်း ဆရာတော်၏ မိန့်ကြားချက်အရလည်း ပြည်မြို့သည် ဒွတ္တပေါင်မင်းကြီး တည်ထောင်ခဲ့သော သရေခေတ္တရာ မြို့မတိုင်မှီကပင် တည်ရှိခဲ့ကြောင်း၊ ပြည်မြို့အရပ်တွင် နေထိုင်ကြသူတို့သည် အသက် ၄၀ ကျော်လျင် ရသေ့ရဟန်း ပြုကြလေ့ ရှိကြောင်း၊ ပြည်မြို့တွင် ရသေ့ပေါင်း ၂၀ဝ၀ဝ ကျော်ရှိသောကြောင့် ရသေ့မြို့ဟု ခေါ်တွင်ခဲ့ကြောင်း မိန့်ကြားဖူးပါသည်။

ပျူတို့နေထိုင်ခဲ့သော မြို့တော်ဟောင်း သရေခေတ္တရာမြို့ သည်ပြည်မြို့အတွင်း ရှိမှော်ဇာအရပ်တွင်တည်ရှိလေသည်။ သရေခေတ္တရာမြို့ကြီး ပျက်စီးပြီးနောက် ကျွင်းကျန်ရစ်သော ပျူလူမျိုးအုပ်စုငယ်များသည် သရေခေတ္တရာမြို့ဟောင်းနေရာမှ တစတစနှင့် ယခု ဧရာဝတီမြစ်အနီး ပြည်မြို့တည်ရှိရာ ရွှေဆံတော်ဘုရားတဝှိုက်သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြပြန်သည်။ နေရာသစ် တွင်လူနေထူထပ်ခဲ့ရာမှ စီးပွါးရေး၊ ကူးသန်းရောင်းဝယ်ရေးများဖြစ်ထွန်းလာခဲ့သည်။ ထိုကဲ့သို့ ပျူလူမျိုးများနေထိုင်ခဲ့သော ကြောင့် ပျူမြို့ဟု ခေါ်တွင်ရာမှ ပြည်မြို့ဟုပြောင်းလဲခေါ်ဆိုလာခြင်း ဖြစ်ကြောင်း အချို့မှတ်တမ်းများတွင်ပါရှိလေသည်။ မည်သို့ပင်ဆင်းသက်လာသည် ဖြစ်စေ ဘုရားသမိုင်းများနှင့် ရာဇဝင်များအရ ပြည်မြို့သည် သမိုင်းမှတ်တမ်းများ တိတိကျကျ မရှိမှီကာလကပင် တည်ရှိနေခဲ့သောမြို့ဖြစ်ကြောင်း ခန့်မှန်းမှတ်ယူနိုင်ပေသည်။

ပြည်မြို့ကို စတင်တည်ထောင်ခြင်း[ပြင်​ဆင်​ရန်​]

ပြည်မြို့ကိုစတင်တည်ထောင်သူမှာ ပုဂံခေတ်နှောင်းပိုင်းတွင် နန်းတက်သော နရသီဟပတေ့ ဘုရင်၏ သားဖြစ်သူ သီဟသူ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၉၀၄ ခုနှစ်တွင် ပြည်မြို့ကိုစနစ်တကျ စတင်၍တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး သစ်တပ်၊မြေမြို့၊အုတ်မြို့ ဟူ၍ ၃ ထပ်ဖြင့် မြို့တော်ကိုတည်ဆောက်ခဲ့သည်။ ပြည်မြို့သည် ပုဂံခေတ်နှောင်းပိုင်းမှ စတင်ကာ ဘုရင်ငယ်များ၊ မြို့စားများ အုပ်ချုပ်သော မြို့အဖြစ်တည်ရှိခဲ့သည်။

သမိုင်းခေတ်အဆက်ဆက်[ပြင်​ဆင်​ရန်​]

အင်းဝခေတ်တွင် ပြည်မြို့သည် ထင်ရှားသော မြို့တစ်မြို့အဖြစ်တည်ရှိခဲ့သည်။ အင်းဝဘုရင်မင်းခေါင် နှင့် ဟံသာဝတီရာဇာဓိရာဇ် တို့သည် ပြည်မြို့ဝန်းကျင်အား စစ်မြေပြင်အရပ်အဖြစ် အသုံးပြုခဲ့ကြသည်။ စစ်ပြေငြိမ်းရာဒေသ အဖြစ်လည်း သတ်မှတ်ခဲ့ဖူးပေသည်။စစ်ပွဲကာလအတွင်းတွင် ပြည်မြို့ကိုစားပြီး လကျာ်ပျံချီဘွဲ့ဖြင့်အင်းဝဖက်မှနေကာ ရာဇာဓိရာဇ်၏ ဟံသာဝတီမွန်တပ်များ ကို ကြံကြံခံခဲ့သူမှာ မွန်တစ်ဦးဖြစ်သည့် တရဖျားဖြစ်သည်။၄င်းမှာ ရာဇာဓိရာဇ်အား စီးချင်းထိုးကာ ရှုံးနှိမ့်ခဲ့သည့် ဗျဉ်းနွဲ့ (မပစ်နွဲ့)နှင့် ညီအစ်ကိုတော်သူလည်းဖြစ်သည်။ အင်းဝခေတ်၊ တောင်ငူခေတ် နှင့် ကုန်းဘောင်ခေတ်ဦးပိုင်းအထိ ပြည်မြို့တွင် သီဟသူမှ အစပြုကာ မြို့စား သို့မဟုတ် ဘုရင်ငယ် အုပ်စိုးသူများ မင်းဆက်ပေါင်း(၂၇) ဆက်ရှိခဲ့သည်။ ထိုကာလတစ်လျှောက်လုံးတွင် အုပ်စိုးသူ ပဒေသရာဇ်တို့၏ အာဏာစွမ်း ပြနိုင်ကြရန်၊ စစ်မက်များဖြစ်ပွားနေခြင်းဖြင့်သာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့သည်။ ပြည်ဘုရင်ငယ်များနှင့် အင်းဝ ဖြစ်ပွား သောတိုက်ပွဲများ၊ ရှမ်းတို့နှင့် ဖြစ်ပွားသောတိုက်ပွဲများ၊ တောင်ငူဘုရင် တပင်ရွှေထီး နှင့်ဖြစ်ပွားသောတိုက်ပွဲများ၊ တောင်ငူနှင့် ရခိုင်တို့ဖြစ်ပွားသော တိုက်ပွဲများသည် ပြည်မြို့နှင့်ပတ်ဝန်းကျင် အရပ်ဒေသတို့တွင် အဆက်မပြတ်ဖြစ်ပွားလာခဲ့သည်။

ကုန်းဘောင်ခေတ်ဦးတွင် မွန်တို့သိမ်းပိုက်ထားသော ပြည်မြို့ကို အလောင်းဘုရား ဦးအောင်ဇေယျမှ မြန်မာသက္ကရာဇ် ၁၁၁၆ ခုနှစ်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ပြည်မြို့သည် မြို့စား သို့မဟုတ် မြို့ဝန်တို့အုပ်ချုပ်ရာ ဒေသအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ဧရာဝတီမြစ် နံဘေးတွင်တည်ရှိသောကြောင့် ကူသန်းရောင်းဝယ်ရေး အချက်အချာဒေသ အဖြစ် တဖြည်းဖြည်း စည်ကားလာပြန်သည်။

ကုန်းဘောင်ခေတ် အင်္ဂလိပ်တို့၏ ကျူးကျော်စစ်ပွဲများ[ပြင်​ဆင်​ရန်​]

ဘကြီးတော် ဘုရား လက်ထက်တွင် ဖြစ်ပွားခဲ့သော အင်္ဂလိပ်တို့၏ ပထမအကြိမ်ကျူးကျော်စစ်တွင် ပြည်မြို့သည် စစ်တလင်း အဖြစ်ပြန်လည် ရောက်ရှိခဲ့ပြန်သည်။ ယခင်ကဲ့သို့ တိုင်းရင်းသား ပဒေသရာဇ်များ၏ အာဏာလုတိုက်ပွဲများ မဟုတ်တော့ပဲ တိုင်းတပါး သားတို့၏ နယ်ချဲ့စစ်ပွဲများကို ခုခံရသော စစ်မြေပြင်ဖြစ်လာသည်။မြန်မာသက္ကရာဇ် ၁၁၈၇ ခုနှစ် ကဆုန်လဆန်း(၉) ရက်နေ့တွင် ပြည်မြို့အား အင်္ဂလိပ်တို့က လာရောက်တိုက်ခိုက်သောကြောင့် အတွင်းဝန်မင်းကြီး မဟာနန္ဒသင်္ကြန်နှင့် မင်းကြီး မဟာဥဇနာ တို့သည် ပြည်မြို့မှ ဆုတ်ခွာခဲ့ရသည်။ အင်္ဂလိပ်ဗိုလ်ချုပ် ဂျင်နရယ် ကင်းဘဲလ် ကပြည်မြို့ကိုသိမ်းပိုက်လိုက်သည်။ ပြည်မြို့ရှိ အင်္ဂလိပ်တို့အား နတ်တော်လတွင် မြန်မာတပ်များက စစ်ကြောင်း ၃ ကြောင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ သမိုင်းဝင် ဝက်ထီးကန် တိုက်ပွဲတွင် အနိုင်ရရှိနေရာမှ အင်္ဂလိပ်တပ်များက မဟာနေမျိုး၏တပ်များ နဝင်းချောင်း သင်ပန်းအရပ် တွင် တပ်ချနားနေစဉ် ဝင်တိုက်ခိုက်ခဲ့သောကြောင့် အရေးနိမ့်ခဲ့ရသည်။ တိုက်ပွဲတွင် မဟာနေမျိုး နှင့် မောက်မယ်စော်ဘွား တို့ကျဆုံးခဲ့သည် ။ ကုန်းတလင်း၊ နတ်ပုတီးမှော်၊ ဖိုးဦးတောင် နှင့် စင်္ကြံကျွန်းအရပ်တို့တွင် တပ်စွဲထားသော မြန်မာတပ်များ ကိုရေကြောင်းမှ နေ၍ တိုက်ခိုက်ခဲ့သည်။ မြန်မာတပ်များ မြေထဲမြို့အထိ ဆုတ်ခွာခဲ့ရသည်။

အင်္ဂလိပ်တို့၏ ဒုတိယအကြိမ်ကျူးကျော်စစ်တွင်လည်း မြန်မာတပ်များသည် ရွပ်ရွပ်ချွံချွံပြန်လည် ခုခံတိုက်ခိုက်ခဲ့ပြန်သည်။ ပြည်မြို့သည်လည်း စစ်တလင်းနယ်မြေ ပြန်လည်ဖြစ်ခဲ့သည်။ ထိုအချိန်တွင် မင်းနေပြည်တော်၌ ပုဂံမင်း အား မင်းတုန်းမင်း သား နှင့် ကနောင်မင်းသားတို့က ပုန်ကန်ခြားနားနေချိန် ဖြစ်သောကြောင့် မြန်မာတပ်များအား မင်းနေပြည်တော်ကို ကာကွယ်ရန် ပြန်လည်ခေါ်ယူလိုက်သည်။ အခုအခံ နည်းပါးသွားသောကြောင့် အင်္ဂလိပ်တပ်များက မြေထဲမြို့(အောင်လံမြို့) အထိ တက်ရောက် သိမ်းပိုက် တပ်စွဲလိုက်ကြသည်။

အင်္ဂလိပ်ခေတ်[ပြင်​ဆင်​ရန်​]

ပြည်မြို့အား ၁၈၅၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အင်္ဂလိပ်တို့က လုံးဝသိမ်းပိုက်နိုင်ခဲ့သည်။ ၁၈၅၈ ခုနှစ်တွင် ပြည်မြို့တွင် အကြီးအကျယ် မြေငလျင်လှုပ်ခတ်ခဲ့သည်။ ၁၈၆၂ ခုနှစ်တွင်လည်း မြို့သည်မီးအကြီးအကျယ်လောင်ပြီးနောက် အင်္ဂလိပ်တို့သည် မီးလောင်ပြင်ပေါ်တွင် စနစ်တကျ မြို့ကွက်ချကာ ပြည်မြို့အားပြန်လည်တည်ဆောက်ခဲ့သည်။ အရပ်လေးမျက်နှာ တွင် ရပ်ကွက်ကြီးများသတ်မှတ်၍ မြို့ကွက်ရိုက်ခဲ့ခြင်းဖြစ်သည်။ မြောက်ဘက်တွင် နဝင်းရပ်ကွက်၊ အေ့ရှဘက်တွင် ရဘဲရပ်ကွက် တောင်ဘက်တွင် ဆင်စုရပ်ကွက်နှင့် မြို့လယ်တွင် ရွှေကူရပ်ကွက်နှင့် ဆံတော်ရပ်ကွက်များကို ပိုင်းခြားသတ်မှတ်ပေးခဲ့သည်။ ရှည်လျားသော ကမ်းနားလမ်းမကြီးကိုလည်း မြို့တောင်ဘက်မှ မြောက်ဘက်တိုင်အောင် ဧရာဝတီမြစ်နှင့် အပြိုင်ဖေါက်လုပ် ပေးခဲ့သည်။[၂]

အင်္ဂလိပ်ခေတ်မှ မှတ်တမ်းများအရ ပြည်မြို့၏လူဦးရေမှာ

  • ၁၈၇၂ ခုနှစ်တွင် ၃၁၁၅၇
  • ၁၈၈၁ ခုနှစ်တွင် ၂၈၈၁၃
  • ၁၈၉၁ ခုနှစ်တွင် ၃၀ဝ၂၂
  • ၁၉၀၁ ခုနှစ်တွင် ၂၇၃၇၅

ဟူ၍ အသီးသီးရှိခဲ့သည်။

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. http://www.openmindblog.info/?cat=9
  2. မှတ်တမ်းသမိုင်း ပဲခူး-မကွေး၊ရေးသားသူ လွင်မောင်၊ ထုတ်ဝေသည့်နှစ် ၁၉၇၅