ချင်းတွင်းမြစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ချင်းတွင်းမြစ်
Homalin aerial.jpgဟုမ္မလင်းမြို့ရှိချင်းတွင်းမြစ်အား ကောင်ကင်မှမြင်ရပုံ။
အရှည် ၇၅၀မိုင်(1,207 km)
ဖြတ်သန်းရာဒေသ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း
မြစ်လက်တက်များ ဥရုမြစ်၊ယုမြစ်၊မြစ်သာမြစ်
အဆုံးသတ်စီးဝင်ရာ ဧရာဝတီမြစ်
ချင်းတွင်းမြစ်မြေပုံ

ချင်းတွင်းမြစ်(Chindwin River)သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ သလ္လာဝတီမြစ် ဟုလည်း မြန်မာ စာပေတွင် ရေးသားသည်။ မြစ်သည် အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ပတ်ကွိုင်တောင်တန်းနှင့် ကူးမွန်တောင်တန်းများမှ စတင်မြစ်ဖျားခံ၍ စီးဆင်းလာသည်။ ချင်းတွင်းမြစ်ကို အိန္ဒိယရှိ မဏိပူရပြည်နယ်တွင် နိုင်းထိမြစ် ဟုခေါ်ကြသည်။ တောင်မှမြောက်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ ထိရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်သည်။

ဇာစ်မြစ်[ပြင်​ဆင်​ရန်​]

ချင်းတွင်းမြစ်သည် တနဲ၊ တဝန်၊ တရုံမြစ်များ တွေ့ဆုံ ရာမှ စတင်လေသည်။ တနဲမြစ်မှာ ကူမွန်တောင်တန်းရှိ ရွှေ တောင်ကြီးတောင် အနီးတွင် မြစ်ဖျားခံသည်။ ထိုမှ ဟူးကောင်း တောင်ကြားအထိ မြောက်စူးစူးသို့ စီးဆင်း၍ အနောက်ဘက်သို့ ကွေ့ရာ၌ ဟူးကောင်းတောင်ကြားမှ စီးဆင်းလာသော တရုံမြစ် နှင့် ပူးပေါင်းလေသည်။ ထိုမြစ်ဆုံမှ တောင်ဘက်သို့ စီးဆင်း ရာ ရေတံခွန်များလွန်ပြီးနောက် ဇင်ဂလိန်ခန္တီးနယ်သို့ ရောက် ၏။ ဤမှတစ်ဖန် အထက်ချင်းတွင်းခရိုင်ကို ဖြတ်၍စီးဆင်း သည်။ ထိုနေရာမှ အောက်ဘက်သို့ ရောက်လာသောအခါ အရှေ့ဘက် ကျောက်စိမ်းတွင်းများဒေသတွင် မြစ်ဖျားခံခဲ့သော ဥယုမြစ်သည် ပထမဆုံး မြစ်လက်တက်အဖြစ် ဟုမ္မလင်းမြို့နှင့် မိုင်အနည်းငယ်ကွာနေရာတွင် ချင်းတွင်းမြစ်တွင်းသို့ စီးဆင်း လေသည်။ ထိုမှတစ်ဖန် ချင်းတွင်းမြစ်သည် သောင်သွပ်နယ်၏ အရှေ့ဘက်နယ်နိမိတ်အဖြစ် စီးဆင်းလာသည်။ ချင်းတွင်းမြစ် ၏ အခြားမြစ်လက်တက်တစ်ခုဖြစ်သော ဟူးမြစ်သည် အနောက်ဘက်ရှိ ကဘော်မြစ်ဝှမ်းမှ ချင်းတွင်းမြစ်တွင်းသို့ စီးဝင်ပေါင်းဆုံလာ၏။ ဤမှတစ်ဖန် ချင်းတွင်းမြစ်သည် ကင်းတပ်မြို့ကို ဖြတ်၍စီးဆင်းလာရာ အနောက်ဘက် ချင်းနယ်မှ စီးလာသော မြစ်သာမြစ်နှင့် ကလေးဝတွင် ပေါင်းဆုံမိလေသည်။

ချင်းတွင်းမြစ်သည် လက်ျာဘက်ကမ်းရှိ မင်းကင်းမြို့ အနီး တွင် အရှေ့ဘက်သို့ အနည်းငယ်ကွေ့ပြီးနောက် တစ်ဖန် မြောက်ဘက်သို့ ကွေ့သွားပြန်၏။ ထို့နောက် မောက်ကတော် ရွာအနီးတွင် တောင်ဘက်သို့ ကွေ့ပြီးသော် အောက်ချင်းတွင်း ခရိုင်အတွင်းသို့ စီးဝင်သည်။

အထက်ချင်းတွင်းခရိုင်အတွင်း၌ ချင်းတွင်းမြစ် စီးဆင်း လာစဉ်က မြစ်ဝှမ်းသည် ကျဉ်းမြောင်းသည်။ မြစ်ကြော တစ်လျှောက်တွင် ထူထပ်သောသစ်တောကြီးများသည် မြစ်ကမ်းပါးအထိ ပေါက်ရောက်သည်။ အနည်းငယ်သော နေရာများတွင် ညီညာသောကမ်းခြေများ ရှိသော်လည်း ကိုင်းတောများ ပေါက်နေသည်။ ရွာများသည် တစ်ရွာနှင့် တစ်ရွာ အလှမ်းဝေး၍ ရွာလည်းနည်းပါးသည်။ လူနေလည်း ကျဲသည်။ အောက်ချင်းတွင်း ခရိုင်သို့ ရောက်လာသောအခါမူ ချင်းတွင်းမြစ်၏ မြင်ကွင်းများသည် တစ်မျိုးတစ်ဖုံ ဖြစ်လာ သည်။ မောက်ကတော်ရွာမှ စ၍ မြစ်ဝှမ်းသည် ကျယ်လာ၍ တောင်များသည် မြစ်ကမ်းခြေနှင့် ဝေးသွားသည်။ ထိုဒေသ တစ်လျှောက်တွင် ရွာငယ်များကို ပို၍ တွေ့မြင်နိုင်သည်။

ကမ်းခြေမြေညီများတွင် အပူပိုင်း၌ ပေါက်လေ့ရှိသော ကောက်ပဲ သီးနှံများကို စိုက်ပျိုးထားသည်ကို တွေ့ရသည်။ ကန္နီနှင့် အလုံမြို့များကို လွန်လာပြီးနောက် လက်ဝဲဘက် တနည်းအား ဖြင့် အရှေ့ဘက်ကမ်းတွင်ရှိသော မုံရွာမြို့သို့ ရောက်လာသည်။ မုံရွာ၏ တောင်ဘက်တွင် ချင်းတွင်းမြစ်သည် စစ်ကိုင်းနှင့် ပခုက္ကူ ခရိုင်တို့၏ နယ်နိမိတ်အဖြစ် တည်ရှိသည်။ ထိုမှတစ်ဖန် အမြင့်မြို့ကိုဖြတ်၍ ရေစကြိုမြို့အလွန်တွင် မြစ်ကြောင်း ၂ ဖြာ ကွဲကာ မြင်းခြံအထက် ရေတိုင်ရွာအနီးတွင် ၎င်း၊ ပခုက္ကူ အထက်တွင်၎င်း၊ ဧရာဝတီမြစ်တွင်းသို့ မြစ်ဝ ၂ ခုဖြင့် စီးဝင် လေသည်။ ပခုက္ကူအထက်ရှိ အောက်မြစ်ဝမှသာလျှင် သင်္ဘော များသည် ချင်းတွင်းမြစ်တွင်းသို့ စုန်ဆန်သွားလာကြ၏။ အထက်မြစ်ဝသည် ကောလုနီးနီး ဖြစ်နေသည်။ ချင်းတွင်းမြစ်သည် မိုင် ၆ဝဝ နီးပါး ရှည်လျားသည်။

မုံရွာရှိ ချင်းတွင်းမြစ်

ဧရာဝတီမြစ်ဆုံမှ အထက်မိုင်ပေါင်း ၄ဝဝ အထိ သင်္ဘောခုတ် မောင်းနိုင်သည်။ မီးသင်္ဘောများသည် တစ်နှစ်ပတ်လုံး ကင်းတပ် မြို့အထိ၎င်း၊ မိုးတွင်းအခါတွင် ဟုမ္မလင်းအထိ၎င်း ဆန်တက် နိုင်ပေသည်။ လှေငယ်များနှင့်မူ မြစ်ကြောင်း တစ်လျှောက်လုံး စုန်ဆန်သွားလာနိုင်သည်။ ချင်းတွင်း မြစ်တွင်း၌ သစ်များကို ဖောင်ဖွဲ့၍ မျှောချကြသည်။ မြစ်ကမ်းပါးများတွင် ဆေးကိုင်း များ၊ ပဲကိုင်းများ စိုက်၏။ မြစ်အောက်ပိုင်းတွင်ကား ကောက်ပဲ သီးနှံခင်းများအတွက် ချင်းတွင်းမြစ်မှ ရေကိုသွယ်၍ ယူကြ သည်။

ချင်းတွင်းမြစ်၏ လက်ျာဘက်ကမ်းတွင် သောင်သွပ်၊ ကလေးဝ၊ ကန္နီ စသောမြို့များ တည်ရှိ၍ လက်ဝဲဘက်ကမ်း တွင် ဟုမ္မလင်း၊ ကင်းတပ်၊ အလုံ၊ မော်လိုက်နှင့် မုံရွာမြို့ကြီး များ တည်ရှိသည်။ ချင်းတွင်းမြစ်ကို စွဲ၍ အောက်ချင်းတွင်း ခရိုင်၊ အထက်ချင်းတွင်းခရိုင်ဟူ၍ ခရိုင်ခွဲခြားထားသည်။ ချင်းတွင်းမြစ်ဖျားတွင် ရွှေအနည်းငယ်ထွက်၍ ပယင်း တွင်းများ၊ ကျောက်စိမ်းတွင်းများလည်း ရှိလေသည်။

ချင်းတွင်းမြစ်ကြောင်းတွင် မင်းကင်း၊ စစ်တောင်းနှင့် ဖောင်းပြင်မြို့များလည်းရှိသည်။ ကလေးဝမြို့ အောက်ဘက် အရှေ့ဘက်ကမ်းရှိ ရွှေကျင်မှ ရွှေဘိုခရိုင်သို့ လမ်းပေါက်သည်။ ပန်းသာမှာ အင်းတော်ရေနံတွင်း အတွက် မြစ်ဆိပ်ဖြစ်၍ ကလေးဝတွင် ကျောက်မီးသွေးတွင်းများ ရှိသည်။

ဧရာဝတီမြစ်တွင်းသို့ ပခုက္ကူအထက်တွင် စီးဝင်သော ချင်းတွင်းမြစ်၏ အောက်မြစ်ဝသည် ပုဂံမင်း တစ်ပါး ဖောက် လုပ်ခဲ့သော တူးမြောင်းဖြစ်သည်ဟု ဆိုကြသည်။ ထိုတူးမြောင်း သည် နှစ်ပေါင်းကြာမြင့်စွာ ပိတ်ဆို့နေခဲ့ရာ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ် ရေကြီးသည့်အခါတွင်မှ ပြန်၍ပေါက်သွားသည်ဟု သမိုင်း အမှတ်အသား ရှိသည်။ [၁]

တနိုင်း၊ တဘိုင် ၊ တဝမ် နှင့် တရုံး မြစ်များ ဟူးကောင်းချိုင့်ဝှမ်းအတွင်း ပေါင်းဆုံရာမှ ချင်းတွင်းမြစ် အဖြစ်စတင်စီးဆင်းသည်။ ထိုနောက် အနောက်တောင်ယွန်းယွန်းသို့ စီးဆင်းကာ တစ်ဖန်အရှေ့တောင်ဖက်သို့ ပြန်လည်ဦးတည်၍ စီးဆင်းသည်။ မြောက်ဖက်ပိုင်း စီးဆင်းရာလမ်းတစ်လျှောက်တွင် အတော်အတင့် ကြမ်းတမ်းသည့် မြေမျက်နှာပြင်များကို ဖြတ်သန်းခဲ့ရသည်။ ထိုသို့ ဖြတ်သန်းရာတွင် ထိုဒေသများရှိ မြစ်ချောင်းများကို မြစ်လက်တက်များအဖြစ် လက်ခံစီးဆင်းသည်။[၂]

မြစ်လက်တက်များ[ပြင်​ဆင်​ရန်​]

  1. အကြီးဆုံးဖြစ်သော မြစ်လက်တက်ဖြစ်သည့် ဥရုမြစ်သည် ဟုမ္မလင်းမြို့တောင်ဖက်တွင် ချင်းတွင်းမြစ် အတွင်းပေါင်းဆုံသည်။ (ဥရုမြစ်ညာရှိ ဖားကန့်ဒေသသည် နာမည်ကျော် မြန်မာ့ကျောက်စိမ်း ထွက်ရှိရာ ပင်မဒေသလည်းဖြစ်သည်။)
  2. ယုမြစ်သည် ကဘော်ချိုင့်ဝှမ်းဒေသကို ဖြတ်သန်း၍ ချင်းတွင်းမြစ်အတွင်း စီးဝင်သည်။
  3. မြစ်သာမြစ်သည် ကလေးချိုင့်ဝှမ်းဒေသကို ဖြတ်ကာ ကလေးဝမြို့ အနီးတွင် ချင်းတွင်းမြစ်နှင့် ပေါင်းဆုံသည်။

မြစ်ကြောင်း​တစ်​လျှောက် အရေး​ပါ​သည့် မြို့​များ[ပြင်​ဆင်​ရန်​]

သမိုင်းထဲက ချင်းတွင်းမြစ်[ပြင်​ဆင်​ရန်​]

သမိုင်းမှတ်တမ်းများအရ မြန်မာမင်းများသည် ချင်းတွင်းမြစ်ကို အသုံပြုမှုနည်းပါးခဲ့သည်။ သို့သော် ညောင်ရမ်းခေတ်၏ နောက်ဆုံးကာလများတွင် မဏိပူရမှ ကသည်းများ မြန်မာနိုင်ငံကို ကျူးကျော် ဝင်ရောက်လာရာတွင် ချင်းတွင်းမြစ်ကို အသုံးချခဲ့ကြကြောင်း အထောက်အထားများအရ သိရှိရပါသည်။ ကသည်းတို့သည် ဘာသာရေးယုံကြည်ချက်ဖြစ် ဧရာဝတီမြစ် ထိကျူးကျော်လာခြင်းဖြစ်သည်။ ထိုသို့ကျူးကျော်ရာတွင် အင်းဝတစ်ဖက်ကမ်း စစ်ကိုင်း အထိပင်ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင်လည်း ဂျပန်တပ်များ အိန္ဒိယသို့ ချီတက်ရာတွင်လည်းကောင်း၊ မဟာမိတ်တပ်များ ဂျပန်တို့ကို နောက်မှလိုက်လံတိုက်ခိုက်၍ မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်ရောက်ရာတွင်လည်းကောင်း ချင်းတွင်းမြစ်ကို အသုံပြုခဲ့ကြသည်။ မဟာမိတ်တပ်များပြန်လည် ထိုးစစ်ဆင်ရန်အတွက် ချင်းတွင်းမြစ်ရေကြီးချိန်ဖြစ်သည် မိုးကာလကို မဟာမိတ်တပ်မှုးဖြစ်သည့် ဗိုလ်ချုပ်စတီးဝဲလ်က ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။ [၃]

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  2. http://www.myanmars.net/myanmar/chindwin-river.htm
  3. http://en.wikipedia.org/wiki/Chindwin_River