ချောက်မြို့
| ချောက်မြို့ | |
|---|---|
| — မြန်မာနိုင်ငံရှိ မြို့များ — | |
|
|
|
| Coordinates: | |
| နိုင်ငံအမည် | |
| တိုင်းဒေသကြီး | မကွေး |
| ခရိုင် | မကွေး |
| လတ္တီကျု | (၂၀)ဒီဂရီ၊ (၅၃)မိနစ် |
| လောင်ဂျီကျု | (၉၄)ဒီဂရီ၊ (၄၉)မိနစ် |
| မြို့နယ်ရုံးစိုက်ရာမြို့ | ချောက်မြို့ |
| Time zone | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ချောက်မြို့ [ပြင်ဆင်ရန်]
ချောက်မြို့သည် မကွေးခရိုင်တွင် ပါဝင်၍ မြို့ပိုင်ရုံးစိုက်ရာ မြို့ ဖြစ်သည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိ သည်။ တောင်ဘက် ၅ မိုင်ကွာတွင် စလေမြို့ရှိ၍ မြောက်ဘက် ၂၁ မိုင်ခန့် အကွာတွင် စေတီပုထိုးများ ပေါများသော နေပြည် တော်ဟောင်း ပုဂံမြို့ တည်ရှိသည်။
ချောက်မြို့နေရာတွင် ရှေးကချောက်ကြီး မြောင်းကြီးများ နှင့် ချုံနွယ်ပိတ်ပေါင်းများ ပြည့်နှက်ပိတ်ဖုံးလျက် ရှိသည်။ ထိုစဉ်က ချောက်မြို့၏မြောက်ဘက် ၅ မိုင်ခန့် အကွာတွင် ရှိသော စဉ့်ကူမြို့ကိုသာ လူသိများခဲ့လေသည်။ ခရစ် ၁၈၉၇ ခုနှစ်ခန့်က စဉ့်ကူနယ်မြေတဝိုက်တွင် ရေနံတူးဖော်ရရှိနိုင် ကြောင်းနှင့် ဘူမိဗေဒပညာရှင် တစ်ဦးဖြစ်သူ မစ္စတာဂျီ၊ အီ၊ ဂရိုင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့ရာတွင် ၁၉ဝ၂ ခုနှစ်သို့ရောက်သောအခါမှ ရေနံကို စတင်တူးဖော် လုပ်ကိုင်နိုင်သည်။ ချောက်မြို့ နေရာ၌လည်း ရေနံတွေ့ရှိလာသည်။ ပထမ၌ ထိုဒေသတွင် ရေနံမြေလုပ်သား များ စတင်နေထိုင်ခဲ့သည်။ ထို့နောက်မှ တဖြည်းဖြည်း ဖွံ့ဖြိုး စည်ကားလာခဲ့ရာ ယခုအခါ ချောက်မြို့ဟုထင်ရှားနေလေပြီ။ ချောက်ကြီး လျှိုကြီးများ ရှိသည်ကို အစွဲပြု၍ ချောက်မြို့ဟု ခေါ်ကြောင်းနှင့် ပြောစမှတ်ပြုကြသည်။ ချောက်မြို့၏ စည်ပင် သာယာရေးကို ဆောင်ရွက်ရန် ချောက်မြို့ကော်မတီအဖွဲ့ကို ၁၉၃၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မျူနီ စီပယ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ချောက်မြို့အကျယ်အဝန်းမှာ တောင်နှင့်မြောက် အလျား ၃ ၁/၂ မိုင်ခန့်ရှိ၍ အရှေ့အနောက် ၂ မိုင်ခန့် ရှိသည်။ မြို့၏ မြောက်ဘက်များတွင် ရေနံတွင်းများ၊ အလုပ်သမားရပ်ကွက် များ၊ ရေနံထုတ်စက်ချက်ရုံအလုပ်ရုံနှင့် ဝင်းကြီးများ ရှိသည်။
မြို့၏တောင်ဘက်အစွန်ဆုံးတွင် သာမန်အရပ်သားများ နေထိုင်ရာရပ်ကွက် တည်ရှိ ပြန်သည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၄၃၄၄ ယောက်ခန့် ရှိသည်။ မြို့နေလူများစုမှာ ရေနံလုပ်ငန်းပေါ်တွင် အမှီပြု၍နေထိုင်ကြ သဖြင့် ချောက်မြို့မှာ အလုပ်သမားမြို့တစ်မြို့ ဖြစ်ပေသည်။
(၁၉၄၂ ခုနှစ်က ချောက်မြို့တွင် ခေတ်မီစံနစ်ဖြင့် တူးဖော်သော ရေနံတွင်းပေါင်း ၈၄၆ တွင်းမျှ ရှိရာ တနေ့လျှင် ပျမ်းမျှခြင်း ရေနံဂါလံပေါင်း ၄၁ဝဝဝ ကျော်မျှ ထွက်၏) ရေနံရိုင်းများကို ပို့ဆောင်ရန်အတွက် ချောက်မြို့မှ ရေနံချောင်းမြို့ကို ဖြတ်၍ ရန်ကုန်မြို့တဘက်ကမ်းရှိ သံလျင်မြို့ထိ ပိုက်လိုင်းသွယ်တန်း ထားသည်။
ဒုတိယကမ္ဘာစစ်အတွင်း ထိုပိုက်လိုင်းကို ဗြိတိသျှ၏ မြေလှန်စံနစ်အရ ဖျက်ဆီးပစ်ခဲ့ကြသည်။ ထိုပိုက်လိုင်းသည် ၂၇၅ မိုင် ရှည်လျား၏။ ပိုက်၏အချင်းမှာ ၁ဝ လက်မ ဖြစ် သည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသည့်အခါမှစ၍ ယနေ့ တိုင် ထိုပိုက်လိုင်းကို ပြန်၍ အသုံးမချရသေးချေ။ ချောက်မြို့ တွင် ခေတ်မီစံနစ်ဖြင့် တူးဖော်ထားသောရေနံတွင်းအများကို ရန်သူများ ဝင်ရောက်သိမ်းပိုက်သောအခါ မသုံးနိုင်အောင် ဖျက် ဆီးပစ်လိုက်လေသည်။
ချောက်မြို့၌ ရေနံချက်ရုံတစ်ခု ဆောက်လုပ်ခဲ့ရာ ၁၉၅၃ ခုနှစ်ဦးတွင် ပြီးစီးခဲ့သည်။ ထို့ကြောင့် ယခုအခါ ရေနံဓာတ်ဆီ နှင့် ရေနံထွက်ပစ္စည်းများကို ချက်လုပ်လျက်ရှိသည်။
ချောက်မြို့အနီးအပါး တောလက်ကျေးရွာများတွင် ယာနှင့် ကိုင်းများကို လုပ်ကိုင်ကြသည်။ မြေပဲအမြောက်အမြား စိုက်ပျိုး ၍ ပဲဆီမှာ ချောက်မြို့၏ထွက်ကုန်တစ်ရပ် ဖြစ်သည်။
မော်တော်ကားလမ်းဖြင့် ချောက်မြို့မှ တောင်ဘက် ရေနံ ချောင်း မကွေးမြို့များသို့၎င်း၊ မြောက်ဘက် ပုဂံညောင်ဦး မြင်းခြံမြို့များသို့၎င်း ရောက်နိုင်သည်။ အရှေ့ဘက် ၂၅ မိုင် ကွာဝေးသော ကျောက်ပန်းတောင်း မြို့မှတစ်ဆင့် မိတ္ထီလာနှင့် တောင်ကြီးမြို့များသို့လည်း ပေါက်ရောက်နိုင်သည်။ ဧရာဝတီ ဆိပ်ကမ်းမြို့များသို့ သွားလာနိုင်သည်။ ချောက်မြို့၏ အနောက် မြောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ လမ်းရွာ၌ လေယာဉ် ပျံကွင်း ရှိသည်။ ချောက်မြို့နှင့် ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ဆက်သွယ်လျက် ရှိသည်။
ချောက်မြို့ပေါ်တွင် ကြေးနန်းရုံး၊ စာတိုက်၊ ဆေးရုံနှင့် အစိုးရအထက်တန်းကျောင်းများ ရှိသည်။ ရွှေသူဌေးကုန်းအရပ်၌ ရှိသော အလယ်တန်းကျောင်းတကျောင်းမှာ ဘီအိုစီကုမ္ပဏီက တည်ထောင်ပေးသောကျောင်း ဖြစ်သဖြင့် ဘီအိုစီကျောင်းဟု ထင်ရှားသည်။ မြို့၏မြောက်ဘက်အစွန်တွင် ရွှေဘုံတောင်စေတီ နှင့် ရွှေဘုံတောင် တောရကျောင်း ရှိလေသည်။ မြို့တောင်ဘက် ၂ မိုင်ခန့်တွင် ခြင်တောင်မစေတီ ရှိခဲ့ရာ ဒုတိယကမ္ဘာစစ် အတွင်းက ဗုံးထိမှန်၍ ပျက်စီးသွားခဲ့သည်။ မြို့ထိပ်အရှေ့ဘက် တွင် ဧစေတီဘုရား တည်ရှိသည်။ ဧစေတီ ဘုရားပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့၌ ကျင်းပလေ့ရှိရာ အထူးစည်ကား လှသည်။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
|
||||||||||||||||||||||||||
|
||||||||