ဆင်ပေါင်ဝဲမြို့

ဝီကီပီးဒီးယား မှ
ဆင်ပေါင်ဝဲမြို့
မြန်မာနိုင်ငံရှိ မြို့များ
ဆင်ပေါင်ဝဲမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဆင်ပေါင်ဝဲမြို့
ဆင်ပေါင်ဝဲမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 19°43′N 95°9′E / 19.717°N 95.150°E / 19.717; 95.150
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်​အောင်လံ
လတ္တီကျု(၁၉)ဒီဂရီ၊ (၄၃)မိနစ်
လောင်ဂျီကျု(၉၅)ဒီဂရီ၊ (၉)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ဆင်ပေါင်ဝဲမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ဆင်ပေါင်ဝဲမြို့သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးအောင်လံခရိုင်ဆင်ပေါင်ဝဲမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ဧရာဝတီမြစ်၏အရှေ့ဘက်ကမ်းတွင် တည်ရှိ၏။ မြန်မာမင်းများရှိစဉ်အခါက ဆင်ပေါင်ဝဲမြို့နယ်ကို မြေထဲစီရင်စုဟု ခေါ်ခဲ့သည်။ ဆင်ပေါင်ဝဲမြို့နယ်၏ နယ်နိမိတ်မှာ မြောက်ဘက်၌ မကွေးခရိုင်၊ အရှေ့ဘက်၌ မကွေးနှင့် ရမည်းသင်းခရိုင်၊ တောင်ဘက်၌ အောင်လံမြို့နယ်၊ အနောက်ဘက်၌ ဧရာဝတီမြစ်ဖြစ်သည်။ ဧရိယာ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၈၇၃ မိုင်ခန့်ရှိသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရှိ လူဦးရေမှာ ၅,၀၈၉ ဦး[၁] ဖြစ်သည်။ ဆင်ပေါင်ဝဲမြို့နယ်ကို မြန်မာမင်းများ အုပ်ချုပ်စဉ်အခါက မြို့မ၊ တပ်တော်ရာ၊ ခေါသမ္ဗီ၊ အောက်ဘက်ဟူ၍ တိုက်နယ် ၄ တိုက်ခွဲထားခဲ့သည်။ ၁၈၈၆ ခုနှစ်၌ ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက်တွင် တိုက်နယ် ၁ဝ ခုခွဲလိုက်သည်။

ဆင်ပေါင်ဝဲမြို့၏ အောက်ဘက် ၁၉ မိုင်ခန့်အကွာတွင် ဆန်ပုံတောင်ရှိသည်။ အောက်ရပ်ဒေသမှ ဆန်တက်လာကြသော ကုန်လှေများသည် ထိုနေရာသို့ရောက်လျှင် ပါလာသောဆန် စသည့် ဝန်စည်များကို တောင်ခြေရင်းတွင်ပုံပြီးမှ လှေခွက်ချည်း ဤနေရာရှိရေစီးကို လွန်အောင်ဆွဲယူရသည်။ ဤသည်ကို အစွဲ ပြု၍ ဆန်ပုံတောင်ခေါ်သည်ဟု အဆိုရှိ၏။ ဟဟ

ခေါ်တွင်ပုံ[ပြင်ဆင်ရန်]

ဆင်ပေါင်ဝဲဟူသောအမည်မှာ ဆင်ဖြင့်ပေါင်၍ ဆွဲယူရအောင် ကြီးသောဝဲရှိခြင်းကြောင့်ဟု အဆိုရှိသည်။ မြန်မာသက္ကရာဇ် ၄၅၅ ခုနှစ်၌ ပုဂံတွင်နန်းတက်ခဲ့သော ဘုရင် နရပတိစည်သူမင်းကြီးသည် ဖေါင်စကြာဖြင့် တိုင်းခန်းလှည့်လည်ရာမှ အပြန်တွင် ဤနေရာသို့ရောက်သောအခါ ဖေါင်တော်သည် ကြီးမားသော ဝဲတစ်ခုကို မကျော်လွန်နိုင်သဖြင့် ဆင်များဖြင့် ကုန်းပေါ်မှ ဆွဲယူခဲ့ရသည်။ ထိုသို့ဆွဲယူပြီးနောက် ဖေါင်တော်ဆိုက်ကပ်ရာဒေသ၌ ဖေါင်တော်ဦးအမည်ဖြင့် စေတီတစ်ဆူ တည်ထားခဲ့သည်ဟုဆိုသည်။

ဆင်ပေါင်ဝဲမြို့မှ အထက်တစ်မိုင်လောက်အကွာတွင်လည်း ရွှေစစ်အောင်ဘွဲ့တော်ချီ စေတီတစ်ဆူရှိ၏။ ထိုစေတီမှာ ဒွတ္တဘောင်မင်းကြီးသည် ပန်ထွာမင်းသမီးကို အောင်နိုင်ပြီး အပြန်တွင် တည်ထားသော ဘုရားဖြစ် သည်ဟု သမိုင်းကဆိုသည်။ အခြားတန်ခိုးကြီးဘုရားနှစ်ဆူမှာ ရှင်ပင်စာကြိုဘုရားနှင့် ရွှေမုဋ္ဌော ဘုရားများဖြစ်သည်။ ရှင်ပင်စာကြိုဘုရားမှာ ပုဂံပြည့်ရှင် အနော်ရထာစောဘုရင်သည် သထုံမှ ပိဋကတ်တော်များ ပင့်ဆောင်လာသော တပ်တော်များကို တွေ့ဆုံကြိုဆိုရာ၌ တည်ထားသည်ဟုဆို၏။ ရှင်ပင်စာကြိုဘုရားမှာ ဆင်ပေါင်ဝဲမှ အောက်ဖက် ၁ဝ မိုင်ကွာတွင် တည်ရှိသည်။ ရွှေမုဋ္ဌောဘုရားမှာ ဆင်ပေါင်ဝဲမြို့မှ အောက်ဖက် ၁ မိုင်အကွာတွင် တည်ရှိသည်။ ထိုစေတီကို သီရိဓမ္မာသောကမင်းကြီးတည်ထားသော ရှစ်သောင်းလေးထောင်သော ဘုရားများတွင် ပါဝင်သော စေတီတစ်ဆူဟု ပြောဆိုကြသည်။

ဆင်ပေါင်ဝဲမြို့သည် ကုန်းဘောင်ခေတ် ဒုတိယပိုင်း၌ ထင်ရှားသော စာဆိုတော် ဦးကြင်ဥ၏ ဖွားရာဇာတိလည်း ဖြစ်ပေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၇။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)