သျှစ်သောင်းပုထိုးတော်ကြီး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

သျှစ်သောင်းပုထိုးတော်ကြီး (ရခိုင်အခေါ် သျှိုက်သောင်းဘုရား) သည် အတွင်းတွင် ဘုရားဆင်းတုတော်ပေါင်း ရှစ်သောင်းရှိသော်ကြောင့် "ရှစ်သောင်းပုထိုးတော်ကြီး" ဟုလည်းအမည်တွင်သည် ။ မြောက်ဦးခေတ် တွင်တည်ထားခဲ့ပြီး ၂၀ရာစုတွင် ငလျင်ဒါဏ် အနည်းငယ်ထိခိုက်ခံရသော်လည်း ယခုထက်ထိ ကောင်းမွန်စွာထိန်းသိမ်းထားဆဲဖြစ်သည်။

သျှစ်သောင်းပုထိုးတော်ကြီး

မြောက်ဦးမြို့မှ ရှေးဘုရားကြီး[ပြင်​ဆင်​ရန်​]

မုခ်သုံးဖက်ပိတ်၍ တောင်ခြေဘက် မုခ်တစ်ခုသာ ဖွင့်ကာ ဝင်္ကပါသဖွယ် တည်ထားသဖြင့် ဘုရားပုထိုး အဖြစ်ထက် ရန်သူဘေးမှ ခိုအောင်းရန် ခံတပ်အဖြစ် တည်သည်ဟု ယူဆရ သော စေတီကြီး ဖြစ်သည်။ ထိုဘုရားကြီးတွင် ဟိန္ဒူဗိသုကာ နှင့် အနုပညာ လက်ရာများကို တွေ့နိုင်သည်။

ရှစ်သောင်းဘုရား[ပြင်​ဆင်​ရန်​]

ရခိုင်ပြည်၏မြို့တော်ဟောင်း တစ်မြို့ဖြစ်သော မြို့ဟောင်း ခေါ် မြောက်ဦးမြို့၏ မြောက်ဘက်တစ်မိုင်ခန့်အကွာ အရှေ့ရိုးမ တောင်ကြီး၏ အနောက်ဘက် တောင်စောင်းရှိ ဘိုးခေါင်တောင် တွင် ရှစ်သောင်းဘုရား တည်ရှိသည်။ ( မြောက်ဦးမြို့။) ယင်း စေတီတော်ကြီးကို ရန်အောင်ဇေယျ သိမ်တော်ကြီးဟုလည်း သမုတ်သေးသည်။

ထိုစေတီတော်ကြီး၏ ဂူတွင်းဂူပဝယ် တည်ထားလျက် ရှိသည့် ရှစ်သောင်းသောရုပ်တုတော်တို့ကို အစွဲပြု၍ ရှစ်သောင်း ဘုရားဟု ခေါ်ကြခြင်းဖြစ်သည်။ ရန်အောင်ဇေယျသိမ်တော်ကြီး ဟု တွင်ခြင်းမှာ ရခိုင်ဘုရင်က ကုလားပြည်ကို အောင်တော်မူ သည့် အထိမ်းအမှတ်နှင့် တည်တော်မူခြင်းကြောင့်ဟု ဆိုကြ သည်။

ရှစ်သောင်းဘုရားကို မြောက်ဦးမင်းဆက် ၁၂ ဆက် မြောက် မင်းပင်ကြီးခေါ် မင်းပါကြီး (မြန်မာ ၈၉၃-၉၁၅) ဘုရင်သည် သက္ကရာဇ် ၈၉၇ ခုနှစ် ကဆုန်လဆန်း ၅ ရက် နေ့တွင် ပန်းရန်ကျော်များကို ဆင့်ခေါ်တော်မူ၍ ထိုနှစ် တန်ဆောင်မုန်းလပြည့် စနေနေ့တွင် စတင် တည်တော်မူသည်။ ဦးစွာပထမ ဘိုးခေါင်တောင် တော်ကြီးကို မြေတလင်းညီစွာ ညိ|တော်မူ၍ ရှစ်သောင်းသော ဓာတ်တော်မွေတော်နှင့်တကွ ဉာာဏ်တော် နှစ်တောင်နှင့် တစ်မိုက်စီရှိသော ရွှေဆင်းတု ၁ဝ၈ ဆူ၊ ငွေဆင်းတု ၁ဝ၈ ဆူ၊ ရတနာကိုးပါးဖြင့် သွန်းအပ်သော ဆင်းတုတော် ၁ဝ၈ ဆူတို့ကို တစ်ခန်းကျစီ ကိန်းဝပ်စေတော် မူပြီးမှ ရှစ်သောင်းလေးထောင်သော ရတနာမျိုးတို့ဖြင့် သွန်း အပ်သော ရုပ်ပွားငယ်တို့ကိုလည်း ထည့်တော်မူသည်။ ထိုနောက် ဌာပနာခန်းကို ကျောက်ပြားတို့ဖြင့် ပိတ်ပြီးသော် အခန်းပြင်၌ ကောင်းမှုတော်စေတီကြီးအား ၁ဝ၁ ပါးသော လူမျိုးတို့ ပူဇော်ဟန် ရုပ်လုံးပြု၍ ရံလျက်ထားသည်။ ထိုမျှမက မြောက်ဦးမြို့တော်ကြီးဝယ် အစဉ်အဆက် စိုးစံခဲ့သော ဘေး လောင်းတော် ဘိုးလောင်းတော် မင်းများမှအစ ဘုရားဒါယကာ မင်းပင်အထိ မင်း ၁၂ ဆက်တို့၏ ပုံတော်ကို ရွှေသားပကတိ ထုလုပ်ပြီးလျှင် မှူးမတ်စုံလင်စွာ ခြံရံလျက် စေတီတော်ကြီးအား ပူဇော်ဟန်ထည့်၍ အပြင်ဌာပနာခန်း တထပ်ကို ကျောက်ပြား ပိတ်ကာ မြေဖို့သည်။ အပေါ်ယံ မြေကို အထူးထူးသော ရတနာတို့ဖြင့် ဖြန့်၍ ညီညွတ်အောင် ပြုပြီးနောက် အချိန် ကောင်း အခါတော်ကျသည်နှင့် တစ်ပြိုင်နက် မြစိမ်း ကျောက် ညိုတို့ဖြင့် ဖိနပ်တော်ခင်းသည်။

ထိုနောက် နောင်ပွင့်တော်မူလတ္တံ့သော ရှင်တော်ဘုရား တို့အား ရည်စူး၍ ကျောက်ညိုဖြင့် ထုသော ဘုရားဆူရေ နှစ်သောင်း၊ ရတနာ ခုနစ်ပါးဖြင့် ထုလုပ်သော ဆင်းတုတော် ခြောက်သောင်း ပေါင်းရှစ်သောင်းသော ဆင်းတုတော်တို့ကို မုခ်ဝ မုခ်ပျံတို့၌ တည်ထားလေသည်။ စေတီတော်မြတ်ကြီးကို လည်း ငါးထပ်သော မုခ်ပတ်တို့ဖြင့် ပတ်လည်ဝိုင်းပြီးလျှင် ကျောက်ညို ဘုရားကိုယ်တော်မြတ်တို့ကို စီတန်း တည်တော်မူ သည်။ ထိုနောက်မှ တစ်ဖန် စေတီတော်မြစ်ကြီး၏ ရှေ့တော် တွင် ကျောက်အုတ်တံတိုင်းတို့ဖြင့် ပတ်လည် ရံအပ်သော မဟာရံအတွင်းဝယ် ကြီးစွာသော သိမ်တော်မြတ်ကြီး၊ စေတီ တော်ငယ်တို့ရှိသည်။ စေတီတော်ကြီးအတွင်း ဒုတိယအထပ် တော်၌ မဏ္ဍိုင်ငါးခုတို့ကို ဗဟိုပြု၍ ရှင်တော်ဘုရား နုစဉ် အခါက ကျင်လည်ခဲ့ရသော ဘဝတို့ကို ရုပ်လုံးထုထားသည်။ ဟင်္သာကိုးကြိမ် ဖြစ်သည်ကို ပြသည့်အနေနှင့် ဟင်္သာကိုးကောင် ကို ထုလုပ်ထား၍ ကြိုးကြာဘဝ ၁၆ ကြိမ် ဖြစ်သည်ကို ပြသည့်အနေနှင့် ကြိုးကြာရုပ် ၁၆ ကောင် ထုလုပ်ထားလေ သည်။ ယင်းဖြစ်တော်ပေါင်းအရုပ်များကို ဒုတိယအထပ် လက်ယာဘက် အောက်ဆုံးတန်းမှ စ၍ တွေ့နိုင်သည်။ ထို ရုပ်ထုများနောက် နာယတံ၊ ဗိဿနိုး စသော ဟိန္ဒူနတ်ရုပ် တို့ကို၎င်း၊ နိပါတ်တော်လာ ဇာတ်ရုပ်တို့ကို၎င်း အထောင် အသောင်းမက ထုလုပ်ထားလေသည်။ ငါးထပ်သောလိုဏ်ဂူ အတွင်း၌လည်း နောင်ပွင့်လတ္တံသော ဘုရားရှင်တို့အား ရည် မှန်း၍ ရုပ်တုတော်ပေါင်း ရှစ်သောင်းတို့ကို ထုလုပ်ပြီးလျှင် ဝင်္ကပါ သဏ္ဌာန်ကဲ့သို့ ခရုပတ် စီတန်းလျက် နေရာမဆန့် အောင် တည်ထားသည်။

ရှစ်သောင်းဘုရားသည် အနောက်၊ တောင်၊ မြောက်၊ သုံးဖက်လုံးတွင် မဟာရံ တံတိုင်းများ ပိတ်လျက် ရှိ၍ အရှေ့ ဘက်ရှိ တောင်ခြေရင်းမှသာ ဘုရားသို့ဝင်ရန် မုခ်ပေါက်ရှိ သည်။ ထိုအရှေ့ဘက် ဝင်ပေါက်သို့လည်း ဘုရား၏တောင် ဘက် ပေ ၂ဝဝဝ ခန့်အကွာ တောင်ခြေရင်းရှိ မုခ်ဦးမှ ဝင်၍ တောင်ခြေရင်းတစ်လျှောက် ဖောက်လုပ်ထားသော စောင်းတန်း အတိုင်း သွားမှရောက်သည်။

ပုံတွင် (ေ) အမှတ်ပြထားသော ရှစ်ပေကျယ်သည့် မုခ်ဦး မှ ၃၅ ပေခန့်တက်သော် မြေပြင်မှ ၁၆ ပေ မြင့်သော ပထမ ပစ္စယံသို့ ရောက်သည်။ ပထမ ပစ္စယံအရောက် ထိပ်ဝတွင် လက်ဝဲဖက်၌ အလျားနှစ်ပေခွဲ၊ အနံ နှစ်ပေခွဲ၊ အမြင့်ခုနစ်ပေ ကျော်ရှိ ကျောက်စာတိုင်တစ်တိုင်ရှိသည်။ ကျောက်စာတိုင်၏ မျက်နှာသုံးဖက်၌ နာဂရီဘာသာဖြင့် ကမ္ပည်းရေးထိုးထားသည် ကို တွေ့ရ၍ ကျန်တဖက်ရှိ စာတို့မှာမူ ပျက်နေလေသည်။ ကျောက်စာတိုင်နှင့်ယှဉ်လျက် ပစ္စယံ၏ လက်ယာဘက်ဝတွင် အမြင့်ကိုးပေနီးပါးရှိ၍ ထိပ်တွင် တမော့ရုပ်ကြွ ထွင်းထားသော ရှစ်မြေ|ာင့်ကျောက်တိုင် တစ်တိုင်ရှိသည်။ လက်ဝဲဖက် ကျောက် စာတိုင်၏ လက်ဝဲဘက်အနီး၌မူ ကြာပန်းပုံ ဓမ္မစကြာပုံ ရုပ်ကြွ ထွင်းထားသော ၁၂ ပေကျယ်သောကျောက်ပြားတစ်ပြား လဲကျ နေသည်ကို တွေ့ရ၏။ ပထမပစ္စယံတစ်ခုလုံးသည် ယခင်က ကျောက်တုံးတို့ဖြင့် တည်ဆောက်ထားသော စေတီပေါင်းများစွာ တည်ရှိခဲ့ဟန် တူသည်။ ယခုမူ ပုံ၌ (န)အမှတ်အသား ပြထား သော စေတီဝိုင်းတစ်ဆူနှင့် (်) အမှတ်အသား ပြထားသော ရှစ်မြေ|ာင့်စေတီတစ်ဆူမှအပ ပစ္စယံတစ်ခုလုံး အုတ်ကျိုး အုတ်ပဲ့ တို့ဖြင့် လွှမ်းလျက်ရှိသည်။ ပထမ ပစ္စယံမှ တစ်ဆင့်တက်သော် ပေ ၃ဝ အမြင့်တွင် တောင်မှမြောက် ပေ ၆ဝ၊ အရှေ့မှ အနောက် ပေ ၂ဝ မှ ၃ဝ အထိကျယ်သော ပစ္စယံ တစ်ထပ်သို့ ရောက်သည်။ (ပုံတွင် ါ အမှတ်) ယင်းပစ္စယံ အရှေ့ဘက်သည် တောင်စောင်းဖြစ်၍ အနောက်၊ တောင်၊ မြောက်တို့တွင် ၁၂ ပေခန့်မြင့်သော မဟာရံတံတိုင်းဖြင့် ကာထားသည်။ ယင်းပစ္စယံ၌ အထူးအထွေ တည်ဆောက်ထားခြင်း ရှိဟန်မတူချေ။ ဒုတိယပစ္စယံမှ တောင်စောင်းတစ်လျှောက် မြောက်ဘက် သွားမူ မုခ်ပေါက်တစ်ခုတွေ့ရပေမည်။ ယင်းမုခ်ပေါက်အတိုင်း တက်မူ မြေပြင်မှ ပေ ၆ဝ မြင့်သော ဘုရားကြီးတည်ရာ ပစ္စယံ သို့ ရောက်သည်။ ထိုပစ္စယံသည် တောင်မှမြောက်ပေ ၁၄ဝ ရှည်၍ အရှေ့အနောက် ၂၂၅ ပေရှည်သော မဟာရံတံတိုင်းကြီး သုံးဖက်ဖြင့် ကာရံထားသည်။ တောင်နှင့်မြောက် တံတိုင်းကြီး တွင် (ပုံ၌ နှင့် အမှတ်ပြထားသောနေရာ) အခန်းပေ ၂ဝ ကျယ်၍ ဉာာဏ်တော်ခုနစ်ပေမြင့်သော စေတီငယ်များ တစ်ခုနှင့် တစ်ခု အကွာအဝေးညီစွာ တည်ထားသည်။ စေတီငယ်များကြား တွင် သုံးပေခွဲကျော်မြင့်၍ သုံးပေနီးပါးကျယ်သော ကျောက်ပြား များ စိုက်ထားလေသည်။ ကျောက်ပြား နှစ်ဖက်မျက်နှာတွင် တမော့ ရုပ်ကြွများ ထွင်းထားလေသည်။ ဘုရားကြီးဘက် လှည့်နေသော မျက်နှာတွင် မြတ်စွာဘုရားသခင်၏ပုံတော် အမျိုးမျိုးကို ထွင်းထုထား၍ အပြင်ဘက် မျက်နှာတွင် နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ရက္ခိုက်၊ ဘီလူး၊ မြွေစသော ပုံများ ထွင်းထု ထားလေသည်။စေတီတည်ရာ ထိုပထမပစ္စယံဝယ် ဘေးလောင်း တော် ဘိုးလောင်းတော်တို့၏ အရိုးစုကို သင့်တင့်လျောက်ပတ် စွာ ဂူတော်သွင်း၍ တည်ထားခဲ့သည်ဟု ဆိုသည်။ ထိုသို့ တည် ထားခဲ့သော သင်္ချိုင်းရာတို့တွင် မင်းပင်ကြီးလွန်ပြီးနောက် တည် ထားသော မင်းပင်ကြီးအရိုးအိုး သင်္ချိုင်းတော်တစ်ခုသာ တွေ့မြင် ရတော့သည်။ ဘုရားကြီးတည်ရာ ပထမပစ္စယံကို တောင်စောင်းအတိုင်း လျှောက်သွားမူ ဘုရားကြီး၏ ဂန္ဓကုဋီတိုက်သို့ဝင်ရာ တစ်ခု တည်းသော မုခ်ဝကို လက်ဝဲဘက်၌ တွေ့ရပေမည်။ ယင်းမုခ်ဝ အတိုင်း တည့်တည့် ဝင်သွားပါက အရှေ့နှင့်အနောက် ပေ ၄ဝ၊ တောင်နှင့်မြောက် ပေ ၇ဝ ကျယ်သော ရင်ပြင်(ပုံ၌ ာ အမှတ် အသားပြ)ကို တွေ့ရပေမည်။ ထိုရင်ပြင်မှ လက်ဝဲဘက် စင်္ကြန် လမ်းအတိုင်း ဝင်သော ဘုရားကြီး၏ပတ်လည် နံရံများ၌ ဂူများ ရှိသည်။ အရှေ့ဘက်နံရံ၌ တစ်ဖက် နှစ်ဂူစီ (ပုံ၌ အမှတ် အသားပြ)ရှိ၍ တောင်၊ မြောက်၊ အနောက်နံရံတို့၌ ဂူရှစ်ခုစီ ရှိသည်။ ယင်းဂူများ အတွင်းတွင် ဘုရားရုပ်ပွားနှစ်ဆူသည် ကျောချင်းကပ်၍ သီတင်းသုံးနေရာ စင်္ကြန်ဘက်မှ တစ်ဆူကို ဖူးရ၍ ဘုရားကြီး၏ ပထမပစ္စယံဘက်မှ တစ်ဖက်အဆူကို ဖူးတွေ့နိုင်သည်။ ဗဟို ဂန္ဓကုဋီတိုက်တွင်း၌မူ ဉာဏ်တော်ရှစ်ပေခန့်မြင့်သော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိသည်။ ဂန္ဓကုဋီတိုက်သည် ပေ ၃ဝ မြင့်၍ အမိုးထောင့် လေးထောင့်တွင် စေတီလေးဆူရှိသည်။ အလယ်ကောင်တွင် ခေါင်း လောင်းပုံ ထီး စသည်တို့ပါသော ဉာာဏ်တော် ပေ ၆ဝ မြင့်သည့် စေတီတော်ကြီးထီးထီး တည်လျက်ရှိသည်။ ဤသို့ ခမ်းနားဆန်းပြားလှစွာ တည်ထားသော စေတီ တော်ကြီး၏ အနောက်တောင်တောင့်တွင် မင်းပင်ကြီး၏ ဥပုသ် တော်ဆောင်ကို တစ်ဆက်တည်း လုပ်ခဲ့သည်ဟုဆိုသည်။ စေတီ တော်၏ မြောက်ထောင့်၌မူ မယ်တော်ကို အကြောင်းပြု၍ တည်ထားအပ်သော မယ်တော်သိမ်ခေါ် ဂူတော်ကြီး တစ်ဆူ လည်း ရှိသည်။ စေတီတော်ကြီး၏လက်ရာမှ ဟိန္ဒူဗိသုကာနှင့် အနုပညာ လက်ရာများဖြစ်သည်။ ရှေးဟောင်းသုတေသန ပညာရပ်တွင် ကျွမ်းကျင်သောနိုင်ငံခြားသား ပုဂ္ဂိုလ်ကြီးများ၏ယူဆချက်အရမူ စေတီတော်ကြီးကို ဘုရားပုထိုး အဖြစ်ထက် ရခိုင်ဘုရင်များ ရန်သူဘေးမှ ခိုအောင်းရန် ခံတပ်အဖြစ် တည်ထားဟန်တူ သည်ဟု ဆိုသည်၊ စေတီတော်ကြီးအား သုံးဖက်မှ ပိတ်၍ အရှေ့ဖက် တောင်ခြေဖက်မှသာ မုခ်ပေါက်တစ်ခုတည်း ဖွင့်ကာ ဝင်္ကပါသဖွယ် တည်ဆောက်ထားခြင်းသည်ပင် ထိုပုဂ္ဂိုလ်တို့၏ အဆိုကို ထောက်ခံလျက် ရှိလေသည်။ စေတီတော်ကြီးသည် ၁၇၈၄ ခုနှစ်တွင် မြန်မာတို့၏ ဗုန်းဆံတစ်ကြိမ် မှန်၍ ၁၈၂၅ ခုနှစ်တွင် အင်္ဂလိပ်ဗုန်းဆံ တစ်ကြိမ်မှန်ခဲ့သဖြင့် အတော်ပင်ပျက်စီးယိုယွင်းလျက် ရှိသည်။ အထူးသဖြင့် စေတီတော်၏ အနောက်ဘက်ခြမ်းသည် ပျက်စီး ယိုယွင်းခဲ့ရာ စေတီတော်အား မြေပြင်မှ ကြည့်မူ အုတ်ပုံ ကျောက်ပုံကြီးနှင့်မခြား တွေ့မြင်ရလေသည်။ ရှစ်သောင်းဘုရား၏ မြောက်ဘက်အထွက်မုခ်မှ အရှေ့ မြောက်ဘက် ၈၆ ပေအကွာတွင် အံတော်ဘုရား တည်ရှိ၍ အနောက်မြောက်ဘက် ပေ ၃ဝဝ အကွာတွင် ဒုက္ခံသိမ်ဘုရား တည်ရှိသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)