မြသိန်းတန်စေတီ(မင်းကွန်း)

ဝီကီပီးဒီးယား မှ
မြသိန်းတန်စေတီ(မင်းကွန်း)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ သမိုင်းဝင်ရှေးဟောင်း မြသိန်းတန်စေတီတော်ကြီးသည် မြန်မာ့မြေမှ ကမ္ဘာထိအောင် ဂုဏ်ထူးဆောင် စေတီတော်ကြီးဖြစ်သည်။

ဘွဲ့တော်၊ အမည်များ[ပြင်ဆင်ရန်]

  • သမိုင်းပညာရှင်တို့၏ မှတ်တမ်းတင်ချက်အရ စေတီတော်မြတ်ကြီး၏ မူလအမည်တော်မှာ ပုဂံခေတ်အလောင်းစည်သူမင်းကြီး၏ ကုသိုလ် ရှင်ဖြူဘုရားရုပ်တုတော်ကို အစွဲပြု၍ (ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး အလိုအရ ဘွဲ့တော်မှာ)ရှင်ဖြူဘုရားဟုလည်းကောင်း၊ (သုဝဏ္ဏဝိမာန နိဒါန်းအလိုအရ ဘွဲ့တော်မှာ)ဆင်ဖြူဘုရားဟု စတင်ခေါ်ဝေါ်ကြောင်းကို လည်းကောင်း၊
  • ကုန်းဘောင်ခေတ်ဗဒုံမင်း(ဘိုးတော်ဘုရား)လက်ထက်ဝယ် မင်းကွန်းပုထိုးတော်ကြီးတည်ဆောက်နေစဉ် မြေးတော် စစ်ကိုင်းမင်းသားလေး(ဘကြီးတော်)က ပျက်စီးနေသော ရှင်ဖြူဘုရားတန်ဆောင်းကို ပြုပြင်လှူဒါန်းလိုကြောင်း ခွင့်တောင်းသည့်အခါ ခွင့်ပြုမိန့်ရရှိသဖြင့် စစ်ကိုင်းမင်းသားလေး၏ ကြင်ယာတော် ဘိုးတော်မင်းတရားကြီး၏ အချစ်ဆုံး ဆင်ဖြူမယ်မင်းသမီးလေးဘုရားတည်စဉ် နတ်ရွာစံကံကုန်သဖြင့် အလွမ်းပြေ အမှတ်တရ အနေဖြင့် ဆင်ဖြူမယ်ဘုရား (ခ) ဆင်ဖြူရှင်ဘုရား (ဘုရားတည်နေရာမှာ ယခင်က ဘုရားအလောင်း ဆင်ဖြူဖြစ်စဉ်ကာလက ကျင်လည်ကျက်စားဘူး၍ ဆင်ဖြူတောင် ခေါ်ကြောင်း၊ ဆင်ဖြူတောင်ပေါ်တွင် တည်သဖြင့်) ဟုလည်းကောင်း၊
  • ဌာပနာတော်သွင်း မင်္ဂလာပြုကြရာတွင် အိမ်ရှေ့စံမင်းသမီးလေး ဆင်ဖြူမယ် ဝတ်ဆင်အပ်သော တစ်သိန်းတန် မြရတနာကို ဌာပနာမှု အစွဲပြု၍ မြသိန်းတန်ဘုရားဟုလည်းကောင်း အမည်သုံးမျိုးဖြင့် တန်ခိုးကြီး ထူးခြားလှပေသည်။

မင်းတုန်းမင်းကြီး လက်ထက်တွင် ထိုဘုရားကို ပြုပြင်ခဲ့သေးသည်။

တည်ဆောက်ခဲ့ပုံ[ပြင်ဆင်ရန်]

အာလိန်ငါးဆင့်ကို အနီးကပ် မြင်ရစဉ်

တာဝတိံသာနတ်ပြည်ရှိ စုဠာမဏိစေတီတော်ကို ရည်မှန်း၍ လှူဒါန်းတည်ဆောက်ခြင်းဖြစ်သည်။ တနည်းအားဖြင့် ရှေးမြန်မာဘုရင်တို့၏ ဆန်းသစ်သော တွေးခေါ်မှု၊ ဆန်းကြယ်သော စီမံဆောင်ရွက်မှုများမှာ သမိုင်းထူလိုသော လူသားတိုင်းအတွက် အတုယူ အားကြဖွယ်ရာပင် ဖြစ်သည်။

စေတီတော်ကြီး၏ အောက်ခြေမှ တရွေ့ရွေ့မြင့်တက်လာသော ရေလှိုင်းကွန့်သဏ္ဌာန် ပစ္စယာ ခုနှစ်ဆင့်မှာ သီတာ ခုနှစ်တန်တောင်ရံ ခုနှစ်လုံးကို ရည်ရွယ်ထားသည်။ သတ္တမ ပစ္စယာမှာ ယုဂန္ဓိုရ်တောင်ထိပ်ကို ရည်ရွယ်၍ အလယ်ဗဟိုအမြင့် အုဋ္ဌ်ခုံမှာ အာလိန်ငါးဆင့် ပတ်လျှက် မြင်းမိုရ်တောင်ကို ရည်ရွယ်ထားသည်။ ၎င်းအာလိန်ငါးဆင့်တွင် ပထမအာလိန်၌ နဂါးများ၊ ဒုတိယအာလိန်၌ ဂဠုန်များ၊ တတိယအာလိန်၌ ဂုမ္ဘဏ်များ၊ စတုတ္ထအာလိန်၌ ယက္ခ၊ ရက္ခိုသ်များ၊ ပဉ္စမအာလိန်၌ ဂန္ဓဗ္ဗများ စောင့်ကြပ်ပြီး အာလိန်ငါးဆင့်မှ အထက် သိကြားမင်းစံရာ တာဝတိံသာနတ်ပြည်၊ မြင်းမိုရ်တောင်ထိပ်ဖြစ်သည်။

အထက်၌ ဥမင်လိုဏ်ဂူအတွင်းဝယ် ပထမဘုရားဒါယကာ အလောင်းစည်သူမင်း လှူဒါန်းပူဇော်အပ်သော ရှင်ဖြူရုပ်ပွားတော်ကြီး စမ္ပါယ်တော်မူသည်။ စေတီတော် ပတ်ပတ်လည်မှ ပြဿဒ်များမှာ သုံးကျိပ်သုံးဦးသော နတ်မှူးများ၏ ဗိမာန်များကို ရည်ရွယ်ထားသည်။ စောင်းတန်းသုံးသွယ်မှာ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ အဘိဓမ္မာတရားဟောပြီး လူ့ပြည်သင်္ကဿနဂိုရ်သို့ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟု စောင်းတန်းသုံးသွယ်ဖြင့် သက်ဆင်းတော်မူပုံကို ရည်ရွယ်ထားသည်။

မူလဘုရားဒါယကာ အလောင်းစည်သူမင်းနှင့် ဘုရားသမိုင်းကြောင်းကို တိတိကျကျ ဖော်ပြခြင်းမရှိသော်လည်း ဒုတိယ ဘုရားဒါယကာ မြေးတော် စစ်ကိုင်းမင်းသားလေးသည် ၁၁၆၃-ခုနှစ်၊ သက်တော် (၁၂)နှစ်အရွယ်တွင် ဘုရားဒါယကာအဖြစ် ခံယူခဲ့သည်။ ၁၁၆၄-ခု၊ တပို့တွဲလတွင် ဆင်ဖြူမယ် မင်းသမီးလေးနှင့် လက်ထပ်သည်။ ၁၁၆၆-ခု၊ တန်ခူးလဆန်း(၁၅)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး၊ ဝါဆိုလဆန်း(၂)ရက်၊ သောကြာနေ့တွင် ဌာပနာပိတ်ပွဲ ကျင်းပသည်။ ဌာပနာတိုက်ပေါင်း (၁၆)တိုက်ရှိသည်။ ၁၁၆၉-ခုနှစ်တွင် ဘုရားပြီးစီး၍ ပထမဝါဆိုလပြည့်ကျော် (၁၄)ရက်၊ သောကြာနေ့တွင် အနေကဇာတင်၍ ရေစက်သွန်းချပွဲတော်ကြီး ကျင်းပပြုလုပ်ခဲ့လေသည်။

အတိုင်းအတာ[ပြင်ဆင်ရန်]

စေတီတော်၏ ဖိနပ်အချင်း (၂၁၄)တောင်၊ ဉာဏ်တော်အမြင့် (၃၂၁)ပေ ရှိသည်။ မီးတားတံတိုင်းမှာ လေးထောင့်မဟုတ်၊ အဝိုင်းဖြစ်သည်။ သီတာ ခုနှစ်တန်၊ တောင်ရံ ခုနှစ်ထပ်၊ အာလိန်ငါးဆင့်၊ စောင်းတန်းသုံးသွယ်တို့ဖြင့် မြင်းမိုရ်တောင်နှင့် စကြဝဠာ တည်ရှိပုံကို ရည်ရွယ်ထားသည်မှာ ကမ္ဘာ့အံ့ဖွယ်ပင်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံဂျားဗားကျွန်းတွင်တည်ရှိသော ဗောရောဗုဓောစေတီတော်ကြီးနှင့် ဤမြသိန်းတန် စေတီတော်ကြီးတို့သည် လေးဒေါင့်၊ အဝိုင်းသဏ္ဌာန်မှလွဲ၍ တည်ဆောက်ပုံ ရည်ရွယ်ချက် တူညီကြောင်း ကမ္ဘာလှည့် ဧည့်သည်တော်များမှ မှတ်တမ်းရရှိသည်။

ပြုပြင်မှု[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်၊ ခရစ်နှစ် ၁၈၃၈ တွင် ငလျင်ဒဏ်ကြောင့် စေတီတော်ကြီးပျက်စီးချို့ယွင်းခဲ့ရာ ရတနာပုံခေတ်မင်းတုန်းမင်းတရားကြီးကလည်း ထပ်မံပြုပြင် လှူဒါန်းခဲ့သည်။ သက္ကရာဇ် ၁၃၅၀-ခု၊ တပေါင်းလပြည့်(၁၅)ရက်၊ ခရစ်နှစ် ၁၉၉၇-ခု၊ မတ်လ(၂၃)ရက်၊ တနင်္ဂနွေနေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နေ ဦးမြို့ + ဒေါ်ပြုံး၊ သမီး မခင်ဌေးမြင့်၊ ပင်းတယမြို့နေ ဦးဘမော်+ဒေါ်သိန်းမြ မိသားစုတို့က နှစ်ပေါင်းကြာညောင်း၍ ဟောင်းနွမ်းပျက်စီးနေသော ထီးတော်ကြီးကို ကြေးထီးတော်ဖြင့် ရွှေသင်္ကန်းကပ်၍ အသစ်တင်လှူ ပူဇော်ခဲ့ကြသည်။ သံဃာတော်များဦးဆောင်သည့် လေးဌာန ဂေါပကအဖွဲ့ကို ဖွဲ့၍ စေတီတော်ကြီးကို စောင့်ရှောက်၊ ပြုပြင်ခြင်းများ လုပ်ဆောင်နေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လေးဌာန ဂေါပကအဖွဲ့၊ မင်းကွန်းဒေသ၊ စစ်ကိုင်းမြို့နယ်၊ ဖုန်း ၀၂-၃၄၁၀၆