ရွှေစည်းခုံ စေတီတော် (ပုဂံ)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရွှေစည်းခုံစေတီတော်
Shwezigon Pagoda.jpg
တည်နေရာ ညောင်ဦးမြို့၊ ဧရာဝတီမြစ် ကမ်းနဖူး
ဉာဏ်တော် ပေ (၁၆၀)
ကျော်ကြားမှု ပုဂံမင်းနှစ်ပါး တည်ခဲ့ပြီး၊ သိမှတ်ဖွယ်ရာ၊ အံ့ဘွယ်များကြောင့်

ရွှေစည်းခုံစေတီတော်သည် ညောင်ဦးမြို့မှ အနောက်တောင် ယွန်းယွန်း ဧရာဝတီမြစ်ကမ်းနဖူးရှိ ပေ (၇၅၀) ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဉာဏ်တော်ပေ (၁၆၀)၊ ဖိနပ်တော်အကျယ်ပေ (၁၆၀)ပမာဏရှိကာ ရွှေရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိလေသည်။

သမိုင်း[ပြင်​ဆင်​ရန်​]

ပုဂံပြည်အနော်ရထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမဝိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။ ပထမ ဝိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ ကျေးဇူးကိုတုံ့ပြန်သော်အားဖြင့် မြတ်စွာဘုရား၏ စွယ်တော်ပွားကို အနော်ရထာမင်းထံ ဓမ္မလက်ဆောင်ပြန်လည် ပေးပို့ခဲ့သည်။ အနော်ရထာမင်းကြီး သည် စွယ်တော်မြတ်ကို နန်းတော်ရှေ ့ ရတနာပြဿာဒ်တွင် ကိန်းဝပ်စေပြီး ပူဇော် ဝတ်ပြုခဲ့သည်။ ထိုအခါ မင်းဆရာဖြစ်သော် ရှင်အရဟံမထေရ်က သတ္တဝါအားလုံး ကိုးကွယ်နိုင်စေရန် စေတီတည်ပါဟု မင်းကြီးအား အကြံဉာဏ်ပေးခဲ့သည်။

အနော်ရထာမင်းလဲ ရှင်အရဟံမထေရ်၏ အကြံဉာဏ်မှာ အလွန်လျှော်ကန် သင့်မြတ်သည့်အတွက် စေတီတည်၍ တည်ထား ကိုးကွယ်ရန် ဆောင်ရွက်ခဲ့သည်။ မင်းကြီးသည် စွယ်တော် ကိန်းဝပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်းဟု အဓိဋ္ဌာန်၍ ဆင်ဖြူတော်၏ ကိုယ်ပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။ ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့မြောက်အရပ် (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ဝပ်လေသည်။ ဆင်ဖြူတော် ဝပ်ရာ သဲစည်းခုံတွင် စွယ်တော်မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။

ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း (၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုတ်ပြည်မှ ရသော မြဆင်းတုတစ်ဆူနှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။ ဘုရားတည်နေတုန်း ပစ္စယာ ၃ ဆင့်အရောက်မှာပဲ အနော်ရထားမင်း နတ်ရွာစံခဲ့သည်။ အနော်ရထာမင်း နတ်ရွာစံပြီးနောက် ကျန်စစ်သားမင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။ စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ်အထိ နှစ်ပေါင်း ၃၁-နှစ်ကြာ၏။

ရုပ်ကြွ စဥ့်ကွင်း

စေတီတည်ထားပုံ[ပြင်​ဆင်​ရန်​]

ရွှေစည်းခုံစေတီတော်ကြီးသည် မူလက ကျောက်ချပ်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ သို့သော် ယနေ့အခါ ရွှေအထပ်ထပ်ချသောကြောင့် မူလကျောက်ပြားများ ပျောက်နေပြီး ရွှေတောင်ကြီးသဖွယ်ဖြစ်နေသည်။ ပစ္စယာအဆင့် ၃ ဆင့်ရှိသည် သုံးဆင့်အပေါ်မှ ရှစ်ထောင့်ကြာဝန်း၊ ကြေးဝိုင်း၊ ကြာမှောက်ကြာလှန်နှင့် ခါးပတ်ရှိသည်။ ယင်းအထက်တွင် ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံ၏ အထက် တွင် သပိတ်မှောက်နှင့် ဖောင်းရစ်ရှိသည်။ ဖောင်းရစ်အထက် ကြာစိတ်၊ ကြာမှောက်၊ ကြာပျံနှင့် ထီးတော် ရှိသည်။ ပစ္စယာ အဆင့်မှ ထီးတော်အထိ ပေ ၁၅ဝ မြင့်သည်။ ပစ္စယာအဆင့်ဆင့် တွင် ငါးရာ့ ငါးဆယ်ဇာတ်တော် ရုပ်ကြွ အုပ်ချုပ်များရှိသည်။ ညာဖက်တွင်ဖေါ်ပြထားသောပုံတော်သည် ရွှံကိုမီးဖုတ်ပြီး ပြုလုပ်ထားသည့် ပုံတော်ဖြစ်သည်။

ရင်ပြင်တော်[ပြင်​ဆင်​ရန်​]

စေတီ၏လေးဘက်လေးတန်၌ အုတ်ဂန္ဓကုဋီလေးဆောင်ရှိသည်။ ယင်းဂန္ဓကုဋီတိုက်များ အတွင်း၌ အလွန်လက်ရာမြောက်သော မတ်ရပ်ကြေးဆင်းတု တစ်ဆူစီ ရှိသည်။ ဉာဏ်တော် ၁၂ ပေမြင့်သည့် ပုဂံခေတ်လက်ရာဖြစ်သည်။ မူလက ဂန္ဓကုဋီတိုက်တံခါး များရှိသော်လည်း ယခုအခါ ၁ ခုသာ ကျန်တော့သည်။ ရင်ပြင်တော် အနောက်ဘက် ပိုင်းတွင် နတ်ရုပ်တု၊ ဘိုးတော်ရုပ်တု၊ သိကြားရုပ်တုစသည်များလည်း သူ့အဆောင်နှင့် သူရှိသည်။ ရင်ပြင်တော်အရှေ ့မြောက်ထောင့်တွင် ကျောက်စာရုံရှိသည်။ ကျောက်စာရုံ ထဲတွင် ခေတ်အဆက်ဆက်မှ ရေးထိုးထားခဲ့သည့် ကျောက်စာများထဲမှ ကျောက်စာ ၆ ချပ်ကို သိမ်းဆည်းထားသည်။ ကျန်းစစ်သားမင်းကြီး၏ ကျောက်စာတိုင်ကြီး ၂ တိုင်သည် အရှေ ့ဘက်မုခ် တွင်ရှိသည်။ ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည်။

သိမှတ်ဖွယ်ရာ[ပြင်​ဆင်​ရန်​]

ရွှေစည်းခုံစေတေီအောက်ခြေတွင် ပစ္စယံသုံးဆင့်ရှိပြီး ပစ္စယံသုံးဆင့်အထက်တွင် ရှစ်ထောင့်ကြာဝန်း ကျည်းဝန်း၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ် အဆင့်ဆင့်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ပဥ္စလောဟာချရားသီး၊ ထီးအဆင့်ဆင့်ဖြင့် တည်ဆောက် ထားသည်။

ရွှေစည်းခုံစေတီတော်၏ ပစ္စယံအဆင့်ဆင့်တွင် စဥ့်စိမ်းသုတ် အုတ်ချပ်များဖြင့် ပြုလုပ်ထားသော (၅၅၀)ဇာတ်များကို ဇာတ်အမည်၊ နံပါတ်များနှင့်တကွ တွေ့ရသည်။ ရွှေစည်းခုံစေတီ၏ မျက်နှာလေးဖက်တွင် ကြေးဂူတိုက် လေးတိုက်ရှိပြီး ထိုတိုက်များထဲတွင် (၃.၉၀)မီတာ (၁.၂၈)ပေခန့် အမြင့်ရှိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတု (အဘယမုဒြာနှင့် ဝရဒမုဒြာ) များရှိသည်။ ပုဂံခေတ် ကြေးသွန်း ကြေးခတ်နည်း (ပန်းတည်းပညာ)ကို လေ့လာနိုင်သည်။

ရွှေစည်းခုံစေတီတော်၏ အရှေ့ဘက်မုခ်တွင် ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျန်စစ်သားမင်း အေဒီ (၁၀၈၄-၁၁၁၃) ၏ နန်းတက်အမိန့်တော် ပြန်တမ်းကျောက်စာတိုင် နှစ်တိုင်ရှိသည်။ ထိုကျောက်စာတွင် ကျန်စစ်သားမင်းသည် ဘုရားလက်ထက်၌ ဗိဿနိုးဖြစ်ခဲ့ပြီး နောင်အခါ အရိမဒ္ဒပူရပြည်တွင် တရားစောင့်သော မင်းဖြစ်လာမည်ဟု ဘုရားက ဗျာဒိတ်ပေးခဲ့ကြောင်း၊ တိုင်းသူပြည်သားတို့ကို ကြင်နာစွာ အုပ်ချုပ်မည့်အကြောင်း ရေးထိုးထားသည်။

ဟံသာဝတီ ဘုရင့်နောင်ကျော်ထင်နော်ရထာ အေဒီ(၁၅၅၀-၁၅၈၁) သည် ရွှေစည်းခုံစေတီကို ရွှေသင်္ကန်းကပ်လှူခဲ့ပြီး ထိုအကြောင်းကို (၂၃)မေ၊ (၁၅၅၇) ကလှူခဲ့သည့် (၂၁၀၀)ပိဿာ၊ (၃.၁၈)တန်ရှိ ကုသိုလ်တော် ခေါင်းလောင်းစာတွင် ဖောြ်ပခဲ့သည်။

ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း အေဒီ (၁၇၆၃-၁၇၇၆) သည် (၃၀)မေ၊ (၁၇၆၈) တွင် ရွှေစည်းခုံစေတီကို ထီးတော်တင်ပြီး ၄င်း၏အလှူဒါနကို ရေးထိုးထားသည့် မော်ကွန်း ကျောက်စာရှိသည်။ ရွှေစည်းခုံ စေတီရင်ပြင်ရှိ အုတ်ဇရပ်အတွင်းရှိ ပုဂံခေတ်က ထုလုပ်ခဲ့သည့် ဗုဒ္ဓခြေတော်ရာ၊ သစ်သားပန်းပု သိကြားရုပ်နှင့် သစ်သားပန်းပု တံခါးရွက်တို့ကို လေ့လာနိုင်သည်။ ရွှေစည်းခုံစေတီ ပန္နက်ရိုက်ရာ၌ အခြေပြုသည့် ပန္နက်သဲဂူ၊ အုတ်ဇလားဂူ တို့လည်းရှိသည်။

အံ့ဘွယ်ကိုးပါး[ပြင်​ဆင်​ရန်​]

ရွှေစည်းခုံစေတီသည် အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါးနှင့် ပြည့်စုံသည်ဟု ယုံကြည်ကြသည်။

အတွင်းအံ့ကိုးပါး[ပြင်​ဆင်​ရန်​]

  1. ထီးတော်အလွန်ကြီးသော်လည်း သံကြိုးမဆိုင်းရခြင်း၊
  2. စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့ မရောက်ခြင်း။
  3. စေတီ၏ထိပ်မှ ရွှေစက္ကူပစ်ချလျှင် အပြင်သို့မရောက်ခြင်း။
  4. စေတီ၏ မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း။
  5. တန်ဆောင်မုန်းလပြည့်ပွဲတော်တွင် ပထမသပိတ်တော်၌ မည်သူမျှ ဆွမ်းဦးမတင်နိုင်ခြင်း။
  6. အဝေးကကြည့်လျှင်ကုန်း၊ အတွင်းမှကြည့်လျှင် ကျင်းသဖွယ်ထင်ရခြင်း။
  7. စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း။
  8. မိုးသည်းထန်စွာရွာသော်လည်း စေတီရင်ပြင်၌ ရေမတင်ခြင်း။
  9. စေတီတော် အရှေ့တောင်ထောင့်ရှိ ခရေပင်သည် ၁၂ ရာသီ ပွင့်ခြင်းတို့ဖြစ်သည်။
  • ထို့အတွက်ကြောင့် ရှေးမှယနေ့တိုင် အစဉ်အဆက် မှတ်ခဲ့ကြသည်မှာ - တန်ခိုးမှာ ရွှေစည်းခုံ၊ အနုမှာ အာနန္ဒာ၊ ထုမှာ ဓမ္မရံ၊ အမြင့်မှာ သဗ္ဗေညု ဟူ၍ ဖြစ်သည်။

အပြင်အံ့ကိုးပါး[ပြင်​ဆင်​ရန်​]

  1. ဧရာဝတီမြစ်ကမ်းစပ် ရေစီးအတွင်း စွယ်တော်တင်လာသည့် ဆင်ဖြူတော်ဝပ်သည့်နေရာ သောင်ဖြစ်လာခြင်း။
  2. ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း။
  3. ဧရာဝတီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲစီးဆင်းခြင်း။
  4. မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆)ဧက ကျယ်ဝန်းခြင်း။
  5. စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ်ခြင်း။
  6. ကျောက်သယ်ယူသူများ အရိပ်ရရန် မန်ကျည်းပင်များ ချက်ခြင်းပေါက်ခြင်း။
  7. ကျောက်သယ်အပြီး မန်ကျည်းပင်များ ပျောက်ခြင်း။
  8. ရွှေစည်းခုံစေတီ အရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း။
  9. စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်းတို့ ဖြစ်သည်။ [၁]

ရွှေစည်းခုံဘုရားကျောက်စာ[ပြင်​ဆင်​ရန်​]

ပုဂံခေတ် 1102-AD ခန့်က ကျန်စစ်သား မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံဘုရားကျောက်စာ ဖြစ်သည်။

မြန်မာပြန်[ပြင်​ဆင်​ရန်​]

ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့လည်း အောက်အကြေသို့ ပါကြရသည်။
အချို့လည်း အထက်အညာသို့ ပါကြရသည်။
ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။
များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။
ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။
ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊
ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာကိုပေးအံ့၊
ငါ၏ဝဲလက်ဖြင့် ဝတ်စားတန်ဆာ ပေးအံ့။
အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊

အခြား ဘာသာ ပြန်ဆိုမှု့များ[ပြင်​ဆင်​ရန်​]

မူရင်း မွန်ဘာသာ ကို ပင် G.H.Luce က ဤသို့ အင်္ဂလိပ် ဘာသာ သို့ ပြန်ဆိုထားသည် ကိုလည်း တွေ့ရပါသည်။ 1102-AD တွင် ရေးထိုးခဲ့သော ကျောက်စာကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားခြင်း။

ရွှေစည်းခုံဘုရား[ပြင်​ဆင်​ရန်​]

ထီး မဆိုင်း၊ တံတိုင်းမှာရိပ်တည်။ မလွင့် ရွှေလှောင်ပ၊ ဗိုလ်သောင်းထောင်ဝင် မကျပ်သည့်ပြင်၊ ဆွမ်းကပ်သူ လက်မဦး နိုင်ဘု၊ မထူးမြည်ကြာဟီး၊ ထီးတော့ ရွှေစည်။ မြင့်ဝှမ်းယောင် ထင်စနိုးရသည့်၊ မိုးကပ်ပြု ရေအရည်၊ အနည်းမျှ မကြွင်း၊ ချယားပင် ဒွါဒသင်ခါမလင့်ပြီဘု၊ ဖူးပွင့်ကြူထုံတဲ့၊ ဇေယျခုံ အံ့ဖွယ်ကိုးကို တိုးခဝပ်စင်းဟု ကင်းဝန်မင်းကြီးက စပ်ဆို ပူဇော်ခဲ့သော အံ့ကိုးပါးနှင့် ပြည့်စုံတော်မူသည့် ရွှေစည်းခုံဘုရား သည် ပုဂံမြို့ဟောင်း၏ အရှေ့မြောက်ဘက် လေးမိုင်ခန့် ဝေး သော ညောင်ဦးမြို့တွင် တည်ရှိသည်။ ညောင်ဦးမြို့ဈေး၏ အနောက်ဘက်မိုင်ဝက်ခန့်အကွာ သဲစည်းခုံပေါ်တွင် တည်ထား သဖြင့် ရွှေစည်းခုံဘုရားဟု တွင်ခဲ့သည်။

ရွှေစည်းခုံဘုရားကို သက္ကရာဇ် ၃၉၃ ခုနှစ်တွင် ပုဂံပြည့် ရှင် အနော်ရထာမင်းစောသည် စွယ်တော်ပွားတစ်ဆူ၊ မြဆင်းတု တစ်ဆူ၊ နဖူးသင်းကျစ်တစ်ဆူတို့ကို ဌာပနာ၍ တည်ထားခဲ့ သည်။ သမိုင်းအဆိုအရ အနော်ရထာမင်းစောသည် ပုဂံဆိပ် ကမ်းသို့ သီဟိုဠ်မှ ပင့်ခဲ့သော စွယ်တော်ပွား ရောက်သောအခါ လည်ပင်းတိုင်အောင် ရေသို့ဆင်း၍ ကြိုတော်မူပြီးနောက် နန်းတော်ဦး၌ ထား၍ ကိုးကွယ်လေသည်။ ထိုအခါ ရှင်အရဟံ က လူနတ်ဗြဟ္မာ သတ္တဝါတို့အကျိုးငှာ သာသနာ အဓွန့်ရှည် သမျှ ဖူးမြော်ပူဇော်နိုင်ရန် ဘုရားတည်၍ ဌာပနာသင့်သည်ဟု အကြံပေးသဖြင့် စွယ်တော်မြတ်ကို ဆင်ဖြူရတနာထက် တင် ကာ စွယ်တော်ကိန်းဝပ်လိုရာအရပ်၌ ဆင်ဖြူရတနာ ဝပ်စေ သတည်းဟု အဓိဋ္ဌာန်ပြု၍ လွှတ်တော်မူသည်။ ဆင်ဖြူရတနာ သည် ပုဂံမြို့မှ ဥဘဘ ၅ဝ အကွာ အရှေ့မြောက်အရပ်သဲစည်း ခုံတွင် ဝပ်လေသော် မင်းကြီးသည် များစွာ စိတ်မသက်မသာ ဖြစ်လေသည်။ ယင်းအဖြစ်ကို သိကြားမင်းသိသော် စိတ်မဆင်း ရဲရန် အိပ်မက်ပေး၍ ထို မြေကို ကျောက်မြေအတိ ဖြစ်စေ၍ သံပြားနှင့် ကွပ်ပေးသည်ဟု သမိုင်းစာအုပ်များ၌ အဆိုရှိသည်။ ဆင်တော်ဝပ်ရာ သဲစည်းခုံတွင်ပင် စွယ်တော်မြတ်ကို ဌာပနာ၍ စေတီတည်သည်။ စေတီတော်ပစ္စယာ သုံးဆင့်ပြီး သည့် နှစ်တွင်ပင် စွယ်တော်လေးဆူ ထပ်မံပွား၍ တန့်ကြည့် တောင်စေတီ၊ လောကနန္ဒာစေတီ၊ တုံ့ဝပ်တောင်စေတီ၊ ပြက် တောင်စေတီတို့ တည်ပြီး ဌာပနာသည်။ ထိုနှစ်တွင်ပင် တရုတ် ပြည်မှ သိကြားပေးသော မြဆင်းတုတစ်ဆူ၊ သရေခေတ္တရာ ပြည်ရှိ ဒွတ္တပေါင်မင်းကြီး တည်ထားသော စေတီတော်မှ ဘုရား သခင် နဖူးသင်းကျစ်တော် ဓာတ်တစ်ဆူတို့ကို ရွှေစည်းခုံ စေတီ၌ ဌာပနာသည်။ ထိုနောက် မင်းကြီး၏ကိုယ်စား ရတနာ ပန်းတောင်းကို ဖက်နေဟန် ရွှေစင်ကို သွန်းလုပ်၍ ဌာပနာ တော်သည်။ သက္ကရာဇ် ၄၂၁ ခုနှစ်တွင် ရွှေစည်းခုံအတွင်း ထပ်စေတီကို ဖိနပ်ခြေသံတောင် ၃၂ဝ ရှိအောင် တည်တော်မူ မည်ဟု အကြံတော်ရှိသော်လည်း ၄၄၆ ခုနှစ်တွင် နတ်ရွာစံ သဖြင့် အကြံတော် မအောင်မြင်ချေ။

ခမည်းတော်တည်၍ မပြီးမပြတ်ရှိသော ရွှေစည်းခုံစေတီ တော်ကို ကျန်စစ်သားမင်းကြီးသည် သက္ကရာဇ် ၄၅၁ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၃ ရက်နေ့တွင် စတင်၍ ဆက်တည် တော်မူသည်။ ခမည်းတော် ရည် ရွယ်တော်မူရင်း ဖိနပ်ခြေ သံတောင် ၃၂ဝ သည် ကြီးကျယ်လွန်းသဖြင့် ရှင်အရဟံနှင့် ညှိနှိုင်းတိုင်ပင်ကာ ဖိနပ်ခြေသံတောင် ၃ဝဝ၊ အမြင့် သံတောင် ၈ဝ ရှိသော စေတီကို အတွင်းထပ်စေတီအား ငုံ၍ တည်သည်။ တုံ့ဝပ်တောင်၌ ရှိသော ကျောက်များကို အလျားသုံးထွာ၊ အနံ တစ်ထွာ ရွှေခြမ်းစေ၍ လူအများ လက်ဆင့်ကမ်း၍ ဘုရား တည်ရာသို့ ပို့ရသည်ဟု ဆိုသည်။ သက္ကရာဇ် ၄၅၂ ခုနှစ် ကဆုန်လပြည့်နေ့တွင် ရွှေစည်း ခုံစေတီကြီးအပြီးတိုင် တည် ပြီး၍ ရွှေထီးအထွတ် တင်ပြီးသည်။

အချို့ကလည်း ရွှေစည်းခုံစေတီကို အနော်ရထာတည်သည် မှာ ပစ္စယာသုံးဆင့် အရောက်တွင် နတ်ရွာစံရာ အပြီးမသတ်၍ ကျန်စစ်သားမင်းကြီး ဆက်တည်သည်ဟု ဆိုကြ၍ အချို့ကမူ အနော်ရထာလက်ထက် စေတီတည်ပြီးသည်ကို ကျန်စစ်သား မင်းကြီးက အပြင်မှ စေတီတစ်ထပ် ငုံတည်ခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုတွေ့မြင်ရသော စေတီသဏ္ဌာန် အချိုးအစားကား ကျန်စစ်သားတည်ခဲ့သည့် အချိုးအစားအတိုင်း ဖြစ်လေသည်။ စေတီတော်ဖိနပ်ခြေ သံတောင် ၃ဝဝ၊ အမြင့် သံတောင် ၈ဝ၊ ချယားသီး ပဉ္စလောဟာ အစောက်ကိုး၊ အိုး ၁၂ လုံး၊ ခြင်္သေ့ရုပ် ၂၁၊ မကန်းရုပ် ၁၆၊ ပင်လယ်ဖားရုပ် ၁၆၊ မုခ် လေးခု၊ လှေကား ၁၂၊ ပထမထီးတော်အဝ ကိုးတောင်၊ ဘုံ ကိုးဆင့် ရောင်လျှံတောက် တစ်တောင်တစ်မိုက် လက်လေး သစ်တို့ ဖြစ်သည်။

ရွှေစည်းခုံစေတီသည် အဆောက်အအုံ အစိတ်အပိုင်း စုံလင်မှုအနေဖြင့် တည်ရှိသည်။ ပစ္စယာသုံးဆင့်တွင် ထောင့် စေတီများ စိုက်ထားခြင်း၊ နတ်မုခ်၊ နတ်လှေကားများ တပ် ဆင်ထားခြင်းတို့မှာ ပုဂံခေတ်ဦးတွင် ဆန်းသစ်သော ဗိသုကာ လက်ရာများ ဖြစ်သည်နှင့်အမျှ နှောင်းခေတ်များတွင်လည်း ဆက်လက်၍ ဤနည်းနှင်နှင် တင့်တယ်စွာ တည်ဆောက်သည့် အလေ့ ဖြစ်လာကြသည်။ ရွှေစည်းခုံစေတီတော်ကို အောက်ပိုင်း မှ အထက်ပိုင်းသို့ အဆင့်ဆင့် ဖူးမြော်လျှင် တတိယပစ္စယာ အထက်၌ ရှစ်ထောင့်ကြာဝန်း၊ ကြေးဝိုင်း၊ ကြာမှောက်ကြာလန် နှင့် ခါးပတ်တို့ကို တွေ့မြင်နိုင်သည်။ ယင်းအထက်ရှိ ခေါင်း လောင်းပုံသည် နခမ်းထူ၊ ခေါင်းလောင်းနား၊ ရင်ဖွဲ့ခါးပတ် တို့ဖြင့် အပြည့်အစုံပါသည်။ ထို့အထက်တွင် သပိတ်မှောက်နှင့် ဖောင်းရစ်များ ရှိသည်။ ရွှေစည်းခုံ ဖောင်းရစ်များသည် ယခု ကာလစေတီ အများအပြား၌ကဲ့သို့ တစ်ခုနှင့်တစ်ခု ဆက်မနေပဲ ဖောင်းများအကြားတွင် ပတ်ကြီး ပတ်သေး၊ မိုးလျှောဟူသော အရစ်များကို ပြေပြစ်စွာ ထည့်သွင်းထားလေသည်။ ဖောင်းရစ် များ အထက်တွင်မှ ကြာစိတ်၊ ကြာမှောက်၊ ရွဲ၊ ကြာပျံ၊ နောက်ထပ် ကြာစိတ်တစ်ရစ်တို့ကို ပြုလုပ်ထားသည်။ ယင်း အထက်တွင် ပဉ္စလောဟာ ချယားသီးနှင့် ထီးတို့ရှိသည်။ စေတီ၏ လေးဘက်တွင် ကြေးဂူတိုက်ဟု ခေါ်တွင်သော အုတ် ဂန္ဓကုဋိ လေးဆောင်ရှိ၏။ ထိုဂန္ဓကုဋိတိုက်များအတွင်း၌ အလွန် လက်ရာပြောင်မြောက်သော မတ်ရပ်တော် ကြေးရုပ်ပွား တစ်ဆူစီ ရှိ၏။ အရှေ့ဘက် တံဆောင်းဘေးတွင် ကျောက်တိုင် နှစ်တိုင်ပေါ်၌ ကျန်စစ်သားမင်းကြီး၏ မွန်စာဖြင့် ရေးထိုးထား သော ဘုရားသမိုင်း ရှိလေသည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ပုဂံညောင်ဦး ရွှေစည်းခုံစေတီတော် လမ်းညွှန်စာစောင် မှ (၁၉၉၂-ခု)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)