ကျိုက်ကလို့နှင့် ကျိုက်ကလဲ့စေတီ

ဝီကီပီးဒီးယား မှ

ကျိုက္ကလို့ (မွန်: စေတဳကျာ်ကၠအ်) နှင့် ကျိုက္ကလဲ့စေတီ (မွန်: စေတဳကျာ်ကၠေံ)များသည် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တွင် ထင်ရှားသော စေတီများဖြစ်သည်။ အသောကမင်း တရားကြီး လက်ထက် ၉တိုင်း ၉ဌာနသို့သို့ သာသနာပြုစေလွှတ်ရာ မှ ရောက်ရှိလာသော ရှင်ယသ၊ ရှင်သောဏအမှူးရှိသော ရဟန္တာရှစ်ပါးတို့ သာသနာပြုရာမှ ဓာတ်တော်များကို သီဟဒီပက သာသနာ ၂၁၈ ခုနှစ်တွင် တည်သော ဘုရားများဖြစ်သည်။ သက္ကရာဇ် ၇၄၅-ခုနှစ်တွင် ဗညားနွဲ့က ပြုပြင်တည်ထား လေသည်။ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ကျိုက်ကလို့၊ ကျိုက်ကလဲ့ဘုရားစေတီများတွင် လူစည်ကားသည်။

ကျိုက္ကလော့(ကျိုက္ကလို့)စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်တွင် တည်ရှိသည်။ စေတီတော်၏ သမိုင်းအရ သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်တွင် ပါဋလိပုတ်ပြည်မှ ဓမ္မာသောကမင်းကို အမှီပြု၍ တတိယသင်္ဂါယနာတင်ပြီးနောက် ရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ်၏တပည့် အရှင်ယသ၊ အရှင်သောဏ၊ အရှင်သုစိ၊ အစရှိသော ရဟန္တာရှစ်ပါးတို့သည် ရာမညတိုင်းသို့ သာသနာတော်ပြုရန် ဓာတ်တော်မွေတော်တို့ကို ပင့်ဆောင်၍ကြွချီလာရာ ဓာတ်တွေမွေတော်များကို သီဟဒီပမင်းအား ပေးလေသည်။ သီဟဒီပမင်းသည် ကကုသန်ဘုရားရှင်လက်ထက်က မြတ်စွာဘုရားရှင်နှင့် နတ်ဘီလူးမင်းတို့ ကိုယ်ဝှက်တမ်း တန်ခိုးပြိုင်ကြရာနေရာတွင် နတ်ဘီလူးရှုံး၍ ပန်းပေးသော တစ်နည်းအားဖြင့် မြတ်စွာဘုရားကိုယ်ထင်ပြသော နေရာတွင် ကျိုက်ဒေးကလော့ ခေါ် ကျိုက္ကလော့စေတီနှင့် ဘီလူးမင်းက မြတ်စွာဘုရားရှင်ကို ရှာဖွေ၍မရသောကြောင့် မြတ်စွာဘုရားပျောက်ကွယ်သည်ဟု ပြောဆိုသောနေရာ၌ ကျိုက်ဒေးကလဲ့ ခေါ် ကျိုက္ကလဲ့စေတီတို့ကို ဓာတ်တော်မွေတော်များဌာပနာ၍ တည်ထားခဲ့သည်ဟု သိရသည်။ မွန်ဘာသာအရ ကျိုက် ဆိုသည်မှာ ဘုရား၊ ဒေးကလော့မှာ နတ်ဘီလူးရှုံးသောနေရာ တစ်နည်းအားဖြင့် ဘုရားကိုယ်ထင်ပြသောနေရာဟု အဓိပ္ပာယ်ရသည်။ ကျိုက္ကလော့စေတီတော်ကြီးကို ရာဇာဓိရာဇ်မင်းကြီး လက်ထက်တွင် တစ်ကြိမ်၊ ဘုရင်မကြီး ရှင်စောပု လက်ထက်တွင်တစ်ကြိမ် ပြန်လည်မွမ်းမံတည်ထားခဲ့သည်ဟု ဆိုသည်။ မြန်မာသက္ကရာဇ် ၁၃၅၆ ခုနှစ် နတ်တော်လဆုတ် ၄ ရက်၊ ခရစ်သက္ကရာဇ် ၂၁.၁၂.၁၉၉၄ ခုနှစ်တွင် ကျိုက္ကလော့စေတီတော် ဘဏ္ဍာတော်ထိန်းအဖွဲ့နှင့် ရွှေတိဂုံစေတီတော် ဝေယျာဝစ္စအသင်းသား အသင်းသူများစုပေါင်း၍ ကျိုက္ကလော့ကျောင်းတိုက်ဆရာတော် ဘန္ဒန္တဥတ္တမသာရ၏ ဩဝါဒကိုခံယူ၍ ဉာဏ်တော်အမြင့် အထက်ပစ္စယံဖိနပ်တော်မှ စိန်ဖူးတော်အထိ ပေပေါင်း ၁၁၈ ပေ ၇ လက်မရှိသော သမိုင်းဝင်ကျိုက္ကလော့စေတီတော်မြတ်ကြီးကို ပြန်လည်ပြုပြင် မွမ်းမံတည်ထားခဲ့သည်။ စေတီတော်ကြီးတွင် နှစ်စဉ် ဗုဒ္ဓပူဇနိယပွဲ၊ ပဌာန်းပွဲ၊ညောင်ရေသွန်းပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ကျိုက္ကလဲ့စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းမကြီး ဘေးတွင် တည်ရှိသည်။ စေတီတော်၏ သမိုင်းအရ သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်တွင် ပါဋလိပုတ်ပြည်မှ ဓမ္မာသောကမင်းကို အမှီပြု၍ တတိယသင်္ဂါယနာတင်ပြီးနောက် ရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ်၏တပည့် အရှင်ယသ၊ အရှင်သောဏ၊ အရှင်သုစိ၊ အစရှိသော ရဟန္တာရှစ်ပါးတို့သည် ရာမညတိုင်းသို့ သာသနာတော်ပြုရန် ဓာတ်တော်မွေတော်တို့ကို ပင့်ဆောင်၍ကြွချီလာရာ ဓာတ်တွေမွေတော်များကို သီဟဒီပမင်းအား ပေးလေသည်။ သီဟဒီပမင်းသည် ကကုသန်ဘုရားရှင်လက်ထက်က မြတ်စွာဘုရားရှင်နှင့် နတ်ဘီလူးမင်းတို့ ကိုယ်ဝှက်တမ်း တန်ခိုးပြိုင်ကြရာနေရာတွင် နတ်ဘီလူးရှုံး၍ ပန်းပေးသော တစ်နည်းအားဖြင့် မြတ်စွာဘုရားကိုယ်ထင်ပြသော နေရာတွင် ကျိုက်ဒေးကလော့ ခေါ် ကျိုက္ကလော့စေတီနှင့် ဘီလူးမင်းက မြတ်စွာဘုရားရှင်ကို ရှာဖွေ၍မရသောကြောင့် မြတ်စွာဘုရားပျောက်ကွယ်သည်ဟု ပြောဆိုသောနေရာ၌ ကျိုက်ဒေးကလဲ့ ခေါ် ကျိုက္ကလဲ့စေတီတို့ကို ဓာတ်တော်မွေတော်များဌာပနာ၍ တည်ထားခဲ့သည်ဟု သိရသည်။ မွန်ဘာသာအရ ကျိုက် ဆိုသည်မှာ ဘုရား၊ ဒေးကလဲ့ သည် ပျောက်သောကုန်း၊ ဘုရားပျောက်သောကုန်း ဟု အဓိပ္ပာယ်ရသည်။ ကျိုက္ကလဲ့စေတီတော်ကြီးကို သက္ကရာဇ် ၇၄၅ ခုနှစ်တွင် ရာဇာဓိရာဇ်မင်းမှ ပြုပြင်မွမ်းမံခဲ့သည်။ ဓမ္မစေတီမင်းလက်ထက်တွင်လည်း သီဟိုဠ်ကျွန်းမှ ပင့်ဆောင်လာသော ရုပ်ပွားတော်နှစ်ဆူကို ဌာပနာ၍ ထပ်မံပြုပြင်မွမ်းမံခဲ့သည်။ သက္ကရာဇ် ၁၂၅၉ ခုနှစ်တွင် အင်းစိန်အပိုင် စမ်းကြီးဝရွာသူကြီးနှင့် ဒါယကာများက စုပေါင်းပြင်ဆင်ကြ၍ ၁၂၆၄ ခုနှစ်တွင်ပြီးစီးကာ ၁၂၆၆ ခုနှစ်တွင် အုတ်ဖိုရွာ ဒေါ်ကျော့မှ ထီးတော်တင်လှူဒါန်းခဲ့သည်။ ထို့နောက် သက္ကရာဇ် ၁၂၉၀ ခုနှစ်တွင် ကျိုက္ကလဲ့စေတီတော်ကြီးကို ထပ်မံပြုပြင်မွမ်းမံခဲ့ရာ ယခုအခါ ဉာဏ်တော် ၉၆ ပေရှိသည့် စေတီတော်မြတ်ကြီးကို ကြည်ညိုသပ္ပာယ်စွာ ဖူးမြော်မြင်တွေ့နိုင်သည်။ စေတီတော်ကြီးတွင် နှစ်စဉ် ဗုဒ္ဓပူဇနိယပွဲ၊ ပဌာန်းပွဲ၊ညောင်ရေသွန်းပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၆၄၊၆၅။