အံတော်သိမ်

ဝီကီပီးဒီးယား မှ
အံတော်သိမ်
အံတော်သိမ်
အချက်အလက်များ
ဘာသာရေး နှီးနွယ်မှုထေရဝါဒ
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူမင်းစောလှ[ကိုးကားချက်လိုသည်]
ပြီးစီး၁၅၁၅–၁၅၂၁ (သိမ်)
၁၆၀၇; ၄၁၇ နှစ် အကြာက (၁၆၀၇) (ပုထိုး)

အံတော်သိမ်ပုထိုးသည် ရခိုင်ပြည်နယ်မြောက်ဦးမြို့ သျှစ်သောင်းပုထိုးတော်ကြီး၏ မြောက်ဘက်တွင်တည်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မူလကုသိုလ်ရှင်သည် မင်းစောလှဖြစ်ပြီး ခရစ် ၁၅၂၁ ခုနှစ်တွင် ကောင်းမှုပြုခဲ့သည်။ ၁၅၉၆ခုနှစ်တွင် မင်းရာဇာကြီးက ပြန်လည်ပြုပြင်ကာ အံတော်ဓာတ်ကို ဌာပနာခဲ့သည်။ သို့ဖြစ်၍ အံတော်သိမ်ပုထိုးဟုခေါ်တွင်ခဲ့ကြသည်။

အဆိုပါအံတော်သည် သီဟိုဠ်ကျွန်းမှ ပင့်ဆောင်လာခဲ့ကာ သံတွဲမြို့ အံတော်စေတီတွင် ဌာပနာခဲ့သည်။ မင်းဗာကြီးဘုရင်သည် သံတွဲမှ အံတော်ကိုပင့်ဆောင်ကာ နန်းတော်တွင်း၌ ကိုးကွယ်ခဲ့သည်။ မင်းရာဇာကြီးလက်ထက်တွင် အဆိုပါအံတော်ဓာတ်ကို အံတော်သိမ်ပုထိုးတွင် ဌာပနာခဲ့သည်။ ကိုလိုနီခေတ်တွင် ဌာပနာတိုက် ဖောက်ထွင်းခံခဲ့ရသော်လည်း အံတော်ဓာတ်ကို ပြန်လည်ရရှိခဲ့သည်။ လက်ကောက်ဈေး ကျောင်းတိုက်၌ အပူဇော်ခံခဲ့ကြသည်။ နောက်ပိုင်းတွင် မြို့တွင်းသို့ လှည့်လည် အပူဇော်ခံရာ တံတားကျိုးကျရာတွင် ပါသွားပြီး ပျောက်ဆုံးသွားပြန်သည်။ သို့သော်နောက်ပိုင်းပြန်လည်ရရှိကာ ဗန္ဒုလကျောင်း ယခု စန္ဒမုနိကျောင်း၌ ယနေ့တိုင် အပူဇော်ခံလာခဲ့လေသည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

ပုထိုးတော်ကြီးကို သဲကျောက်များဖြင့် တည်ဆောက်ထားပြီး ဉာဏ်တော် ပေ၄၀ ရှိသည်။ ပုထိုးတော်ကြီးသည် ၈ မြှောင့် ပုံ အဋ္ဌဂံ ပုံရှိသည်။ ပုထိုးတော်ကြီး အထက်တွင် စေတီကြီးတစ်ဆူကို စေတီငယ်ရှစ်ဆူက ရံထားသည်။ လှိုဏ်ပတ်လမ်း နှစ်ခုရှိပြီး အလယ်ဗဟိုတွင် ဆင်းတုတော်ရှစ်ဆူကို ကျောက်ဆစ်လက်ရာ ကနုတ်ပန်များ ဖြင့်လွန်စွာတင့်တယ်သော ရာဇပလ္လင် ရှစ်ခန်းနှင့်အတူ ဖူးမြော်နိုင်သည်။ ပလ္လင်များတွင် ဗျလ္လ ရုပ်များ၊ ငှက်လည်ပြန်၊ လူရုပ်တု များရှိသည်။ လှိုဏ်ပတ်လမ်းများတွင်လည်းရုပ်ပွားတော်များ ကိန်းဝပ်နေသည်။ လှိုဏ်ပတ်လမ်းများ၌ အလင်းရောင် ရရှိစေရန် အလင်းပေါက်များ ဖောက်ထားသည်။

ပုထိုး၏ အရှေ့ဘက်တွင် အာရုံခံ တန်ဆောင်းရှိသည်။ မြောက်ဘက် တောင်ဘက် နှင့် အရှေ့ဘက်တွင် ဝင်ပေါက်များရှိသည်။ အာရုံကို ကျောက်ဖြင့် တည်ဆောက်ထားသည်။ ပုထိုးတော်ကြီး မုခ်ဝ ဘေးတဖက် တချက် ၌ မတ်ရပ်ရုပ်ပွားတော်များရှိသည်။ တချို့သော ဆင်းတုတော်များတွင် ဈန်ကသိုဏ်းဟန်ထုဆစ်ထားသည်။ ပုထိုးတော်တခု လုံးတွင် ဆင်းတုကြီးငယ်ပေါင်း ၁၇၅ဆူရှိသည်။

ပရဝုဏ်အတွင်း၌လည်း ဂူကျောင်းပါ စေတီ ၁၆ ဆူက ပုထိုးတော်ကြီးအား အနောက် တောင် နှင့် မြောက်ဘက်တို့မှ ဝန်းရံထားသည်။

အံတော်သိမ်ပုထိုးတော်မှာ ထည်ဝါခန့်ညား၍ လက်ရာမြောက်သော ပုထိုးတော် တဆူ ဖြစ်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြောက်ဦးလမ်းညွန်