ဗိုလ်တစ်ထောင်ဘုရား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဗိုလ်တထောင်ဘုရား
Botahtaung Pagoda, Yangon.JPG
ဘွဲ့တော် ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီ
တည်နေရာ ရန်ကုန်မြို့၊ ကမ်းနားလမ်းနှင့် ဗိုလ်တထောင် ဘုရားလမ်းဆုံ
တည်ထားသူ
ဉာဏ်တော်
ကျော်ကြားမှု
ဘုရားပွဲတော်နေ့


ဗိုလ်တစ်ထောင်စေတီတော်အား ရှေးယခင်က မွန်ဘာသာဖြင့် `ကျိုက်ဒေးအပ်စေတီ´ဟု ခေါ်တွင်ခဲ့ကြောင်း မှတ်တမ်းများ ရှိ၏။ `ကျိုက်ဒေးအပ်စေတီ´ဟူသည်မှာ မွန်ဘာသာအရ ကျိုက်=ဘုရား၊ ဒေး=ကုန်း၊ အဲ့(အပ်)=သာချင်းသီ၊ ဟု အဓိပ္ပါယ် ဖွင့်ဆိုရမည် ဖြစ်၏။ အတိအကျ ဖွင့်ဆိုရလျင် `သာယာသော သီချင်းကို သီဆိုတတ်သူတို့ နေဘူးသောအရပ်´ ဖြစ်ခြင်းကြောင့် `သာချင်းသီ စေတီ´ဟု ခေါ်တွင်ရမည် ဖြစ်သည်။

ဘုရားသမိုင်း[ပြင်​ဆင်​ရန်​]

သိင်္ဂုတ္တရကုန်းတော်ရှိ ရွှေတိဂုံစေတီတော်ကြီး၏ အရှေ့တောင်ယွန်းယွန်း၊ တာတစ်ထောင်အကွာ တွင်ရှိသော မြစ်ဆိပ်အနီး၌ မဟာသစ္စသေနာပတိ အမတ်သူရဲကောင်း၏ ဆရာဖြစ်သော ကျောင်းကုန်းရဟန်းတော်မှ ကြီးကြပ်တည်တော်မူသည့် ဘုရားမှာ မူလက ကျိုက်ဒေးအပ် ဟူသောဘွဲ့မည်မှ ယခု ဗိုလ်တထောင် ဆံတော်ဦးစေတီဟူသည့် ဘွဲ့မည်နှင့် ထင်ရှားလျှက်ရှိသည်ဟု သမိုင်းအဆို ရှိသည်။

ကျိုက်ဒေးအပ် ဘွဲ့မည်ရှိသော ဗိုလ်တထောင် ဆံတော်ဦးစေတီ၏ သမိုင်းကြောင်းကို လေ့လာလျှင် ဤထူးမြတ်သည့် နေရာ၌ ဘုရားရှင်၏ ဆံတော်၊ ဓာတ်တော်များအား အကြိမ်ကြိမ် ဌာပနာပြုလျှက် သုံးကြိမ်တိုင် တည်ထားတော်မူသော စေတီဖြစ်ကြောင်း တွေ့ရသည်။

  • (က) ထိုစဉ်က ကုန်သည်ညီနောင်ဖြစ်သည့် တဖုဿ နှင့် ဘလ္လိက တို့သည် ဗုဒ္ဓမြတ်စွာ၏ ဆံတော်မြတ်တို့အား ဥက္ကလာပ ဆိပ်ကမ်းက ကြိုဆိုပင့်ဆောင်လျက် (၇)လတိုင် မင်းနှင့် ပြည်သူအပေါင်းတို့မှ ပူဇော်ပွဲကြီး ကျင်းပခဲ့ရာ ရတနာ မဏ္ဍပ် နေရာအား ရွေးချယ်သတ်မှတ်ကာ “ကျိုက်ပါ” ဘွဲ့မည်ဖြင့် စေတီတစ်ဆူ တည်ထားခဲ့၏။ ဤစေတီကား နောင်တွင် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတွင်၏။ ထိုသို့ ဘုရားရှင်ထံမှ ဦးစွာရရှိခဲ့သည် ဌာပနာပြု တည်ထားခြင်းကြောင့် ဆံတော်ဦး စေတီအဖြစ် ယနေ့တိုင် ခေါ်တွင် ခဲ့ခြင်းဖြစ်သည်။
  • (ခ)ဆံတော်ဦးစေတီ ဒုယတိအကြိမ် တည်ထားပုံမှာ ကျိုက္ကဆံ စေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ်ခဲ့သည့် သမိုင်းကြောင်းနှင့် ဆက်စပ်နေကြောင်း အမှတ်အသားများ တွေ့ရ၏။ ဗုဒ္ဓမြတ်စွာသည် ရဟန္တာမြတ် နှစ်ထောင်ခြံရံလျက် သုဝဏ္ဏဘုမ္မိ (သထုံ) သို့ ဒေသစာရီကြွချီစဉ် တြိဝင်္ဂကျွန်းမှ ရသေ့ခေါက် အပါအဝင် အကြီးအမှူးရသေ့များအား ဆံတော်မြတ် များ ပေးသနားခဲ့၏။ ထို့ကြောင့် သုဝဏ္ဏ(သထုံ) ပြည့်ရှင် သီရိဓမ္မာသောက တိဿဓမ္မသီဟရာဇာမင်းသည် ကိုးကွယ်ရန်လို့ငှာ ဘုရားရှင်အား ဆံတော်မြတ် ပေးသနားရန် တောင်းပန်လျှောက်ထား၏။ ဘုရားရှင်က အချိန်မကျသေး သဖြင့် “ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူလျှင် စန္ဒကူးနံ့သာပုံအတွင်းမှ သုံးဆယ့်သုံးဆူ သော သွားတော်မြတ်ဓာတ်တို့အား အရှင်ဂဝံပတိ ရဟန္တာအရှင်မြတ် မှ ပင့်ဆောင်လျက် ပေးလိမ့်မည်ဟု မိန့်ခဲ့၏။ ပြည့်ရှင်မင်းသည် ဘုရားရှင်အား ဒုတိယအကြိမ် တောင်းပြန်၏။ အရှင်ဘုရား တပည့်တော်သည် သင်္ခါရတရားအရ သေဘေးနှင့်ကြုံနိုင်သဖြင့် ပူဇော်နိုင်ရန် ဆံတော်မြတ်အား ပေးသနားပါ”၊ ထိုအခါ ဘုရားရှင်က ဤအချိန်သည် ချီးမြှင့်ရန် အချိန်တန်ပြီဟု ဆုံးဖြတ်သဖြင့် သုဝဏ္ဏဘုမ္မိ(သထုံ) ပြည့်ရှင်မင်းအား ဆံတော်မြတ်နှစ်ဆူ ပေးသနားတော်မူ၏။ သိရီမာသောကတိဿဓမ္မသီဟရာဇာမင်းသည် မိမိရရှိ သည့် ဆံတော်မြတ်နှစ်ဆူအနက် တစ်ဆူအား သင်္ဂနိတ်တောင် (ခေါ်) မြသပိတ်တောင်ပေါ်ရှိ မြသပိတ်စေတီတော်၏ မြောက်ဘက်၌ စေတီတည်ထားတော်မူ၏။ ကျန်ရှိသည့် ဆံတော်မြတ် တစ်ဆူအား သူရသေန အမတ်ကြီးအား အပ်နှင်းလျက် သင့်လျော်သည့် နေရာတွင် စေတီတည်ထားစေ၏။ သူရသေန အမတ်ကြီးသည် သိင်္ဂုတ္တရကုန်းတော်ရွှေတိဂုံစေတီတော်ကြီး ၏ အရှေ့တောင် ထောင့်တာ တစ်ထောင်ခန့်အကွာ၌ တည်ရှိသော မူလက တဖုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ ပင့်ဆောင်လာသည့် ဆံတော် (၈)ဆူခေတ္တကိန်းဝပ်စံပါယ် အပူဇော်ခံ တော်မူရာ နေရာတော်မြတ်၌ တစ်ဆူဌာပနာလျက် တည်ထားခဲ့ သော ကျိုက်ပါစေတီ (ခေါ်) ဗိုလ်တထောင်စေတီတော်၌ ဌာပနာပြုလျက် မူလစေတီတော် အားလည်း မွမ်းမံပြင်ဆင်ခဲ့၏။
  • (ဂ)တတိယ တည်ထားခဲ့သည်ကို လေ့လာလျှင် သမိုင်းစဉ်အရ သီဟဒီပမင်းကြီး ၏ ထောက်ပံ့ကူညီမှုအရ ရဟန္တာရှစ်ပါး တို့သည် ကျိုက္ကဆံစေတီတော်အား ဦးစွာတည်ထားပြီးနောက် အမတ်သူရဲ ကောင်း ဆယ်ဦးအား တစ်ဦးလျှင် စေတီတစ်ဆူကျ တည်ထားရန် လမ်းညွှန်တာဝန်ပေးချက်အရ “မဟာသစ္စ သေနာပတိ အမတ်သူရဲကောင်း” သည် ဆရာဖြစ်သူ ကျောင်းကုန်း ရဟန်းတော်၏ ကြီးကြပ်မှုဖြင့် မူလ ကျိုက်ပါစေတီ ခေါ် ဗိုလ်တထောင်ဆံတော်ဦး စေတီတော်မြတ်၌ပင် ဆံတော်တစ်ဆူ နှင့် ဓာတ်တော်မြတ်များ ဌာပနာပြီး စေတီတော် အားလည်း မွမ်းမံပြင်ဆင်ခဲ့သည်။ စေတီတော်၏ ဘွဲ့မည်ကိုလည်း ကျိုက်ဒေးအပ် စေတီဟု ခေါ်တွင်ပြန်၏။ ဤသို့ဖြင့် ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်ကြီးသည် -
  1. တဖုဿဌာပနာခဲ့သည့် ပထမဆံတော်တစ်ဆူ
  2. သူရသေနအမတ် ဌာပနာခဲ့သည့် ဒုတိယ ဆံတော်တစ်ဆူ
  3. မဟာ မစ္စသေနာပတိ အမတ် ဌာပနာခဲ့သည့် တတိယဆံတော် တစ်ဆူ စသည်ဖြင့် ပေါင်းဆံတော်မြတ် သုံးဆူ နှင့် ဓာတ်တော်မြတ်များ သုံးကြိမ်တိုင် ဌာပနာလျက် တည်ထားသည့် သုံးဆူ ဆံတော်ဦးစေတီတော်မြတ်ကြီးဖြစ်ခဲ့သည်။

ဗိုလ်တထောင် ဆံတော်ဦးစေတီသည် ဥက္ကလာပမင်းကြီး အမှူးပြုလျက် တဖုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင် တို့မှ၄င်း၊ သထုံပြည့်ရှင် သီရိဓမ္မာသောကတိသဓမ္မ သီဟရာဇာ မင်းမြတ်မှ၄င်း၊ သံလျင်မဏိဒီပကျွန်း ဘောဂသေနဘွဲ့ သီဟဒီပမင်းတို့၏ အထောက် အပံ့ဖြင့် အကြိမ်ကြိမ် တည်ထားတော်မူခဲ့ရုံသာမက တောင်ငူ တပင်ရွှေထီးမင်း၊ စဥ့်ကူးမင်း၊ ဘိုးတော်ဘုရားလက်ထက် ရွှေကျင်မင်းကြီး၊ ဘကြီးတော်ဘုရားလက်ထက်၌ ရန်ကုန်မြို့ဝန် ဦးခိုင်နှင့် ကုန်းဘောင်မင်း အဆက်ဆက်တို့မှ အဆက်ဆက် ပြုပြင် မွမ်းမံခဲ့ကြ၏။

သိဖွယ်မှတ်ဖွယ်[ပြင်​ဆင်​ရန်​]

၁၉၄၃ ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကြောင့် စေတီတော်ကြီးမှာ မြေခပျက်စီးခဲ့ရ၏။ ၁၃၀၉ -ခု၊ ကဆုန် လဆန်း ၁၂ ရက်၊ (၁-၅-၄၇) ခုနှစ် နံနက် ၆နာရီ အချိန်၌ ဗုံးကျပျက်စီးသည့် အုတ်ပုံများအား ရှင်းလင်းမှု ပြုကြရာမှ မူလပြတိုက် ဌာပနာအတွင်းမှ ဗုဒ္ဓဆံတော်မြတ်အား ဖူးတွေ့ခွင့် ကြုံခဲ့ရ၏။ ဗုဒ္ဓဆံတော်မြတ်အား ဂဝံကျောက်စေတီ ၊ နံ့သာကျောက် စေတီ၊ ရွှေစေတီတို့ နှင့် အထပ်ထပ်ရံလျက် သရိုးဖြင့် ခွေလုံးကာ ရွှေချပူဇော်ထား၏။ ဆံတော်မြတ်ဌာပနာထားသည့် ကျောက်စေတီအား ယနေ့တိုင် ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီမှာ ဌာပနာတိုက်အဝင်ဝ၌ ဖူးတွေ့နိုင်၏။ ထို့အတူ ဆံတော်မြတ်တို့အား ဆံတော်တွင်း၌ အပူဇော်ခံလျက် ဥက္ကဌကြီး ဆာဦးသွင်နှင့် အစိုးရမှ ဦးစီးပြီး အသစ်တဖန် ပြုပြင်ခဲ့သည်။ ဗိုလ်တစ်ထောင်ဘုရား ပြုပြင်ခဲ့ ရာတွင်လည်း ဝန်ကြီးချုပ် ဦးနု နှင့် မြို့မ-ဦးသန်းကြွယ် တို့သည်လည်း ပါဝင် ဦးဆောင် ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏ ဦးဆောင်လမ်းညွှန်မှု ဖြင့် တည်ဆောက်ရေးလုပ်ငန်းအား လုပ်ကိုင်ခဲ့သည်။ [၁]

ဤဘက်ခေတ်တွင် ဗိုလ်တထောင် ဆံတော်ဦး စေတီတော် သမိုင်းနှင့် မြနန်းနွယ်၏ သမိုင်းစဉ်သည်လည်း ယှဉ်လျက် ပါလာသည်ကို တွေ့ရသည်

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ဗိုလ်တစ်ထောင်စေတီတော် မဟာသမိုင်းကြီး (ဘုံပျံဆရာတော် ဦးပညာသာမိ)