လေယာဉ်တင်သင်္ဘော

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လေယာဉ်တင်သင်္ဘောလေးစင်း, (အောက်မှ အထက်သို့) Principe de Asturias, USS Wasp, USS Forrestal နှင့် အပေါ့စား တည့်တည့်တက်ဆင်း လေယာဉ် တင်သင်္ဘော HMS Invincible, ၂ဝရာစု နှောင်းပိုင်း လေယာဉ်တင်သင်္ဘောများ၏ အရွယ်ကွာခြားချက်များကို နှိုင်းယှဉ်ကြည့်နိုင်ပါသည်။

လေယာဉ်တင်သင်္ဘော များသည် စစ်သင်္ဘော ဖြစ်ကြပြီး လေယာဉ်များ ပို့ဆောင်ရန်နှင့် တက်ဆင်းနိုင်ရန် အတွက် ပင်လယ်တွင်း သွားလာနိုင်သော လေတပ်စခန်းဌာနချုပ်များ ဖြစ်ကြပါသည်။ ထို့အတွက်ကြောင့် လေယာဉ်တင်သင်္ဘောများသည် ရေတပ်များကို ကမ္ဘာ့နေရာ အနှံ့အပြားတွင် လေတပ်အင်အား သုံးစွဲနိုင်ရန်အတွက် ဒေသခံ မြေပြင်အခြေစိုက် လေတပ်စခန်းများကို အမှီပြုရန် မလိုတော့ပဲ ဆောင်ရွက်နိုင်သည်။ ပထမဆုံး လေယာဉ်တင်သင်္ဘောများ အဖြစ် မီးပုံးပျံများကို လွှတ်တင်သော သစ်သားဖြင့် တည်ဆောက်ထားသော သင်္ဘောများမှ အစပြုခဲ့ကြသော်လည်း အခုအခါတွင် တောင်ပံအသေနှင့် တောင်ပံလှည့်နိုင်သော လေယာဉ်ပျံ ဒါဇင်ပေါင်း မြောက်များစွာကို သယ်ယူပို့ဆောင်ပေးနိုင်သော နျူကလီးယား စွမ်းအင်သုံး သင်္ဘောများ အဖြစ်သို့ ပြောင်းလဲ လာခဲ့သည်။

လေဘောလုံးတင် သင်္ဘော များမှာ လေယာဉ်တင်သင်္ဘောများ၏ မူလပုံစံများဖြစ်ပြီး ပတ်ဝန်းကျင်လေ့လာစောင့်ကြည့်ရန်အတွက် ၁၉ ရာစုနှင့် ၂၀ ရာစု အစပိုင်းတွင် အသုံးပြုခဲ့ကြသည်။ ၁၉၁၀ ခုနှစ်တွင် အမေရိကန် ရေတပ် တိုက်သင်္ဘောတစ်စီး၏ ကုန်းပတ်ပေါ်မှ လေယာဉ်တစ်စီးကို ပထမဆုံး ပျံတက်နိုင်ခဲ့သည်။ HMS Hermes, ဂျပန် လေယာဉ်တင်သင်္ဘော Hōshō နှင့် Lexington အမျိုးအစား လေယာဉ်တင်သင်္ဘောများမှာ ၁၉၂၀ ဆယ်စုနှစ် အလယ်ပိုင်းတွင် ထွက်ပေါ်လာသော အမျိုးအစားများဖြစ်ကြသည်။

ဒုတိယ ကမ္ဘာစစ် အတွင်းတွင် ပထမဆုံး အကြိမ်အဖြစ် အမျိုးအစားစုံလင်လှသော လေယာဉ်တင်သင်္ဘောများကို ကျယ်ပျံ့စွာ အသုံးပြုခဲ့ကြပါသည်။ USS Bogue ကဲ့သို့ အစောင့်လိုက် လေယာဉ်တင်သင်္ဘော များမှာ ဒုတိယ ကမ္ဘာစစ် အတွင်းမှအပ တည်ဆောက်အသုံးပြုမှု မရှိပါ။ အချို့ လေယာဉ်တင်သင်္ဘောများမှာ စစ်ရေး ရည်ရွယ်ချက်ဖြင့် လေယာဉ်တင်ရန် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး အများစုမှာ ကုန်တင်သင်္ဘောများကို ပုံစံပြောင်းလဲ တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ ပိုမိုကြီးမား၍ စစ်ရေးပိုဆန်သော အစောင့်လိုက် လေယာဉ်တင်သင်္ဘော များတည်ဆောက်ရာမှ USS Independence ကဲ့သို့ အပေါ့စား လေယာဉ်တင်သင်္ဘော များ ပေါ်ထွက်လာခဲ့သည်။ အပေါ့စား လေယာဉ်တင် သင်္ဘောများ တင်ဆောင်နိုင်သော လေယာဉ်အရေအတွက်မှာ အစောင့်လိုက် လေယာဉ်တင်သင်္ဘောများနှင့် တူညီမှုရှိသော်လည်း အပေါ့စား လေယာဉ်တင်သင်္ဘောများ ပိုမိုမြန်ဆန်ရခြင်းမှာ အရပ်ဘက်သုံး ကုန်တင်သင်္ဘောများကို ပြောင်းလဲ တည်ဆောက်ခြင်းမဟုတ်ဘဲ တည်ဆောက်လက်စ တိုက်သင်္ဘောများကို လေယာဉ်တင်သင်္ဘောများ အဖြစ် ပြုပြင်တည်ဆောက်ခဲ့၍ ဖြစ်သည်။

စစ်အတွင်း ကာလတွင် အရေးပေါ်တည်ဆောက်ရမှုကြောင့် ပုံမှန်မဟုတ်သော လေယာဉ်တင်သင်္ဘောများကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ SS Michael E ကဲ့သို့ CAM (Catapult Aircraft Merchantman) ship များမှာ လေယာဉ် လွှတ်တင်နိုင်သော လောက်လွှဲများ တပ်ဆင်ထားပြီး ပြန်လည်ဆင်းသက်ရန် ပြေးလမ်းမပါရှိပေ။ ထို့အပြင် ကုန်တင်သင်္ဘောများတွင် ပြေးလမ်းများ တပ်ဆင်ထားသည့် အရေးပေါ် လေယာဉ်တင်သင်္ဘောများကိုလဲ တည်ဆောက်ခဲ့ကြသည်။ မစ်ဝေး တိုက်ပွဲ တွင် လေယာဉ်တင် သင်္ဘောများစွာ ဆုံးရှုံးခဲ့ပြီး အင်အား လျော့နည်းသွားသော ဂျပန်ရေတပ်သည် Battlecarrier များဖြင့် ပြန်လည်အားဖြည့်ခဲ့သည်။ ပြင်သစ်ရေငုပ်သင်္ဘော Surcouf နှင့် ဂျပန် I-400 အမျိုးအစားရေငုပ်သင်္ဘောများကဲ့သို့ လေယာဉ်တင် ရေငုပ်သင်္ဘော များတည်ဆောက်ခဲ့သော်လည်း စစ်ပွဲတွင် အောင်မြင်မှုမရရှိခဲ့ပေ။ ၎င်းတို့အထဲမှ ၁၉၂ဝပြည့်နှစ်များတွင် တည်ဆောက်ခဲ့သော ဂျပန် I-400 အမျိုးအစား လေယာဉ်တင် ရေငုပ်သင်္ဘောမှာ Aichi M6A အမျိုးအစား လေယာဉ် ၃ စီး တင်ဆောင်နိုင်သည်။ ယခင်က ရေတပ်မတော်များတွင် တိုက်သင်္ဘောကြီးများကို ခေါင်းဆောင် သင်္ဘော အဖြစ်သတ်မှတ်ရမှာ ယခုခေတ်တွင် လေယာဉ်တင်သင်္ဘောများကို ခေါင်းဆောင် သင်္ဘော အဖြစ် သတ်မှတ်လာကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ လေကြောင်းအသာစီးရမှုသည် စစ်ပွဲ၏ အဆုံးအဖြတ်ဖြစ်နိုင်သည်ကို ဒုတိယ ကမ္ဘာစစ်အတွင်းက တွေ့ရှိလာရသော အတွေ့အကြုံများကြောင့် ဖြစ်ပါသည်။ ၎င်းတို့မှာ လေယာဉ်တင်သင်္ဘောများပေါ်မှ တိုက်ပွဲဆင်နွှဲသော လေယာဉ်များ၏ အကျိုးသက်ရောက်မှု၊ တိုက်ခိုက်နိုင်သော အကွာအဝေးနှင့် နည်းဗျူဟာ ပြောင်းလဲနိုင်စွမ်းတို့မှ ထွက်ပေါ်လာသော အကျိုးဆက်များ ဖြစ်သည်။

ပိုမိုခေတ်မှီလာသည်နှင့်အမျှ လေယာဉ်တင်သင်္ဘောများ၏ အခန်းကဏ္ဍမှာ ပိုမိုကျယ်ပျံ့ပြီး ပိုမိုအရေးပါလာခဲ့သည်။ တန်ချိန် ၇ သောင်းခွဲ နှင့်အထက် Supercarrier အများစုတွင် အနြုမျူ ဓါတ်ပေါင်းဖိုများ ကို အသုံးပြုထားပြီး ပိုမိုဝေးလံသောနေရာဒေသများ၌ အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်တည်ဆောက်ကြသည်။ USS Tarawa နှင့် HMS Ocean တို့ကဲ့သို့ ကုန်းရေ နှစ်သွယ် ခြေမှုန်းရေး သင်္ဘောများသည် ကမ်းတက်တပ်သား များစွာ သယ်ဆောင်နိုင်သည့်အပြင် ၎င်းတို့ ကမ်းတက်နိုင်ရန်အတွက် ရဟတ်ယာဉ် များစွာကိုပါ တစ်ပါတည်း တင်ဆောင်နိုင်သည်။ ၎င်းတို့ကို ကွန်မန်ဒိုတင်သင်္ဘော သို့မဟုတ် ရဟတ်ယာဉ်တင်သင်္ဘော များဟု ခေါ်ကြသည့်အပြင် ၎င်းတို့သည် တည့်တည့်တက်ဆင်း လေယာဉ်များကိုပါ တင်ဆောင်နိုင်သည်။

အခြားသင်္ဘောများ၊ လေယာဉ်များ၊ ရေငုပ်သင်္ဘောများနှင့် ဒုံကျည်များဖြင့် တိုက်ခိုက်လာရာတွင် ခုခံနိုင်စွမ်း မရှိမှုကြောင့် လေယာဉ်တင် သင်္ဘောများသည် လေယာဉ်တင် သင်္ဘောခေါင်းဆောင်သော စစ်သင်္ဘော အုပ်စု ဖြင့်သာ သွားလာကြသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သော USS Enterprise စသည့် လေယာဉ်တင်သင်္ဘောများကို အဆင့်မြှင့်တင်ခဲ့ရာ ယနေ့ခေတ်တွင် အမေရိကန်ပြည်ထောင်စု၌ အကြီးဆုံး နှင့် နောက်ဆုံးပေါ် နီမစ်စ် အမျိုးအစား လေယာဉ်တင် သင်္ဘောများကို အသုံးပြုနေပြီဖြစ်သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

၁၈၀၆ ခုနှစ်တွင် ဗြိတိသျှ တော်ဝင်ရေတပ် စစ်သင်္ဘော HMS Pallas ပေါ်မှနေ၍ Lord Thomas Cochrane က ပြင်သစ်နယ်မြေများပေါ်သို့ ဝါဒဖြန့်ချီရေး စာရွက်များကြဲချရန် စွန်များ လွှတ်တင်ခဲ့ရမှ ပထမဆုံး သင်္ဘောပေါ်မှ ပျံသန်းခြင်းကို စတင်ခဲ့သည်။

ဘောလုံးတင် သင်္ဘောများ[ပြင်​ဆင်​ရန်​]

ပြည်ထောင်စုတပ်မတော်မှ Washington ဘောလုံးအား ဆွဲသင်္ဘော Coeur de Lion မှ ကြိုးဖြင့်ဆွဲ၍ လွတ်တင်နေစဉ်

၁၈၄၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဩစတြီးယား ရေတပ်သင်္ဘော Valcano ပေါ်မှ လေပူသွင်းဘောလုံးအား လွှတ်တင်ပြီး ဗင်းနစ်မြို့ပေါ်သို့ ဗုံးများ ကြဲချရန် ကြံစည်ခဲ့သော်လည်း လေကြောင်းပြောင်းလဲမှုကြောင့် မအောင်မြင်ခဲ့ပေ။

ဘောလုံးတင်သင်္ဘောများမှ ဘောလုံးများလွှတ်တင်မှုကို ပထမ ကမ္ဘာစစ်အတွင်းက ဗြိတိသျှ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ရုရှ နှင့် ဆွီဒင် ရေတပ်များမှ ထပ်မံတီထွင် လာကြသည်။ ၎င်းဘောလုံးတင်သင်္ဘောများကို အဓိကအားဖြင့် ကောင်းကင်မှ စောင့်ကြည့်ပြီး ကင်းထောက်သည့် လုပ်ငန်းများတွင် အသုံးပြုသည်။ ၎င်း သင်္ဘောများကို စစ်အပြီး၌ အချို့ကို ဖျက်ဆီးခြင်းနှင့် အချို့ကို ရေယာဉ်ပျံ တင်သင်္ဘောများ အဖြစ် ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့ကြသည်။

ရေယာဉ်ပျံတင် သင်္ဘောများ[ပြင်​ဆင်​ရန်​]

ပထမဦးဆုံး ပြင်သစ် ရေယာဉ်ပျံတင် သင်္ဘော La Foudre (ညာဘက်မှ, လေယာဉ်ရုံနှင့် ကရိန်းတပ်ဆင်ထားသည်) နှင့် ၎င်းအပေါ်တွင် တင်ဆောင်လာသော Canard Voisin ရေယာဉ်ပျံများ ပျံတက်နေစဉ်၊ (၁၉၁၂ ခုနှစ် ဇွန်လတွင် လေ့ကျင့်ခန်း ပြုလုပ်စဉ် ရိုက်ကူးသည်။)

လေယာဉ်များတင်ဆောင်နိုင်သော သင်္ဘောပုံစံကို အစောဆုံး တည်ထွင်မှုမှာ ပြင်သစ်တို့မှ အစပြုခဲ့သည်။ ပြင်သစ်တို့သည် Le Canard အမျိုးအစား ရေယာဉ်ပျံကို ၁၉၁၀ မတ်လတွင် တည်ဆောက်နိုင်ခဲ့သည့် အတွက် လေယာဉ်တင်သင်္ဘော တည်ထွင်မှုမှာ ဦးဆောင်နိုင်ခဲ့သည်။ ၁၉၁၁ ဒီဇင်ဘာလတွင် ပထမဆုံး လေယာဉ်ပျံများတင်ဆောင်နိုင်သည့် ရေယာဉ်ပျံတင် သင်္ဘော La Foudre ကို ပြင်သစ်ရေတပ်အတွက် စတင်အသုံးပြုနိုင်ခဲ့သည်။ ၎င်းသင်္ဘောတွင် ကုန်းပတ်အောက်တွင် လေယာဉ်ရုံများ တည်ဆောက်ထားပြီး ပင်လယ်အတွင်းသို့ ဝန်ချီစက်ဖြင့် ချပေးနိုင်သည်။ ၁၉၁၂ တွင်ပြုလုပ်သော မြေထဲပင်လယ် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လေ့ကျင့်ခဲ့ပြီး ၁၉၁၃ ခုနှစ် နိုဝင်ဘာတွင် ၁၀ မီတာ ရှည်လျားသော ကုန်းပတ်ပေါ်မှ ရေယာဉ်ပျံများ ပျံတက်နိုင်အောင် အဆင့်မြှင့်တင်ခဲ့သည်။

၁၉၁၃ ခုနှစ် ဧပြီနှင့် မေလပိုင်းတွင် HMS Hermes ကို ရေယာဉ်ပျံတင်သင်္ဘောအဖြစ် စမ်းသပ်ပြောင်းလဲခဲ့ရာပထမဆုံး ရေယာဉ်ပျံတင်သင်္ဘော စာရင်းဝင်ခဲ့သည့်အပြင် ဗြိတိသျှရေတပ်၏ ပထမဆုံး စမ်းသပ်မှုလည်း ဖြစ်လေသည်။ သူမကို ကုန်တင်သင်္ဘောအဖြစ်စတင် တည်ဆောက်ခဲ့သော်လည်း သင်္ဘောကျင်းမှ ရေမချမှီမှာပင် ရေယာဉ်ပျံတင် သင်္ဘောအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင် တိုက်သင်္ဘောအဖြစ် ပြန်လည်ပြင်ဆင်ပြန်သည်။ ၁၉၁၄ ခုနှစ် အောက်တိုဘာလတွင် ဂျာမန် ရေငုပ်သင်္ဘောများမှ သူမကို နှစ်မြှပ်ပြစ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး ရေယာဉ်ပျံတင်သင်္ဘောမှာ Uss Mississippi ဖြစ်ပြီး ၁၉၁၃ ခုနှစ် ဒီဇင်ဘာလတွင်မှ ပြုပြင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာစစ်နှစ်ခုကြားကာလတွင် များစွာသော တိုက်သင်္ဘောနှင့် ခေါင်းဆောင်သင်္ဘောများတွင် လောက်လွှဲမှနေ၍ လွှတ်တင်သော ရေယာဉ်ပျံများကို ကင်းထောက်ရန်နှင့် အမြှောက်အကဲကြည့်ရန် တင်ဆောင်ထားကြသည်။ ၎င်းရေယာဉ်ပျံများကို လောက်လွှဲမှနေ၍ လွှတ်တင်ပြီး ရေတွင် ပြန်လည် ဆင်းသက်စေကာ ဝန်ချီစက်ဖြင့် ဆယ်ယူလေသည်။ ဒုတိယ ကမ္ဘာစစ်အစောပိုင်းတွင် ထိုသို့ပြုလုပ်ခဲ့ရာ အောင်မြင်မှုများစွာ ရရှိခဲ့သည်။ HMS Warspite တွင် တိုပီဒို ပစ်လွှတ်ရေး လေယာဉ် Fairey Swordfish များတင်ဆောင်ပြီး ၁၉၄၀ ပြည့်နှစ် Narvik ဒုတိယ တိုက်ပွဲတွင် အသုံးပြုခဲ့သည်။ ၎င်းလေယာဉ်များမှ ဗြိတိသျှ အမြှောက်များအတွက် တိကျသော ပစ်မှတ်များ ရှာဖွေပေးနိုင်မှုကြောင့် ဂျာမန် ဖျက်သင်္ဘော ၇ စီးလုံး နစ်မြှပ်ခဲ့ရသည့်အပြင် ဂျာမန် ရေငုပ်သင်္ဘော U-64 ကိုပါ လေယာဉ်ပေါ်ပါ တိုပီဒိုများဖြင့် နှစ်မြှပ်နိုင်ခဲ့သည်။ နာမည်ကျော် Zero တိုက်လေယာဉ်ကို ပြုပြင်ထားသော ဂျပန် Rufe ရေယာဉ်ပျံများမှာလဲ ပျံသန်းရာတွင် လေယာဉ်ပျံနှင့်မခြား ပျံသန်းနိုင်သည့်အတွက် ဂျပန်ပိုင်းလော့ တစ်ဦးမှာ Rufe ရေယာဉ်ပျံဖြင့် အခြား လေယာဉ် ၂၆ စီးကို ပစ်ချနိုင်ခဲ့သည်။ ဂျပန် ရေယာဉ်ပျံတင်သင်္ဘောများနှင့် အခြားစစ်သင်္ဘောများမှ လွှတ်တင်လိုက်သော ရေယာဉ်ပျံများမှာလည်း ကုန်တင်သင်္ဘောများနှင့် အသေးစား မြေပြင်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြသည်။ တစ်နာရီလျှင် မိုင် ၃၀၀ ကျော် ပျံသန်းနိုင်သော အမေရိကန် တိုက်လေယာဉ် SC Seahawk မှာလည်း ထိုင်ခုံနှစ်ခုံတပ်ဆင်ထားပြီး အပိုထိုင်ခုံကို စက်သေနတ်သမား ထိုင်ရန်အတွက်၎င်း ဒဏ်ရာရ လူနာတင်ဆောင်ရန်အတွက်၎င်း အသုံးပြုခဲ့ကြသည်။ ၎င်းလေယာဉ်များကို အမေရိကန် ရေတပ်တွင် ၁၉၄၉ ခုနှစ်အထိ ဆက်လက်အသုံးပြုခဲ့ကြသည်။ ရေယာဉ်ပျံများသည် တိုက်လေယာဉ်များနှင့် နှိုင်းယှဉ်ရာတွင် ၎င်းတို့အောက်ဘက်တွင် တပ်ဆင်ထားသော ရေပေါ်ဆင်း ဖော့ပြားများကြောင့် မောင်းနှင်ရာတွင် နှေးကွေးလှသည်။ ပုံမှန် တိုက်လေယာဉ်များသည် တစ်နာရီလျှင် မိုင် ၄၅၀ အထက် မောင်းနှင်နိုင်သည့်အတွက် တစ်နာရီလျှင် မိုင် ၃၀၀ သာ မောင်းနှင်နိုင်သော ရေယာဉ်ပျံများထက် ပိုမို မြန်ဆန်သည့်အပြင် လက်နက်ခဲယမ်းများကိုလည်း ပိုမိုတင်ဆောင်နိုင်လေသည်။ ၀.၅ လက်မ စက်သေနတ် ၂ လက်သာ တပ်ဆင်ထားသော အမေရိကန် ရေယာဉ်ပျံ Curtiss Seahawk သည် ၀.၅ လက်မ စက်သေနတ် ၄ လက် တပ်ဆင်ထားသော ဂျာမန် တိုက်လေယာဉ် F8F Bearcat ၊ ၀.၅ လက်မ စက်သေနတ် ၄ လက် အပြင် ၂၀ မမ စက်အမြောက် ၂ လက် တပ်ဆင်ထားသော အမေရိကန်တိုက်လေယာဉ် F4U Corsair တို့နှင့်နှိုင်းယှဉ်လျှင် များစွာ အားနည်းလှသည်။ ၁၉၅၀ နှစ်များတွင် ဂျက်လေယာဉ်များ ပေါ်ပေါက်လာခဲ့ရာ တစ်နာရီလျှင် မိုင် ၅၀၀ အထက် မောင်းနှင်လာနိုင်သည့်အပြင် ထပ်မံတီတွင်ထားသော ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များကိုပါ တပ်ဆင်လာနိုင်ခဲ့သည်။

ကုန်းပတ်ပြား လေယာဉ်တင်သင်္ဘောများ[ပြင်​ဆင်​ရန်​]

၂၀ ရာစု အစောပိုင်းတွင် လေယာဉ်ပျံများ၏ တိုးတက်လာသည်နှင့်အမျှ တကမ္ဘာလုံးရှိ ရေတပ်မတော်များသည် ၎င်းတို့၏ အမြှောက်ကြီးတင် စစ်သင်္ဘောများအတွက် ကင်းထောက်လေယာဉ်များကို စိတ်ဝင်စားလာကြသည်။ ၁၉၀၉ ခုနှစ်၌ ပြင်သစ် တီထွင်သူ Clément Ader ထုတ်ဝေသော သူ၏ L'Aviation Militaire စာအုပ်တွင် လေယာဉ်ပျံများကို ပင်လယ်အတွင်း ကျွန်းကဲ့သို့ ဆင်းနိုင်တက်နိုင်သော ပြေးလမ်းများ၊ လေယာဉ်တင်ချပြုလုပ်သော ဓါတ်လှေခါးများနှင့် လေယာဉ်ရုံများပါဝင်သော သင်္ဘောပုံစံကို ထည့်သွင်းဖေါ်ပြခဲ့ကြောင်း ပဲရစ်ရှိ အမေရိကန်ရေတပ်မတော် အရာရှိမှ သူ၏ တွေ့ရှိချက်များကို အစီရင်ခံစာတင်သွင်းခဲ့သည်။

USS Birmingham ပေါ်မှ Eugene Ely၏ ပထမဆုံး လေယာဉ်ပျံတက်နေစဉ်, 14 November 1910.

၎င်း၏ တင်ပြချက်များကို အတည်ပြုနိုင်ရန် များစွာသော စမ်းသပ်ပျံသမ်းမှုများကို ပြုလုပ်ခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် အမေရိကန် ပိုင်းလော့ Eugene Ely သည် သင်္ဘောတစ်စီးပေါ်မှ ပထမဆုံး ပျံတက်နိုင်ခဲ့သည်။ Hampton Roads, Virginia အနီးရှိ အမေရိကန် တိုက်သင်္ဘော USS Birmingham ပေါ်မှ ပျံတက်ခဲ့ပြီး လေထဲတွင် ငါးမိနစ်ခန့် ပျံသန်းကာ Willoughby Spit အနီးတွင် ဆင်းသက်ခဲ့သည်။

USS Pennsylvania ပေါ်သို့ Eugene Ely ပထမဆုံး လေယာဉ်ဆင်းသက်စဉ်,
18 January 1911.

၁၉၁၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သူသည် သင်္ဘောပေါ်သို့ ပထမဆုံး ဆင်းသက်သော လေယာဉ်မှူးတစ်ဦးဖြစ်ခဲ့သည်။ Tanforan မှ ပျံတက်ခဲ့ပြီး ဆန်ဖရန်စစ်စကိုအနီးတွင် ကျောက်ချထားသော USS Pennsylvania ပေါ်ရှိ သဲအိတ်များ၊ လေယာဉ်ပေါ်ရှိ အရှိန်သတ်ချိတ်ကို ချိတ်ဆွဲရန် ကြိုးများဖြင့် လေယာဉ်ကို အရှိန်သတ်နိုင်ရန် ပြုလုပ်ထားသော ယာယီ ပြေးလမ်းပေါ်သို့ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ ဆင်းသက်ပြီးနောက် လေယာဉ်ကို ပြန်ကွေ့ပြီး ၎င်းသင်္ဘောပေါ်မှ ပြန်လည် ပျံတက်နိုင်ခဲ့သည်။ ဗြိတိသျှ တော်ဝင်ရေတပ်မှ ကွန်မန်ဒါ ချာလီ ရမ်နေ ဆမ်ဆွန် သည် ရွှေ့လျားနေသော စစ်သင်္ဘောပေါ်မှ ပထမဆုံး ပျံတက်ခဲ့သော လေယာဉ်မှူးဖြစ်ပြီး Weymouth စစ်ရေးပြပွဲ တွင် တစ်နာရီလျှင် ၁၀.၅ ရေမိုင်နှုန်း မောင်းနှင်နေသော HMS Hibernia ပေါ်မှ ၁၉၁၂ ခုနှစ် မေလ ၂ ရက်နေ့တွင် ပျံတက်ခဲ့သည်။

ပထမ ကမ္ဘာစစ်[ပြင်​ဆင်​ရန်​]

၁၉၁၄ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာ့ပထမဆုံး ရေတပ်မှ လေယာဉ်လွှတ်တင်ခဲ့သည့် ဂျပန်ရေယာဉ်ပျံတင်သင်္ဘော [[Wakamiya]]

လေယာဉ်တင်သင်္ဘောမှ ကုန်းတွင်းနှင့် ရေပေါ် ပစ်မှတ်များကို ပထမဆုံး တိုက်ခတ်မှုမှာ ၁၉၁၄ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံ Tsingtao တိုက်ပွဲတွင် Kiaochow ပင်လယ်အော်အတွင်းရှိ ဂျပန်ဘုရင့်ရေတပ်မတော်မှ ရေယာဉ်ပျံတင် သင်္ဘော Wakamiya မှ လွှတ်တင်ခဲ့သော ရေယာဉ်ပျံများမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ Maurice Farman ရေယာဉ်ပျံ ၄ စီးသည် Tsingtao ရှိ ဂျာမန် ကွပ်ကဲရေးနှင့် ဆက်သွယ်ရေး ဌာနချုပ်များကို ၁၉၁၄ ခုနှစ် စက်တင်ဘာလမှ စ၍ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ၎င်းနှစ် နိုဝင်ဘာလ ဂျာမန်များ လက်နက်ချသည့်အထိ တိုက်ခိုက်ခဲ့လေသည်။ အနောက်ဘက်စစ်မျက်နှာ၌ ပထမဆုံး ရေယာဉ်ပျံများဖြင့်တိုက်ခိုက်မှုမှာ ၁၉၁၄ ဒီဇင်ဘာလ ၂၅ ရက်တွင် HMS Engadine, Riviera နှင့် Empress ပေါ်မှ ရေယာဉ်ပျံ ၁၂ စီးဖြင့် Cuxhaven ရှိ ဂျာမန် လေသင်္ဘော အခြေစိုက် စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုစစ်ဆင်ရေးမှာ အလုံးစုံ အောင်မြင်မှု မရခဲ့သော်လည်း ဂျာမန် စစ်သင်္ဘောများကို ဖျက်ဆီး နိုင်ခဲ့သည့်အပြင် ဥရောပ စစ်မျက်နှာတွင် ရေတပ်၏ လေကြောင်းတိုက်ခိုက်မှုမှာ မဟာဗျူဟာအရ အရေးကြီးကြောင်း ပြသနိုင်ခဲ့သည်။

ခေတ်မှီလေယာဉ်တင်သင်္ဘောများ၏ ရှေ့ဆောင် ပုံမှန် လေယာဉ်ပျံ နှစ်စင်းတင်ဆောင်ထားသော ရေယာဉ်ပျံတင်သင်္ဘော HMS Ark Royal

HMS Ark Royal သည် ပထမဆုံး ခေတ်မှီလေယာဉ်တင် သင်္ဘောတစ်စင်းဟု ယူဆနိုင်စရာရှိသည်။ သူမကို ကုန်တင်သင်္ဘောအဖြစ် ရေချခဲ့သော်လည်း ရေယာဉ်ပျံနှင့် လေယာဉ်ပျံ ရောနှောတင်ဆောင်နိုင်သည့် ပြေးလမ်းပါ သင်္ဘောအဖြစ် ပြောင်းလဲ တည်ဆောက်ခဲ့သည်။ ၁၉၁၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ရေချခဲ့ပြီး ပထမ ကမ္ဘာစစ် အတွင်း Dardanelles အရေးအခင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်အတွင်း အခြား လေယာဉ်တင်သင်္ဘော စစ်ဆင်ရေးများစွာရှိသော်လည်း အောင်မြင်မှု အရှိဆုံး စစ်ဆင်ရေးမှာ Tondern ရှိ ဂျာမန် အခြေစိုက်စခန်း Zeppelin ကို HMS Furious မှ ပျံတက်ခဲ့သည့် Sopwith Camel လေယာဉ် ၇ စီးပေါ်တွင် တင်ဆောင်လာသော ပေါင် ၅၀ ဗုံး နှစ်လုံးစီဖြင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲဖြစ်သည်။ စစ်ဆင်ရေးအတွင်း လေသင်္ဘောများစွာနှင့် လေဘောလုံးများစွာကို ဖျက်ဆီးနိုင်ခဲ့သော်လည်း ၎င်းလေယာဉ်တင်သင်္ဘောမှာ လေယာဉ်များကို ပြန်လည်ဆင်းသက်ရန် စီမံထားမှုမရှိသည့်အတွက် ၂စီးမှာ သင်္ဘောဘေး ပင်လယ်ထဲသို့ ထိုးဆင်းခဲ့ရပြီး ကျန်လေယာဉ်များမှာ ဒိန်းမတ်နိုင်ငံတွင် ဆင်းသက်ခဲ့ရသည်။