အဲလ်ဘတ် အိုင်းစတိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အဲလ်ဘတ် အိုင်းစတိုင်း
အဲလ်ဘတ် အိုင်းစတိုင်း(Albert Einstein)
မွေးသက္ကရာဇ် ၁၈၇၉ ခုနှစ် မတ်လ (၁၄) ရက်နေ့
နိုင်ငံ ဂျာမနီနိုင်ငံ၏ အလံတော် ဂျာမနီ၊ အမ်းမြို့
ငယ်အမည် Albert Einstein
အလုပ်အကိုင် သိပ္ပံပညာရှင်
ဆောင်ရွက်ချက်များ ရီလေတီဗတီ သီအိုရီ (Relativity Theory)
ကျော်ကြားခဲ့သော သီအိုရီ E=mc2
လက်မှတ် Albert Einstein signature.svg
File:480px-Einstein1921 by F Schmutzer 2.jpg
အိုင်းစတိုင်း

အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein) ကို ဂျာမနီနိုင်ငံ၊ အမ်းမြို့မှာ ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့က ဖွားမြင်ခဲ့ပါသည်။ သူ၏ မိဘများသည် ယဟူဒီ (ဂျူးလူမျိုး) နွယ်ဖွားများဖြစ်ပြီး လျှပ်စစ်ပစ္စည်း အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြပါသည်။ အိုင်းစတိုင်း၏ ဖခင် Hermann Einstein သည် အောင်မြင်သော စီးပွားရေးသမားတစ်ယောက် မဟုတ်ခဲ့သော်ငြားလည်း ဂျာမန် ဂန္တဝင်မြောက် စာပေများ၊ ဒဿနကျမ်းများနှင့် ကဗျာစာပေများကို မြတ်မြတ်နိုးနိုး နှစ်သက်တတ်သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ အိမ်တွင် ခံ့ညားသည့် စာကြည့်ခန်းတစ်ခုကို ထားရှိပြီး အိမ်ကိုအလည်လာသော ဧည့်သည်များနှင့်လည်း စာပေအကြောင်း၊ ဒဿနအကြောင်း ပြောဆိုဆွေးနွေးတတ်သူ ဖြစ်သည်။ အိုင်းစတိုင်း၏ မိခင် Pauline Koch သည် ဂီတအနုပညာကို နှစ်သက်သူဖြစ်ပြီး စန္ဒယားတီးကောင်းသူ ဖြစ်သည်။ အိုင်းစတိုင်းတွင် မွေးချင်းညီမတစ်ဦးရှိပြီး Maja ဟု ခေါ်သည်။


ငယ်ဘဝ[ပြင်​ဆင်​ရန်​]

အိုင်းစတိုင်းသည် ငယ်စဉ် ကလေးဘဝမှာ အလွန်ထုံထိုင်းလေးလံရုံသာမက စကားလည်း နည်းလှသည်။ အခြားကလေးများလို ဆော့ကစားခြင်း မရှိဘဲ တစ်ယောက်တည်း တွေးနေ ငေးနေတတ်သည်။ မူလတန်း စတတ်သည့်အခါတွင်လည်း ဉာဏ်ထိုင်းသည်ဟု ဆရာများက မှတ်ချက်ပေးခြင်းခံရသည်။ ဒါပေမယ့် သူသည် အသက် ခြောက်နှစ်သားအရွယ်မှာ တယောထိုးခြင်းကို စတင်သင်ကြားနေပြီဖြစ်ပြီး ဂီတကိုလည်း မြတ်နိုးတန်ဖိုးထားတတ်နေပြီဖြစ်သည်။ အသက် ၁၀ နှစ်အရွယ်တွင် ကျောင်းမနေချင်တော့ဘူးဟု မိဘများကို ပြောခဲ့ဖူးပါသည်။

အိုင်းစတိုင်းနှင့် သင်္ချာ[ပြင်​ဆင်​ရန်​]

သူသည် သင်္ချာဘာသာရပ်တွင် အလွန်ညံ့ဖျင်းသည်။ ထို့အပြင် ခေါမနှင့် လက်တင်ဘာသာရပ်ဆိုင်ရာ သဒ္ဒါသင်ကြားရာမှာလည်း စိတ်ပါဝင်စားမှုမရှိခဲ့ချေ။ သူ့ကို ဦးလေးဖြစ်သူ Jakob က အက္ခရာသင်္ချာနှင့် ဂျီဩမေတြီ သဘောတရားများကို နားလည်အောင် ရှင်းလင်းပြသပေးခဲ့သည့်အတွက် အိုင်းစတိုင်းသည် သင်္ချာပညာတွင် ဆရာများအံ့ဩလောက်အောင် ထူးချွန်လာခဲ့ပြီး ပညာဆက်သင်နိုင်ခဲ့လေသည်။

အသက် ၁၄ နှစ် အရွယ် အိုင်စတိုင်း

ပထမကမ္ဘာစစ် စတင်ရန် နီးကပ်လာသည့်အချိန်တွင် ဂျာမန်လူမျိုးကြီးဝါဒ ကြီးထွားလာနေပြီး ပညာရေးစနစ်ကလည်း တင်းကျပ်ပြင်းထန်လွန်းနေလေသည်။ အိုင်းစတိုင်း၏ မိဘများလည်း စီးပွားရေး အဆင်မပြေသည့်အတွက် ဂျာမနီမှာ ဆက်နေရန် ခက်ခဲလာသည့်အတွက် မြူးနစ်မြို့က မိတ်ဆွေတစ်ဦးဆီမှာ အိုင်းစတိုင်းကို အပ်ထားခဲ့ပြီး သူတို့က အီတလီနိုင်ငံ မီလန်မြို့ကို ပြောင်းရွှေ့သွားကြသည်။ သို့သော် အိုင်းစတိုင်းသည် အထက်တန်းပညာ မပြီးဆုံးခင် ၁၅ နှစ်သားအရွယ်မှာ ကျောင်းထုတ်ခံခဲ့ရပြီး ဂျာမနီနိုင်ငံကနေ ထွက်ခွာပြီး မိဘများရှိရာ မီလန်ကို လိုက်သွားခဲ့လေသည်။

အိုင်းစတိုင်း၏ မိဘများသည် စီးပွားရေး အခြေအနေမကောင်းလှသော်လည်း သားဖြစ်သူကို ပညာတတ်ကြီး ဖြစ်စေချင်သည့်အတွက် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က သိပ္ပံကျောင်းတိုက်တွင် ပညာဆက်သင်နိုင်အောင် ပို့ပေးခဲ့လေသည်။ ဇူးရစ်သိပ္ပံကျောင်းကို ဝင်ခွင့်ရရန် စာမေးပွဲဖြေဆိုရာမှာ အိုင်းစတိုင်းသည် သင်္ချာဘာသာတွင် အမှတ်ကောင်းသော်လည်း နိုင်ငံခြားဘာသာ (ခေါမ၊ လက်တင်)၊ ရုက္ခဗေဒနှင့် သတ္တဗေဒ ဘာသာရပ်များမှာ ကျရှုံးခဲ့လေသည်။ သို့သော် ကျောင်းအာဏာပိုင်များက သင်္ချာဘာသာရပ်တွင် ထူးထူးခြားခြား တော်နေသည့် အိုင်းစတိုင်းကို အထက်တန်းကျောင်း တစ်ကျောင်းမှာ ပြန်လည်သင်ယူဖို့ အကြံပေးခဲ့ကြသည်။ အိုင်းစတိုင်းသည် Aarau ဆိုသည့် မြို့ငယ်လေးက အထက်တန်းကျောင်း တစ်ကျောင်းတွင် တစ်နှစ်ကြာ တက်ရောက် ဆည်းပူးခဲ့လေသည်။

သူသည် ၁၈၉၆ ခုနှစ် အောက်တိုဘာလမှ ၁၉၀၀ ပြည့်နှစ် ဩဂုတ်လအထိ ဇူးရစ်သိပ္ပံကျောင်းတွင် ပညာသင်ကြားနေချိန်အတွင်း ဩစတြီးယား ဟန်ဂေရီနိုင်ငံက ဆာဘီးယား မျိုးနွယ်စုဝင် မိန်းကလေး Mileva Maritsch နဲ့ ချစ်ကြိုးသွယ်ခဲ့လေသည်။

လုပ်ငန်းခွင် ဝင်ခြင်း[ပြင်​ဆင်​ရန်​]

ကျောင်းပြီးသွားသည့်အချိန်တွင် သူငယ်ချင်းဖြစ်သူ Grossmann ၏ အကူအညီဖြင့် ဘန်းမြို့မှ စက်မှုလုပ်ငန်းဆိုင်ရာ မူပိုင်ခွင့် ကန့်သတ်လက်မှတ် ထုတ်ပေးသည့် ရုံးတစ်ရုံးတွင် ၁၉၀၂ ဇူလိုင်လမှ စတင် အလုပ်ဝင်ခဲ့လေသည်။ ၁၉၀၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် အိုင်းစတိုင်းနှင့် မီလီဗာတို့ လက်ထပ်ခဲ့လေသည်။

ရီလေတီဗတီ သီအိုရီ[ပြင်​ဆင်​ရန်​]

အိုင်းစတိုင်းသည် တတ်ထားသည့်ပညာရပ်များနှင့် လားလားမှမဆိုင်သော အလုပ်ကို လုပ်နေရသော်ငြား စိတ်ပျက်ခြင်းမရှိဘဲ အားလပ်ချိန်များတွင် တစ်ယောက်တည်း စဉ်းစားတွေးတောရင်း စာရွက်လွတ်တစ်ရွက်ပေါ်မှာ ခဲတံတိုတစ်ချောင်းဖြင့် တွက်ချက်နေတတ်လေသည်။ သူသည် ဓာတ်ခွဲခန်းမရှိဘဲ ရှေ့ ခေတ်အဆက်ဆက်က ပညာရှင်ကြီးများ၏ စာအုပ်စာတမ်းများကို ဖတ်ရှုစဉ်းစားပြီး တွက်ချက်လိုက်၊ အကြံထုတ်လိုက်၊ ညောင်းညာလာသည့်အခါ တယောထိုးလိုက်နှင့် နေခဲ့လေသည်။ ၁၉၀၅ ခုနှစ်တွင် သူ၏ ရီလေတီဗတီ သီအိုရီ (Relativity Theory) ကို ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့လေသည်။ ထို့နောက်မှာတော့ ဇူးရစ်သိပ္ပံကျောင်းတိုက်က အိုင်းစတိုင်းကို အထူးပါမောက္ခရာထူးပေးပြီး အလုပ်ခန့်ခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမနီဖွား ယဟူဒီအနွယ်ဝင် တစ်ဦး ဖြစ်သည့်အတွက် မခန့်ချင်ခန့်ချင် ခန့်ခဲ့ကြခြင်း ဖြစ်သည်။

သူ၏ ကျော်ကြားလှသည့် သီအိုရီကို ကမ္ဘာသိအောင် မထုတ်ပြန်ခင် တစ်နှစ်အလို ၁၉၀၄ ခုနှစ်က မီလီဗာက သူတို့ရဲ့ သားဦး Hans Albert ကို မွေးဖွားပေးခဲ့ပါသည်။ အိုင်းစတိုင်းသည် သူ၏ သီအိုရီကို ကမ္ဘာသိအောင် ထုတ်ပြန်ပြီးသည့်နောက်တွင် သဘောတရားပိုင်းကနေ သင်္ချာ ရူပဗေဒ ဖြစ်လာအောင် ကိန်းဂဏန်းတွေ၊ ညီမျှခြင်းတွေနဲ့ ပြည့်စုံလာသည်အထိ ခြောက်နှစ်ကြာ ကြိုးစားခဲ့လေသည်။ ၁၉၁၁ ခုနှစ်ရောက်သောအခါ သူ၏ အထူးရီလေတီဗတီ သီအိုရီသည် သင်္ချာပညာရပ်ဆိုင်ရာ ညီမျှခြင်းများနှင့် ပြည့်စုံသွားလေတော့သည်။

၁၉၁၀ ခုနှစ် ဇွန်လ တွင် မီလီဗာက ဒုတိယသား Edward ကို မွေးဖွားခဲ့သည်။ ထိုအချိန်တွင် သူတို့မိသားစုမှာ ကျပ်ကျပ်တည်းတည်း ရုန်းကန်နေခဲ့ကြရသည်။ ၁၉၁၀ နှစ်ကုန်ခါနီးတွင် ဩစတြီးယား ဟန်ဂေရီ အင်ပါယာ၏ ဘုရင်က အိုင်းစတိုင်းကို ပရပ်တက္ကသိုလ် (University of Prague) တွင် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခဲ့သည်။ ထိုနေရာသည် ဇူးရစ်ထက် အစစအရာရာ သာသည့် အခြေအနေရှိသောကြောင့် အိုင်းစတိုင်းက သွားချင်သော်လည်း လူမျိုးကြီး စစ်ဝါဒကို မုန်းတီးသော မီလီဗာက အပြင်းအထန် ကန့်ကွက်ခဲ့လေသည်။ သို့သော် အိုင်းစတိုင်းကတော့ ပရပ်တက္ကသိုလ်တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ဖြစ်ခဲ့လေသည်။ ထိုနေရာတွင် အဖိနှိပ်ခံဘဝကို နာကျည်းနေသော ချက်လူမျိုးများနှင့် ယဟူဒီလူမျိုးများ အများအပြား ရှိလေသည်။ ပရပ်တက္ကသိုလ်မှာ အိုင်းစတိုင်း ရှိနေစဉ်က စာရေးဆရာ ကပ်ဖ်ကာ (Franz Kafka) နှင့် ယဟူဒီခေတ်ပညာတတ်များ ဦးဆောင်ပြီး ဇီယွန်လှုပ်ရှားမှုများ လုပ်နေချိန် ဖြစ်လေသည်။

ထို့နောက် အိုင်းစတိုင်းသည် လူမျိုးရေး ကျဉ်းမြောင်းမှုများကို စိတ်ပျက်သည့်အတွက် ၁၉၁၃ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသို့ ပြန်လာခဲ့သည်။ သူ့အား ဇူးရစ်သိပ္ပံကျောင်းတိုက်က ရူပဗေဒဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်သလို ဂျာမန်ဘုရင်ကလည်း ဘာလင်တက္ကသိုလ် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ကမ်းလှမ်းခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမန်ဘုရင်၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ၁၉၁၃ ခုနှစ်မှာပင် ဂျာမနီကို ပြန်သွားခဲ့လေသည်။ ထိုအချိန်မှစပြီး သူနှင့် မီလီဗာတို့လည်း လမ်းခွဲခဲ့ကြလေသည်။

ဂျာမနီတွင် အိုင်းစတိုင်းတစ်ယောက်တည်း ဖြစ်နေချိန်တွင် ညီမဝမ်းကွဲတော်စပ်သူ Elsa က လာရောက် စောင့်ရှောက်ပေးခဲ့သည်။ အယ်လ်ဆာသည် သမီးနှစ်ယောက်အမေ မုဆိုးမတစ်ဦးဖြစ်သော်ငြား ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူမသည် အိုင်းစတိုင်းကို လိုလေသေးမရှိအောင် ပြုစုလေသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး စဖြစ်နေသော်လည်း အိုင်းစတိုင်းကတော့ သူ၏ ရီလေတီဗတီ သီအိုရီကိုပဲ ဆက်လက် တိုးချဲ့ဆန့်ထုတ်နေခဲ့သည်။ ၁၉၁၆ ခုနှစ် စစ်ဖြစ်နေဆဲ အချိန်တွင်ပင် အိုင်းစတိုင်းသည် သူ၏ ယေဘုယျ ရီလေတီဗတီ သီအိုရီ (General Theory of Relativity) ကို ပုံနှိပ်ထုတ်ဝေလိုက်လေသည်။

၁၉၁၉ ခုနှစ်တွင် အိုင်းစတိုင်းသည် မီလီဗာနှင့် တရားဝင် ကွာရှင်းပြီး အယ်လ်ဆာနှင့် လက်ထပ်လိုက်သည်။ ထို့နောက် ၁၉၂၃ ခုနှစ်တွင် ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်ခံရလေသည်။ ထိုဆုသည် သူ၏ ကျော်ကြားလှသော ရီလေတီဗတီ သီအိုရီအတွက် မဟုတ်ဘဲ အလင်းလျှပ်စစ်အကျိုး (ဖိုတွန်သဘောတရား) အတွက် ရရှိခြင်းဖြစ်သည်။ ၁၉၃၃ ခုနှစ်နောက်ပိုင်း ဟစ်တလာ အာဏာရလာသည့်အခါတွင် လူမျိုးကြီးဝါဒများ ပြန်လည်ခေါင်းထောင်လာသည့်အတွက် အိုင်းစတိုင်းသည် အမေရိကန်ကို အပြီးအပိုင် ထွက်ခွာသွားခဲ့လေသည်။

သူသည် အမေရိကန် ပရင့်စတန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေရင်း ဒုတိယကမ္ဘာစစ်ကြီး အစပျိုးနေချိန် ၁၉၃၉ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်သမ္မတ ဖရင်ကလင်ဒီ ရုစဗဲ့ဆီသို့ အဏုမြူဗုံးနှင့် ပတ်သက်၍ သတိပေးစာ ရေးသားခဲ့သည်။ သူ၏ စာကြောင့် သမ္မတ ရုစဗဲ့သည် မန်ဟက်တန် စီမံကိန်းကို ရေးဆွဲပြီး အဏုမြူဗုံး ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအဏုမြူဗုံး (သို့) အက်တမ်ဗုံးကို ထုတ်လုပ်နည်းသည် အိုင်းစတိုင်း၏ ကမ္ဘာကျော် ညီမျှခြင်းဖြစ်သည့် E=mc2 ဆိုသည့် ဒြပ်ထုစွမ်းအင် တူညီခြင်း နိယာမတရားပင်ဖြစ်သည်။

သူသည် စစ်ကြီးပြီးသည့်နောက်တွင် အဏုမြူစွမ်းအင်ကို ကောင်းသည့်ဘက်တွင် အသုံးချရန် တိုက်တွန်းခဲ့လေသည်။ ထို့နောက် သူ၏ ပေါင်းစပ်စက်ကွင်း သီအိုရီကို တင်ပြခဲ့သည်။ ထိုသီအိုရီသည် ရှင်းလင်းလွယ်ကူမှု မရှိသည့်အတွက် လူအများ နားမလည်ခဲ့ချေ။ ထို သီအိုရီကို ပို၍ ရှင်းလင်းလွယ်ကူအောင် ထပ်မံရှင်းမပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် မနက် ၁ နာရီ ၂၅ မိနစ်တွင် အိုင်းစတိုင်းသည် ပရင်စတန် ဆေးရုံကြီးပေါ်မှာ သေဆုံးသွားခဲ့လေသည်။