လေယာဉ်ကွင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လန်ဒန်မြို့ မှ ဟိသ်ရိုး လေဆိပ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အလုပ်အများဆုံးဖြစ်သည်။[၁]
တောင်ကိုရီးယားနိုင်ငံ မှ ကမ္ဘာ့ အကြီးဆုံး လေဆိပ်၏ လူနားနေဆောင် အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်

၁၉၀၃ ခုနှစ်တွင် ရိုက်ညီနောင်မှ လေယာဉ်ပျံကို တီထွင်ပြီးနောက် လေကြောင်းသယ်ယူပို့ဆောင်ရေးမှာ တိုးတက် ထွန်းကား လာခဲ့သည်။ လေယာဉ်ပျံများအား ၁၉၃ဝ တိုင်အောင် ခရီးသည်များအား သယ်ယူခွင့်မပေးခဲ့သော်လည်း နောက်ပိုင်းတွင်မှ ခရီးသည်များအား သယ်ဆောင်ခွင့်ရခဲ့သည်။ မြို့ပြလေကြောင်း သယ်ယူပို့ဆောင်ရေး ထွန်းကားလာသောကြောင့် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းဖွံ့ဖြိုးရေး အဖွဲ့ (I.C.A.O) ကဲ့သို့သော အဖွဲ့များပေါ်ပေါက်လာပြီး လေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် လေယာဉ်ကွင်းများအတွက် စံချိန်စံညွှန်းများ သတ်မှတ်ပေးခဲ့သည်။

ကမ္ဘာအနှံ့အပြားတွင် ရှိသော လေယာဉ်ကွင်းများအား မြို့ပြသုံး နှင့် စစ်ဘက်ဆိုင်ရာ သုံးဟူ၍ ခွဲခြားနိုင်သော်လည်း အချို့ လေယာဉ်ကွင်းများအား စစ်ဘက်နှင့် အရပ်ဘက်မှ အတူတကွ သုံးဆွဲကြသည်။ကမ္ဘာပေါ်ရှိ လေယာဉ်ကွင်းအချို့မှာ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းများဖြစ်ပြီး (I.C.A.O) မှချမှတ်ထားသော စည်းများများဖြင့် တည်ဆောက်ကြခြင်းဖြစ်သည်။ လေယာဉ်ကွင်းများ၏ အကျယ်အဝန်း နှင့် ၎င်းတို့ပေးနိုင်သော လေကြောင်းဝန်ဆောင်မှုများကိုခွဲ၍ လေယာဉ်ကွင်းများအား အမျိုးအစားများခွဲခြားထားသည်။

လေယာဉ်ကွင်းများအား အဓိကတည်ဆောက်သူများမှာ မြို့ပြ အင်ဂျင်နီယာများဖြစ်ကြသည်။ မီးပေးရေး နှင့် စွမ်းအင်ထောက်ပံ့မှုအတွက် လျှပ်စစ်အင်ဂျင်နီယာ များနှင့် စက်မှုအင်ဂျင်နီယာများလည်း သက်ဆိုင်ရာကဏ္ဍအလိုက်ပါဝင်ကြလေသည်။

လေယာဉ်ကွင်းအမျိုးအစားများ[ပြင်​ဆင်​ရန်​]

ပရပရမူ လေယာဉ်ကွင်း သို့မဟုတ် အသေးစား လေဆိပ်

မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့၏ သတ်မှတ်ချက်အရ လေယာဉ်ကွင်းများအား အောက်ပါအတိုင်းခွဲခြားထားနိုင်သည်။

  • ပုဂ္ဂလိက(personal)- ပေါ့ပါးသည့် ပေါင်၃၀၀ဝ မျှသော လေယာဉ်ပျံများဆင်းသက်နိုင်ပြီး သေးငယ်သော လူနေဧရိယာများသို့သာ ဆက်သွယ်ထားသည့် လေယာဉ်ကွင်း အမျိုးအစားဖြစ်သည်။
  • ဒုတိယအမျိုးအစား(secondary) - ပေါင် ၂၀၀ဝမှ ၁၅၀၀ဝ ကြားရှိလေယာဉ်ပျံများ အသုံးပြုနိုင်ပြီး ပျံသန်းမူ့အစီအစဉ် အတိအကျမရှိသော လေယာဉ်ကွင်းအမျိုးအစားဖြစ်သည်။
  • သီးသန့်လေယာဉ်ကွင်း(feeder) - လေကြောင်းလိုင်းများမှ ပိုင်ဆိုင်သော သီးသန့်လေယာဉ်ကွင်းများကို ခေါ်သည်။
  • ပင်မလေကြောင်းလိုင်း(Trunk Lines) - ပင်မလေကြောင်းလိုင်းအတွင်းတွင် ရှိသော မြို့ငယ်လေးများသို့ သွားလာ နိုင်သည့် လေယာဉ်ကွင်းအမျိုးအစားဖြစ်သည်။
  • အမြန်လေကြောင်းလိုင်း(Express) - အရေးကြီးသည့် အဓိကမြို့ကြီးများ သို့မဟုတ် ပင်မလေကြောင်းလိုင်းများဆုံရာ အရပ်များသို့ ဆက်သွယ်သွားလာ နိုင်သည့်လေယာဉ်ကွင်း အမျိုးအစားဖြစ်သည်။
  • ဒေသတွင်းလေယာဉ်ကွင်း(Continental) - နိုင်ငံအတွင်းတွင် တောက်လှျောက်ပျံသန်းနိုင်သော လေယာဉ်များဆင်းသက် နိုင်သည့် လေယာဉ်ကွင်း ကိုခေါ်သည်။
  • တိုက်ကြီးများ ဆက်သွယ်လေယာဉ်ကွင်း(Intercontinental) - အပြည်ပြည်ဆိုင်ရာ လေယာဉ်များ ဆင်းသက်နိုင်သည့် လေယာဉ်ကွင်း အမျိုးအစားကို ခေါ်သည်။
  • တိုက်ကြီးများဆက်သွယ်သည့် အမြန်လေကြောင်း(Intercontinental Express) - သမုဒ္ဒရာကြီးများကို ဖြတ်ကျော်ပျံသန်း နိုင်သော လေယာဉ်ကြီးများ ဆင်းသက်ရာ လေယာဉ်ကွင်းဖြစ်သည်။

လေယာဉ်ကွင်းမှ ဝေါဟာရ အခေါ်အဝေါ်များ[ပြင်​ဆင်​ရန်​]

လေယာဉ်ကွင်းမှ ဝေါဟာရ အခေါ်အဝေါ်များသည် လေယာဉ်ကွင်း တည်ဆောက်မည့်သူများ မဖြစ်မနေသိထားရမည့် အချက်များဖြစ်သည်။ ထို့ပြင် ထိုဝေါဟာရ သတ်မှတ်ထားသော အရာများသည် စံချိန်မှီလေယာဉ်ကွင်းများတွင် မရှိမဖြစ်ပါဝင်ရမည့် အချက်များလည်း ဖြစ်သည်။

လေယာဉ်ကွင်း ပမာဏ (Airport Capacity)[ပြင်​ဆင်​ရန်​]

လေယာဉ်ကွင်း ပမာဏ (Airport Capacity) ဆိုသည်မှာ လေယာဉ်ကွင်း တစ်ခုတွင် သတ်မှတ်ထားသော အချိန်အတွင်း(အများအားဖြင့် တစ်နာရီဟု သတ်မှတ်ထားသည်) အန္တရာယ် ကင်းစွာ အဆင်း၊ အတက်ပြုနိုင်သည့် လေယာဉ်အရေအတွက် ကိုခေါ်သည်။

လေယာဉ်ကွင်း၏ အမြင့်ပေ(Airport Elevation)[ပြင်​ဆင်​ရန်​]

ပင်လယ်ရေမျက်နှာပြင်မှ လေယာဉ်ဆင်းသက်မည့် အမြင့်ဆုံးအမှတ်ရှိ အကွာအဝေးကို လေယာဉ်ကွင်း၏ အမြင့်ပေ (Airport Elevation) ဟု သတ်မှတ်ထားသည်။

လေယာဉ် ဆိုက်နားရာနေရာ(Apron)[ပြင်​ဆင်​ရန်​]

လေယာဉ်ရပ်နားရန်နှင့် ကုန်တင်၊ကုန်ချ ပြုလုပ်နိုင်ရန်အတွက် လေယာဉ်ကွင်းအတွင်းရှိ သတ်မှတ်ထားသောနေရာအား Apron ဟုခေါ်သည်။ ထိုနေရာသည် အများအားဖြင့် ပင်မအဆောက်အဦးရှေ့တွင်လည်းကောင်း သို့မဟုတ် ဂိုဒေါင်ကြီး များ၏ အနီးအနားတွင်လည်းကောင်း တည်ရှိသည်။

အပိုပြေးလမ်းကြောင်း(Clearway)[ပြင်​ဆင်​ရန်​]

လေယာဉ် စတင်ထွက်ခွာသော လမ်းကြောင်း အဆုံးတွင် ရှိသည့် စတုဂံပုံ နေရာအကွက်ဖြစ်သည်။ လေယာဉ်အင်ဂျင် များ မတော်တဆဖြစ်၍ ပြေးလမ်းဆုံးသည်အထိ လေထဲသို့မတက်ရောက်နိုင်သေးလျင် ထိုနေရာအား အသုံးပြုနိုင်ရန် တည်ဆောက်ထားခြင်း လည်းဖြစ်သည်။

လေယာဉ်ပြေးလမ်း(Runway)[ပြင်​ဆင်​ရန်​]

လေယာဉ်ဆင်းသက်ရန်သော်လည်းကောင်း၊ ထွက်ခွာရန်သော်လည်းကောင်း သတ်မှတ်ထားသည့် ဧရိယာဖြစ်သည်။ လေယာဉ်ပြေးလမ်းများသည် အများအားဖြင့် နှစ်ဖက်လုံး အသုံးပြုနိုင်ကြသည်။ လေယာဉ်ပြေးလမ်းများကို နံပါတ်များဖြင့် ခေါ်ကြ၍ ၄င်းနံပါတ်များသည် ပြေးလမ်း၏ ရပ်ညွှန်း Direction ကို ရည်ညွှန်းသည်။ ဥပမာ . . 31R ဆိုပါက ပြေးလမ်း၏ ရပ်ညွှန်းသည် 310 ဖြစ်၍ R သည် လေယာဉ် လေထဲရောက်ပြီးနောက် ညာဘက်သို့ ကွေ့ရမည်ကို ရည်ညွှန်းသည်။ L ဆိုပါက လက်ဝဲဘက်သို့ ကွေ့ရမည် ဖြစ်သည်။

Taxiway[ပြင်​ဆင်​ရန်​]

လေယာဉ်ပျံများ လေယာဉ်ပြေးလမ်းပေါ်သို့ သွားလာရန် သတ်မှတ်ထားသည့် လမ်းကြောင်းဖြစ်သည်။

မြေပြင်ဧရိယာ(Landing area)[ပြင်​ဆင်​ရန်​]

လေယာဉ်ပျံများ ထွက်ခွာရန်သော်လည်းကောင်း၊ ဆိုက်ကပ်ရန်သော်လည်းကောင်း၊ ပြုပြင် ရန်အတွက်သော်လည်းကောင်း၊ ကုန်တင်၊ကုန်ချနှင့် ခရီးသည်များသယ်ဆောင်ရန်အတွက်လည်းကောင်း သတ်မှတ်ထားသည့် မည်သည့်နေရာကိုမဆို မြေပြင်ဧရိယာဟုခေါ်သည်။

ပင်မလေဆိပ်အဆောက်အဦး(Terminal Building)[ပြင်​ဆင်​ရန်​]

ဆိုက်ရောက်သော ခရီးသည်များနှင့် ထွက်ခွာမည့်ခရီးသည်များအတွက် ပြည့်စုံလုံလောက်သော ဝန်ဆောင်မူ့မျိုး ပေးနိုင်သည့် အဆောက်အဦးမျိုးဖြစ်ရမည်။ ထိုအဆောက်အဦးတွင် လေယာဉ်ကွင်းအာဏာပိုင်အဖွဲ့၏ ရုံးခန်းများ၊ လေကြောင်းလိုင်း အုပ်ချုပ်ရေးနှင့် ဆိုင်သောရုံးခန်းများ အများအားဖြင့်ပါဝင်ပေသည်။ ခရီးသည်များအတွက်လည်း လိုအပ်သည့် စားသောက်ဆိုင်များ၊ စာအုပ်အရောင်းဆိုင်များ၊ တယ်လီဖုန်းဆက်သွယ်ရေး ရုံးများ၊ ရေချိုးသန့်စင်ခန်း များပါဝင်သည့် နားနေခန်းများ၊ လက်ဆောင်ပစ္စည်းဆိုင်များ စသည်ဖြင့်ပါဝင်သင့်ပေသည်။ အဆောက်အဦး ၏အပြင် ဘက်ထွက်ပေါက်တွင်လည်း ကုန်လမ်းသယ်ယူပို့ဆောင်ရေးအတွက် တက္ကစီများနှင့် ဘတ်စ် ကားများ တတ်နိုင်သလောက် စီစဉ်ပေးနိုင်ရမည်။ လေကြောင်းထိန်းချုပ်ရေးမှျော်စင်အား ထိုအဆောက်အဦးရှိ အုပ်ချုပ်ရေးရုံး အပေါ်ထပ်တွင် အများအားဖြင့်ထားလေ့ ရှိကြသည်။

မြို့ပြအင်ဂျင်နီယာ ကဏ္ဍ[ပြင်​ဆင်​ရန်​]

မြို့ပြအင်ဂျင်နီယာများသည် လေယာဉ်တည်ဆောက်ရန်အတွက်လည်းကောင်း ထုတ်လုပ်ရန်အတွက်လည်းကောင်း ပါဝင်ပတ်သတ်ခြင်းလုံးဝ မရှိသော်လည်း လေယာဉ်ကွင်းတည်ဆောက်ရန်အတွက် လေယာဉ်များ၏ သဘောသဘာဝ နှင့် အလေးချိန်အစရှိသည်တို့ကို အကြမ်းဖျင်းအားဖြင့်သိရှိရန်လိုအပ်ပေသည်။ မြို့ပြအင်ဂျင်နီယာများ၏ အဓိကအခန်းကဏ္ဍများမှာ လေယာဉ်အတက်အဆင်းပြုလုပ်ရန် လမ်းကြောင်းများဖေါက်လုပ်ပေးခြင်း၊ လိုအပ်သော အဆောက်အဦးများ ဆောက်လုပ်ပေးခြင်းတို့ပါဝင်လေသည်။ လေယာဉ်ပေါ်စ အချိန်ကာလများက လေယာဉ်များ၏ အလေးချိန်၊ အရွယ်ပမာဏ နှင့် ပြေးနှုန်းတို့မှာ အနည်းငယ်သော ပမာဏသာရှိသော်လည်း ယခုအခါ ထိုသတ်မှတ်ချက်များမှာ ပြောင်းလဲတိုးတက်လာသဖြင့် မြို့ပြအင်ဂျင်နီယာများသည် ထိုပြောင်းလဲချက်များအရ လေယာဉ်ကွင်း ဒီဇိုင်းများအား ထုတ်ပေးနိုင်ရန်လိုအပ်ပေသည်။ လေယာဉ်ကွင်း တစ်ခုတည်ဆောက်ရန်အတွက် မြို့ပြအင်ဂျင်နီယာများသည် လေယာဉ်ကွင်းတည်ဆောက်မည့်နေရာ၏ အခြေအနေများကိုလည်းကောင်း၊ တည်ဆောက် မည့်နေရာ ရွေးချယ်ပြီးလျင် လေယာဉ်ကွင်းပုံစံအားနေရာချထားခြင်းများကိုလည်းကောင်း၊ လေယာဉ်ကွင်း အရွယ်ပမာဏ နှင့် တည်ဆောက်မည့်နေရာ ရွေးချယ်ခြင်းများကိုလည်းကောင်း ပါဝင်လုပ်ဆောင်ရလေသည်။

လေယာဉ်ကွင်း အကျယ်အဝန်းနှင့် တည်နေရာရွေးချယ်ခြင်း[ပြင်​ဆင်​ရန်​]

ယေဘူယျအားဖြင့် လေယာဉ်ကွင်းတည်နေရာ နှင့် အကျယ်အဝန်းအားရွေးချယ်ရာတွင် အောက်ပါအချက်အလက်များအား ထည့်သွင်းစဉ်းစားရန်လိုအပ်ပေသည်။

  1. တည်ဆောက်မည့် ဧရိယာ
  2. ဝန်ဆောင်မူ့ပေးနိုင်မည့် အမျိုးအစား
  3. ပတ်ဝန်းကျင်လူဦးရေပမာဏ
  4. ခန့်မှန်းခြေ အသုံးပြုနိုင်သည့် လေယာဉ်ပမာဏ
  5. လေယာဉ်ကွင်းမှ လက်ခံနိုင်သည့် လေယာဉ်ပမာဏ
  6. လေယာဉ်ကွင်း၏ အမျိုးအစား၊အကျယ်အဝန်းနှင့် ပုံသဏ္ဍန်
  7. တစ်ခြားလေယာဉ်ကွင်းများနှင့် ဆက်သွယ်နိုင်မူ့
  8. လူထုအမြင်နှင့် လေယာဉ်ကွင်းတည်ရှိမည့်နေရာ၏ ပတ်ဝန်းကျင်စီးပွားရေးအခြေအနေ
  9. လေယာဉ်အဆင်း၊အတက်ကြောင့် ဆူညံမူ့
  10. လေယာဉ်ကွင်းတည်ဆောက်မည့်နေရာ၏ မြေတန်ဖိုးနှင့် ပိုင်ရှင်များအား လျော်ပေးခြင်း
  11. တည်ဆဲ ဥပဒေများ
  12. အလည်အပတ်ခရီးသွား လုပ်ငန်းစီးဆင်းမူ့
  13. private assistance
  14. Planning for integrated development

လေယာဉ်ကွင်း ပုံစံချခြင်း[ပြင်​ဆင်​ရန်​]

စီမံကိန်းတစ်ခုလုံးအတွက် လိုအပ်သော ပုံစံနေရာများ ချထားရာတွင် မြို့ပြအင်ဂျင်နီယာများသည် အသေးစိတ်လိုအပ် ချက်များအား ထည့်သွင်းစဉ်းစားလေ့ရှိသည်။ ပထမဦးစွာ လေယာဉ်ကွင်းတည်ရှိမည့်နေရာ နှင့်အတူ ဆက်စပ်နေသော ပတ်ဝန်းကျင်ဧရိယာအား မြေပုံကားချပ်ဖြင့် နေရာပြရသည်။ လေယာဉ်ပြေးလမ်း၊ တက္ကစီလမ်းရှိမည့်နေရာများ၊ လေယာဉ် ရပ်ဆိုက်နားရာနေရာများ၊ အဆောက်အဦများတည်ရှိမည့်နေရာများအား မြေပုံတခုဖြင့် ပြင်ဆင်ထားရသည်။ လေယာဉ်ကွင်း ဧရိယာတစ်ခုလုံး၏ အနိမ့်အမြင့်ပမာဏအားလည်း grading plan ဟုနာမည်ပေးကာ မြေပုံတစ်ခု သီးသန့်လုပ်ရသည်။

ပြေးလမ်းတစ်ခုချင်းစီရှိ မြေနေရာအနိမ့်အမြင့်အသေးစိတ်အားလည်း ပြည့်စုံသောမှတ်တမ်းတစ်ခုပြုလုပ်ရသည်။ လေယာဉ် ကွင်းတစ်ခုလုံးရှိ ပြေးလမ်း၊တက္ကစီလမ်းများ၊ ရပ်ဆိုက်နားရာနေရာများ၊ မြေဖို့ကာ ခင်းထားသောနေရာများအတွက် ဖြတ်ပိုင်းပုံ(cross section plan) များပြုလုပ်ရသည်။ လမ်းပိုင်းများ ဆက်သွယ်သည့်နေရာများ(pavement joints)၊ သံကူကွန်ကရစ်နေရာများ၊အတွက်လည်း အသေးစိတ်ပြုလုပ်ထားသော plan များရှိရသည်။ ရေစီး၊ရေလာ အခြေအနေ များအတွက် မြေပုံဇယားများအားလည်းကောင်း၊ လေယာဉ်ကွင်းတစ်ခုလုံးအား မီးထွန်းလင်းစေရန်အတွက် အလင်းပေး စနစ်ပြမြေပုံဇယားများအားလည်းကောင်း၊ အဆောက်အဦးများ၏ တည်ဆောက်ပုံ(structure) ပြ ပုံကားချပ်များကို လည်းကောင်း အသီးသီးပြင်ဆင် ဆွဲသားထားရသည်။[၂]

အကိုးအကား[ပြင်​ဆင်​ရန်​]

  1. Busiest Airports - The Busiest Airports in the World
  2. CE 07027 Airport Engineering By Daw Thin Thin Yu Shwe(Department of Civil Engineering,Yangon Technological University)