ဟစ်တလာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အားဒေါလ်ဖ် ဟစ်တလာ
အားဒေါလ်ဖ် ဟစ်တလာ
ဟစ်တလာ
မွေး​သက္ကရာဇ် ၁၈၈၉ ဧပြီ ၂၀
ကွယ်လွန် ၁၉၄၅ ဧပြီ ၃၀
ဘာလင်ဂျာမနီ
နိုင်ငံသား ဩစတြီးယားနိုင်ငံ၏ အလံတော် ဩစတြီးယား (၁၈၈၉–၁၉၃၂)
ဂျာမနီနိုင်ငံ၏ အလံတော် ဂျာမနီ (၁၉၃၂–၁၉၄၅)
အလုပ်အကိုင် နိုင်ငံရေးသမား၊ စစ်မှုထမ်းခြင်း၊ စာရေးဆရာ၊
မွေးရပ်ဇာတိ ဩစတြီးယား
ကြင်ဖော် Eva Braun
လက်မှတ် Signatur Adolf Hitler.svg

အားဒေါလ်ဖ် ဟစ်တလာ(အင်္ဂလိပ် ၁၈၈၉-၁၉၄၅)[ပြင်​ဆင်​ရန်​]

ဒုတိယကမ္ဘာစစ်ကြီးကို ဖန်တီးခဲ့သူ၊ ဂျူးလူမျိုးတို့၏ဘုံရန်သူ၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ ဘုံရန်သူ၊ နာဇီပါတီဝင်တို့၏ ဖခင်ကြီး ခေတ်သစ်ဂျာမနီပြည်ကြီး၏ ခေါင်းဆောင်ကြီး၊ တကမ္ဘာလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သော အာဏာရှင်ဟု အမျိုးမျိုး မှတ်တမ်းတင်ခဲ့ရသော ပုဂ္ဂိုလ်ကြီး ဟစ်တလာ၏ နာမည်အပြည့်အစုံမှာ "အားဒေါလ်ဖ် ဟစ်တလာ" (Adolf Hitler) ဖြစ်သည်။

Bundesarchiv Bild 183-S33882, Adolf Hitler retouched.jpg

ဟစ်တလာကို ဩစတြီးယားပြည်နှင့် ဘာဗေးရီးယား ပြည်နယ်စပ်ရှိ အင်းမြစ်နံဘေး ဘရောနှောမြို့ကလေးတွင် ဖခင် အလွိုက်ဟစ်တလာနှင့် မိခင် ကလာရာပေါဇ်လ်တို့မှ ၁၈၈၉ခုနှစ်၊ ဧပြီလ ၂ဝ ရက်၊ ညနေ၌ မွေးဖွားခဲ့ပါသည်။ အမျိုးအနွယ်မှာ မထင်မရှားမျှသာ ဆို။ ဟစ်တလာ၏ဖခင်မှာ လုပ်ငန်းများ အတည်တကျမရှိသဖြင့် အမြို့မြို့အနယ်နယ် ပြောင်းရွှေ့ရင်း လိုက်ပါနေထိုင်ခဲ့ကြရသည်။ ရောက်ရာအရပ်တွင် ဟစ်တလာမှာ မူလတန်းပညာကို သင်ယူခဲ့ရသည်။ ၁၉ဝဝ ပြည်နှစ်တွင် လင့်ဇ်မြို့မှ ရီးရဲအလယ်တန်းကျောင်းတွင် အလယ်တန်းပညာကို ဆက်လက်သင်ကြားခဲ့သည်။ ၁၉ဝ၃ ခုနှစ်တွင် ဟစ်တလာ၏ဖခင် အလွိုက်ကွယ်လွန်သွားခဲ့သည်။ ထို့နောက် ဟစ်တလာမှာ ကျောင်းနေခွင့်မရတော့။ ဘဝရပ်တည်ရေးကို ခက်ခဲပင်ပန်းစွာ ရပ်တည်ခဲ့ရသည်ဆို၏။ ထိုမှတဖန် မိခင်ဖြစ်သူအလိုကျ ကက်သလစ်ဘာသာဝင်အဖြစ် ခံယူခဲ့ရပြီး စတီးယားကျောင်းတွင် ဆက်လက်ပညာသင်ကြားခဲ့ပြန်ပြီး အသက် ၁၆ နှစ်တွင် ကျောင်းထွက်ခဲ့ရသည်။

ဟစ်တလာသည် ပန်းချီအနုပညာကို ဝါသနာပါခဲ့ပြီး အသက်ကြီးလျှင် ပန်းချီဆရာအဖြစ် အသက်မွေးမည်ဟုပင် ဆုံး ဖြတ်ခဲ့ဖူးသည်ဆို၏။ မိဘများက အစိုးရအလုပ်ကို လုပ်စေချင်ခဲ့ သည်ဆို၏။ ဟစ်တလာမှာ ကျောင်းစာလည်းညံ့ခဲ့သည်။ ကျောင်း ထွက်လက်မှတ်ကို မရရှိခဲ့။ ၁၉ဝ၅ ခုနှစ်တွင် ကျောင်းမှထွက်ခဲ့ သည်။ ပုံများ၊ ပန်းချီများကို အချိန်ပြည့်ဆွဲကာ အချိန်လွန်ခဲ့သည် ဆို၏။ ဟစ်တလာသည် ၁၉ဝ၆ ခုနှစ်တွင် ဗီယင်နာမြို့သို့ အလည်အပတ် ရောက်သွားခဲ့သည်။ ဗီယင်နာမြို့မှာ အနုပညာ ထွန်းကားသော မြို့ကြီးဖြစ်သောကြောင့် သူအလွန်ပျော်ခဲ့သည် ဆို၏။ ထိုမြို့ကြီး၏ ကြီးကျယ်ခမ်းနားမှု အနုပညာများကသူ့ကို ပန်းချီဆရာဖြစ်ချင်စိတ်ကို ပို၍ တွန်းပို့ခဲ့သည်ဆို၏။ ထို့ကြောင့် သူ့မိခင်ကြီး တားဆီးနေသည့်ကြားမှ ၁၉ဝ၇ ခုနှစ်တွင် လင်ဇ်မြို့ ကလေးကိုစွန့်ခွာ၍ ဗီယင်နာမြို့သို့ ထွက်ခွာခဲ့သည်ဆို၏။ သို့သော် သူသည် အနုပညာသိပ္ပံကျောင်းကြီးကို ဝင်ခွင့်မရ။ အရည်အချင်း မမီ၊ သူ စိတ်မလျှော့ဘဲ ဆက်လက် ကြိုးစားနေစဉ်မှာပင် သူ့ မိခင်ကြီး ကွယ်လွန်ခဲ့၍ လင့်ဇ်မြို့သို့ ပြန်ခဲ့ရသည်။ ၁၉ဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗီယင်နာမြို့သို့ ပြန်ရောက်ရှိခဲ့ပြီး အနုပညာသိပ္ပံကျောင်းကြီးတွင် နေခွင့်ရရန် ကြိုးစား ပြန်၏။ သို့သော် မရခဲ့။ ဟစ်တလာသည် စိတ်ပျက်လက်ပျက်နှင့် ၅ နှစ်လုံးလုံး ဖြစ်သလိုနေ ဖြစ်သလိုစား မထင်မရှားနေခဲ့ရသည်။ ဗီယင်နာမြို့ကြီးတွင် သူ့ဘဝသည် ကူကယ်ရာမဲ့နှင့် ၁၉ဝ၉ ခုနှစ်မှ ၁၉၁၃ ခုနှစ်ထိ ပခုံးထမ်းအလုပ်ကြမ်းသမား၊ အပေါစား ပန်းချီဆရာအဖြစ်မျိုးနှင့် နေထိုင်ခဲ့ရသည်ဆို၏။

ငွေရှင်သူဌေးကြီးများ၏ ကုသိုလ်ဖြစ် ဟိုတယ်များတွင် နေထိုင်ခဲ့ရ၏။ အမြဲတမ်း ငတ်မွတ်စုတ်ပြတ်နေသည့် ကာလများဟု ဟစ်တလာကိုယ်တိုင် ရေးသားခဲ့၏။ ဟစ်တလာ ပန်းချီဆွဲသည့်ကားများတွင် 'အေ ဟစ်တလာ'ဟု လက်မှတ်ထိုးလေ့ရှိ၏။ အဒေါ့ဖ်စ်ဟစ်တလာ အတိုကောက်အမည်ဟူ၏။ ထိုမှဟစ်တလာ ၏ဘဝအချိုးအကွေ့များသည် ဘဝပေးအသိများအရ နိုင်ငံရေး သမားတစ်ယောက်အဖြစ်သို့ တဖြည်းဖြည်း ဦးတည်လာခဲ့သည် ဆို၏။

ဟစ်တလာသည် စာများကို ပိုဖတ်ဖြစ်လာ၏။ ပို၍ တွေးတောဆင်ခြင်နိုင်လာ၏။ သတင်းစာများကို ပို၍ ဖတ်ရှုလာ ၏။ စကားကို လူအများ စိတ်ဝင်စားလာအောင် ကျယ်လောင် ကျယ်လောင် ပြောလေတော့၏။ ဘီယာဆိုင်များတွင် လက်ဖက်ရည်ဆိုင်များတွင် ပို၍ ပြောခဲ့သည်ဆို၏။ နိုင်ငံရေးစကားများ ပို၍ပြောရင်း ရန်ဖြစ်သည်၊ ပြန်လည်ချေပသည်၊ လက်သီးလက်မောင်းတန်းရင်း ဂျူးများ၊ ဘုန်းကြီးများ၊ ဆိုရှယ်လစ်များ၊ ဘုရင့်ဆွေတော်မျိုးတော်များကို မုန်းတီးကြောင်း အကြိမ်ကြိမ် ပြောခဲ့သည်ဆို၏။ ဟစ်တလာသည် ထိုအချိန်များမှာပင် စိတ်ကြီးဝင်နေခဲ့ပြီဆိုကြ၏။ သူ့ကိုယ်သူ အလွန်မြင့်မြတ်သူဟု ထင်နေခဲ့ပြီ ဆိုကြ၏။ ဘဝင်မြင့်နေ၏။ သူ့ကိုယ်သူနှင့် အနီးမှလူများကို ဂျာမန်အမျိုးအနွယ်များသည် မြင့်မြတ်သော မဟာမျိုး မဟာနွယ် များဖြစ်သည်။ ထို့ကြောင့် မိမိတို့လူမျိုးမှသာ နိုင်ငံရေး၊ ယဉ်ကျေး မှု ပို၍ မြင့်မားသည်၊ ပို၍ကြွယ်ဝသည်။ ထို့ကြောင့် 'မဟာဂျာမနီ နိုင်ငံတော်ကြီး'ကို ထူထောင်ကြရမည်ဟူသော အတွေးနှင့်စကားမျိုးကို ပြောဆိုခဲ့သည်ဆို၏။

၁ဝ၁၃ ခုနှစ်တွင် ဗီယင်နာမြို့မှ ဟစ်တလာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး စစ်ထဲမဝင်မနေရအမိန့်ကိုဖီဆန်၍ ရှောင်ထွက်သွားခဲ့သည်ဆို၏။ ထိုမှ မြူးနစ်မြို့သို့ ရောက်သွားခဲ့သည် ဆို၏။ မြူးနစ်တွင်လည်း ဘီယာဆိုင်တွင် ဟစ်တလာသည်နိုင်ငံ ရေးစကားများကိုသာ ကြီးကြီးကျယ်ကျယ် ပြောဆိုနေခဲ့သည် ဆို၏။ သို့သော် ဟစ်တလာ ကံကြမ္မာအလှည့်အပြောင်းဖြစ်စေရန် ကမ္ဘာကြီးတွင် စစ်မီးကြီးလောင်ခဲ့သဖြင့် လူအများက နိုင်ငံရေးကို စိတ်ဝင်စားချိန် ကာလကြီးပင်တည်း။ ၁၉၁၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဟစ်တလာဘဝ အထူးပြောင်းလဲစေခဲ့သော မြူးနစ်မြို့၊ အိုဒီအုံ ပလာဇာကွင်းပြင် ကြီး၏ လူထုတရားပွဲမှ စတင်ခဲ့လေသည်။ ဂျာမန်မှ ရုရှားပြည် ကြီးကို စစ်ကြေညာခဲ့ခြင်း၊ ဂျာမန်အမျိုးသားတိုင်း စစ်ထဲဝင်ကြရသလို ဟစ်တလာလည်း စစ်မှုထမ်းစစ်သား ဖြစ်ခဲ့လေ၏။ မထင်မရှား စစ်သားလေးဘဝ၊ စစ်တပ်ထဲတွင် ဆက်သားတာဝန်၊ ၁၉၁၅-၁၉၁၆ ခုနှစ်တွင် ခြေထောက်တွင် သေနတ်မှတ် ဒဏ်ရာရခဲ့၊ ၁၉၁၇ ခုနှစ်တွင် တပ်ကြပ်ကလေးဘဝ၊ တပ်သားကျော် ဆုတံဆိပ် ရရှိခဲ့သည်။ စစ်မြေပြင်တွင် သူတစ်ယောက်တည်းမှ ပြင်သစ်စစ်သား ၁၅ ယောက်ကို လက်ရဖမ်းဆီးခဲ့ကြောင့် ဟူ၏။ ၁၉၁၈ ခုနှစ် တိုက်ပွဲတစ်ခုတွင် ဟစ်တလာသည် ဓာတ်ငွေ့မိပြီး သတိလစ်သွားသဖြင့် စစ်ဆေးရုံသို့ ပို့ပေးခဲ့ကြရသည်။ မျက်စိများ ယာယီ ကန်းသွားကာ ကိုယ်တစ်ပိုင်းလည်း သေသွားခဲ့သေးသည် ဆို၏။ မကြာခင် ပျောက်ကင်းခဲ့လေ၏။ ထိုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ပြီးခဲ့လေ၏။ ဂျာမနီတို့ စစ်ရှုံးခဲ့လေ၏။ ဟစ်တလာတို့ ငိုခဲ့ရလေ၏။

ထိုအချိန်မှစ၍ ဟစ်တလာသည် နိုင်ငံရေးနယ်ထဲသို့ ခြေစုံပစ်ဝင်ရန် ဆုံးဖြတ်ခဲ့သည်ဆို၏။ ၁၉၁၉ နှစ်အထိ စစ်တပ်ထဲတွင်နေခဲ့၍ ၁၉၁၉ ခုနှစ် ဇန်နဝါရီလတွင်မြူးနစ်မြို့သို့ ပြန်လာခဲ့သည်။ ထိုကာလတွင် ဂျာမနီနိုင်ငံရေးမှာ အလွန်ရှုပ်ထွေးနေလေ၏။ နေ့စဉ် တရားပွဲများ၊ ဆန္ဒပြပွဲများ၊ ဆူပူမှုများမပြတ် ရှိနေခဲ့သည့် ကာလများလည်း ဖြစ်သည်။ ထိုကာလတွင် မြူးနစ်မြို့ဆိုင်ရာ ခရိုင်စစ်ဌာနချုပ် လက် အောက်ရှိ နိုင်ငံရေးဌာနတွင် ပုံနှိပ်လုပ်ငန်းနှင့် သတင်းဖြန့်ချိရေး ဌာနတွင် ဟစ်တလာ အလုပ်လုပ်ခဲ့ရသည်။ ထိုမှ နိုင်ငံရေး နည်းပြသင်တန်းတက်ခဲ့ရပြီး နိုင်ငံရေးနည်းပြအရာရှိ ဖြစ်လာခဲ့သည်။ ထိုမှ ဂျာမန်အလုပ်သမားပါတီနှင့် စစ်တပ်အကြား ညှိနှိုင်းရသော အရာရှိအဖြစ် စေလွှတ်ခြင်းခံရသည်။ ထိုမှ ဂျာမန် အလုပ်သမားပါတီသို့ ခြေစုံပစ်ဝင်ခဲ့ပြန်သည်ဆို၏။ ထိုပါတီတွင် ဟစ်တလာသည် ဝါဒဖြန့်ချိရေးတာဝန်ခံ ဖြစ်ခဲ့လေ၏။


၁၉၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ပထမ ဦးဆုံးသော လူထုတရားပွဲကြီးကို ဂျာမန် အလုပ်သမားပါတီမှ ဦးဆောင်ကျင်းပခဲ့ရာ ပရိသတ်နှစ်ထောင်နီးပါးမျှ တက်ရောက်ခဲ့ သည်ဆို၏။ ထိုပွဲတွင် ဟစ်တလာ၏အမည်လည်း စတင် ကျော် ကြားခဲ့လေ၏။ 'ဂျာမန်အလုပ်သမားပါတီကိုလည်း အမျိုးသား ဆိုရှယ်လစ် ဂျာမန်အလုပ်သမားပါတီ' ဟူ၍ အမည်ပြောင်းခဲ့လေ ၏။ ထိုပါတီ၏ အတိုကောက်နာမည်မှာ 'နာဇီ'ပါတီ ဟူ၏။ ဥက္ကဋ္ဌကြီးမှားဟားရားဖြစ်ပြီး မကြာခင်မှာပင် ဟစ်တဘလာနှင့် သဘောမတိုက်ဆိုင်၍ နှုတ်ထွက်သွားခဲ့သည်။ ထိုကာလတွင် ဟစ်တလာ၏စည်းရုံးမှုကြောင့် ပါတီဝင်အင်အား ပို၍ပို၍ များ လာခဲ့၏။ မြူးနစ်မြို့ခရိုင် စစ်ဌာနချုပ်မှ စစ်ဗိုလ်ဟောင်း ဗိုလ်ကြီး ရုမ်းမှ ဟစ်တလာကို များစွာ အကူအညီပေးခဲ့၏။


၁၉၂၁ ခုနှစ်တွင် ဟစ်တလာသည် ဘာလင်မြို့သို့ သွားရောက်ခဲ့သည်။ အပြန်တွင် ပါတီတွင်းတိုက်ပွဲ ဖြစ်ခဲ့သည်။ ဟစ်တလာ နိုင်ခဲ့သည်။ အာဏာရှင်ခေါင်းဆောင် စတင် ဖြစ်လာ ခဲ့သည်။ ထိုကာလတွင် ဟစ်တလာဦးဆောင်၍ အခြားပါတီ၏ တရားပွဲဖျက်မှုဖြင့် ထောင်ဒဏ် ၇ လ အပြစ်ပေး ခံခဲ့ရပြီး တစ်လသာ ထောင်ထဲတွင် နေခဲ့ရသည်ဆို၏။ ထောင်မှလွတ်ခဲ့ပြီး ၁၉၂၂ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ကာကွယ်ရေးဥပဒေ ကြမ်းကို ကန့်ကွက်သည့် လူထုဆန္ဒပြပွဲကြီးကို နာဇီပါတီမှ ဦးဆောင်ကျင်းပခဲ့သည်။ ဟစ်တလာ၏နာမည်မှာ ပို၍ ကျော် ကြားခဲ့လေပြီ။ အာဏာပိုင်များ၏ရန်သူ နံပါတ်တစ် စာရင်းဝင် လည်း ဖြစ်ခဲ့ရလေ၏။


၁၉၂၃ ခုနှစ်တွင် အခြားပါတီ ၄ ပါတီနှင့်ပူးတွဲကော်မတီ ဖွဲ့နိုင်ခဲ့သည်။ နာဇီမုန်တိုင်းတပ်သားများ ဖွဲ့စည်းခဲ့ရာ တပ်သား နှစ်သောင်းကျော်ထိ ရှိခဲ့ပြီး အခြားပါတီနှင့် သမဂ္ဂအဖွဲ့များအံ့ဩ တုန်လှုပ်ခဲ့ကြသည်ဆို၏။ တပ်မှူးအဖြစ် ဂိုအားရင်းဟင်းမလား၊ စထရက်ဆားတို့ပါဝင်ခဲ့ကြပြီဆို၏။ စက်တင်ဘာလ ၂ ရက်နေ့ တွင် ဟစ်တလာ ဦးဆောင်၍ နျူရင်ဘတ်မြို့တွင် လူထုဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြန်၏။ အောင်မြင်ခဲ့ပြန်၏။ အဆိုပါ ဆန္ဒပြပွဲကြီးတွင် ဗိုလ်ချုပ်ကြီးဟောင်း လူဒင်ဒေါ့ပင်ကိုယ်တိုင် ပါဝင်ခဲ့သည်။ ဟစ်တလာမှာ ပို၍ ကျော်ကြားခဲ့ပြန်လေ၏။


ဟစ်တလာသည် နိုင်ငံရေးတွင် အနိုင်ရရေး၊ နေရာရရှိ ရေး၊ အသိအမှတ်ပြုလာစေရေးအတွက် နည်းမျိုးစုံအဖုံဖုံ အသုံးပြု ခဲ့သည်ဆိုကြ၏။ ထိုကာလတွင် ဟစ်တလာသည်'အာဏာသိမ်းပွဲ' လုပ်ခဲ့သေး၏။ မအောင်မြင်ခဲ့ပါ။ ထောင်ဒဏ် ၅ နှစ် အပြစ်ပေး ခံခဲ့ရ၏။ နိုင်ငံတော် ပုန်ကန်မှုဖြင့် ၁၉၂၄။ ၁၉၂၅ ခုနှစ်တွင် ထောင်မှလွတ်ခဲ့ပြန်လေ၏။ ဟစ်တလာ ကို စကားမပြောရဟု အာဏာပိုင်များမှ အမိန့်ထုတ်ခဲ့လေ၏။ ၁၉၂၈ ခုနှစ်အထိ။ ထို့ကြောင့် စာရေး၍ စာအုပ်ထုတ်ဝေခဲ့လေ၏။ 'ကျွနု်ပ်၏ကြိုးပမ်းမှု'စာအုပ် ၁၉၂၆ ခုနှစ်တွင် ဝိုင်းမားမြို့တွင် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့။ ထိုကာလတွင် ပါတီဝင်ဦးရေမှာ သိန်း ကျော်ခဲ့ပြီဆို၏။ ၁၉၂၉ ခုနှစ်တွင် နှစ်သိန်းနီးပါးရှိခဲ့သည်။ နာဇီပါတီဝင် များကို နာဇီကျောင်းသားအဖွဲ့၊ နာဇီမုန်တိုင်းတပ်ဖွဲ့၊ နာဇီကျောင်း ဆရာများအဖွဲ့၊ နာဇီဆရာဝန်သမဂ္ဂ၊ နာဇီရှေ့နေများသမဂ္ဂ၊ နာဇီ လူငယ်အဖွဲ့ စသည့် အဖွဲ့ပေါင်းများစွာ ဖွဲ့စည်းပေးခဲ့သည်။ ၁၉၃ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် နာဇီပါတီ အနိုင်ရလုလုနီးပါးဖြစ်ခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် နာဇီမုန်တိုင်းတပ်သားပေါင်းပင် တစ်သိန်းနီးပါး ရှိခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် နာဇီပါတီအာဏာ ရလာခဲ့လေ၏။ ၁၉၃၃ ခုနှစ်တွင် ဟစ်တလာ သည် ဂျာမနီပြည်၏ ဝန်ကြီးချုပ်ရာထူးကို တရားဝင် ရရှိခဲ့လေ သည်။ ပါလီမန်တွင် ဆက်လက်အနိုင်ရရှိအောင် ကြိုးစာခဲ့ရာတွင်လည်း နည်းမျိုးစုံဖြင့်ကြိုးစားခဲ့ရာ အနိုင်ရရှိခဲ့လေ၏။ ၁၉၃၄ခုနှစ်တွင် ဂျာမနီနိုင်ငံတော်သမ္မတကြီးဟင်ဒင်ဘတ် ကွယ်လွန်ခဲ့ရာ တစ်နာရီအတွင်းမှာပင် ဝန်ကြီးချုပ်ဟစ်တလာသည် သမ္မတကြီး၏ အရိုက်အရာကို ဆက်ခံရုံမျှမက ဂျာမန် လက်နက်ကိုင်တပ်ပေါင်းစုံ၏ စစ်သေနာပတိချုပ်ရာထူးကိုပါယူ၍ နိုင်ငံတော်ကို ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟူ၏။ ၁၉၃၅ ခုနှစ်တွင် အင်္ဂလိပ်ပြင်သစ်အပါအဝင် နိုင်ငံကြီးများသည် ဟစ်တလာ အန္တရာယ်ကို ကြိုမြင်ခဲ့ကြရလေသည်။ ဂျာမနီသည် စစ်အင်အားကို တဖြည်းဖြည်း ထိုးချဲ့ခဲ့ရာ စစ်သားဦးရေ ၅ သိန်း ၅ သောင်းပင် ရှိခဲ့သည်ဆို၏။ ဂျာမနီ ကို အိမ်နီးချင်း တိုင်းပြည်များမှ ဝိုင်း၍ ကန့်ကွက်ခဲ့ကြသည်။ သို့သော် ဟစ်တလာသည် ဂရုမစိုက်။ သို့နှင့် ၁၉၃၆ ခုနှစ်၊ မတ်လတွင်ပြင်သစ်ပြည်ကို စတင် တိုက်ခိုက်ခဲ့လေတော့သည်။ အီတလီခေါင်းဆောင် မူဆိုလီနီနှင့် လက်တွဲခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဩစတြီးယားကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ချက်ကိုစလိုဗေးကီးယားကို သိမ်းပိုက်သည်။ ထိုနှစ်မှာပင် ပိုလန်နိုင်ငံကိုလည်း သိမ်းပိုက်ခဲ့လေ၏။ ဂျူးလူမျိုးတို့ သုတ်သင်ရေးစီမံကိန်းကိုလည်း ထိုကာလများတွင် စတင်ခဲ့လေ၏။ ၁၉၄ဝ တွင် ဟစ်တလာ၏ အစီအစဉ်များသည် တကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည် ဆိုကြရလေ၏။ ဗြိတိသျှပြင်သစ်ဘယ်လ်ဂျီယံနော်ဝေးတို့၏ တပ်ပေါင်းများစွာ၊မြို့ ပေါင်းများစွာမှ ဂျာမနီတပ်များကို ခုခံတိုက်ခိုက်ခဲ့ရသည်။ ၁၉၄၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံကို ဝင်ရောက် တိုက်ခိုက်ခဲ့လေ၏။ သို့သော် ဟစ်တလာ၏စစ်မျက်နှာများ လက်တံရှည်လျားလှသဖြင့် ထိုအချိန်မှစ၍ မနိုင်မနင်းဖြစ်ကာရှိနေခိုက်တွင် ဂျပန်နှင့်လည်း မဟာမိတ်ဖွဲ့ခဲ့သေး၏။ သို့သော် ထိုအချိန်တွင် ဟစ်တလာသည် စစ်ပန်းနေခဲ့ပြီ။ မကြာခင်မှာပင် ဂျပန်တို့၏ ပုလဲဆိပ်ကမ်းဗုံးကြဲ မှုကြီးသည် အမေရိကန်တို့ ရန်စကျူးကျော်ခြင်းဖြစ်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းသို့ အမေရိကန် ဝင်ရောက်လာခဲ့ခြင်းသည် ဟစ်တလာနှင့် နောက်ပါမိတ်ဆွေနိုင်ငံများအတွက် ဆုံးရှုံးခြင်း နိမိတ်ဟု ယူဆခဲ့ကြသည်ဆို၏။ ထိုသို့နှင့် ၁၉၄၁-၄၂-၄၃-၄၄ ခုနှစ်များတွင် ဟစ်တလာ သည် ဘေးကြပ်နံကြပ်များနှင့် ရင်ဆိုင်ခဲ့ရပြီး တစတစ စစ်ရှုံးကာ မျက်ကန်းတစ္ဆေမကြောက် ပုံစံနှင့်သာရှိနေခဲ့လေ၏။ ၁၉၄၅ ခုနှစ်တွင် ဟစ်တလာ၏ ရှိသမျှတပ်ပေါင်းများစွာ ပျက်စီးခဲ့၍ မဟာမိတ်တပ်များနှင့် ဆိုဗီယက်တပ်နီတော်၏ ထိုးစစ်ဒဏ် များကို လုံးဝခုခံနိုင်ခြင်းမရှိတော့ဘဲ ပြိုကွဲပျက်စီးခဲ့ရလေတော့ သည်။ ဟစ်တလာကို လုပ်ကြံမှုကြီးပေါင်းများစွာနှင့်သေကြောင်း ကြံစည်ခဲ့ကြသော်လည်း မသေခဲ့ဘဲ သူ၏ဝန်မခံသော နောက်ဆုံးချစ်သူ အိဗာဗရွန်းနှင့်အတူ ၁၉၄၅ ခုနှစ်၊ ဧပြီလတွင် နောက်ဆုံးနေထိုင်ရာ စံအိမ်တော်ဝင်း ပုန်းခိုကျင်းကြီးထဲတွင်မိမိကိုယ်မိမိ သေနတ်ဖြင့် သေကြောင်းကြံ ကွယ်လွန်ခဲ့သည်ဟုသိရှိ ကြရပါသည်။ [၁]

သူ၏မွေးရပ်မြေမှ ဂျာမနီနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး ဂျာမနီ နိုင်ငံရေး လှုပ်ရှားမှုမျာတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ်မှစ၍ ဂျာမန် အမျိုးသားဆိုရှယ်လစ်အလုပ်သမားများပါတီ (NSDAP) ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ၁၉၃၃ ခုနှစ်မှစ၍ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ်၊ ၁၉၃၄ ခုမှစ၍ သေဆုံးသည့် ၁၉၄၅ ခုနှစ်အထိ သူ့ကိုယ်သူ "အမျိုးသားခေါင်ဆောင်" ဟုအမည်တပ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အစိုးရအဖွဲ့ ဥက္ကဋ္ဌ ရာထူးများကို တစ်ဦးတည်း သိမ်းပိုက်ကာ တိုင်းပြည်အာဏာကို ထင်သလို ခြယ်လှယ်ခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် ၁၉၄၅ ခု ဧပြီလ ၃၀ ရက်နေ့တွင် သူနေထိုင်ရာ ဘာလင်မြို့နန်းတော်တွင်း၌ သူ့ကိုယ်သူပင် အဆုံးစီရင်ခဲ့သည်။

ဟစ်တလာနှင့် နာဇီဝါဒ[ပြင်​ဆင်​ရန်​]

ဟစ်တလာ၏ ဦးဆောင်မှု အောက်တွင် နာဇီဟုခေါ်သော လူတစ်စုသည် ဂျာမနီနိုင်ငံတွင် အာဏာရှင်စနစ်ကို ကျင့်သုံးကာ "တတိယ ဂျာမနီ နိုင်ငံတော်" ကို တည်ထောင်ခဲ့ကြသည်။ ၁၉၃၃ ခုနှစ်မှစ၍ အခြားသော နိုင်ငံရေးပါတီများကို အဓမ္မဖျက်သိမ်းခဲ့ပြီး၊ အချို့သော ပါတီများကို ရပ်တည်၍ မရအောင် နည်းအမျိုးမျိုးဖြင့် နှောင့်ယှက် ဖျက်ဆီးခဲ့သည်။ နာဇီအစိုးရကို ဆန့်ကျင်သော နိုင်ငံရေးလှုပ်ရှားသူများ အားလုံးကို ရှာဖွေဖမ်းဆီးစေပြီး နာဇီ အကျဉ်း စခန်းများသို့ ပို့ဆောင်ချုပ်နှောင်၍ အဆုံး၌ ကွပ်မျက် သတ်ဖြတ်လိုက်ကြသည်။

ဟစ်တလာနှင့်သူ၏ အပေါင်းအပါများသည် ဥရောပတစ်ခွင်တွင် မှီတင်းနေထိုင်ကြသော "ဂျူး" လူမျိုးများ၊ အခြားသော ဘာသာဝင်များ၊ လူမျိုးခြားတိုင်းရင်းသားများ အပါအဝင် အခြားသော လူ့အဖွဲ့အစည်းဝင်များကို လိုက်လံရှာဖွေပြီး ရက်စက်သောနည်းမျိုးစုံဖြင့် စနစ်တကျ သတ်ဖြတ်လိုက်ကြသည်။ နာဇီတို့၏ ထိုလုပ်ရပ်များကြောင့်ပင် ဒုတိယကမ္ဘာစစ်မီး စတင်တောက်လောင်ခဲ့ပြီး ကလေးသူငယ်များ မိခင်များ အမျိုးသမီးများအပါအဝင် ၃၉ သန်းသော လူများ အသက်ဆုံးရှုံခဲ့ရသည်။ ထိုအထဲတွင် ဂျူးလူမျိုး ခြောက်သန်းသည်လည်း နာဇီတို့၏ လက်ချက်ဖြင့် သေကြေပျက်စီးခဲ့ကြရသည်။ ဥရောပတိုက်ကြီး၏ ဒေသအတော်များများသည်လည်း စစ်ဘေးစစ်ဒဏ်ကြောင့် အစိတ်စိတ်အမွှာမွှာ ကြွေမွပြီး အဆုံးအရှုံးများစွာကို ရင်ဆိုင်ခဲ့ရတော့သည်။

အတ္ထုပ္ပတ္တိ[ပြင်​ဆင်​ရန်​]

ဟစ်တလာ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ကြည့်လျှင် အလွန်အမင်း ခြားနားကွာဟနေသော ဘဝအစိတ်အပိုင်းနှစ်ခုကို ပိုင်ဆိုင်သူဖြစ်ကြောင်း ဖော်ပြနေပေသည်။ အသက် ၃၀ အရွယ်ရောက်သည့်တိုင်အောင် ဟစ်တလာသည် အများနည်းတူ ဘဝအောင်မြင်မှုကို မရရှိနိုင်ခဲ့။ မည်သည့်အလုပ်ကိုမှ မယ်မယ်ရရ တတ်ကျွမ်းထားခြင်းလည်းမရှိ၊ မည်သည့် လူ့အသိုင်းအဝိုင်း အဆက်အသွယ်ကောင်းများကိုမှလည်း ထိထိရောက်ရောက် မရှိခဲ့သူ ဖြစ်ရာ သူ၏ဘဝတိုးတက်ကြီးပွားရေးသည်လည်း နှောင့်နှေးကြန့်ကြာခဲ့ရသည်။

ဟစ်တလာ ငယ်စဉ်က

ထို့နောက်တွင်တော့ ဟစ်တလာသည် နှစ်အနည်းငယ်အတွင်းမှာပင် ဂျာမနီနိုင်ငံတော်ကြီးကိုပင် ဝန်ကြီးချုပ်လုပ် သိမ်းပိုက်နိုင်ရုံမက ဥရောပနိုင်ငံအတော်များများကိုလည်း သူ၏လက်အောက်သို့ ပြားပြားမှောက် ရောက်ရှိစေခဲ့သည်။ ပြောရလျှင် သူလိုလူသည် ဤကမ္ဘာလောကတွင် မရှိသလောက်ပင် ရှားသည် ဟုဆိုရမည်။

နိုင်ငံရေးလောကထဲမဝင်မီ သူ၏ဘဝနှင့် သူ၏ဇာတ်ကြောင်းကို ဟစ်တလာသည် "ပဟေဠိ" တစ်ခုအနေဖြင့်သာ အများကို သိစေခဲ့သည်။ Krockow ၏စာအုပ်ထဲတွင် "ငါဘယ်ကလာတယ်၊ ငါက ဘယ် မိသားစုကပေါက်ဖွားတယ်ဆိုတာ ဒင်းတို့ သိဖို့ အရေးမပါ ပါဘူး" လို့ဟစ်တလာက သူ့ ခေတ်ပြိုင် နိုင်ငံရေးသမားတွေကို ရည်ညွန်းပြီး ပြောခဲ့ကြောင်း ရေးသားထားပါသည်။

အားဒေါ့လ်ဖ် ဟစ်တလာကို အကောက်အခွံအရာရှိ အားလွိုက်စ် ဟစ်တလာ နှင့် ဇနီးဖြစ်သူ ကလာရာတို့မှ ဩစတြီးယား ပြည်နယ်မြောက်ပိုင်း ဗရောင်းနောင်း အမ် အင်းန် တွင် မွေးဖွားခဲ့သည်။ ၁၉၀၃ ခုနှစ်တွင် ဖခင်ဖြစ်သူသေဆုံးခဲ့ပြီး အထက်တန်းကျောင်းမှ နှုတ်ထွက်ခဲ့သည်။ ဗင်းန်မြို့တွင် ယဉ်ကျေးမှု တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး အောင်မြင်မှုမရခဲ့သည့်အတွက် သူဖြစ်ချင်သော အနုပညာရှင် တစ်ယောက်ဖြစ်ရန် ရည်မှန်းချက်ကို လက်လွှတ်လိုက်ရသည်။

၁၉၁၄ ခုနှစ်တွင် ပထမ ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားခဲ့ရာ ဂျာမန်စစ်တပ်အတွင်းသို့ မိမိသဘောဖြင့်ပင် ဝင်ရောက်အမှုထမ်းခဲ့သည်။ စစ်ကြီးပြီးသောအချိန် ၁၉၁၉ ခုနှစ်တွင် ဂျာမန် အလုပ်သမားများပါတီ (DAP) ဟူသည့် ပါတီအသစ်အတွင်းသို့ အဖွဲ့ဝင်အဖြစ် စာရင်းသွင်းခဲ့သည်။ ထိုပါတီကို ၁၉၂၀ တွင် အမျိုးသား ဆိုရှယ်လစ် ဂျာမန် အလုပ်သမားများ ပါတီ (NSDAP) အဖြစ် အမည်ပြောင်းလဲ ခေါ်တွင်ခဲ့သည်။

ပထမ ကမ္ဘာစစ်အတွင်းက ဟစ်တလာ

သူ၏စကားပြောပါးနပ်မှု၊ နားထောင်သူကို ဆွဲဆောင်နိုင်မှု၊ အဟောအပြောကောင်းမှုတို့က သူ့ကို စင်ပေါ်သို့လျင်မြန်စွာပင် တွန်းတင်ပေးခဲ့သည်။ အစိုးရအဖွဲ့အတွင်းမှ ပြဿနာများကြောင့် နာဇီပါတီသည် ပြည်သူလူထုကို စည်းရုံးရန် လွယ်ကူခဲ့သည်။

၁၉၂၃ ခုနှစ်တွင် ဟစ်တလာနှင့် လူဒန်ဒေါ့ဖ် တို့သည် မြူနစ်မြို့တွင် နိုင်ငံတော်အာဏာသိမ်းရန် ကြံစည်ရာ မအောင်မြင်ခဲ့ပေ။ သူ၏လုပ်ရပ်သည် ပစ်မှုထင်ရှားသည့်အတွက် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် တရားရုံးမှ အမိန့် ချမှတ်ခဲ့သည်။ သို့သော် သူသည် ၁၉၂၄ ခုနှစ်တွင်ပင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုနှစ်များတွင် သူသည် သူ၏ နောင်အချိန်တွင် နာမည်ကျော်ကြားလာသော "ကျွန်ုပ်၏စွန့်စားခန်းများ" (MeinKampf) စာအုပ်ကို ရေးသားပြုစုခဲ့သည်။ ထိုစာအုပ်အတွင်းတွင် သူ၏ နိုင်ငံရေး ရည်မှန်းချက်များ ဖြစ်သည့် ဂျူးလူမျိုးသုတ်သင်ရေးနှင့် အရှေ့ပိုင်းနိုင်ငံများသို့ နယ်မြေများ တိုးချဲ့ရေးစသည်တို့ပါဝင်သည်။

အကြမ်းဖက် အာဏာသိမ်းမှုသည် အောင်မြင်မှုလမ်းစ မရှိနိုင်ကြောင်း ခံစားမိသွားသည့် ဟစ်တလာသည် နိုင်ငံတော် အာဏာကို တရားဝင်နည်းလမ်းများသုံး၍ အရယူရန် ကြံစည်လေတော့သည်။ ၁၉၃၂ ခုနှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် သူ၏ပါတီ (NSDAP) က အင်အားအကြီးဆုံး ပါတီဖြစ်လာခဲ့သည်။ အကျိုးဆက်အနေနှင့် သူသည် ၁၉၃၃-ခု ဇန္နဝါရီလ ၃၀ ရက်နေ့တွင် သူသည် နိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်လာခဲ့တော့သည်။

ဟစ်တလာ အာဏာရလာပုံ[ပြင်​ဆင်​ရန်​]

အာဏာရ ဟစ်တလာ

အာဒေါ့လ်ဖ် ဟစ်တလာသည် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးလောကသို့ ဝင်ရောက်လာချိန် ကတည်းကပင် ဂျာမနီနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် စိုးစင်းမျှ စိတ်ကူးခဲ့ခြင်းမရှိပေ။ သို့သော် နိုင်ငံတော်အာဏာကို သူ၏လက်ဝယ်သို့ လျှင်မြန်စွာ ရောက်ရှိရေးနှင့် ရရှိပြီးသော အာဏာကို အဓွန့်ရှည်ကြာစွာ ဆက်လက် ချုပ်ကိုင်ထားနိုင်ရေး အတွက်ကိုမူ ဒီမိုကရေစီလမ်းစဉ်ကို စနစ်ကျစွာ အလွဲသုံးစား ပြုခဲ့သည်။ ဟစ်တလာသည် တရားဝင် နည်းလမ်းသုံးသွယ်ကို အသုံးပြုကာ အကြွင်းမဲ့အာဏာရှင်အဖြစ်သို့ လွယ်လင့်တကူပင် ရောက်ရှိလာခဲ့ပေတော့သည်။

အုပ်ချုပ်ရေးအာဏာကို အရယူခြင်း[ပြင်​ဆင်​ရန်​]

၁၉၃၃ ခု ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဂျာမနီနိုင်ငံ ပြည်သူ့လွတ်တော်အဆောက်အဦးကြီး မီးစွဲလောင်သည်။ ထိုမီးလောင်မှုကြီးသည်ပင် ဟစ်တလာကို အာဏာရှင်အဖြစ်သို့ ရောက်ရှိလာရန် ပထမဦးဆုံး တွန်းအားပေးခဲ့ပေသည်။ မီးလောင်မှုနှင့် စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို အချိန်မဆိုင်းဘဲ ခေါ်ယူဆွေးနွေးခဲ့သည်။

ယင်းအစည်းအဝေးတွင် ဟစ်တလာက လက်ရှိ နိုင်ငံတော်သမ္မတထံမှ ဥပဒေသစ်တစ်ခုကို တောင်းခံခဲ့သည်။ "နိုင်ငံတော်နှင့် လူမျိုးစုများကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့် ဥပဒေ" ဟုခေါ်သည့် ၄င်းဥပဒေကြောင့် တရားဝင်ထုတ်ပြန်ထားသည့် နိုင်ငံသားတို့၏ လွပ်လပ်ခွင့်နှင့် လူသားအားလုံး၏ အခြေခံဥပဒေများအားလုံးသည် အချိန်အကန့်အသတ်မရှိဘဲ အလိုအလျောက် ရုပ်သိမ်းခြင်းကို ခံလိုက်ရပေတော့သည်။

ထိုအစည်းအဝေးကျင်းပသည့် ၂၈ ရက်နေ့ ညနေတွင် ဟစ်တလာသည် သူ၏အတိုက်အခံများ ဖြစ်ကြသော ကွန်မြူနစ်များ၊ လက်ဝဲအစွန်းရောက်များနှင့် ဆိုရှယ်ဒီမိုကရက် များကို သူ၏အမိန့်ဖြင့် လိုက်လံ ဖမ်းဆီး ချုပ်နှောင်စေခဲ့သည်။

ဥပဒေပြုအာဏာကို အရယူခြင်း[ပြင်​ဆင်​ရန်​]

၁၉၃၃ ခု မတ်လ ၂၄ ရက်နေ့တွင် ဟစ်တလာသည် စစ်ဥပဒေသစ်တစ်ရပ်ကို ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုဥပဒေကို "နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းခွင့် ဥပဒေ" ဟု တရားဝင်ခေါ်ဆိုခဲ့သော်လည်း ထိုအမိန့်ဥပဒေအရပင် ဟစ်တလာ အာဏာရှင်သည် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လိုသလို မွှေနှောက်အသုံးချနိုင်သူ ဖြစ်သွားသည်။ ထို့ထက်ဆိုးသည်မှာ အဆိုပါ အမိန့်အရ ပြည်သူ့လွှတ်တော်၏ ထိန်းချုပ်မှုအောက်မှလည်း ကွင်းလုံးကျွတ် လွတ်မြောက်ခွင့်ရ သွားလေ တော့သည်။

ဤနည်းဖြင့်ပင် ဂျာမနီနိုင်ငံတွင် အချိန်အတော်အတန်ကြာ အမြစ်တွယ်နေပြီးဖြစ်သော ဒီမိုကရေစီစနစ်ကြီးသည် အပြီးအပိုင် ချုပ်ငြိမ်းသွားခဲ့လေတော့၏။ တချိန်တည်းတွင်ပင် စစ်အာဏာရှင်များသည် နိုင်ငံရေးအတိုက်အခံများ၊ တော်လှန်ပုန်ကန်သူများကို ချုပ်နှောင်ထိန်းသိမ်းရန် နာဇီအကျဉ်းစခန်းများကို စတင် တည်ဆောက်လေတော့သည်။

တရားစီရင်မိန့်အာဏာကို အရယူခြင်း[ပြင်​ဆင်​ရန်​]

နိုင်ငံရေးသမားများကို မြေလှန်ရှာဖွေ ဖမ်းဆီးစေနိုင်ခဲ့ပြီး တော်လှန်ပုန်ကန်သူများကိုလည်း ဖြုတ်ထုတ်ရှင်းစနစ်ဖြင့် ကြိုးကိုင် ထိန်းချုပ်ထားနိုင်ခဲ့သည့်အချိန်တွင် အာဏာရှင်စနစ်ဆိုးကြီးသည်လည်း အရှိန်တဟုမ်းဟုမ်းဖြင့် လောင်ကြွမ်းနေလေပြီ။ ၁၉၃၃ ခု ဇွန်လ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရုမ်းမ် "Roehm" ၏ အာဏာသိမ်းရန် ကြံစည်မှုကြီးက ဟစ်တလာကို နောက်ထပ် လှေကားထစ်တစ်ခုသို့ထပ်မံ တွန်းပို့လိုက်သည်နှင့် တူနေလေတော့သည်။ SS စစ်တပ်နှင့် ကာကွယ်ရေးစစ်တပ်နှစ်ခုကို ပူးပေါင်းစေပြီး အာဏာသိမ်းရန် ကြံစည်သော အဲ့န်စ်တ် ရုမ်းမ် "Ernst Roehm" အပါအဝင် အခြားသော SA စစ်ဗိုလ်များကို ကွက်မျက်စေခဲ့သည်။

၁၉၃၃ ဇူလိုင် ၃ ရက်နေ့တွင် ထုတ်ပြန် သော ဥပဒေအသစ်မှ ၏လုပ်ရပ်သည် နိုင်ငံတော် အေးချမ်းသာယာရေးကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သဖြင့် ဥပဒေကြောင်လမ်းအရ မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့သည်။ SA စစ်တပ်ကြီးသည် ထိုအချိန်မှစ၍ သူ၏လုပ်ပိုင်ခွင့်နှင့် အထူးအာဏာများကို လက်လွှတ်လိုက်ရပြီး SS စစ်တပ်သည်သာလျှင် ဟစ်တလာ၏ တိုက်ရိုက်ဦးဆောင်မှုဖြင့် အာဏာရှင်လက်ကိုင်တုတ်များ ဖြစ်လာကြတော့သည်။

ဤသို့သော တရားဝင်နည်းလမ်းအသွယ်သွယ်ကို အသုံးချရင်း နိုင်ငံတော်အာဏာကို တစတစသိမ်းယူလာခဲ့သည်။ ဂျာမနီနိုင်ငံသမ္မတ ဟင်းဒန်းဘွတ်ခ် ကွယ်လွန်ပြီးသည့်အချိန်မှစ၍ လက်ရှိရာထူးအပြင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ခေါင်းဆောင်ကြီး အမည်များခံယူကာ ဟစ်တလာသည် အကြွင်းမဲ့အာဏာရှင်ဘဝသို့ ပြိုင်ဘက်မရှိ ရောက်ရှိသွားလေတော့သည်။ [၂]

ဟစ်တလာ အဲဒေါ့(ခရစ် ၁၈၈၉-၁၉၄၅)[ပြင်​ဆင်​ရန်​]

ခေတ်သစ် အာဏာရှင်များအကြောင်း ရေးသားရာတွင် ကမ္ဘာ တလွှား၌ တချိန်က လူသိများလှသော ဂျာမနီအာဏာရှင် ဟစ်တလာ အကြောင်းကို ချန်လှပ်ထားရန် မဖြစ်နိုင်ချေ။ အကြောင်းဟူမူ အာဏာရှင်ထဲတွင် ဟစ်တလာလောက် မည်သူမျှ အာဏာ တန်ခိုး မဖွံ့ဖြိုးသောကြောင့် ဖြစ်သည်။ ဟစ်တလာသည် သာမန် အလုပ်သမားဘဝမှ ဂျာမနီနိုင်ငံ အထွတ်အထိပ် အာဏာရှင်အဖြစ်သို့ ရောက်ရှိခဲဲ့သူ ဖြစ်သည်။ သူ့ကို 0x100သစတြီးယား နယ်စပ်မြို့ကလေးဖြစ်သော ဗရွန်းနော အမ်အင်းမြို့တွင် ခရစ် ၁၈၈၉ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့ မွေးဖွားသည်။ သူ၏ဖခင်မှာ 0x100သစတြီးယန်း အကောက်အရာရှိ အလွိုက်ဟစ်တလာဖြစ်၍ မိခင် မှာ ဗိုဟီးမီးယန်း အမျိုးသမီး ကလဲရာပိုးလဇ ဟစ်တလာ ဖြစ်သည်။ ဟစ်တလာတွင် မွေးချင်းနှစ်ဦး ရှိလေသည်။

ဟစ်တလာ၏ ငယ်စဉ်တောင်ကျေး ကလေးဘဝက အဖြစ် အပျက်များကို မည်သူမျှ ကောင်းစွာ မသိကြချေ။ အနည်း အကျဉ်း သိရသမျှဆိုလျှင် သူ၏ ကလေးဘဝမှာ ဆင်းးရဲနုံချာ လှ၍ ပျော်ရွှင်မှုကင်းမဲ့ခဲ့လေသည်။ သူ၏ ဖခင်သည် မိမိကဲ့သို့ ပင် အစိုးရအရာရှိတစ်ဦး ဖြစ်စေလိုသဖြင့် သူဝါသနာထုံ၍ ပန်းချီဆရာ ဖြစ်ရမည် ဟူသော ဟစ်တလာ၏ ရည်မှန်းချက်ကို မမြေ|ာက်စားခဲ့သည့်ပြင် ပြင်းပြင်းထန်ထန်ကြီး ကန့်ကွက်ခဲ့ပေ သေးသည်။ သို့ဖြစ်၍ ဟစ်တလာသည် သူ၏ဖခင်အား အမုန်း ကြီး မုန်းခဲ့သည်။ ဖခင်အား မုန်းတီးသလောက် မိခင်ကို အလွန်ချစ်ခင် ကြည်ညိုလေသည်။ ထိုသို့ ဖြစ်ရသည်မှာ သူ၏ မိခင်သည် သူ့အား ချစ်ခင်ကြင်နာ ပြီးလျှင် သူ၏အလိုကို တတ်နိုင်သမျှ ဖြည့်စွမ်းပေးသောကြောင့် ဖြစ်၏။ သူ့မိခင်၏ အကူအညီဖြင့် ရေဆေးပန်းချီပညာကို မတောက်တခေါက် လေ့လာ ဆည်းပူးနိုင်ခဲ့၏။ မိခင်ဖြစ်သူက မည်မျှပင် ကြင်ကြင် နာနာ ပြုစုစောင့်ရှောက်ပါသော်လည်း လုံးဝ စိတ်ချမ်းမြေ့မှုကို ကား ဟစ်တလာသည် မရခဲ့ချေ။ အမြဲလိုလိုပင် တွေဝေငေးမော စိတ်ကူးရေယာဉ်ကြောတွင် မြောနစ်နေကာ သူရဲကောင်းဖြစ် လိုသော ဆန္ဒ၊ ဂျာမနီနိုင်ငံ၏ ဂုဏ်ကို မြှင့်တင်ပေးလိုသော ဆန္ဒများသာ တဖွားဖွား ပေါ်ပေါက်နေလေသည်။

နုနယ်သေးလှသည့် အသက် ၁၃ နှစ်အရွယ်တွင် သူ၏ ဖခင်ကြီး သေဆုံးသွားလေသည်။ နောက် နှစ်နှစ် ကြာသော အခါ မိခင် သေဆုံးသွားပြန်ရာ လူလားမမြောက်မီ လောက အလယ်တွင် တအားငယ် ကျန်ရစ်ခဲ့လေသည်။ ထိုသို့ ပူဆွေး ဝမ်းနည်းဖွယ်ရာ အမျိုးမျိုးနှင့် ဆင့်ကဲဆင့်ကဲ တွေ့ကြုံရခြင်း၊ အထီးတည်းနေရခြင်း၊ ဆွေမျိုးများအပေါ် မှီခိုနေရခြင်း စသော အချက်များသည် နောင်သောအခါ ဟစ်တလာ၏ အကျင့် စာရိတ္တတွင် များစွာ အရာထင်စေခဲ့လေသည်။

လူဖြစ်လာကတည်းက ဒုက္ခတွေ ပင်လယ်ဝေနေသည်ကိုသာ တွေ့ကြုံခဲ့ရသော ဟစ်တလာသည် အသက် ၂ဝ မပြည့်ခင် ဝမ်းရေးအတွက် ဗီယင်းနားမြို့သို့ ပန်းချီပညာသင်ရန် သွား ရောက်လေသည်။ သူကား မနူးမနပ်နှင့် တောဆံလှသည်။ တွေဝေမိန်းမောနေတတ်သည်။ ပိုက်ဆံဟူ၍လည်း ဗလာနတ္ထိ ဖြစ်ဘိရကား လမ်းများတွင် တံမြက်လှည်းကာ သမုဒ္ဒရာ ဝမ်းတစ်ထွာကို ရိက္ခာတော် ဆက်ခဲ့ရလေသည်။ ပန်းချီကျောင်းတွင်လည်း ကျောင်းဝင် စာမေးပွဲကိုပင် မအောင်မြင်သဖြင့် ဗိသုကာ အတတ်သင်ရန် သူ့အား အကြံ ပေးကြလေသည်။ နောက်ဆုံးတွင် ဆင်းရဲလွန်းလှသဖြင့် မတတ်သာတော့သဖြင့် ပန်းရံဆရာကြီး တစ်ဦး၏ထံတွင် အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်လေသည်။

ဟစ်တလာသည် မိမိဘဝ၏ အောက်တန်းကျလှပုံ၊ ဆင်းရဲ တွင်း နက်လှပုံတို့ကို တွေးတောယင်း အလုပ်သမားသမဂ္ဂ များ၊ မတ်ဝါဒီများနှင့် ယဟူဒီ လူမျိုးတို့ကို မုန်းတီးလာလေ သည်။ ထိုနောက် သူသည် ပို့စကတ်များ ရေးဆွဲခြင်း၊ အရုပ် ကားများ ရောင်းချ ခြင်းဖြင့် ဆင်းရဲပင်ပန်းစွာ အသက်မွေးခဲ့ လေသည်။

၁၉၁၂ ခုနှစ်တွင် ဟစ်တလာသည် မျူးနစ်မြို့တွင် လက် သမားအဖြစ် တစ်မျိုး၊ ပုံတူရေးဆရာအဖြစ် တစ်သွယ်၊ ရေ ဆေး ပန်းချီဆရာအဖြစ် တဖုံနှင့် လောကဇာတ်ခုံတွင် မီးစဉ် ကြည့်ကာ ဝမ်းစာရှာခဲ့ရ၏။ ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ် ဖြစ်လေရာ ဟစ်တလာသည် စစ်တပ်သို့ ဝင်ရောက် အမှုထမ်း လေသည်။ ၁၉၁၄ ခုနှစ်အတွင်း သူ၏ စစ်မှုထမ်းဘဝမှာ များစွာ မထင်ရှားလှသော်လည်း သူ၏ စွန့်စားမှုကြောင့် သူ သည် တပ်ကြပ်ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်းခံရ၍ သံ ကြက်ခြေတံဆိပ်ကိုပါ ချီးမြှင့်ခြင်း ခံရလေသည်။ ၁၉၁၆ ခုနှစ် တွင် ဆုမ်းတိုက်ပွဲ၌ ဒဏ်ရာရခဲ့သည်။

စစ်ပြေငြိမ်းသည့် အချိန်တွင် ဟစ်တလာသည် ဘာလင်မြို့ အနီး ဆေးရုံတစ်ရုံ၌ ဆေးကုသနေဆဲ ဖြစ်လေသည်။ သူကား ဂျာမန်တို့ လက်နက်ချ အရှုံးပေးသည်ကို အနည်းငယ်မျှ မကြေနပ်ရကား ချုံးပွဲချ၍ ငိုယိုမိ လေသည်။ ဤသို့ ငိုယိုခြင်း ကား မိခင် သေဆုံးပြီးနောက် ပထမဆုံး သူငိုမိခြင်းဖြစ်သည်ဟု ဆိုလေသည်။ သူသည် စိတ်ပျက်၍ အလွန်အမင်း ဝမ်းနည်း အခဲမကြေဖြစ်ကာ အမျိုးမျိုး စဉ်းစားရာ နောက်ဆုံး၌ နိုင်ငံရေး လောကသို့ဝင်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုအတောအတွင်း မျူးနစ်မြို့ရှိ စစ်တပ်တွင်ပင် နေထိုင်ယင်း သူလျှိုကလေးသဖွယ် ဆောင်ရွက်ခဲ့လေသည်။

ဟစ်တလာသည် ယဟူဒီများအား ဂျာမနီကို ကျွန်ဖြစ်စေ သော နိုင်ငံ၏ ရန်သူများဟု ယူဆလျက် အမုန်းကြီး မုန်းလေ သည်။ သူသည် ဘီယာဆိုင်များတွင် ကျင်းပသော နိုင်ငံရေး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် ဟစ်တလာသည် ဂျာမန် အလုပ်သမားပါတီသို့ ဝင်သည်။ ပရိသတ်ကို ဆွဲဆောင် နိုင်အောင် စကားပြောကောင်းသော ကြောင့် မကြာမြင့်မီပင် ခေါင်းဆောင်တစ်ဦး ဖြစ်လာလေသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဟစ်တလာသည် သူ၏ပါတီအတွက် စကြာအလံကို ထွင်လေသည်။ နောက်လိုက် အများအပြား စုဆောင်းကာ မုန်တိုင်းတပ်ဖွဲ့များကို ဖွဲ့စည်းသည်။ ပါတီကို လည်း ဂျာမန်လူမျိုး နေရှင်နယ် ဆိုရှယ်လစ် အလုပ်သမား ပါတီဟု အမည်သစ် ပေးသည်။ ဂျာမန်ဘာသာ အတိုကောက် အားဖြင့် နာဇီပါတီ ဟု တွင်သည်။ ( နာဇီ။)

ထိုပြင်ပါတီ၏ လုပ်ငန်းစဉ်တရပ်ကို ရေးဆွဲအတည်ပြုပြီး သော်ထိုလမ်းစဉ်အတိုင်း မနားမနေ ကြိုးစား ဆောင်ရွက်လေ တော့သည်။ထိုကြောင့် နာဇီများသည်တစ်နေ့တခြား အင်အား ကောင်းလာလေရာ ၁၉၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အစိုးရအာဏာကို သိမ်းပိုက်ရန် ကြံစည်ကြ၏။ ထိုသို့ ကြံစည် ရာ၌ ဘီယာဆိုင်များတွင် နောက်လိုက်များ စုဆောင်းသော ကြောင့် ဗီယာဆိုင်မှ တော်လှန်ရေးဟု ခေါ်တွင်လေသည်။ နာဇီတို့၏ ကြိုးစားမှုမှာ မအောင်မြင်ပဲ ဟစ်တလာလည်း အဖမ်းခံရပြီးနောက် ထောင်ဒဏ် ငါးနှစ် အပြစ်ပေး ခံရလေ သည်။ ထောင်ကျနေသည့် အတောအတွင်း ကျွန်ုပ်၏ ကြိုး ပမ်းမှုခေါ် နာဇီတို့ ကျင့်စဉ်ကို ရေးသားခဲ့လေသည်။ ထောင် ထဲတွင် ရှစ်လမျှသာ နေရပြီးနောက် လွတ်လာလေသည်။ ၁၉၂၄ ခုနှစ်မှ ၁၉၂၈ ခုနှစ်အတွင်းတွင်ကား ဂျာမနီနိုင်ငံ သည် စည်ကား ဝပြောနေလေရာ မကြေနပ်မှုများ မရှိ သလောက် ဖြစ်သဖြင့် တော်လှန်ရေးများ မပေါ်ပေါက်ခဲ့ချေ။ သို့ရာတွင် ၁၉၂၉ ခုနှစ်လောက်မှစ၍ ကမ္ဘာနှင့်အဝန်း စီးပွား ရေး ကြပ်တည်းမှု ပေါ်ပေါက်လာသောအခါ နာဇီတို့အဖို့ အခွင့် ကောင်းနှင့် ကြုံရပြန်လေသည်။ ဟစ်တလာသည်လည်း အခွင့် ကောင်းကိုယူ၍ ဂျာမန်လူထုအား မိမိတို့ စစ်ရှုံးရခြင်းမှာ ယဟူဒီများနှင့်မတ်ဝါဒီများကြောင့် ဖြစ်သည်ဟု အပြစ်ဖို့ကာ ဟောပြောပြီးလျှင် သူ့ဘက်သို့ ဆွဲဆောင်လေသည်။ စက်မှု လုပ်ငန်း အရင်းရှင်ကြီးများကလည်း သူ့ကို အားပေးထောက်ခံ လာကြသည်။

နာဇီပါတီသည် တဖြည်းဖြည်း အားကောင်းလာရကာ ၁၉၃ဝ ပြည့်နှစ်တွင် ဂျာမန်လွှတ်တော်၌ နာဇီပါတီဝင် အမတ် ၁ဝ၇ ယောက်မျှ ရှိနေပြီ ဖြစ်သည်။ ၁၉၃၂ ခုနှစ်တွင်မူ ၁၉၆ အထိ တိုးတက်လာပြီးလျှင် ဂျာမနီနိုင်ငံတွင် အင်အား အတောင့်ဆုံးပါတီ ဖြစ်လာလေသည်။ ထိုနှစ်တွင် ဟစ်တလာ သည် ဟင်ဒင်ဗတ် နှင့် ယှဉ်ပြိုင်၍ သမ္မတရာထူးကို အရွေးခံ ရာ ရှုံးနိမ့်သွား၏။ ( ဟင်ဒင်ဗတ်ပေါဖွန်။)

သို့သော်ဖွန်ပေပင်တို့ လူစုက စွမ်းဆောင်မှုကြောင့် ၁၉၃၃ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် ဟစ်တလာသည် ဂျာမန်လွှတ် တော်၏ အဓိပတိ(ဝန်ကြီးချုပ်) ဖြစ်လာသည်။ ၁၉၃၄ ခုနှစ် တွင် သမ္မတ ဟင်ဒင်ဗတ် ကွယ်လွန် သောအခါ ဟစ်တလာ သည် အဓိပတိရာထူးနှင့် သမ္မတရာထူး နှစ်ခုလုံးကို ပူးတွဲ ထမ်းရွက်လေသည်။ ဟစ်တလာသည် သူ၏ ရည်မှန်းချက်အတိုင်း ဂျာမနီနိုင်ငံ ၏ အထွတ်အထိပ်အဖြစ်သို့ ရောက်ပြီဖြစ်ရာ သူ၏ လုပ်ငန်း စဉ်ကို ချမှတ်ကာ စတင် ဆောင်ရွက်လေတော့သည်။ နိုင်ငံ စည်းလုံးတောင့်တင်းမှုအတွက် ရှေးဦးစွာ သူသည် အတိုက် အခံပါတီများကို နှိပ်ကွပ် တိုက်ဖျက်သည်။ သူ၏ ပါတီများ ထဲမှ သူ၏ သဘောချင်း မတိုက်ဆိုင်သူများကိုလည်း ပါတီ သန့်ရှင်းရေးဟု အကြောင်းပြကာ သုတ်သင်ပစ်လေသည်။ နာဇီ ပါတီမှသာလျှင် တရားဝင်ပါတီဖြစ်သည်ဟု ကြေညာ ပြီးသော် တစ်ပါတီစနစ်ကို ထူထောင်လေသည်။ နိုင်ငံရေး အာဏာများကိုလည်း သူ၏ လက်ဝယ်ထားရှိပြီးနောက် သူ၏ လူယုံများမှတဆင့် နိုင်ငံကို အုပ်ချုပ်သည်။ ဂျာမနီနိုင်ငံကို မည်ကဲ့သို့ အသွင်ပြောင်းလိုက်သနည်းဟူမူ ဂျာမန်လူများစုသည် ဟစ်တလာကို မိမိတို့အား ကယ်တင်မည့်သူဟူ၍ပင် မှတ်ထင် လာကြတော့၏။ ထိုပြင် အတိုက်အခံ ပါတီများကို နှိပ်ကွပ် သည်ထက်ပင် ယဟူဒီများကို အနည်းငယ်မျှ သွေးစပ်သူများ ကိုပင် မချန်ပဲ ပိုမို ပြင်းထန်စွာ နှိပ်ကွပ် ည|ဉ်းပန်းသည်။ နိုင်ငံမှလည်း နှင်ထုတ်ခဲ့လေသည်။ ထိုနောက်တွင် ဂျာမနီနိုင်ငံ၏ ဂုဏ်သရေကို ပြန်ဆယ်သည့် လုပ်ငန်းစလေတော့သည်။ နာဇီတို့သည် ဂျာမနီနိုင်ငံသည် စစ်ရှုံးနိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် မျက်နှာငယ်နေရသည်ကို မျက်နှာရှိရှိနှင့် တင့်တင့် တယ်တယ်ဖြစ်အောင် ဆောင်ရွက် ပေးမည်ဟု ဂျာမန်လူထုကို ကတိပေးခဲ့သည်။ ထိုကတိအတိုင်း ဆောင်ရွက်ဖို့ပင် ဖြစ်သည်ဟု ယုံကြည်လေသည်။ သို့ဖြစ်၍ ပထမတွင် လျှို့ဝှက်စွာ လက်နက်များကို တပ်ဆင် လေသည်။ နောင်အခါတွင်ကား အတိအလင်း လက်နက်များကို ပြုလုပ် တပ်ဆင်လေတော့သည်။ ထိုသို့ လက်နက်အင်အား ဖြည့် တင်းကာ နိုင်ငံတကာနှင့် ယှဉ်ပြိုင်သာအောင် ကြိုးပမ်းမှုမှာ နောက်ဆုံး စစ်မက် ဖြစ်ပွားသည့် အခြေသို့ ဆိုက်ရောက်တတ် သည့်အတိုင်း ဟစ်တလာ ခေါင်းဆောင်သော နာဇီတို့သည် တစ်နည်းအားဖြင့် စစ်ဖြစ်ပွားရန် ကြိုးပမ်းမှုကို စတင် ဆောင်ရွက်သည်ဟု ဆိုနိုင်ပေသည်။ စင်စစ်သော်ကား အင်အား ဖြည့်တင်းပြီးနောက် နောက်တကြိမ် စစ်ပွဲကြီးတရပ်ကို ဆင်နွှဲ ကာ အနိုင်ယူလိုက်လျှင် ယခင်က ဂျာမနီနိုင်ငံ အသရေမဲ့ခဲ့ သည်ကို သင်ပုန်းချေရာရောက်မည်ဟု နာဇီတို့သည် တထစ်ချ မှတ်ယူထားကြ၏။ ဤသို့ဖြင့် လက်နက်များ တပ်ဆင်ပြီးနောက် ဂျာမန် အမျိုးသားများ စစ်ထဲ မဝင်မနေရ ဥပဒေကို ပြန်လည် ပြဋ္ဌာန်းလိုက်လေသည်။ နိုင်ငံပေါင်းချုပ် အသင်းကြီးမှ နှုတ်ထွက်လိုက်၏။ ၁၉၃၆ ခုနှစ်တွင် ရိုင်းလန်းနယ်ကို ချီတက် သိမ်းပိုက် လိုက်သည်။ ထိုနောက် ၁၉၃၉ ခုနှစ်တွင် ဂျာမနီနိုင်ငံမှ သိမ်းယူထားသော ဂျာမန် ကိုလိုနီနယ်များကို ပြန်လည် ပေးအပ်ရမည်ဟု တောင်းဆိုလေသည်။ ၁၉၃၉ ခုနှစ်မှာပင် ဟစ်တလာသည် အီတလီ အာဏာရှင် မူဆိုလိုနီနှင့် နားလည်မှုရယူကာ သူတို့၏ အကူအညီဖြင့် စပိန် ပြည်တွင်းစစ်ပွဲတွင် အနိုင်ရ၍ အာဏာသိမ်းပိုက်ခဲ့သော ဖရန် ကို အစိုးရကို အသိအမှတ် ပြုလေသည်။ ( မူဆိုလိုနီ ဗင်နီတို။)

( ဖရန်ကို။)

၁၉၃၇ ခုနှစ်တွင် အီတလီနှင့် မဟာမိတ် စာချုပ် လက်မှတ် ရေးထိုးလေသည်။ ၁၉၃၈ ခုနှစ်ဦးတွင် နာဇီ တပ်များသည် 0x100သစတြီးယားနိုင်ငံကို သိမ်းပိုက်လိုက်သည်။ ချက်ကိုစလိုဗား ကီးယားနိုင်ငံမှ ဆူဒက်တန်နယ်ကို မျူးနစ် စာချုပ်အရ ရရှ ိပြန်သည်။ ၁၉၃၉ ခုနှစ်ဦးတွင် ချက်ကိုစလိုဗား ကီးယားနိုင်ငံရှိ ကျန်နယ်များကို သိမ်းယူ၏။ ထိုနှစ် 0x100သဂုတ် လတွင် ရုရှနိုင်ငံနှင့် ရန်မပြုရေး စာချုပ်ချုပ်ဆိုပြီးနောက် စက်တင် ဘာလတွင် ပိုလန်နိုင်ငံကို တိုက်ခိုက်လေသည်။ ထိုအခါကစ၍ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လေတော့သည်။ ( ကမ္ဘာစစ်ကြီး၊ ဒုတိယ။)

ဒုတိယကမ္ဘာစစ် အစတွင် နာဇီဂျာမနီနှင့် အပေါင်းပါ နိုင်ငံများသည် အောင်ပွဲအလီလီ ခံခဲ့ရသော်လည်း မကြာမီ တစ်ရှုံးထဲရှုံးရသည့် အခြေနှင့် ရင်ဆိုင်ခဲ့ကြရလေသည်။ ထိုသို့ တစ်ရှုံးထဲရှုံးနေသဖြင့် နိုင်ငံ အလုံး ပြုတ်ပြုတ်ပြုန်းရတော့မည့် အရေးကို ကြိုတင်သိရှိလာကြသော အထက်တန်း စစ်ဘက် ဆိုင်ရာ အရာရှိကြီးများသည် နိုင်ငံကို ကယ်တင်ရန်အတွက် ဟစ်တလာကို ၁၉၄၄ ခုနှစ်တွင် လုပ်ကြံလေသည်၊ သို့သော် အထမမြောက်ခဲ့ချေ။

၁၉၄၅ ခုနှစ်တွင် ဘာလင်မြိ်ု့တော်ကြီးတွင် နေရာ အတော် များများ၌ ရုရှစစ်တပ်များက သိမ်းပိုက် တပ်စွဲ မိပြီးသောအခါ ဂျာမန် ရေတပ်ဗိုလ်ချုပ် ဒိုးနက်က ဟစ်တလာ ကျဆုံးသွားပြီ ဖြစ်၍ သူက ဟစ်တလာ့နေရာကို ဆက်ခံကြောင်း ကျေညာ လေသည်။

ဟစ်တလာ၏ ဘဝဇာတ်သိမ်းခန်းမှာ မရေရာလှချေ။ ရုရှ ဗိုလ်ချုပ်ကြီး မာရှယ်ဇူးကော့ကမူ ဟစ်တလာသည် အီဗာဗရွန်း ဆိုသူ အမျိုးသမီးကို လက်ထပ်ပြီးနောက် လေယာဉ်ပျံဖြင့် လွတ်မြောက်ကောင်း လွတ်မြောက်သွားမည်ဟု ဆို၏။ သို့သော် ၁၉၄၅ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်သော မဟာမိတ် အုပ်ထိန်းရေး ကောင်စီ၏ ပြန်တမ်းအရမူ ဟစ်တလာနှင့် အီဗာ ဗရွန်းတို့သည် ၁၉၄၅ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် လက်ထပ်ကြပြီးသော် ၃ဝ ရက်နေ့ ၂ နာရီခွဲကျော်ကျော်တွင် ကိုယ့်ကိုယ်ကို သတ်သေကြသည်။ သူတို့၏ အလောင်းများကို မီးရှို့လိုက်ကြသည်ဟု ဆိုလေသည်။ သို့ဖြင့် မည်သူမျှ တပ်အပ် သေချာစွာ မပြောနိုင်သေးသည့်ပြင် ထိုသို့ တတ်အပ်သေချာစွာ မပြောသည်နှင့်အမျှ ဟစ်တလာသည် တစ်နေ့သော် ပြန်လာ၍ သူတို့ကို ကယ်တင်လိမ့်ဦးမည်ဟု ယုံကြည်နေသူတို့ကား အများအပြားပင် ရှိနေကြသေးသည်။ ၁၉၅၆ ခုနှစ်တွင် ရှရု တို့၏ အချုပ်ထောင်မှ လွတ်မြောက်လာခဲ့သော ဟစ်တလာ၏ ကိုယ်ရံတော်တစ်ဦးဖြစ်သူ ဗိုလ်မှူးအော့တိုးဂွန်း ရှေးက ဟစ်တလာသည် မိမိကိုယ်ကိုမိမိ သေနတ်နှင့်ပစ်၍ အဆုံးစီရင် ကြောင်း၊ ကြင်ယာတော် အီဗာဗရွန်း ကမူ အဆိပ်သောက်၍ အဆုံးစီရင်ခဲ့ကြောင်း၊ ထိုနောက် သူတို့၏ အလောင်းများကို အော့တိုးနှင့် အပေါင်း ပါတို့က ဓာတ်ဆီဖျန်း၍ မီးရှို့လိုက်ကြ ကြောင်း၊ သို့သော် ရုရှတပ်များ ချဉ်းကပ်လာသည်နှင့် မီး ကောင်းစွာ လောင်သည်အထိ မစောင့်နိုင်တော့ပဲ မြေမြှုပ် သင်္ဂြိုဟ်ရန် တပည့်များကို မှာကြားခဲ့ကြောင်းနှင့် သတင်းစာ ဆရာများကို ပြောကြားခဲ့လေသည်။[၃]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. သုတေသီ ရေး ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ
  2. "http://www.nz-nothanks.blogspot.com" မှ
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)