အစ္စရေးနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အစ္စရေး
מְדִינַת יִשְׂרָאֵל
Medīnat Yisrā'el
دَوْلَةُ إِسْرَائِيلَ
Dawlat Isrā'īl
Flag of Israel.svg Emblem of Israel.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း - Hatikvah
The Hope
ပထဝီ
Israel in its region (pre 1967 territory).svg
မြို့တော် ဂျေရုဆလင်မြို့
အကြီးဆုံးမြို့ ဂျေရုဆလင်မြို့
ဧရိယာ
  • ဧရိယာ - 20,770 / 22,072 (အဆင့်: 151st)
  • ရေဖုံးလွှမ်းမှု - ~2%
စံတော်ချိန်ဇုန် UTC IST
လူနေမှု
ရုံးသုံးဘာသာများ ဟီဗရူး ၊ အာရပ်
လူဦးရေ
လူမျိုးများ ဂျူး 75.4% ၊ အာရပ် 20.6%၊ လူနည်းစု 4% [၂]
နိုင်ငံရေး
အစိုးရခေါင်းဆောင်များ
ထူထောင်မှု
  • နိုင်ငံတော်ထူထောင်ကြောင်း ကြေငြာ - May 14, 1948
စီးပွားရေး
GDP(PPP) $202.562 billion[၃] (အဆင့် - 50th)
GDP(PPP) $28,473[၃] (အဆင့် - 31st)
HDI 0.935[၄] (အဆင့် - {{{HDI_အဆင့်}}})
ငွေ Shekel
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .il
Calling code 972

အစ္စရေးနိုင်ငံသည် ၁၉၄၈ ခုနှစ် က ထူထောင်လိုက်သော ခေတ်သစ်ဂျူး (ရဟူဒီ)နိုင်ငံ ဖြစ်သည်။ ကမ္ဘာ့သမိုင်းတွင် လူသားတို့ ပထမဆုံး အိုးအိမ်ထူထောင် နေခဲ့သော ဒေသတစ်ခုဖြစ်သည့် ပါလက်စတိုင်းနိုင်ငံ၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

မြောက်လတ္တီ တွဒ် ၃၃ ဒီဂရီ ၁၅ မိနစ် နှင့် ၂၉ ဒီဂရီ ၃ဝ မိနစ် အတွင်းနှင့် အရှေ့လောင်ဂျီတွဒ် ၃၄ ဒီဂရီ ၁၇ မိနစ် နှင့် ၃၅ ဒီဂရီ ၄၁ မိနစ် အကြား၌ တည်ရှိ သည်။ မြောက်ဘက်တွင် လက်ဗနွန်နိုင်ငံ၊ အရှေ့ဘက်တွင် ဆီးရီးယားနိုင်ငံနှင့် ဂျော်ဒန်နိုင်ငံ၊ တောင်ဘက်တွင် အီဂျစ် နိုင်ငံ၊ အနောက်ဘက်တွင် မြေထဲပင်လယ်တို့ ဝန်းရံလျက်ရှိ သည်။ အစ္စရေးနိုင်ငံ၏ ကမ်းရိုးတန်းသည် မြေထဲပင်လယ် ဘက်၌ ၁၁၇ မိုင်ရှည်၍ ပင်လယ်နီဘက်တွင် ခြောက်မိုင်ရှည် သည်။ အစ္စရေးနိုင်ငံသည် ၈ဝ၁၇ စတုရန်းမိုင် ကျယ်ဝန်း သည်။

ယခု အစ္စရေးနိုင်ငံအပါအဝင် ပါလက်စတိုင်းနိုင်ငံ သည် ခရစ်မပေါ်မီ နှစ်ပေါင်း ၁ဝဝဝ ခန့်ကပင် ဘုရင်စနစ် ထူထောင်၍ တစ်ထီးတစ်နန်းတည်ရှိခဲ့သည်။ ဘီစီ ၁ဝ ရာစုနှစ် မှစ၍ နိုင်ငံနှစ်ခြမ်းကွဲပြီးသော် ဂျူဒါနိုင်ငံနှင့် အစ္စရေးနိုင်ငံ ဟူ၍ နှစ်နိုင်ငံဖြစ်လာလေသည်။ ဘီစီ ၇၂၂ ခုနှစ်တွင် အစ္စရေးနိုင်ငံကို အဆီးရီးယန်းလူမျိုးတို့က တိုက်ခိုက်သိမ်းပိုက်၍ လူပေါင်းများစွာကို နိုင်ငံရပ်ခြားသို့ပို့သည်။ ဘီစီ ၁၇ဝ ခန့် တွင် ဂရိတို့ကသိမ်းပိုက်၍ ဘီစီ ၆၃ ခုနှစ်တွင် ရောမတို့က သိမ်းပိုက်ပြန်သည်။ ယဟူဒီလူမျိုးနှင့် ရောမလူမျိုးတို့ နှစ် ပေါင်းများစွာ ပဋိပက္ခဖြစ်ခဲ့ကြပြီးနောက် အေဒီ ၇ဝ ပြည့်တွင် ယဟူဒီများ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခံရရုံမက ဂျေရုဆလင် မြို့တော်ကြီးပါ ရောမတို့၏ အဖျက်အဆီးကိုခံလိုက်ရသည်။ ယဟူဒီအမြောက်အမြားလည်း ကမ္ဘာအရပ်ရပ်သို့ အနှံ့အပြား ရောက်ရှိသွားလေသည်။ အေဒီ ၆ဝဝ ခန့်တွင် အစ္စလာမ် အယူဝါဒီ အာရပ်လူမျိုးတို့က တိုက်ခိုက်သိမ်းပိုက်ပြန်သည်။ ဥရောပအလယ်ခေတ်တွင် ဥရောပတိုက်မှ ခရစ်ယာန် အယူဝါဒီ ဘုရင်တို့သည် ပယ်လက်စတိုင်ကို မွတ်စလင်တို့လက်မှ လွတ်မြောက်အောင် လာရောက်တိုက်ခိုက်ကြသဖြင့် ခရူးဆိတ် စစ်ပွဲများဖြစ်ခဲ့သော်လည်း ကရူးဆိတ်တို့ အရေးမလှခဲ့ချေ။

၁၅၁၇ ခုနှစ်တွင် ပါလက်စတိုင်းသည် တူရကီလက်အောက်သို့ ကျရောက်ပြီးလျှင် တူရကီစိုးမိုးမှုကို အနှစ် ၄ဝဝ ခန့်ခံခဲ့ရသည်။ထိုအချိန်၌ ပါလက်စတိုင်းတွင် ယဟူဒီလူမျိုးနည်း၍ အာရပ်လူမျိုးလူ ဦးရေများသည်။ ၁၈၈၂ ခုနှစ်ခန့်တွင် ဥရောပတိုက်သို့ရောက်နေသော ယဟူဒီလူမျိုးအုပ်စုသည် ပါလက်စတိုင်းတွင် အခြေစိုက်ရန် ပထမဆုံး ရောက်လာကြသည်။ ဤသို့ရောက်လာခြင်းကား ခေတ်သစ်အစ္စရေးနိုင်ငံပေါ်ပေါက်ရန် လမ်းစပင်ဖြစ်လေသည်။

၁၉၁၇ ခုနှစ်တွင် ပယ်လက်စတိုင်တွင် ယဟူဒီနိုင်ငံ ပြန်လည်ထူထောင်ရေးဂိုဏ်းဖြစ်သော ဇိုင်ယွန်ဂိုဏ်းဝင် ဗြိတိသျှ သိပ္ပံပညာရှင် ရှိမ်ဗိုက်ဇမန်းက ဗြိတိသျှအစိုးရအား ပါလက်စတိုင်းပြည်ကို ယဟူဒီများ၏ ဇာတိနိုင်ငံအဖြစ် သတ်မှတ်ရန် တိုက်တွန်းခဲ့ရာ ဗြိတိသျှအစိုးရက သဘောတူ၍ ဗဲလဖိုးကြေညာ ချက်ခေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်ပေးသည်။ ၁၉၁၈ ခုနှစ်တွင် ဗြိတိသျှတို့သည် ပါလက်စတိုင်းမှ တူရကီတို့အား တိုက်ထုတ်သည်။ ပထမကမ္ဘာစစ်ပြီးသော် နိုင်ငံပေါင်းချုပ် အသင်းကြီးက ဗဲလဖိုးကြေညာချက်ကို အတည်ပြုကာ ဗြိတိသျှ အစိုးရအား ယင်း၏ကိုယ်စားလှယ်အဖြစ်ထားရှိ၍ ပါလက်စ တိုင်းပြည်ကို အုပ်ချုပ်စေသည်။ အာရပ်တို့သည် ယဟူဒီနိုင်ငံ သစ်သတ်မှတ်ရန် ကြေညာသည်ကို မလိုလားဆုံးသူများ ဖြစ်ကြ သည်။

ကမ္ဘာအရပ်ရပ်၌ နိုင်ငံမဲ့လူမျိုးအဖြစ် နေထိုင်ကြရသော ယဟူဒီများသည် ပါလက်စတိုင်းသို့ ပြန်၍ အခြေစိုက်ကာ မြို့သစ်ပြသစ်လုပ်ငန်းသစ်များ ထူထောင်ကြရာ အာရပ်တို့နှင့် ပဋိပက္ခဖြစ်ကြရ ပြန်သည်။ ၁၉၃၉ ခုနှစ်တွင် ဗြိတိသျှအစိုးရ က ယဟူဒီများဝင်ရောက် အခြေစိုက်မှုကို ဥပဒေဖြင့်တားမြစ် လေသည်။ သို့ဖြင့် ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသောအခါ အာရပ်-ယဟူဒီပြဿနာသည် လိပ်ခဲတင်းလင်းဖြစ်နေလေသည်။ ဒုတိယကမ္ဘာစစ် ပြီးသွားသည့်နောက် ၁၉၄၇ ခုနှစ်တွင် ဗြိတိ သျှအစိုးရက အာရပ်-ယဟူဒီပြဿနာကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးသို့ တင်ပြ၏။ ကမ္ဘာ့ကုလသမဂ္ဂက ထိုပြဿနာကို စုံစမ်း စစ်ဆေးပြီးနောက် ပယ်လက်စတိုင်ပြည်ကို အာရပ်နိုင်ငံနှင့် ယဟူဒီနိုင်ငံဟူ၍ နှစ်ပိုင်းခွဲခြား သတ်မှတ်လိုက်သည်။ ကမ္ဘာ့ ကုလသမဂ္ဂက ယင်းသို့သတ်မှတ်ပေးလိုက်သည့် အစီအစဉ်ကို ယဟူဒီတို့က လက်ခံသော်လည်း အာရပ်တို့က လက်မခံသဖြင့် အာရပ်-ယဟူဒီတိုက်ပွဲများ မစဲခဲ့ချေ။

၁၉၄၈ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ပါလက်စတိုင်းမှ ဗြိတိသျှတို့အုပ်ချုပ်ရေး ရုပ်သိမ်းချိန်ကျသောအခါ ပါလက်စတိုင်းရှိ ဇိုင်ယွန်ဝါဒီများက မရုပ်သိမ်းမီတစ်ရက်ဖြစ်သော မေလ ၁၄ ရက်နေ့ ညနေတွင် အဇ္ဇရီယယ်ဟူသော လွတ်လပ် သည့်သမ္မတနိုင်ငံသစ်တစ်ခု တည်ထောင်လိုက်ကြောင်း တဲလာ ဗစ်မြို့မှ ကြေညာလိုက်သည်။ ကြေညာစဉ်က အစ္စရေးနိုင်ငံ အဖြစ် ကမ်းရိုးတစ်လျှောက်မျှသာရှိလေသည်။ ဒေါက်တာရှိမ် ဗိုက်ဇမန်းက သမ္မတ၊ ဒေးဗစ်ဗင်ဂူးရီးယန်းက ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်လေသည်။ အစ္စရေးသမ္မတနိုင်ငံသစ်ကို အမေရိကန်နှင့်ရုရှတို့က ချက်ချင်းပင်အသိအမှတ်ပြုလေသည်။ အစ္စရေးနိုင်ငံကြေညာသည့်နေ့၌ပင် အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ လက်ဗနွန်၊ ဆော်ဒီအာရေဗျ စသောအာရပ်နိုင်ငံ များက အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ကြရာ တဖြည်းဖြည်း တိုက်ပွဲပြင်းထန်သည် ထက်ပြင်းထန်လာသဖြင့် ကုလသမဂ္ဂက စစ်ငြိမ်းရေးဆွေးနွေးရန် ပထမကော်မရှင်တစ်ခု လွှတ်ရလေ သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယင်းပြဿနာကို ဖြန်ဖြေရန်စေလွှတ်ခဲ့သော ကိုယ်စားလှယ် ကောင့်ဗာနာဒေါ့အား လည်း အကြမ်းဖက်လိုသူတစ်စုက ပစ်သတ်သဖြင့် ဒေါက်တာ ရပ်ဗန့်ဆိုသူအား ဖြန်ဖြေရန် ထပ်မံစေလွှတ်ခဲ့ရပြန်သည်။ ၁၉၄၉ ခုနှစ် ဇန္နဝါရီလတွင် ဒေါက်တာရပ်ဗန့်၏ ဆောင်ရွက်မှု ကြောင့် အစ္စရေးနိုင်ငံနှင့် အိမ်နီးချင်းအာရပ်နိုင်ငံများဖြစ် သော အီဂျစ်၊ လက်ဗနွန်၊ ဂျော်ဒန်၊ ဆီးရီးယားနိုင်ငံများ စစ်ငြိမ်းစာချုပ်ချုပ်ဆိုနိုင်ခဲ့ရာ အတိအလင်း တိုက်ပွဲများဖြစ်ပွား ခြင်း ရပ်စဲသွားသော်လည်း နယ်စပ်တွင်မကြာခဏပစ်ခတ်မှု များကား ရှိနေမြဲရှိနေလေသည်။ ယင်းသို့ဖြစ်ရခြင်းမှာ နယ်နိ မိတ်ပြဿနာ၊ ဆက်ဆံရေးပြဿနာများ မပြေလည်မှုကြောင့် ဖြစ်လေသည်။ နယ်စပ်တွင် အချင်းဖြစ်ပွားတိုင်း ကုလသမဂ္ဂသို့ တင်ပြတိုင်တန်းခဲ့ကြသည်။ ၁၉၅၆ ခုနှစ် အောက်တိုဘာလတွင် အီဂျစ်နိုင်ငံက ဆူးအက်တူးမြောင်းကို ပြည်သူပိုင်လုပ်သဖြင့် ဗြိတိန်နှင့် ပြင်သစ်တို့က အီဂျစ်နိုင်ငံကို ဝင်တိုက်ရာ အစ္စရေးတပ်များကလည်း အီဂျစ်နိုင်ငံကိုဝင်ရောက်တိုက်ခိုက် ၍ ဆိုင်နိုင်းကျွန်းဆွယ်၏ များရာစုအပိုင်းကို သိမ်းကာ ဆူးအက်တူးမြောင်းအထိရောက်ခဲ့ရာ နောက်ဆုံး ကုလသမဂ္ဂ၏ ကြားဝင်ဖြန်ဖြေမှုကြောင့် အတိုက်အခိုက်ရပ်စဲသည်။ အစ္စရေးတို့က တပ်များကိုရုပ်သိမ်းပေးကြသည်။ ကုလသမဂ္ဂ ထိန်းသိမ်း ရေးတပ်များကို ချထားသည်။

၁၉၆၇ ခုနှစ်တွင် အီဂျစ်နိုင်ငံတောင်းဆိုချက်ကြောင့် ကုလသမဂ္ဂထိန်းသိမ်းရေးတပ်များကို ဆိုင်းနိုင်းကျွန်းဆွယ်မှ ရုပ်သိမ်းသည်။ နယ်စပ်တိုက်ပွဲ အများအပြား ဖြစ်ပွားပြီးနောက် အစ္စရေးက ဇွန်လ ၄ ရက်နေ့တွင် ရှောင်တခင်ဝင်၍ တိုက် သည်။ အီဂျစ်လေကြောင်းအင်အားပျက်စီးသည်။ ခြောက်ရက် ကြာ စစ်ပွဲပြီးသည့်နောက် အစ္စရေးတပ်များ ဆိုင်းနိုင်း ကျွန်းဆွယ်ကို ပြန်လည်တပ်စွဲမိသည်။ ဆီးရီးယားနိုင်ငံမှ ဂိုလန် တောင်ကုန်းကိုလည်း သိမ်းမိသည်။ ဂျော်ဒန်နိုင်ငံမှ ဂျော်ဒန်မြစ် ၏ အနောက်ဘက်ကမ်းနှင့် ဂျေရုဆလင်မြို့ အာရပ်နယ်ပိုင်းကို သိမ်းသည်။

၁၉၇၃ ခုနှစ်အောက်တိုဘာလ ၆ ရက်နေ့တွင် အီဂျစ် နှင့် ဆီးရီးယားနိုင်ငံတို့သည် ဆူးအက်တူးမြောင်းဒေသနှင့် ဂိုလန်ကုန်းမြင့်ဒေသများတွင် စစ်မျက်နှာဖွင့်၍ အစ္စရေးနိုင်ငံ ကို အလုံးအရင်းဖြင့် ဝင်တိုက်သည်။

အီဂျစ်တို့သည် အလုံးအရင်းဖြင့် ဆူးအက်တူးမြောင်း ကိုဖြတ်ကျော်၍ ဆိုင်းနိုင်းကျွန်းဆွယ်ရှိ အစ္စရေးတို့၏ ဗာလက်ခံကတုတ်ကြောင်းကို လျှပ်တပြက်ဖြိုဖျက်နိုင်သည်။ ဆီးရီးယားတပ်များကလည်း အစ္စရေးတို့သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်အတွင်း ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ ဆိုဗီ ယက်ယူနီယံက အီဂျစ်နှင့် ဆီးရီးယားနိုင်ငံတို့အတွက် လေ ကြောင်းဖြင့် စစ်ရေးအကူအညီအမြောက်အမြား ပို့ဆောင်ပေး သကဲ့သို့ အမေရိကန်ပြည်ထောင်စုကလည်း အစ္စရေးနိုင်ငံ အတွက် ပို့ဆောင်ပေးခဲ့သည်။

အစ္စရေးတို့ကလည်း တန်ပြန်တိုက်ခိုက်ခဲ့ရာ ဦးစွာ၌ ဆီးရီးယားတပ်များကို တွန်းလှန်ကာ ဒမတ်စကပ်မြို့မှ မိုင် ၂ဝ ကွာသည်အထိ ဖိတိုက်သွားနိုင်ခဲ့သည်။ အီဂျစ်စစ်မျက်နှာဘက် တွင် အစ္စရေးတို့သည် ဆူးအက်တူးမြောင်းတစ်လျှောက်ရှိ အီဂျစ်တို့၏ ပေါင်းကူးခြေကုတ်နှစ်ခုအကြားမှ ဆူးအက်တူး မြောင်းကို ဖြတ်ကျော်ပြီးသော် ဆူးအက်မြို့ကိုဝိုင်းရံထားသော ဆိုင်းနိုင်းစစ်ဦးကင်းမှ အီဂျစ်အမှတ် ၃ တပ်မတော်ကိုလည်း ပိတ်ဆို့ထားခဲ့လေသည်။

ထို့နောက်တွင် အစ္စရေးနှင့် အီဂျစ်တို့သည် ကုလ သမဂ္ဂ၏စေ့ဆော်မှုကြောင့် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ ပြီးနောက် နိုင်ဝင်ဘာလ ၁၁ ရက်နေ့တွင် အီဂျစ်နှင့်အစ္စရေး ဗိုလ်ချုပ်ကြီးများသည် ကိုင်ရို-ဆူးအက်တူးမြောင်း လမ်းမကြီး ပေါ်ရှိ ကီလိုမီတာ ၁ဝ၁ စခန်းတွင် ငြိမ်းချမ်းရေးအစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုမှတစ်ဖန် နှစ်ဖက်တပ်များ ပိုင်းခြားရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကစ်ဆင် ဂျာ၏စေ့စပ်ဖြန်ဖြေမှုကြောင့် ၁၉၇၄ ခုနှစ် ဇန္နဝါရီလ ၁၈ ရက် နေ့တွင် တပ်များပိုင်းခြားရေး သဘောတူညီချက်ကို အီဂျစ်- အစ္စရေး နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့၏။ အစ္စရေးတပ်များကို ဆူးအက်တူးမြောင်း အနောက်ဘက် ကမ်းမှ ဆုတ်ခွာပေး ရသည်။ ဆူးအက်တူးမြောင်း အရှေ့ဘက် ကမ်းတစ်လျှောက် ငါးမိုင်မှခုနှစ်မိုင်အထိ ကျယ်ဝန်းသော ကမ်းမြောင်နယ်မြေတွင် အီဂျစ်တို့သည် အကန့်အသတ်ဖြင့် တပ်များချထားနိုင်သည်။ ထိုနယ်မြေမှ အရှေ့ဘက်တွင် တပ်သားဦးရေ ကန့်သတ်ထားသည့် အစ္စရေးတပ်များရှိနေရာ ယင်းသည့်အစ္စရေးနှင့် အီဂျစ်တပ်များအကြားတွင် ကုလသမဂ္ဂထိန်းသိမ်းရေးတပ်များကို ချထားလေသည်။ ထိုစာချုပ်အရ တပ်များရုပ်ရေးအစီအစဉ်သည် မတ်လ ၄ ရက်နေ့တွင် ပြီးဆုံးသွားသည်။

အစ္စရေးနှင့် ဆီးရီးယားနိုင်ငံတို့အကြား တပ်ပိုင်း ခြားရေး သဘောတူညီချက်ကိုကား ဇွန်လ ၁ ရက်နေ့တွင်မှ လက်မှတ်ရေးထိုးခဲ့ကြလေသည်။

ဆိုင်နိုင်းကျွန်းဆွယ်ဒေသတွင် နောက်ထပ်တပ်များ ပိုင်းခြားရေးအတွက် စာချုပ်ထပ်မံချုပ်ဆိုနိုင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာကစ်ဆင်ဂျာသည် အစ္စရေးတို့ ၏ မြို့တော်နှင့် အာရပ်တို့၏ မြို့တော်များအကြားငြိမ်းချမ်းရေး လွန်းပျံခရီးလှည့်လည် ကြိုးပမ်းခဲ့ရာမှ ၁၉၇၅ ခုနှစ် စက်တင် ဘာလ ၄ ရက်နေ့တွင် အစ္စရေးနှင့် အီဂျစ်တို့သည် ဆိုင်နိုင်းဒေသ ကြားဖြတ်တပ်ပိုင်းခြားရေးစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ထိုစာချုပ်အရ ဆိုင်နိုင်းသဲကန္တာရမှ အစ္စရေးတပ်ဖွဲ့များသည် နောက်ထပ်စတုရန်းမိုင် ၁၉ဝဝ နောက် ပြန်ဆုတ်ပေးရေးနှင့် အဗူရူဒစ်ရေနံတွင်းများ ပြန်ပေးရေးကို သဘောတူညီလိုက်သည်။ ထိုစာချုပ်အရ အီဂျစ်နှင့် အစ္စရေး တို့သည် အင်အားသုံးစွဲခြင်း၊ သို့မဟုတ် အင်အားသုံးရန် ခြိမ်းခြောက်ခြင်း၊ သို့မဟုတ် စစ်ရေးအရပိတ်ဆို့ခြင်းများကို ပြုလုပ်မည်မဟုတ်ကြောင်းနှင့် သဲကန္တာရအတွင်း အချက်ပေး စခန်းများ၌ အမေရိကန်စက်မှုပညာရှင် ၂ဝဝ ချထားပြီး စစ်ရေးနှင့်မပတ်သက်သော အစ္စရေးကုန်သင်္ဘောများကို ဆူးအက်အတွင်း ဖြတ်သန်းခွင့်ပြုရန် အီဂျစ်တို့က သဘော တူညီကြောင်းဖော်ပြထားသည်။ ထို့ပြင် ထိုစာချုပ်အရ အရေးပါ သော ဂစ်ဒီနှင့်မတ်တလာ တောင်ကြားလမ်းများကို ကုလသမဂ္ဂ ထိန်းသိမ်းရေး တပ်များက ကွပ်ကဲထိန်းသိမ်းထားမည် ဖြစ်လေ သည်။

အစ္စရေးနိုင်ငံသူ နိုင်ငံသားတို့က သူတို့၏နိုင်ငံကို မဲဒီနတ်ယဇ္ဇရီယယ်ဟု ခေါ်ကြသည်။ ယင်းအမည်မှာ ဟီဘရူး ဘာသာစကားဖြစ်၍ အစ္စရေးနိုင်ငံဟု အဓိပ္ပာယ်ရသည်။ အစ္စရေးနိုင်ငံကို သဘာဝအားဖြင့် ကမ်းရိုးတမ်း ဒေသ၊ တောင်ကုန်းဒေသနှင့် ဂျော်ဒန်မြစ်ဝှမ်းဒေသဟူ၍ သုံးပိုင်း ပိုင်းနိုင်သည်။

ကမ်းရိုးတမ်းဒေသသည် မြေထဲပင်လယ် ကမ်းရိုးတမ်း တစ်လျှောက်ဒေသဖြစ်၍ ကာမယ်တောင်တန်းနှင့် ဂါဇာဒေသ ကြားတွင် တည်ရှိသည်။

တောင်ကုန်းဒေသသည် ပျမ်းမျှခြင်းအားဖြင့် ပေ ၂ဝဝဝ ခန့်မြင့်၍ အမြင့်ဆုံးတောင်ထွတ်သည် အက်ဇမွန်တောင် ဖြစ်ပြီးလျှင် ပေ ၃ယ၉၆၃ မြင့်သည်။ ထိုဒေသတွင် ဂယ်လီလီ တောင်တန်း၊ ဆမားရီးယားတောင်တန်း၊ ဂျူဒီယာတောင်တန်း နှင့် ကျောက်တောင်ကျောက်ကမ်းပါး မီးတောင်ဝကြီးများဖြင့် ပြည့်နှက်နေသော နီဂက်သဲကန္တာရတို့ ပါဝင်သည်။ဂျော်ဒန်မြစ်သည် ဟူလာရေအိုင်၊ ကင်းနာရက်ရေအိုင် (ဂယ်လီလီပင်လယ်)နှင့် ပင်လယ်သေတို့ကို ဆက်ထား၍ မိုင် ၂ဝဝ ခန့် ရှည်လျားသောဂျော်ဒန်မြစ်၏ ၇၃ မိုင်ခန့်သည် အစ္စရေးနိုင်ငံထဲ၌ ပါဝင်သည်။

အစ္စရေးနိုင်ငံ၏တောင်ပိုင်း တစ်ဝက်ကျော်ကျော် သည် တောင်ပိုင်းပြည်၊ သို့မဟုတ် နီဂက်ဟုခေါ်သောပြည် ဖြစ် သည်။ ထိုဒေသသည် တစ်ခါက အသုံးမကျသောသဲကန္တာရ လွင်တီးခေါင်ကြီး ဖြစ်ခဲ့သော်လည်း ယခုအခါ အဖိုးတန်လယ် ယာမြေဘဝသို့ ရောက်ရှိနေလေပြီ။

အစ္စရေးနိုင်ငံသည်ငယ်ပင်ငယ်သော်လည်းတစ်နေရာ နှင့်တစ်နေရာ ရာသီဥတုအလွန်ကွာတတ်သည်။ ယေဘုယျ အားဖြင့် အစ္စရေးနိုင်ငံ၏ ရာသီဥတုသည် နွေအခါ၌ပူ၍ ဆောင်းအခါ၌ အပူအအေးမျှတသည်။ ဇန်နဝါရီလတွင် အအေးဆုံးဖြစ်၍ အပူချိန်ဖာရင်ဟိုက် ၄ဝ ဒီဂရီခန့်ရှိပြီးလျှင် အပူဆုံးဖြစ်သော ဩဂုတ်လတွင် ၆၅ ဒီဂရီမှ ၈၅ ဒီဂရီထိရှိ သည်။ ဆောင်းရာသီဖြစ်သော နိုဝင်ဘာလမှ ဧပြီလအတွင်း မိုးရွာ၍ မြောက်ပိုင်းတွင် တစ်နှစ်လျှင် ပျမ်းမျှခြင်းမိုးရေချိန် ၄၂.၅ လက်မရွာပြီးသော် တောင်ပိုင်းတွင် .၈ လက်မသာ ရွာ သည်။

အစ္စရေးနိုင်ငံ၌ ခြောက်သွေ့သော သဲကန္တာရအပိုင်း ကများသဖြင့် စိုက်ပျိုးရေးအတွက် ခက်ခဲသည်ကို အစ္စရေးအစိုးရက ရေအလုံအလောက်ရအောင် စီမံလိုက်သဖြင့် နိုင်ငံ တည်ထောင်စ ပထမငါးနှစ်ကထက် လယ်ယာစိုက်ပျိုးရေးကို ယခုအခါ နှစ်ဆပိုလုပ်ကိုင်နိုင်ကြသည်။ အစ္စရေးနိုင်ငံ၌ အဓိကလုပ်ငန်းလုပ်ကိုင်သော လယ်ယာစိုက်ပျိုးနည်းမှာ ရော ပြွမ်းစိုက်ပျိုးမွေးမြူခြင်းနှင့် ရှောက်လိမ္မော်တို့ကဲ့သို့ အရည်ရွှမ်း သီးထွက်ပင်များ စိုက်ပျိုးခြင်းတို့ဖြစ်သည်။ ရောပြွမ်းစိုက်ပျိုး မွေးမြူခြင်းအားဖြင့် ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ နို့နှင့်ဥတို့ ရရှိသည်။ စိုက်ပျိုးရေးတွင် အစ္စရေးနိုင်ငံသည် အံ့မခန်းနိုင်အောင် တိုးတက်လျက်ရှိသည်။ လယ် ယာမြေအမြောက်အမြားသည် နိုင်ငံပိုင်ဖြစ်၍ လယ်သမား ယာသမားများသည် မိမိနှင့် မိမိ၏မိသားစု လုပ်ကိုင်နိုင်သော ခြေနိုင်လက်နိုင်ရှိသော မြေယာများကိုသာ လုပ်ကိုင်ရန်ရရှိကြ သည်။

လယ်ယာလုပ်ငန်းအပြင် အစ္စရေးနိုင်ငံသည် စက်မှု လုပ်ငန်း၌လည်း အလွန်တိုးတက်လျက်ရှိသည်။ လူဦးရေ၏ လေးပုံတစ်ပုံသည် စက်မှုလုပ်ငန်း လုပ်ကိုင်သူများ ဖြစ်ကြသည်။ စားသောက်ဖွယ်များ၊ အဝတ်အထည်သတ္တုပစ္စည်း၊ အိမ်ထောင် ပရိဘောဂ စသောလူသုံးကုန်ပစ္စည်းများကို အထူးသဖြင့် လုပ်ကိုင်ကြသည်။ အခြားထင်ရှားသော စက်မှုလုပ်ငန်းများမှာ စက်ပစ္စည်းကရိယာများ၊ ပလပ်စတစ်ထည်၊ ဖန်ထည်၊ ကြွေ ထည်၊ မော်တော်ကား၊ ရေခဲသေတ္တာ၊ ရေဒီယို၊ မော်တော်ကား တိုင်ယာ၊ သားရေထည်၊ ဆေးဝါး၊ အဆောက်အအုံပစ္စည်း လုပ် ငန်းတို့ဖြစ်သည်။ စိန်ဖြတ်ခြင်း၊ စိန်သွေးခြင်းလုပ်ငန်းသည် လည်း အစ္စရေးနိုင်ငံ၏ ဒုတိယအကြီးဆုံး ထုတ်ကုန်လုပ် ငန်းဖြစ်သည်။

အစ္စရေးနိုင်ငံ၏ အဓိကထုတ်ကုန်များမှာ ရှောက် မျိုးဝင်သီးနှံများ၊ သွေးပြီးစိန်များ၊ ဓာတုဗေဒပစ္စည်းများ၊အထည် အလိပ်များနှင့် ခေတ်စားသည့်ပစ္စည်းများ၊ စက်ကိရိယာများ၊ ပလပ်စတစ်ပစ္စည်းများ၊ မော်တော်ကားတာယာများနှင့် ဆေးဝါး ပစ္စည်းများဖြစ်လေသည်။

အစ္စရေးနိုင်ငံတွင် ဧည့်ကြိုလုပ်ငန်းသည် ရှောက် မျိုးဝင်သီးနှံများနောက် ဒုတိယဝင်ငွေအများဆုံးဖြစ်သည်။အစ္စရေးနိုင်ငံတွင် အာရပ်နှင့် ဒရုလူမျိုးအနည်းငယ် မှတစ်ပါး ကျန်လူဦးရေ အားလုံးလိုလိုပင် ရဟူဒီလူမျိုးများဖြစ် ကြသည်။ အစ္စရေးနိုင်ငံသည် အာရှတိုက်တွင် ပါဝင်သော နိုင်ငံဖြစ်သော်လည်း နိုင်ငံသူနိုင်ငံသားတို့၏ နေထိုင်ပုံသည် အနောက်တိုင်းဆန်သည်။ မြို့ရွာအဆောက်အအုံများလည်း ဥရောပ သို့မဟုတ် အမေရိကန်မြို့ရွာ အဆောက်အအုံများနှင့် တူသည်။ သို့ရာတွင် မည်သူမျှ အလွန်ချမ်းသာသည်၊ အလွန် ဆင်းရဲသည်ဟူ၍မရှိပဲ အဆင့်အတန်းမှာ များစွာမကွာကြချေ။ ၁၉၇၃ ခုနှစ် ခန့်မှန်းသန်းခေါင်စာရင်းအရ အစ္စရေးနိုင်ငံ၏ လူဦးရေသည် ၃၂၂၈ဝဝဝ ယောက်ဖြစ်သည်။ အစ္စရေးနိုင်ငံ ၏ ရုံးသုံးဘာသာသည် ဟီဗရူးဘာသာဖြစ်သည်။ နိုင်ငံသူ နိုင်ငံသားတို့သည် လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့်ရှိသည်။ အစ္စရေးနိုင်ငံ၏မြို့တော်သည် နိုင်ငံတည်ထောင်စ ၁၉၄၈ ခုနှစ်၊ ၁၉၄၉ ခုနှစ်က တဲလဗစ် မြို့ဖြစ်သည်။ ၁၉၅ဝ ပြည့်နှစ်ဇန်နဝါရီလမှစ၍ ဂျရူးဆလမ်းမြို့သစ်သို့ မြို့တော် ပြောင်း၍ ရုံးစိုက်ထားပြီဖြစ်သော်လည်း တဲလဗစ်မြို့သည် အစ္စရေးနိုင်ငံ၏ အကြီးဆုံးမြို့ပင်ဖြစ်သည်။ အစ္စရေး နိုင်ငံ၏ အခြားထင်ရှားသောမြို့ကြီးများမှာ ဗီယာရှီဗာမြို့၊ ဟိုင် ဖာမြို့၊ ဂျက်ဖာမြို့၊ တိဗေရီယပ်မြို့ စသည်တို့ဖြစ်ကြသည်။ အစ္စရေးမြို့ကြီးများ အားလုံးလိုလိုပင် သမ္မာကျမ်းစာဝင်မြို့ ကြီးများဖြစ်ကြသည်။ ထင်ရှားသော ဆိပ်ကမ်းမြို့များမှာ ဟိုင် ဖာမြို့၊အိုင်းလတ်မြို့(ပင်လယ်နီကမ်းခြေတွင်ရှိသည်၊) အေကာမြို့ နှင့် တဲလဗစ်မြို့နှင့် မိုင် ၂ဝ ကွာရှိ အက်ရှဒေါ့မြို့တို့ဖြစ်သည်။

အစ္စရေးနိုင်ငံသည် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဖြစ်သည်။ ၁၈ နှစ်ပြည့်ပြီးသည့် ပြည်သူပြည်သားများက လျှို့ဝှက်မဲ ဆန္ဒဖြင့် တင်မြှောက်လိုက်သော အမတ် ၁၂ဝ ပါဝင်သည့် နက်ဆက်ခေါ် ပြည်သူ့လွှတ်တော်က ရွေးချယ်ခန့်ထားသည့် သမ္မတနှင့် သမ္မတကရွေးချယ်ခန့်ထားသော ဝန်ကြီးချုပ် အမှူးရှိသည့် ဝန်ကြီးများအပါဝင် အစိုးရအဖွဲ့ဖြင့် အုပ်ချုပ် သည်။ နက်ဆက်ပြည်သူ့လွှတ်တော်ကို လေးနှစ်တစ်ကြိမ် ရွေး ကောက်ပွဲကျင်းပ၍ သမ္မတကို ငါးနှစ်တစ်ကြိမ်ရွေးချယ်တင် မြှောက်ရသည်။ အစ္စရေးနိုင်ငံတွင် စာဖြင့်ရေးသား အတည် ပြုထားသော အုပ်ချုပ်မှုအခြေခံဥပဒေဟူ၍ မရှိသော်လည်း လွှတ်တော်ကပြဌာန်းသော ဥပဒေများ၊ အစိုးရအဖွဲ့က ချမှတ် သောစီမံကိန်းများဖြင့် အုပ်ချုပ်လျက်ရှိသည်။

အစ္စရေးနိုင်ငံတွင် အသက် ငါးနှစ်မှ ၁၅ နှစ် အကြား ကလေးသူငယ်များအတွက် မူလတန်းပညာ အခမဲ့ မသင်မနေရ ပြဌာန်းထားသည်။ မူလတန်းပညာရေးကို တစ်စုံ တစ်ခုသောအကြောင်းကြောင့် အပြီးမသတ်နိုင်ဘဲ အလုပ်လုပ်နေ သောအသက် ၁၅ နှစ်မှ ၁၈ နှစ်အထိ လူငယ်များအတွက် လည်း ပညာဆက်လက်သင်ကြားနိုင်ရန် ယင်းတို့၏လုပ်ငန်းရှင် များက ခွင့်ပြုရမည်ဟုလည်း သတ်မှတ်ပြဌာန်းထားသည်။ အထက်တန်းပညာ သင်ကြားရေးအတွက်လည်း တက္ကသိုလ်များ ကောလိပ်များကိုဖွင့်လှစ်ထားရှိရာ ဂျေရူးဆလင်မြို့ရှိ ဟီဘရူးတက္ကသိုလ်၊ တဲလာဗစ်မြို့ရှိ တဲလာဗစ်တက္ကသိုလ်၊ ဗားအီလန် တက္ကသိုလ်၊ ဟိုင်ဖာကောလိပ်၊ နီဂတ်တက္ကသိုလ်၊ အစ္စရေးစက်မှုတက္ကသိုလ်နှင့် ဗိုက်ဇမန်းသိပ္ပံတက္ကသိုလ်တို့သည် ထင်ရှား လေသည်။

အစ္စရေးနိုင်ငံသည် ၁၉၄၉ ခုနှစ်မှ အစပြု၍ ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လေသည်။[၅]


ကိုးကား [ပြင်​ဆင်​ရန်​]

  1. Selected Data from the New Israel Statistical Abstract No. 60 - 2009. Israel Central Bureau of Statistics (2009-09-16). Retrieved on 2009-10-26
  2. http://www.haaretz.com/hasen/spages/1115060.html
  3. ၃.၀ ၃.၁ Israel. International Monetary Fund. Retrieved on 2009-10-01
  4. Human Development Report 2009. Human development index trends: Table G. The United Nations. Retrieved on 2009-10-10
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)