ထိုင်ဝမ်
From Wikipedia
![]() |
|
|---|---|
| ဘာသာစကား | မင်နန်(ဖူကျန့်) ရုံးသုံးတရုတ်စကား ဟတ်ကား တိုင်းရင်းသား ဘာသာစကား |
| မြေဧရိယာ | ၃၆,၁၈၉ km² (ကမ္ဘာတွင် နံပတ် ၁၃၆) |
| ရေဧရိယာ % | ၁၀.၃၄ % |
| ကမ်းရိုးတန်း | ၁,၅၆၆.၃ ကီလိုမီတာ |
| လူဦးရေ | ၂၃ သန်းခန့် (၂၀၀၉ မေ)[၁] |
| နိုင်ငံ | |
| အကြီးဆုံးမြို့ | ထိုင်ပေမြို့ |
| အမြင့်ဆုံးတောင် | ယွိစန်း (မြစိမ်းတောင်) |
| အမြင့်ဆုံးတိုက် | ထိုင်ပေ ၁၀၁ |
| အကြီးဆုံးဆိပ်ကမ်း | ကောင်းရှုံဆိပ်ကမ်း (ကမ္ဘာတွင် နံပတ် ၁၂)[၂] |
| လူဦးရေအဆင့် | ကမ္ဘာတွင် ၄၆ |
| GDP | ၁၈,၀၄၂ ဒေါ်လာ |
| လူဦးရေထူထပ်မှု | ၆၃၇.၂၉ km² (ကမ္ဘာတွင် နံပတ် ၉) |
| လူမျိုး | ဟန့်တရုတ်လူမျိုး တိုင်းရင်းသား လူမျိုးများ |
| ငွေကြေး | ထိုင်ဝမ်ဒေါ်လာ(TWD)
|
| အချိန်ဇုန် | UTC+8 |
| ဗို့အား | AC110V 60 Hz AC220V 60 Hz (အသုံးနည်း) |
| ဝက်ဘ်ဆိုက်သင်္ကေတ | .tw |
| နိုင်ငံကုဒ်နံပတ် | +886 |
ထိုင်ဝမ်သည် အာရှတိုက်၏ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဘက်တွင် တည်ရှိသည့် ကျွန်းတကျွန်းဖြစ်ြပီး ဧရိယာမှာ 36,188 စတုရန်းကီလိုမီတာကျယ်ဝန်းသည်။ လက်ရှိတွင် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) (ထိုင်ဝမ်၏ တရားဝင်နိုင်ငံတော်အမည်) (Republic of China, ROC) အစိုးရမှ အုပ်ချုပ်လျက်ရှိသည့် နိုင်ငံဖြစ်ပါသည်။
ထိုင်ဝမ်သည် ယူရိုအေးရှားကျောက်လွှာနှင့် ဖိလစ်ပိုင်ပင်လယ်ရေအောက် ကျောက်လွှာတို့ တွန်းထိုးမှုမှ ပေါ်ထွက်လာသည့် ကျွန်းဖြစ်သည်။ ပုံသဏ္ဌာန်အားဖြင့် ရှည်မြောမြော ကန်စွန်းဥပုံရှိသည်။ မြောက်ယဉ်စွန်းတန်းသည် ထိုင်ဝမ်၏ အလယ်ပိုင်းဒေသကို ဖြတ်သန်သွားသည်။ ထိုင်ဝမ်တလလွှားရှိ မြေအနေအထားမှာ တောင်တန်းများဖြစ်ပြီး မြင့်မားမတ်ဆောက်သည်။ တောင်တန်းများသည် များသောအားဖြင့် အရှေ့မြောက်မြောက်အရပ်မှ အနောက်တောင်တောင်အရပ်ဘက်သို့ သွယ်တန်းလျက်ရှိသည်။ လွင်ပြင်များမှာ ကျဉ်းမျောင်းသည်။ မကြာခဏ မြေငလျင်လှုပ်လေ့ရှိပြီး ရေပူစန်းနှင့် မီးသေတောင်များ ပေါများသည်။
ထိုင်ဝမ်၏ရာသီဥတုမှာ ပူအိုက်စွတ်စိုသည့် ရာသီဥတုမျိုးဖြစ်သည်။ နွေဦးနှင့် နွေရာသီ စပ်ကူးမတ်ကူးကာလတွင် မက်မန်းမိုး ရွာသွန်းလေ့ရှိသည်။ နွေရာသီတွင်မူ ထိုင်ဖုန်းမုန်တိုင်းဝင်တတ်ပြီး ဆောင်းရာသီတွင် အရှေ့မြောက်လေ တိုက်ခတ်လေ့ရှိသည်။ အအေးဆုံးလ၏ ပျမ်းမျှအပူချိန်မှာ 14℃ လောက်သာရှိပြီး နှစ်စဉ် ပျမ်းမျှမိုးရေချိန်မှာ 2510mm အထက်တွင်ရှိသည်။ မြောက်ပိုင်းဒေသတွင် တနှစ်ပတ်လုံး မိုးရွာသွန်းလေ့ရှိသော်လည်း တောင်ပိုင်းဒေသတွင်မူ နွေဥတုတွင်သာ မိုးရွာတတ်သည်။ နွေနှင့် ဆောင်းဦးရာသီများတွင် ထိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်လေ့ရှိသည်။ ရာသီဥတုနှင့် မြေမျက်နှာ အသွင်အပြင်တို့ကြောင့် ထိုင်ဝမ်တွင် အပူပိုင်းရာသီ၊ အပူလျော့ပိုင်းရာသီ၊ သမပိုင်းရာသီနှင့့် အအေးပိုင်းရာသီများကို တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် ထိုင်ဝမ်တွင် အမျိုးအမယ် စုံလင်ပြောကြွယ်သည့် သဘာဝရှုခင်းနှင့် သဘာဝလောကကို တွေ့မြင်နိုင်သည်။
ထိုင်ဝမ်တွင် လူဦးရေ ၂၃ သန်းခန့် ရှိသည့်အနက် ဟော်လော့လူမျိုး အများစုနေထိုင်ကြပြီး ဟတ်ကားလူမျိုး、တိုင်းရင်းသားလူမျိုးနှင့် တရုတ်နိုင်ငံ အခြားပြည်နယ်မှ လူမျိုးနွယ်စုများကိုလည်း တွေ့ရှိနိုင်သည်။ အစိုးရရုံးသုံးစာမှာ တရုတ်စာ အခက်ရေးနည်းဖြစ်ပြီး အဓိက သုံးစွဲသည့် ဘာသာစကားများမှာ ထိုင်ဝမ်စကား(မင်နန်စကား)၊ ကော်ယွီတရုတ်စကား(ရုံးသုံးတရုတ်စကား)၊ ဟတ်ကားစကားနှင့် တိုင်းရင်းသား ဘာသာစကားများ ဖြစ်ကြသည်။
အရေးပါသည့် စီးပွားရေးလုပ်ငန်းမှာ အဆင့်မြင့်နည်းပညာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ြပီး လက်ရှိတွင် နာနိုနည်းပညာ၊ အလင်းနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများသို့ ဦးတည် ဆောင်ရွက်လျက်ရှိသည်။ သွင်းကုန်အပိုင်းတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အပါအဝင် စွမ်းအင်အရင်းအမြစ်များကို အဓိကတင်သွင်းပါသည်။ လက်ရှိတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။
Contents |
[ပြင်ဆင်ရန်] အမည်ပေါ်ပေါက်လာပုံ
ထိုင်ဝမ်၏အမည် ပေါက်ပေါက်လာပုံနှင့် စပ်လျဉ်း၍ အဆို အမျိုးမျိုးရှိသည်။ အဆိုတမျိုးမှာ ထိုင်ဝမ်တောင်ပိုင်းဒေသမှ ရှီးလားယာ တိုင်းရင်းသား ဘာသာစကား Taian (ထိုင်အန်) သို့ Tayan (တာယန်)မှ ဆင်းသက်လာသည်ဟု ဆိုသည်။ “ရပ်ဝေးမှလာသူ” ဟု အဓိပ္ပာယ်ရသည်။[၃] ဒပ်ခ်ျကိုလိုနီခေတ်တွင် ထိုင်ဝမ်အား ဒပ်ချပ်ဘာသာဖြင့် Taioan ဟုခေါ်ဆိုခဲ့ကြသည်။ ယင်းကို အစွဲပြု၍ တရုတ်စာဖြင့် 「大員」(တာ့ယွမ်)၊ 「台員」(ထိုင်ယွမ်)၊ 「大灣」(တာ့ဝမ်း) သို့「台窩灣」(ထိုင်ဝေါဝမ်း) ဟု ရေးသားကြသည်။ ယင်းအမည်နာမများသည် မူလက ယခုခေတ် ထိုင်နန်ဒေသကို ညွှန်းဆိုခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ထိုင်ဝမ်တကျွန်းလုံး၏ အမည်ဖြစ်လာသည်။ ရှေးခေတ် ဂျပန်တို့က ထိုင်ဝမ်အား 高砂 (တာကဆကို့) 高砂國 (တာကစကို့ပြည်) ဟု ခေါ်ဝေါ်ကြသည်။[၄]
ထိုင်ဝမ်၏ အခြားအမည်တခုမှာ “ဖော်မိုဆာ” ဖြစသည်။ ၁၆ ရာစုက ပေါ်တူဂီသင်္ဘော ထိုင်ဝမ်အနီး ဖြတ်သန်းသွားခိုက် ပင်လယ်ပြင်မှ မျှော်ကြည့်ရတွင် ထိုင်ဝမ်သည် လှပသည့် ကျွန်းတကျွန်းဖြစ်ကြောင်း တွေ့ရှိကာ Ilha Formosa!ဟု ဟစ်အော်ကြသည်။ ပေါ်တူဂီ ဘာသာတွင် ဖော်မိုဆာသည် လှပသောဟု အဓိပ္ပာယ်ရပြီး အီဟာမှာ ကျွန်းကို ဆိုလိုသည်။ ၁၉၅၀ ပြည့်လွန်နှစ် မတိုင်မှီ ဥရောပ နိုင်ငံများက အဓိက အသုံးပြုသည့် အမည်ဖြစ်သည်။[၅]
[ပြင်ဆင်ရန်] သမိုင်း
[ပြင်ဆင်ရန်] ၁၇ ရာစု မတိုင်မှီ
ကျောက်ခေတ်ဟောင်း နှောင်းပိုင်းကာလ (ဘီစီ ၅၀၀၀၀ - ၁၀၀၀၀) ထိုင်ဝမ်ကျွန်းပေါ်တွင် လူသားများ နေထိုင်ကျက်စားလျက် ရှိပြီဖြစ်သည်။ တိကျသည့် သက်သေအထောက်အထားမှာ ကျောက်ခေတ်သစ် (ဘီစီ ၅၀၀၀) နောက်ပိုင်း သမိုင်းမတင်မှီ ယဉ်ကျေးမှုသည် ဩစထြိုနေးရှား ဘာသာစကားပြော လူမျိုးများချန်ရစ်ခဲ့ခြင်း ဆိုသည့် အချက်ဖြစ်သည်။ [၆] “သုံးပြည်ထောင်မှတ်တမ်း”တွင် သုံးပြည်ထောင်ခေတ် ဝူပြည်မှ စစ်တပ်စေလွတ်ကာ ထိုင်ဝမ်ကျွန်ပေါ်သို့ တက်ရောက်ခဲ့ဖူးကြောင်း၊ “ဆွေကျမ်း”တွင် ဆွေရန်ဧကရာဇ်က “လျိုချိုပြည်”အား စစ်ထိုးခဲ့ဖူးကြောင်း ရေးသားထားသည်။ သို့သော်လည်း ရှေးခေတ် တရုတ်ကျမ်းကန်များတွင် ရေးမှတ်ထားသည့် ဒေသမှာ ထိုင်ဝမ်ဖြစ်ကြောင်း သက်သေမပြနိုင်ပါ။
၁၂၈၁ ခုနှစ်တွင် မွန်ဂိုဘုရင်က ဂျပန်အား သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း မုန်တိုင်းကြောင့် မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ဂျပန်ကို တိုက်ရန် ထိုင်ဝမ်ကျွန်းတွင် ခြေကုတ်ယူကာ ဖုန်ဟူကျွန်းတွင် ပတ္တရောင်ဌာနကို ဖွင့်လှစ်ခဲ့သည်။ ထိုဌာနသည်လည်း ဖုန်ဟူကျွန်း၏ ပထမဦးဆုံးသော အုပ်ချုပ်ရေးဌာနဖြစ်သည်။ မင်မင်းဆက်ကာလတွင် ဆက်လက်အသုံးပြုခဲ့ပြီး ၁၃၈၄ ခုနှစ်တွင် ပင်လယ်ပိတ်ဆို့ရေး မူဝါဒကြောင့် ယင်းပတ္တရောင်ဌာနအား ပိတ်ခဲ့သည်။ ၁၅၆၃ ခုနှစ်တွင် ကမ်းရိုးတန်း လုံခြုံရေးအတွက် ပြန်လည်ဖွင့်လှစ်ခဲ့သည်မှာ ၁၆၂၂ ခုနှစ် ဒပ်ချပ်တို့ ဖုန်ဟူအား သိမ်းပိုက်ခဲ့သည်အထိ ဖြစ်သည်။
မလေးပေါ်လီနေးရှား လူမျိုးများသည်လည်း ၁၆ ရာစုမတိုင်မှီကတည်းက ထိုင်ဝမ်ကျွန်းပေါ်တွင် နေထိုင်ကြသူများဖြစ်သည်။ ယင်းထိုင်ဝမ် တိုင်းရင်းသား လူမျိုးများသည် ထိုင်ဝမ်တကျွန်းလုံးတွင် ဖြန့်ကျက်နေထိုင်ကြပြီး ၎င်းတို့၏ ဘာသာစကားမှာ ဩစထြိုနေးရှား ဘာသာစကားအနွယ်ဝင်ဖြစ်သည်။ ထိုင်ဝမ်တိုင်းရင်းသားများ၏ သွားမစုံခြင်း၊ ဆေးမှင်ကြောင်ထိုးခြင်း၊ အမည်နာမတွင် ဖခင်အမည်ပါ ထည့်မည့်ခြင်း၊ အသက်အရွယ်အလိုက် မျိုးဆက်ခွဲခြားခြင်း၊ လူကြီးသူမများက အုပ်ချုပ်ြခင်း၊ ရန်သူ၏ ဦးခေါင်းကို ဖြတ်ယူခြင်း၊ ဝိညာဉ်များအား ပူဇော်ခြင်း၊ ကွယ်လွန်သူအား အိမ်တွင်း၌ သင်္ဂြိုဟ်ခြင်း စသည့် အလေ့အထများသည် အင်ဒိုနီးရှားရှိ ရှေးခေတ်ယဉ်ကျေးမှုနှင့် ဆက်စပ်မှုရှိသည်။[၇]
၁၆ ရာစု ခေတ်လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများအကြား မိဒတိုင်း (Kingdom of Middag) ပေါ်ထွန်းလာသည်။ ကျေးရွာပေါင်း ၁၅ ရွာမှ ၁၈ ရွာရှိ ပါပိုရားနှင့် ဘဘူဇာလူမျိုး၊ ပါဇိလူမျိုးနှင့် ဟွန်ယာလူမျိုး တစိတ်တပိုင်းတို့ ပူးပေါင်း ထူထောင်ထားသည့် တိုင်းပြည် ဖြစ်သည်။ ဘုံအကြီးအကဲအား Quataong ဟု ခေါ်သည်။ နယ်နမိတ်မှာ လက်ရှိ တာ့တုချောင်း ချိုင့်ဝှမ်းဒေသ တလျှောက် ဖြစ်သည်။ ယင်းတိုင်းပြည်သည် ၁၆၄၄ ခုနှစ် ဒပ်ချပ်လူမျိုးများ ကျူးကျော်တိုက်ခိုက်လာပြီးနောက်တွင် ဒပ်ချပ်တို့ထံ ဩဇာခံခဲ့သည်။ မင်းမင်းဆက်ကာလနှင့် ကျိန့်ချိန်ကုန်း (ကိုဆင်ဂါ) အုပ်စိုးသည့်ခေတ်တွင် အဖိနှိပ်ခံရ၍ ပျက်သုဉ်းလုနီး ဖြစ်ခဲ့သည်။ ချင်းမင်းဆက်ခေတ်တွင် ချင်းမင်းဆက်အား ခုခံတော်လှန်ရာတွင် အရေးမလှ၍ လူမျိုးသုဉ်းခဲ့ရသည်။
၁၆ ရာစု ခေတ်လယ်ပိုင်းတွင် တရုတ်နိုင်ငံ အရှေ့တောင်ကမ်းရိုးတန်းတလျှောက် ပင်လယ်ဓားပြများ ဆိုးသွမ်းကြသည်။ ပင်လယ်ဓားပြများသည် ထိုင်ဝမ်အား ပုံးခိုရာ နေရာအဖြစ် အသုံးချခဲ့သည်။ တရုတ်ကမ်းရိုးတန်းတလျှောက် လုယက်ကြချိန် စစ်သားများနှင့် ဝင်တိုးလျှင် ဖုန်ဟူသို့ ထွက်ပြေးကြပြီး ထိုမှတဆင့် ထိုင်ဝမ်သို့ ရောက်လာကြသည်။ ၎င်းတို့သည် ဟန့်တရုတ် အနည်းအကျဉ်းမှအပ ထိုင်ဝမ်တွင် အခြေချလာသူများ ဖြစ်သည်။ တချိန်တည်းတွင် ပေါ်တူဂီလူမျိုးများသည် အရှေ့အာရှနှင့် ထိုင်ဝမ်သို့ ပထမဦးဆုံး ရောက်လာသည့် ဥရောပသား စူးစမ်းရှာဖွေရေးသမားများ ဖြစ်ကြသည်။ သို့သော်လည်း ဘိန်းနှင့် တိုင်းရင်းသားများထံမှာ ရိက္ခာပစ္စည်းများ ဖလှယ်ယူခြင်းသာ ရှိပြီး ထိုင်ဝမ်အား ကိုလိုနီနယ်အဖြစ် သိမ်းပိုက်ခဲ့ခြင်းမရှိပါ။
[ပြင်ဆင်ရန်] ဒပ်ချပ်နှင့် စပိန် ကိုလိုနီခေတ်
[ပြင်ဆင်ရန်] ကျမ်းကိုး
- ↑ 中華民國內政部統計資訊服務網
- ↑ 高雄港 全球排名可望回升
- ↑ 學習加油站—台灣名稱的由來
- ↑ 民視,台灣筆記
- ↑ 網路追追追/哪裡有「美麗」?Formosa的真相?與Formosa
- ↑ 劉益昌(1996)
- ↑ 臺灣原住民介紹
| ဤဆောင်ပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသားနိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက်ရေးသားပြီး ဝီကီပိဒိယကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
