ပထမ ကမ္ဘာစစ်
From Wikipedia
ပထမကမ္ဘာစစ်သည် ၁၉၁၄ မှ ၁၉၁၈ အတွင်းဖြစ်ပွားခဲ့သည်။ ထိုကဲ့သော ကြီးမားသော စစ်ပွဲမျိုး သမိုင်းတွင် တစ်ခါမှ မဖြစ်ဖူးသောကြောင့် မဟာစစ်ပွဲကြီး (Great war) ဟုခေါ်ဆိုခဲ့သည်။ နောက် ၂၁ နှစ် အကြာတွင် နောက်တစ်ကြိမ်ကြီးကျယ်သော စစ်ပွဲကြီးပေါ်လာသောကြောင့် ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်ဟု ခွဲခြားခေါ်ဆိုခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းတွင် စစ်သည်ပေါင်း ၉ သန်းကျော်သေဆုံးခဲ့သည်။ ထိုစစ်သည် အများစုမှာ စစ်ကြီးမဖြစ်ခင်က သာမန်အရပ်သားများသာ ဖြစ်ကြသည်။ ကျဆုံးခဲ့သော စစ်သည်များအား ဦးခေါင်းမှနေ၍ ခြေဖျားအထိဆက်လိုက်လျင် ၁၅၀၈၄ ကီလိုမီတာ၊ မိုင်အားဖြင့် ၉၃၇၅ မိုင် ရှိသည်ဟု ဆိုကြသည်။ ထိုအကွာအဝေးသည် ကမ္ဘာကြီးကို တစ်ပတ်ပတ်ပါက ထက်ဝက်နီးပါးခန့်ရှိမည်ဖြစ်သည်။
Contents |
[ပြင်ဆင်ရန်] ပါဝင်သောနိုင်ငံများ
ပထမကကမ္ဘာစစ်အတွင်းတွင် နိုင်ငံအုပ်စုကြီးနှစ်ခု ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိန်၊ ပြင်သစ် နှင့် ရုရှားတို့ ပါဝင်သော မဟာမိတ်နိုင်ငံများ (Allied Powers) နှင့် ဂျာမနီ၊ ဩစတြီးယားနှင့် ဟန်ဂေရီတို့ ပါဝင်သော ဗဟိုအင်အားကြီး နိုင်ငံများ (Central Power) တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မဟာမိတ်နိုင်ငံများဘက်မှ ဂျပန်နိုင်ငံစသော နိုင်ငံငယ်များ ပါဝင်လာပြီး ဗဟိုအင်အားကြီးနိုင်ငံများဘက်မှ တူရကီ၊ ဘူလ်ဂေးရီယားစသော နိုင်ငံများ ပါဝင်လာခဲ့သည်။ စစ်ပွဲကြီး ပြီးခါနီးတွင်မှ အမေရိကန်ပြည်ထောင်စုသည် မဟာမိတ်နိုင်ငံများဘက်မှ ပါဝင်လာခဲ့သည်။ စစ်ပွဲကြီးအပြီးတွင် ဗဟိုအင်အားကြီးနိုင်ငံများ ရှုံးနိမ့်၍ မဟာမိတ်နိုင်ငံများ အနိုင်ရရှိခဲ့သည်။
[ပြင်ဆင်ရန်] စစ်ဖြစ်ပွားသော နေရာများ
တိုက်ခိုက်မှုအားလုံးနီးပါးသည် အင်္ဂလိပ်ရေလက်ကြားမှ ဆွစ်ဇာလန်အကြား အရှေ့ဥရောပအပါအဝင် ဥရောပတိုက်၌ ဖြစ်ပွားခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကတိုက်တို့တွင်လည်း အနည်းငယ် ဖြစ်ပွားခဲ့သည်။
[ပြင်ဆင်ရန်] စစ်ဖြစ်ရသည့် အကြောင်းအရင်းများ
အရင်းရှင်နိုင်ငံကြီးများအကြား အချင်းချင်းပြိုင်ဆိုင်မှု ပြင်းထန်လာသောကြောင့် ပထမကမ္ဘာစစ်ကြီးစတင် ဖြစ်ပွားခဲ့သည်။ စစ်ကြီးဖြစ်ပွားစေသော အကြောင်းအရင်းများမှာ -
- ကိုလိုနီ နယ်မြေများ အပြိုင်အဆိုင်ရှာဖွေလာခြင်း
- အမျိုးသားရေးဝါဒများ ပြင်းထန်လာခြင်း
- မဟာမိတ်စစ်အုပ်စုများ အပြိုင်ဖွဲ့စည်းလာခြင်းနှင့်
- လက်နက်အပြိုင် တပ်ဆင်လာခြင်းတို့ကြောင့် ဖြစ်သည်။
[ပြင်ဆင်ရန်] ပထမကမ္ဘာစစ် စတင်ဖြစ်ပွားရခြင်းအကြောင်း
ပထမကမ္ဘာစစ်သည် ၁၉၁၄၊ ဇွန်လ (၂၈) ရက်နေ့တွင် ဩစတြီးယားအိမ်ရှေ့မင်းသား ဖရန်စစ် ဖာဒီနန်နှင့် ကြင်ရာတော်တို့ ဘော့စနီးယားနိုင်ငံ ဆာရာယေဗိုမြို့တွင် လုပ်ကြံခံရရာမှ စတင်ခဲ့သည်။ ဘော့စနီးယားနိုင်ငံသည် ၁၉၀၈ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။ ဘော့စနီးယန်း အများစုမှာ ဆာ့ဘ်လူမျိုးများ ဖြစ်ကြသည်။ ထိုသူတို့သည် ဩစတြီးယားလက်အောက်မှ လွတ်မြောက်၍ အိမ်နီးချင်း ဆားဘီးယားနိုင်ငံနှင့် ပေါင်းစည်းလိုကြသည်။ ဩစတြီးယား အိမ်ရှေ့မင်းသားကို လုပ်ကြံသူမှာ Black Hand ဟုခေါ်သော ဆာ့ဘ်အကြမ်းဖက်အသင်းဝင် ဘော့စနီးယန်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ဆားဘီးယားနှင့် ဘော့စနီးယား ပေါင်းစည်းရေးကို လိုလားသူဖြစ်သည်။
ဆားဘီးယားနိုင်ငံမှ ယင်းကဲ့သို့လုပ်ကြံမှုမျိုး ပေါ်ပေါက်အောင် အားပေးသည်ဟုဆိုကာ ဩစတြီးယားက ဆားဘီးယားကို ပြင်းထန်သည့် ရာဇသံများပို့ခဲ့သည်။ ဩစတြီးယား၏ ရာဇသံကို ဂျာမနီကထောက်ခံခဲ့သည်။ ထိုရာဇသံပါ အချက်အလက်များသည် ဆားဘီးယား၏ လွပ်လတ်ရေးကို ထိပါးသောကြောင့်လည်းကောင်း၊ ရုရှားနိုင်ငံ၏ ထောက်ခံမှုကို ရရှိသောကြောင့်လည်းကောင်း ဆားဘီးယားသည် ဩစတြီးယားကိုရင်ဆိုင်ရန် စစ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ရာဇသံကို လက်မခံနိုင်ကြောင်း ဩစတြီးယားအား အကြောင်းကြား ခဲ့သည်။
ထို့ကြောင့် ၁၉၁၄၊ ဇူလိုင်(၂၈) တွင် ဩစတြီးယားက ဆားဘီးယားကို စစ်ကြေညာခဲ့သည်။ ဩစတြီယားနှင့် ဆားဘီးယားတို့ စစ်ဖြစ်ရာတွင် ဩစတြီးယားဘက်မှ ဂျာမနီကလည်းကောင်း၊ ဆားဘီးယားဘက်မှ ပြင်သစ်၊ ရုရှားနှင့် အင်္ဂလန်တို့မှလည်းကောင်း အသီးသီး ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ကိုလိုနီခွဲဝေပေးမည်ဟူသော အင်္ဂလိပ်နှင့် ပြင်သစ်တို့၏ ဆွဲဆောင်မှုကြောင့် ၁၉၁၅ တွင် အီတလီသည် ယင်းတို့ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။
[ပြင်ဆင်ရန်] စစ်ပွဲအခြေအနေ
[ပြင်ဆင်ရန်] ပွဲဦးထွက်
စစ်ဦးဘီလူးထွက် ထွက်လာသည့် ဂျာမနီကို တစ်ကမ္ဘာလုံးက အံ့ဩခဲ့ကြသည်။ ဂျာမန်တပ်တို့၏ တိုက်ခိုက်ပုံများမှာ အနှစ်နှစ်အလလက ကြိုတင်၍ သေချာစွာ ပြင်ဆင်မှု ရှိသကဲ့သို့ အချက်ကျကျ အရာရောက်ရောက်နှင့် ထိမိစွာ တိုက်ခိုက်နိုင်သည်။ ဂျာမနီ၏ စစ်တပ်အင်အားမှာ ဥရောပ တစ်တိုက်လုံး၍ အကြီးမား အထင်ရှားဆုံး ကဲ့သို့ ဖြစ်ခဲ့သည်။ ဂျာမနီသည် တစ်လအတွင်း ပြင်သစ်အား သိမ်းပိုက်ပြီးမှ ရုရှားကို တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။ ထို့အပြင် ဗြိတိန်ကို သိမ်းသွင်းပြီး အရှေ့ဘက်သို့ နယ်ချဲ့ရန်၊ ဗော်လကန်နယ်များကို သိမ်းသွင်းရန် အစီအစဉ်လည်း ရှိလေသည်။
[ပြင်ဆင်ရန်] ဘယ်လဂျီယမ်ကို ဖြတ်ကျော်ခြင်း
ဂျာမနီသည် ကြိုတင်စီစဉ်ထားသည့်အတိုင်း ပြင်သစ်အား ပိုမိုလျင်မြန်လွယ်ကူးစွာ သိမ်းပိုက်နိုင်ရန် ဘယ်လဂျီယမ်နိုင်ငံထံ ဖြတ်သန်းခွင့် တောင်းခံခဲ့သည်။ ဘယ်လဂျီယမ်မှာ ကြားနေနိုင်ငံဖြစ်ရာ ဖြတ်သန်းခွင့် မပေးခဲ့ချေ။ ထိုအခါ ဂျာမနီသည် ဇွတ်အတင်း ဖြတ်ကျော်လေသည်။ ဘယ်လဂျီယမ်တွင် ဂျာမန်တပ်များ ရှိနေပါက အင်္ဂလန်ကျွန်း၏ လုံခြုံရေးကို စိုးရိမ်ရသည်က တစ်ကြောင်း၊ဘယ်လဂျီယမ်၏ ကြားနေရေးကို အာမခံထားသည့်အပြင် ယင်းကို ထိပါးလာပါက ကူညီပါမည်ဟု စာချုပ်ချုပ်ထားသည်က တစ်ကြောင်းတို့ကြောင့် ဘယ်လဂျီယမ်ဘက်မှ ကူညီတိုက်ခိုက်ရန် အကြောင်းပြု၍ ဂျာမနီက ဘယ်လဂျီယမ်အား စတင်တိုက်ခိုက်သည့် ဩဂုတ်လ ၄ ရက်နေ့မကုန်မီမှာပင် ဗြိတိန်က စစ်ကြေငြာကာ စစ်ထဲပါဝင်လာသည်။ ဂျပန်သည် ဗြိတိန်နှင့် ချုပ်ဆိုထားသော မဟာမိတ်စာချုပ်အရ မကြာမီ ဗြိတိန်ကို ကူညီရန် စစ်ကြေငြာကာ စစ်ထဲဝင်ခဲ့သည်။ အခြား ဟန်ဂေရီ၊ ဘူလ်ဂေးရီယား၊ တူရကီစသော နိုင်ငံများကလည်း ဂျာမနီနှင့် ဩစတြီးယားဘက်မှ စစ်ထဲဝင်လာကြရာ ဗဟိုအင်အားကြီးနိုင်ငံများဟု ခေါ်သော ထိုနိုင်ငံများကတစ်ဘက် ရုရှား၊ ပြင်သစ်၊ အင်္ဂလိပ်စသော မဟာမိတ်နိုင်ငံများကတစ်ဘက် စစ်ရေးပြိုင်ကြသည့် ပထမကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာခဲ့သည်။ [၁]
[ပြင်ဆင်ရန်] စစ်၏အကျိုးသက်ရောက်မှုများ
[ပြင်ဆင်ရန်] ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း