ပထမ ကမ္ဘာစစ်

Wikipedia မှ
(ပထမကမ္ဘာစစ် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပထမ ကမ္ဘာစစ်
300px
အထက်မှလက်ရာရစ် - အနောက်စစ်မြေပြင်မှ ကတုတ်ကျင်းများ၊ ကတုတ်ကျင်းအား ကျော်လွှားနေသည့် ဗြိတိသျှတပ် တင့်ကား၊ ဒါဒန်နယ်တိုက်ပွဲအတွင်း ရေမြှုပ်ဗုံးထိ၍ ရေမြုပ်လုနီးဖြစ်နေသည့် တော်ဝင်ရေတပ် စစ်သင်္ဘော၊ အဆိပ်ငွေ့ကာ မျက်နှာဖုံးနှင့် စက်သေနပ်တပ်သား၊ ဂျာမဏီ အယ်ဘထရို တိုက်လေယာဉ်
ရက်စွဲ 28 June 1914 – 11 November 1918
နေရာ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း (တရုတ်နှင့် ပစိဖိတ်ဒေသတွင် အတိုင်းအတာ အနည်းငယ်)
ရလာဒ် မဟာမိတ်နိုင်ငံများ အနိုင်ရ။ ဂျာမန်၊ ရုရှား၊ အိုတိုမန်နှင့် ဩစထြို ဟန်ဂေရီယံ အင်ပါယာပြိုကွဲ။ ဥရောပနှင့် အရှေ့အလယ်ပိုင်း ဒေသတွင် နိုင်ငံသစ်များ ပေါ်ပေါက်လာသည်။
စစ်ရင်ဆိုင်သည့်နိုင်ငံများ
မဟာမိတ်အင်အားစု ဗဟိုအင်အားစု
အသေအပျောက်
ကျဆုံး - 5,525,000
ဒဏ်ရာရ - 12,831,500
ပျောက်ဆုံး - 4,121,000
ကျဆုံး - 4,386,000
ဒဏ်ရာရ - 8,388,000
ပျောက်ဆုံး - 3,629,000

ပထမကမ္ဘာစစ်သည် ၁၉၁၄ မှ ၁၉၁၈ အတွင်းဖြစ်ပွားခဲ့သည်။ ထိုကဲ့သော ကြီးမားသော စစ်ပွဲမျိုး သမိုင်းတွင် တစ်ခါမှ မဖြစ်ဖူးသောကြောင့် မဟာစစ်ပွဲကြီး (Great war) ဟုခေါ်ဆိုခဲ့သည်။ နောက် ၂၁ နှစ် အကြာတွင် နောက်တစ်ကြိမ်ကြီးကျယ်သော စစ်ပွဲကြီးပေါ်လာသောကြောင့် ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်ဟု ခွဲခြားခေါ်ဆိုခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းတွင် စစ်သည်ပေါင်း ၉ သန်းကျော်သေဆုံးခဲ့သည်။ ထိုစစ်သည် အများစုမှာ စစ်ကြီးမဖြစ်ခင်က သာမန်အရပ်သားများသာ ဖြစ်ကြသည်။ ကျဆုံးခဲ့သော စစ်သည်များအား ဦးခေါင်းမှနေ၍ ခြေဖျားအထိဆက်လိုက်လျင် ၁၅၀၈၄ ကီလိုမီတာ၊ မိုင်အားဖြင့် ၉၃၇၅ မိုင် ရှိသည်ဟု ဆိုကြသည်။ ထိုအကွာအဝေးသည် ကမ္ဘာကြီးကို တစ်ပတ်ပတ်ပါက ထက်ဝက်နီးပါးခန့်ရှိမည်ဖြစ်သည်။

ပါဝင်သောနိုင်ငံများ[ပြင်​ဆင်​ရန်​]

ပထမကကမ္ဘာစစ်အတွင်းတွင် နိုင်ငံအုပ်စုကြီးနှစ်ခု ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိန်ပြင်သစ် နှင့် ရုရှားတို့ ပါဝင်သော မဟာမိတ်နိုင်ငံများ (Allied Powers/Triple Entente) နှင့် ဂျာမနီဩစတြီးယားနှင့် ဟန်ဂေရီတို့ ပါဝင်သော ဗဟိုအင်အားကြီး နိုင်ငံများ (Central Power/Triple Alliance) တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မဟာမိတ်နိုင်ငံများဘက်မှ ဂျပန်နိုင်ငံစသော နိုင်ငံငယ်များ ပါဝင်လာပြီး ဗဟိုအင်အားကြီးနိုင်ငံများဘက်မှ တူရကီ၊ ဘူလ်ဂေးရီယားစသော နိုင်ငံများ ပါဝင်လာခဲ့သည်။ စစ်ပွဲကြီး ပြီးခါနီးတွင်မှ အမေရိကန်ပြည်ထောင်စုသည် မဟာမိတ်နိုင်ငံများဘက်မှ ပါဝင်လာခဲ့သည်။ စစ်ပွဲကြီးအပြီးတွင် ဗဟိုအင်အားကြီးနိုင်ငံများ ရှုံးနိမ့်၍ မဟာမိတ်နိုင်ငံများ အနိုင်ရရှိခဲ့သည်။

စစ်ဖြစ်ရသည့် အကြောင်းအရင်းများ[ပြင်​ဆင်​ရန်​]

အရင်းရှင်နိုင်ငံကြီးများအကြား အချင်းချင်းပြိုင်ဆိုင်မှု ပြင်းထန်လာသောကြောင့် ပထမကမ္ဘာစစ်ကြီးစတင် ဖြစ်ပွားခဲ့သည်။ စစ်ကြီးဖြစ်ပွားစေသော အကြောင်းအရင်းများမှာ -

  1. ကိုလိုနီ နယ်မြေများ အပြိုင်အဆိုင်ရှာဖွေလာခြင်း
  2. အမျိုးသားရေးဝါဒများ ပြင်းထန်လာခြင်း
  3. မဟာမိတ်စစ်အုပ်စုများ အပြိုင်ဖွဲ့စည်းလာခြင်းနှင့်
  4. လက်နက်အပြိုင် တပ်ဆင်လာခြင်းတို့ကြောင့် ဖြစ်သည်။

ပထမကမ္ဘာစစ် စတင်ဖြစ်ပွားရခြင်းအကြောင်း[ပြင်​ဆင်​ရန်​]

ပထမကမ္ဘာစစ်သည် ၁၉၁၄၊ ဇွန်လ (၂၈) ရက်နေ့တွင် ဩစတြီးယားအိမ်ရှေ့မင်းသား ဖရန်စစ် ဖာဒီနန်နှင့် ကြင်ရာတော်တို့ ဘော့စနီးယားနိုင်ငံ ဆာရာယေဗိုမြို့တွင် လုပ်ကြံခံရရာမှ စတင်ခဲ့သည်။ ဘော့စနီးယားနိုင်ငံသည် ၁၉၀၈ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။ ဘော့စနီးယန်း အများစုမှာ ဆာ့ဘ်လူမျိုးများ ဖြစ်ကြသည်။ ထိုသူတို့သည် ဩစတြီးယားလက်အောက်မှ လွတ်မြောက်၍ အိမ်နီးချင်း ဆားဘီးယားနိုင်ငံနှင့် ပေါင်းစည်းလိုကြသည်။ ဩစတြီးယား အိမ်ရှေ့မင်းသားကို လုပ်ကြံသူမှာ Black Hand ဟုခေါ်သော ဆာ့ဘ်အကြမ်းဖက်အသင်းဝင် ဘော့စနီးယန်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ဆားဘီးယားနှင့် ဘော့စနီးယား ပေါင်းစည်းရေးကို လိုလားသူဖြစ်သည်။

ဆားဘီးယားနိုင်ငံမှ ယင်းကဲ့သို့လုပ်ကြံမှုမျိုး ပေါ်ပေါက်အောင် အားပေးသည်ဟုဆိုကာ ဩစတြီးယားက ဆားဘီးယားကို ပြင်းထန်သည့် ရာဇသံများပို့ခဲ့သည်။ ဩစတြီးယား၏ ရာဇသံကို ဂျာမနီကထောက်ခံခဲ့သည်။ ထိုရာဇသံပါ အချက်အလက်များသည် ဆားဘီးယား၏ လွပ်လတ်ရေးကို ထိပါးသောကြောင့်လည်းကောင်း၊ ရုရှားနိုင်ငံ၏ ထောက်ခံမှုကို ရရှိသောကြောင့်လည်းကောင်း ဆားဘီးယားသည် ဩစတြီးယားကိုရင်ဆိုင်ရန် စစ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ရာဇသံကို လက်မခံနိုင်ကြောင်း ဩစတြီးယားအား အကြောင်းကြား ခဲ့သည်။

ထို့ကြောင့် ၁၉၁၄၊ ဇူလိုင်(၂၈) တွင် ဩစတြီးယားက ဆားဘီးယားကို စစ်ကြေညာခဲ့သည်။ ဩစတြီယားနှင့် ဆားဘီးယားတို့ စစ်ဖြစ်ရာတွင် ဩစတြီးယားဘက်မှ ဂျာမနီကလည်းကောင်း၊ ဆားဘီးယားဘက်မှ ပြင်သစ်၊ ရုရှားနှင့် အင်္ဂလန်တို့မှလည်းကောင်း အသီးသီး ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ကိုလိုနီခွဲဝေပေးမည်ဟူသော အင်္ဂလိပ်နှင့် ပြင်သစ်တို့၏ ဆွဲဆောင်မှုကြောင့် ၁၉၁၅ တွင် အီတလီသည် ယင်းတို့ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။

စစ်ပွဲအခြေအနေ[ပြင်​ဆင်​ရန်​]

ပွဲဦးထွက်[ပြင်​ဆင်​ရန်​]

စစ်ဦးဘီလူးထွက် ထွက်လာသည့် ဂျာမနီကို တစ်ကမ္ဘာလုံးက အံ့ဩခဲ့ကြသည်။ ဂျာမန်တပ်တို့၏ တိုက်ခိုက်ပုံများမှာ အနှစ်နှစ်အလလက ကြိုတင်၍ သေချာစွာ ပြင်ဆင်မှု ရှိသကဲ့သို့ အချက်ကျကျ အရာရောက်ရောက်နှင့် ထိမိစွာ တိုက်ခိုက်နိုင်သည်။ ဂျာမနီ၏ စစ်တပ်အင်အားမှာ ဥရောပ တစ်တိုက်လုံး၌ အကြီးမား အထင်ရှားဆုံး ကဲ့သို့ ဖြစ်ခဲ့သည်။ ဂျာမနီသည် တစ်လအတွင်း ပြင်သစ်အား သိမ်းပိုက်ပြီးမှ ရုရှားကို တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။ ထို့အပြင် ဗြိတိန်ကို သိမ်းသွင်းပြီး အရှေ့ဘက်သို့ နယ်ချဲ့ရန်၊ ဗော်လကန်နယ်များကို သိမ်းသွင်းရန် အစီအစဉ်လည်း ရှိလေသည်။

ဘယ်လဂျီယမ်ကို ဖြတ်ကျော်ခြင်း[ပြင်​ဆင်​ရန်​]

ဂျာမနီသည် ကြိုတင်စီစဉ်ထားသည့်အတိုင်း ပြင်သစ်အား ပိုမိုလျင်မြန်လွယ်ကူးစွာ သိမ်းပိုက်နိုင်ရန် ဘယ်လဂျီယမ်နိုင်ငံထံ ဖြတ်သန်းခွင့် တောင်းခံခဲ့သည်။ ဘယ်လဂျီယမ်မှာ ကြားနေနိုင်ငံဖြစ်ရာ ဖြတ်သန်းခွင့် မပေးခဲ့ချေ။ ထိုအခါ ဂျာမနီသည် ဇွတ်အတင်း ဖြတ်ကျော်လေသည်။ ဘယ်လဂျီယမ်တွင် ဂျာမန်တပ်များ ရှိနေပါက အင်္ဂလန်ကျွန်း၏ လုံခြုံရေးကို စိုးရိမ်ရသည်က တစ်ကြောင်း၊ဘယ်လဂျီယမ်၏ ကြားနေရေးကို အာမခံထားသည့်အပြင် ယင်းကို ထိပါးလာပါက ကူညီပါမည်ဟု စာချုပ်ချုပ်ထားသည်က တစ်ကြောင်းတို့ကြောင့် ဘယ်လဂျီယမ်ဘက်မှ ကူညီတိုက်ခိုက်ရန် အကြောင်းပြု၍ ဂျာမနီက ဘယ်လဂျီယမ်အား စတင်တိုက်ခိုက်သည့် ဩဂုတ်လ ၄ ရက်နေ့မကုန်မီမှာပင် ဗြိတိန်က စစ်ကြေငြာကာ စစ်ထဲပါဝင်လာသည်။ ဂျပန်သည် ဗြိတိန်နှင့် ချုပ်ဆိုထားသော မဟာမိတ်စာချုပ်အရ မကြာမီ ဗြိတိန်ကို ကူညီရန် စစ်ကြေငြာကာ စစ်ထဲဝင်ခဲ့သည်။ အခြား ဟန်ဂေရီ၊ ဘူလ်ဂေးရီယား၊ တူရကီစသော နိုင်ငံများကလည်း ဂျာမနီနှင့် ဩစတြီးယားဘက်မှ စစ်ထဲဝင်လာကြရာ ဗဟိုအင်အားကြီးနိုင်ငံများဟု ခေါ်သော ထိုနိုင်ငံများကတစ်ဘက် ရုရှား၊ ပြင်သစ်၊ အင်္ဂလိပ်စသော မဟာမိတ်နိုင်ငံများကတစ်ဘက် စစ်ရေးပြိုင်ကြသည့် ပထမကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာခဲ့သည်။

(၁၉၁၄ ခုနှစ်)ရထားတွဲ တစ်ခုအတွင်းရှိ ဂျာမန် စစ်သားများ၊ တွဲဆိုင်းပေါ်တွင်ရေးထားသည်မှာ" ပဲရစ်သို့ ခရီးထွက်ခြင်း" ဖြစ်သည်။

ဘယ်လဂျီယမ်သည် ရှိသမျှစစ်သား ၂ သန်းခန့်နှင့် အင်အားကြီးမားသော ဂျာမန်စစ်တပ်ကြီးကို ရက်သတ္တ ၂ ပတ်မျှ ကြာအောင် ခုခံတွန်းလှန်နေခဲ့သဖြင့် ပြင်သစ်အဖို့ ဂျာမန်များဝင်ရောက်မည့် လမ်းများတွင် စစ်အင်အား ထပ်ဖြည့်ထားရန် အချိန်ရခဲ့သည့်အပြင် ပြင်သစ်နိုင်ငံမြောက်ပိုင်းသို့ ရှိသမျှသော အင်္ဂလိပ်စစ်တပ်များကိုလည်း တင်ပို့နိုင်ခဲ့သည်။ ထိုသို့ မဟာမိတ်များဘက်တွင် စစ်အင်အား ဖြည့်တင်းရန် အချိန်ရရှိသွားသည့်အတွက် ဂျာမနီမှ စစ်ကိုလျင်မြန်စွာ အနိုင်နှင့်ပိုင်းရန် ရည်မှန်းချက်ကြီး ပျက်ပြားရသည်။

ဆားဗီးယား စစ်တပ်ကြီး အယ်ဘီးနီးယားသို့ ချီတက်စဉ်

ဘယ်လဂျီယမ် အာဇာနည်စစ်သည်များသည် အစွမ်းကုန်ကြိုးစား တွန်းလှန်ကြသော်လည်း ဂျာမနီ၏ ကြီးမားတောင့်တင်းလှသော ဒဏ်ကို မခံနိုင်ပဲ ဩဂုတ်လ ၁၅ ရက်နေ့တွင် လီအေ့ခံတပ်ကြီး ကျိုးပေါက်သွားပြီးနောက် ၄ ရက်မျှအကြာတွင် ဗရပ်ဆဲမြို့တော်ကြီး ကျဆုံးခဲ့ရလေသည်။ ဘယ်လဂျီယမ် အစိုးရအဖွဲ့လည်း ပြင်သစ်နိုင်ငံသို့ ပြောင်းရွှေ့သွားရသည်။

ပထမမန်းတိုက်ပွဲ[ပြင်​ဆင်​ရန်​]

ဘယ်လဂျီယမ်နိုင်ငံကို ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံဘက်သို့ ဂျာမန်တပ်များ ဆက်လက် ချီတက်ခဲ့သည်။ ထိုအခါ ဘယ်လဂျီယမ်၊ ပြင်သစ်၊ အင်္ဂလိပ်တပ်များကလည်း တွန်းလှန်နိုင်သမျှ တွန်းလှန်ခဲ့သည်။ ဤသို့ဖြင့် မဟာမိတ်တပ်များနှင့် ဂျာမန်တပ်များသည် အနောက်ဘက် စစ်မြေပြင် မန်းမြစ်အနီးတွင် ယှဉ်ပြိုင်တိုက်ခိုက်ကြရာ ဂျာမန်တို့ နောက်ဆုတ်ပေးရသည်။ ထို့ကြောင့် ပြင်သစ်နိုင်ငံအတွက် အတန်စိတ်အေး သွားရသော်လည်း ဂျာမန်တို့မှာ ပြင်သစ်နိုင်ငံ၏ အကြွယ်ဝဆုံးသောနယ် ဆယ်ပုံတစ်ပုံခန့်ကို သိမ်းပိုက်မိထားကြသည်။

စစ်ဖြစ်၍ ကြည်းကြောင်းတိုက်ပွဲများတွင် မဟာမိတ်တပ်များသာလျှင် အရှုံးများလေသည်။ ဘယ်လဂျီယမ်နိုင်ငံ အီးပရားတိုက်ပွဲတွင် အင်္ဂလိပ်စစ်တပ်ကြီး တပ်လုံးပြုတ်လုမတတ် ကျဆုံးခဲ့သည်။ ထို့ကြောင့် ဗြိတိန်သည် စစ်တပ်အင်အားကို ထပ်မံဖြည့်တင်းခဲ့ရာ တစ်နှစ်အတွင်း တပ်သားပေါင်း ၁ သန်းကျော် ရရှိခဲ့၍ ဗြိတိသျှ နိုင်ငံတော်အတွင်းမှ စစ်တပ်အင်အားများပါဆိုလျှင် တပ်သား ၂ သန်းကျော် ရှိခဲ့သည်။ သို့သော် စစ်ပွဲတွင် ရန်သူတပ်များနှင့် ယှဉ်ပြိုင်တိုက်နိုင်လောက်အောင်ကား ကျင့်သား မရှိကြသေး​ပေ။ ၁၉၁၇ ခုနှစ်လောက်တွင်မှ အင်္ဂလိပ်တို့၏ တိုက်ခိုက်မှု အင်အားမှာ ထိပ်တန်းသို့ ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။

စစ်မျက်နှာများ[ပြင်​ဆင်​ရန်​]

ပထမ ကမ္ဘာစစ်ကြီးတွင် နိုင်ငံအများ ပါဝင်တိုက်ခိုက်ကြသဖြင့် စစ်မျက်နှာမှာ တစ်နေရာတည်းတွင် မဟုတ်ပေ။ အနောက်ဘက် စစ်မျက်နှာ၊ အရှေ့ဘက် စစ်မျက်နှာ၊ အီတာလျံ စစ်မျက်နှာ၊ ဗော်လကန်တောင်ပိုင်း စစ်မျက်နှာဟူ၍ နေရာအနှံ့အပြား ရှိခဲ့သည်။ ထိုစစ်မျက်နှာများတွင်း အရေးအပါဆုံးမှာ အနောက်ဘက် စစ်မျက်နှာ ဖြစ်သည်။ အင်္ဂလိပ်ရေလက်ကြားကြီးမှ ဆွစ်ဇာလန်နိုင်ငံအထိ စစ်ကြောင်း ပြန့်နေ၍ မိုင်ပေါင်း ၄၅၀ မျှ ရှည်လျားသည်။

ဗြိတိသျှ စစ်သားများ တိုက်ပွဲဝင်နေစဉ်

အရှည်လျားဆုံးဖြစ်ပြီး ဒုတိယ အရေးအပါဆုံး စစ်မျက်နှာမှာ အရှေ့ဘက် စစ်မျက်နှာ ဖြစ်၍ ဗောလတစ် ပင်လယ်ကမ်းခြေရှိ ရီးဂမှ ပင်လယ်ကမ်းခြေတိုင်အောင် မိုင်ပေါင်း ၁၁၂၅ မိုင်မျှ ရှည်လျားသည်။ ၁၉၁၅ ခုနှစ်မေလ ၂၃ ရက်နေ့တွင် အီတလီသည် မဟာမိတ်တို့ဖက်မှ စစ်ထဲဝင်လာသောအခါ မိုင် ၃၂၀ မျှ ရှည်လျားသည့် အီတာလျံ စစ်မျက်နှာတစ်ခု ဖွင့်ခဲ့ပြန်သည်။ စစ်မပြီးမီ နောက်ဆုံး ဖွင့်ရသော စစ်မျက်နှာမှာ စစ်ကြောင်းမိုင် ၃၀၀ မျှ ရှည်လျားသည့် ဗော်လကန်တောင်ပိုင်း စစ်မျက်နှာ ဖြစ်သည်။

ဩစတြီးယားတပ်က ဆားဗီးယားများအား ကွပ်မျက်ခဲ့စဉ်(ဆားဗီးယားလူမျိုး ၈သိန်း ၅ သောင်းခန့် ပျောက်ဆုံးခဲ့ရသည်။)

တိုက်ခိုက်ရာတွင် နည်းသစ်ထွင်ကာ တစ်ဖက်နှင့် တစ်ဖက် ကတုတ်ကျင်းများထဲမှ ပစ်ခတ်တိုက်ခိုက်ကြသဖြင့် ရင်ဆိုင်တိုက်ခိုက်ခြင်း၊ လျင်မြန်စွာ နေရာပြောင်းရွှေ့ တိုက်ခိုက်ခြင်းများ နည်းပါးလှသည်။ ထိုနည်းဖြင့် တိုက်ခိုက်ခြင်းကြောင့် သုံးနှစ်အတွင်း အနောက်ဘက် စစ်မျက်နှာတွင် စစ်ကြောင်းမိုင် ၂၀ မျှ ကျွံဝင်အောင် မည်သည့်ဘက်ကမျှ မတိုက်နိုင်ခဲ့ချေ။ သို့သော် ထိုသို့ စစ်ကြောင်းကို ထိုးဖောက်ရန် ကြိုးစားကြရာ၌ တပ်သားပေါင်း ၁ သန်းကျော် ကျဆုံးခဲ့သည်။

ထိုစစ်မျက်နှာတွင် မဟာမိတ်တပ်များဖက်မှ ထင်ရှား၍ စစ်မှုရေးရာ ကျွမ်းကျင်သော ဆာဂျွန်ဖရင့်၊ စစ်သူကြီး ဆာဒေါက်ကလပ်ဟိတ်၊ မာရှယ်ဂျော့ဖား၊ ဗိုလ်ချုပ်မှူး ပေတန်းနှင့် မာရှယ်ဖော့ စသည့် စစ်ဗိုလ်ကြီးများ ကွပ်ကဲအုပ်ချုပ် တိုက်ခိုက်ခဲ့သည်။ စစ်ထဲသို့ အမေရိကန် ဝင်လာသောအခါ ဗိုလ်ချုပ်မျူး ပါးရှင်းက ဦးစီးခဲ့သည်။ ဂျာမနီစသည့် ဗဟိုနိုင်ငံများဘက်မှ ဂျာမနီ အိမ်ရှေ့ဥပရာဇာနှင့် ဗာဗေးရီးယား ဥပရာဇာများ ကိုယ်တိုင်ကွပ်ကဲ တိုက်ခိုက်ကြသည်။

အရှေ့ဘက် စစ်မျက်နှာတွင် ရုရှားက ခေါင်းဆောင် တိုက်ခိုက်လေရာ နစ်ကလတ် မင်းသားကြီး ကိုယ်တိုင် တစ်နှစ်ခွဲခန့် ဦးစီးခဲ့ပြီးနောက် ရုရှားဇာဘုရင်ကိုယ်တိုင် ကွပ်ကဲတိုက်ခိုက်လေသည်။ ထိုစစ်မျက်နှာတွင် ဂျာမန်တို့ဘက်မှ စစ်ဦးစီးချုပ် လူဒင်ဒေါ့၏ အကူအညီဖြင့် ဗိုလ်ချုပ်မှူး ဟင်ဒင်ဗတ်က ကြီးမှူးတိုက်ခိုက်ခဲ့ရာ တန်နင်ဗတ်တိုက်ပွဲတွင် နာမည်ရခဲ့ပြီး မကြာမီ ဂျာမနီ၏ စစ်သေနာပတိချုပ် ဖြစ်လာသည်။

၁၉၁၅ ခုနှစ်အတွင်း စစ်အခြေအနေ[ပြင်​ဆင်​ရန်​]

အနောက်ဘက် စစ်မျက်နှာတွင် သုံးနှစ်ခန့်အတွင်း အကြီးအကျယ် ပြောင်းလဲခဲ့ခြင်း မရှိပေ။ ထိုကြောင့် အင်္ဂလိပ်နှင့် ပြင်သစ်တို့သည် လက်နက်ခဲယမ်း မီးကျောက်များ တိုးတက်တည်ဆောက် ထုတ်လုပ်နိုင်ခဲ့သည် ဖြစ်ရာ တိုက်ပွဲများတွင် အများအားဖြင့် အမြောက်ကို သုံးနိုင်ခဲ့ကြသည်။ ထိုနှစ်အတွင်း စစ်မျက်နှာ၌ အရေးအပါဆုံး တိုက်ပွဲမှာ ဗာဒန်တိုက်ပွဲ ဖြစ်သည်။ ဗာဒန်မှာ ပဲရစ်မြို့သွားရာ လမ်းပေါ်တွင် တည်ရှိ၍ ပြင်သစ်ခံစစ်ကြောင်း၏ အချက်အချာ ဖြစ်လေရာ ဂျာမန်အိမ်ရှေ့ ဥပရာဇာကိုယ်တိုင် ဗာဒန်ကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားခဲ့သည်။ ပြင်သစ်တို့ကလည်း ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့၍ သွေးချောင်းစီးသော တိုက်ပွဲကြီးများ ထိုမြို့အနီး၌ ဖြစ်ပွားခဲ့လေသည်။ သို့သော် ဗာဒန်မြို့မှာ ဗိုလ်ချုပ်မှူး (နောက်မာရှယ်) ပေတန်း၏ ကြိုးပမ်းချက်ကြောင့် မကျပဲရှိနေခဲ့သည်။ ထိုနှစ်တွင် ဂျာမန်တို့သည် အင်္ဂလန်ဘက်သို့ လွယ်ကူစွာ ကူးနိုင်ရေးအတွက် ကဲလေးမြို့ကို သိမ်းပိုက်ရန် စစ်ဆင်ကြပြန်ရာ ဓာတ်ငွေ့များကိုပင် အသုံးပြုလေသည်။ သို့သော် ကနေဒီယန် တပ်သားများ၏ ရွပ်ရွပ်ချွံချွံ တွန်းလှန်မှုကြောင့် ၁၉၁၈ ခုနှစ်တိုင်အောင် ဂျာမန်တို့၏ရန်မှ ကင်းလွတ်ခဲ့သည်။ ထိုနှစ်တွင် မဟာမိတ်တို့မှ အရေးပါသော အောင်မြင်မှုမှာ သံမဏိနှင့် အင်္ဂတေတို့ဖြင့် ခိုင်ခံ့စွာ ပြုလုပ်ထားသော လက်ဗီရင့်ခေါ် ဝင်္ကပါအမည်ရှိ ဂျာမန်မြေအောက်ခံတပ်ကြီးကို သိမ်းပိုက်နိုင်ခြင်း ဖြစ်ပေသည်။ မဟာမိတ်တို့သည် ပြင်သစ်နှင့် ဘယ်လဂျီယမ်နိုင်ငံတို့မှ ရန်သူလက် ကျရောက်ခဲ့သော နယ်များကို ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း စတုရန်းမိုင်ပေါင်း ၅၀ ခန့်သာ ပြန်ရခဲ့သည်။

အရှေ့ဘက် စစ်မျက်နှာ မြောက်ဘက်တွင် ဗွန်ဟင်ဒင်ဗတ်၏ ဂျာမန်စစ်တပ်များသည် မဆူးရီယန်အိုင်များ ဒေသတစ်ဝိုက်၌ အရေးသာနေကြသည်။

ရုရှားတပ်စုတစ်စု

တောင်ဘက်တွင် ပထမသော်ရုရှားသည် စစ်ရေးလှခဲ့သည်။ ဩစတြီးယားတပ်များ ဂလစ်ရှာနယ်ကိုဖြတ်၍ ဟန်ဂေရီနိုင်ငံထဲသို့ပင် ဝင်နိုင်ခဲ့သည်။ သို့သော် ၁၉၁၅ ခုနှစ် နွေရာသီတွင် ဂျာမန်နှင့် ဩစတြီးယားတပ်များ ပူးပေါင်း၍ ရုရှားတို့အား ဂလစ်ရှာနယ်ထဲမှ အထူးအောင်မြင်စွာ မောင်းထုတ်လိုက်သည်။ ထိုအခါ နစ်ကလပ် မင်းသားကြီးနေရာတွင် ရုရှားဇာဘုရင်ကိုယ်တိုင် ထိုတပ်များကို ကွပ်ကဲတိုက်ခိုက်လေသည်။

ရုရှားအား ဗဟိုနိုင်ငံများ၏ ဖိနှိပ်ခြင်းမှ သက်သာရာရစေရန် မဟာမိတ်တပ်များသည် တူရကီပိုင် ဒါးဒနဲရေလက်ကြားမှ ဂလစ်ပိုလီကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းယူရန် ကြိုးပမ်းခဲ့ကြသည်။ သို့ရာတွင် မအောင်မြင်သည့်အပြင် ဗော်လကန်ပြည်နယ်များ၏ အထင်သေးခြင်းကိုပင် ခံရလေသည်။ ဩစတြီးယားသည် ဆားဗီးယားကို တိုက်ခိုက်ခဲ့ရာတွင် မျှော်လင့်သလောက် မလွယ်ကူလှချေ။ ဩစတြီးယားတို့က ဆားဗီးယားမြို့တော် ဗဲလ်ဂရိတ်မြို့ကို သိမ်းပိုက်ခဲ့သော်လည်း ဆားဗီးယားတို့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် မကြာမီ အူရောင်ငန်းဖျားရောဂါ ကျရောက်သဖြင့် ဆားဗီးယားတပ်များ အတော်ပင် အင်အားနည်းသွားလေသည်။

ဩစတြို-ဟန်ဂေရီတောင် ရှိ စစ်တပ်စုတစ်ခု

ထိုကာလအတွင်း ဘူလ်ဂေးရီးယားနိုင်ငံသည် ဗော်လကန်စစ်အတွင်းက ဆုံးရှုံးခဲ့သော ဗော်လကန်ပြည်နယ်အချို့ကို ပြန်ရရန် ရည်ရွယ်ချက်ဖြင့် ဗဟိုနိုင်ငံများဖက်သို့ ၁၉၁၅ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီးသော် ဆားဗီးယားကို တိုက်ခိုက်သည်။ ဂျာမန်နှင့် ဩစတြီးယားတပ်များကလည်း ကူညီသဖြင့် ၁၉၁၅ ခုနှစ် ဒီဇင်ဘာလတွင် ဆားဗီ.ယားတစ်ပြည်လုံးကိုပင် ရန်သူ့လက်သို့ ကျရောက်သွားသည်။ မဟာမိတ်တို့ဘက်မှ ဆားဗီးယားကို ကူညီရန် ဆယ်လိုနီးကားမြို့သို့ သန်းဝက်မျှရှိသော တပ်များကို ၁၉၁၅ ခု အောက်တိုဘာလတွင် ပို့ခဲ့သည်။ ဆားဗီးယားတပ်ကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။ သို့သော် ထိုတပ်များသည် မည်သို့မျှ အရာရောက်အောင် မစွမ်းဆောင်နိုင်ပဲ ဆယ်လိုနီးကားတွင်သာ သောင်တင်နေကြသည်။ မဟာမိတ်တို့လည်း မိမိတို့၏ ဂုဏ်သရေကို ထိခိုက်မည်စိုးသောကြောင့် ထိုတပ်များပြန်၍ မဆုတ်ခိုင်းသဖြင့် ၁၉၁၈ ခုနှစ်တိုင်အောင် ထိုတပ်များမှာ ထိုမြို့တွင်ပင် နေခဲ့ကြသည်။

၁၉၁၆ ခုနှစ်အတွင်း စစ်အခြေအနေ[ပြင်​ဆင်​ရန်​]

ထိုနှစ် ဩဂုတ်လအတွင်း ရူမေနီးယားနိုင်ငံသည် မဟာမိတ်တို့ဘက်မှ စစ်ထဲဝင်လာလေသည်။ ရူမေနီးယားသည် ဟန်ဂေရီနိုင်ငံ လက်အောက်သို့ ကျရောက်ခဲ့သော ရူမေနီးယန်း အမျိုးသားတို့၏ လွတ်မြောက်ရေးအတွက် စစ်ထဲဝင်လာခြင်း ဖြစ်သည်။ ရူမေနီးယားသည် ဟန်ဂေရီနိုင်ငံတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရာ ဂျာမနီနှင့် ဘူလ်ဂေးရီးယားတပ်များက ပြန်လှန်တိုက်ခိုက်သဖြင့် အရေးနိမ့်ခဲ့ရသည့်ပြင် ရူမေနီးယားနိုင်ငံ၏ တစ်ဝက်မျှရှိသော အဖိုးတန် ရေနံနှင့် ဂျုံစပါးထွက် ဒေသများမှာ ရန်သူ့လက်တွင်း ကျရောက်ခဲ့သည်။

၁၉၁၅ ခုနှစ် မေလ ၃ ရက်နေ့တွင် အီတလီသည် ဩစတြီးယားပိုင် နယ်မြေအချို့ ရမည်ဟူသော လျှို့ဝှက်ကတိကြောင့် ယခင်က ဂျာမနီနှင့် သုံးနိုင်ငံ ချစ်ကြည်ရေး စာချုပ်ကို ဖောက်ဖျက်ပြီးလျှင် မဟာမိတ်တို့ဘက်မှ စစ်ထဲသို့ ဝင်လာလေသည်။ ထိုနှစ်အတွင်း၌ အီတလီစစ်မျက်နှာတွင် ကြီးကျယ်လှသော တိုက်ပွဲကြီးများ မရှိခဲ့ပေ။ ၁၉၁၆ ခုနှစ် ဩဂုတ်လအတွင်း၌ကား အီတလီသည် ဩစတြီးယားနိုင်ငံကို ထိုးစစ်ဆင်ခဲ့ရာ အရေးအပါဆုံးသော အောင်မြင်မှုမှာ ဂိုးရီးဇီးယားကို သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။ ဆောင်းရာသီ မကျမီလေးတွင် အီတလီသည် အေဒြီယက်တစ်ပင်လယ် သင်္ဘောဆိပ်ကမ်းမြို့ဖြစ်သော ထရီးယက်မြို့ကို သိမ်းပိုက်တိုက်ခိုက်ရန် အသင့်ပြင်ထားခဲ့သည်။

ထိုနှစ်အတွင်း အရေးအပါဆုံး တိုက်ပွဲမှာ အနောက်ဘက် စစ်မျက်နှာမှ ဗာဒန်တိုက်ပွဲ ဖြစ်သည်။ ဂျာမန်တို့ဘက်မှ အိမ်ရှေ့ဥပရာဇာ ကိုယ်တိုင်ကွပ်ကဲ တိုက်ခိုက်သည်။ ဖေဖော်ဝါရီလ မကုန်မီမှ စက်တင်ဘာလဆန်းခန့်အထိ ၆ လ ခန့် တိုက်ခိုက်ခဲ့သည်တွင် ရှေ့သို့ ၄ မိုင်ခန့်မျှသာ တိုးတက်နိုင်သဖြင့် ဗာဒန်ခံတပ်မြို့ သိမ်းပိုက်ရေးကို ဂျာမန်တို့ လက်လျှော့လိုက်ရသည်။ ယင်းသို့ ရှိနေစဉ် မဟာမိတ်တို့သည် မြောက်ဘက်ရှိ ဆုမ်းမြစ်တစ်လျှောက်တွင် အကြီးအကျယ် ထိုးစစ်ဆင်ရန် ပြင်ဆင်ခဲ့သည်။ ထိုအချိန်လောက်တွင် မဟာမိတ်တို့၏ အမြောက်လက်နက်များမှာ အထူးတိုးတက် ကောင်းမွန်လာပြီဖြစ်ရာ သံမဏိ၊ အင်္ဂတေတို့ဖြင့် ခိုင်ခံ့လှသည့် မိုင်ပေါင်းများစွာ ရှည်လျားသော ဂျာမန်ကတုတ်ကျင်းများကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့သည်။ ထို့အပြင် ထိုနှစ်တွင် မဟာမိတ်တို့သည် တင့်ကားများကို စတင်သုံးခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတိုင်အောင် မဟာမိတ်တို့သည် ဖိ၍တိုက်လာခဲ့ရာ ဂျာမန်တို့သည် ကြံ့ကြံ့ခံရင်း နောက်သို့ တဖြည်းဖြည်း ဆုတ်ပေးခဲ့ရသည်။

အရှေ့ဘက် စစ်မျက်နှာတွင် ဆောင်းရာသီအတွင်း၌ ရုရှားသည် အားဖြည့်နိုင်ခဲ့၍ ဇွန်လလောက်တွင် အရှေ့ဘက်စစ်ကြောင်း တောင်ဘက်စွန်းမှ ထိုးစစ်ဆင်ကာ ဩစတြီးယားတပ်များကို ကာပေသီယန် တောင်တန်းများသို့ တိုက်ထုတ်နိုင်ခဲ့သည်။

၁၉၁၆ ခုနှစ်အတွင်း အိုင်ယာလန်ပြည်၌ သူပုန်ထလေရာ မဟာမိတ်တို့၏ စစ်ဆင်မှုတွင် အတန်ပင် ထိခိုက်ဖို့ အကြောင်း ပေါ်ပေါက်ခဲ့သည်။ ထိုမှတပါး ဗြိတိသျှ အစိုးရ၏ အရေးပါသော ရာထူးများကို ထမ်းရွက်ခဲ့သူ ဆာရော်ဂျာကေ့စမင်သည် ဂျာမန်လက်နက်များကို အိုင်ယာလန်ပြည်တွင်းသို့ ခိုးသွင်းကာ ပုန်ကန်ရန် ကြံစည်ခဲ့သဖြင့် အပေါင်းအပါ အခြားခေါင်းဆောင် ၆ ဦးတို့နှင့်အတူ စစ်ဆေး၍ အဆုံးစီရင်လိုက်သည်။

ထိုနှစ်အတွင်း ဂရိနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေကို မဟာမိတ်တို့ဘက်မှ လည်းကောင်း ဗဟိုနိုင်ငံများဘက်မှ လည်းကောင်း စောင့်ကြည့်ခဲ့သည်။ ဂရိနိုင်ငံသည် ဆားဗီးယားအား ရန်သူတို့ ထိပါးလာလျှင် ကူညီတိုက်ခိုက်ပေးရန် သဘောတူညီချက်များ ရှိခဲ့သည်။ သို့သော် ဂရိဘုရင်မှာ ဂျာမန်ကိုင်ဇာဘုရင်၏ ယောက်ဖတော် ဖြစ်သဖြင့် ထိုစစ်ထဲတွင် မပါဝင်ပဲ ကြားနေမည့်ယောင်ယောင် ပြုနေခဲ့သည်။ ဂရိမျိုးချစ်များကား ဆားဗီးယားကို ကတိထားချက်အတိုင်း ကူညီလိုကြသည်။ ထိုကြောင့် မဟာမိတ်များ ဘူလ်ဂေးရီးယားကို တိုက်ခိုက်သောအခါ ဂရိမျိုးချစ်တပ်များသည် မဟာမိတ်တို့ဘက်မှ ကူညီတိုက်ခိုက်ခဲ့သည်။ ထိုသို့ ဂရိနိုင်ငံ၏ သဘောထား မပြတ်မသား ရှိနေခဲ့သဖြင့် မဟာမိတ်တို့က ဂရိနိုင်ငံကို စိတ်ချရအောင် ကြိုတင်၍ ရေကြောင်းမှ ပိတ်ဆို့ထားသည်။

ထို့အပြင် အာမေးနီးယားပြည်နယ်ဖက်တွင် နစ်ကလပ် မင်းသားကြီး ကွပ်ကဲသော ရုရှားတပ်များသည် အတန်ပင် အရေးသာခဲ့သည်။ တူရကီနိုင်ငံသည် စူးအက်တူးမြောင်းကို သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း ဗြိတိသျှတပ်များက တွန်းလှန်လိုက်သဖြင့် မအောင်မြင်ခဲ့ချေ။

၁၉၁၇ ခုနှစ်အတွင်း စစ်အခြေအနေ[ပြင်​ဆင်​ရန်​]

ထိုနှစ်တွင် အနောက်ဘက် စစ်မျက်နှာ၌ မဟာမိတ်တို့သည် စစ်အောင်နိုင်မည့် မျှော်လင့်ချက်ကလေးများပင် ထားရှိလာနိုင်လေသည်။ ထိုနှစ်အတွင်း အရေးပါသော တိုက်ပွဲများ ပြင်သစ်နိုင်ငံအရှေ့မြောက်ဘက်နှင့် ဗဲလ်ဂျီယံနိုင်ငံများတွင် ဖြစ်ပွားခဲ့သည်။ ထိုဒေသများတွင် အဂၤလိပ်၊ ပြင်သစ်၊ ဗဲလ်ဂျီယမ်နှင့် ကနေဒီယန်တပ်များ ပူးပေါင်း၍ ဂျာမန်တပ်များ စိတ်ဓာတ် ပျက်ပြားအောင်ပင် တိုက်ခိုက်ခဲ့သည်။ ထို့ပြင် ထိုနှစ်ဇွန်လတွင်း မကြုံစဖူး ထူးကဲလှစွာ အပြင်းအထန်တိုက်ခိုက်ခဲ့လေရာ ရက်အနည်းငယ်အတွင်း ဂျာမန်တပ်များလေးမိုင်ခန့်မျှ နောက်သို့ ဆုတ်ပေးရလေသည်။ တောင်ဘက်တွင်လည်း ဂျာမန်တို့၏ ကျောက်မီးသွေးထွက်ရာ အဖိုးတန်မြို့ကြီးတစ်မြို့ဖြစ်သော လင်းမြို့ဘက်သို့ ကနေဒီယန်တပ်များက အရှေ့ဆောင်ချီတက်တိုက်ခိုက်ခဲ့သဖြင့် ဂျာမန်တို့ တဖြည်းဖြည်း ဆုတ်ပေးရပြန်သည်။ ထိုနှစ် နိုဝင်ဘာလလောက်တွင် မဟာမိတ်တို့သည် ဂျာမန်တို့သိမ်းပိုက်ထားသော ပြင်သစ်မြို့ဖြစ်သော ကမ်းဗရေးကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်လေသည်။ ထိုအခါ ဗာဗေးရီးယားပြည်၏ ဥပရာဇာမင်းသား ခေါင်းဆောင်သော ဂျာမန်တပ်များမှာ ၅မိုင်ခန့် ဆုတ်ပေးခဲ့ရသည်။သို့သော် ဂျာမန်တပ်များက တန်ပြန်ထိုးစစ်ဆင်သောအခါ မဟာမိတ်တပ်များ သိမ်းပိုက်ရရှိသမျှ နယ်မြေများ ပြန်လည်၍ ဆုံးရှုံးရပြန်သည်။ WTF ထိုနှစ်မတ်လ ၁၁ ရက်နေ့တွင် ရုရှားပြည်၌ တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့သည်။ နောက်လေးလခန့်အကြာတွင် ဇာဘုရင်မှာ နန်းတော်ကို စွန့်လိုက်ရပြီးနောက် သမ္မတနိုင်ငံအဖြစ်ကျေညာခဲ့ရာ စစ်ပြေငြိမ်းရန် ကြံရွယ်နေသော ဇာဘုရင်ကြောင့် စိတ်ပျက်အားလျော့နေရသော မဟာမိတ်တို့သည် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရသည်။ သို့သော်လည်း ရုရှားနိုင်ငံမှာ စစ်ကို ဆက်လက်တိုက်ခိုက်ရန် အခြေအနေမျိုး မရှိတော့ချေ။ တပ်တွင်း စည်းကမ်းများ ပျက်ပြားကာ တပ်ပြေးအရေအတွက်မှာလည်း များသည်ထက် များပြားလာသည့်အပြင် နေရာတိုင်းတွင် အရှုံးကြီးရှုံးနေခဲ့သည်။ ထိုအတွင်း လူအချင်းချင်း အရှင်းရှင် နယ်ချဲ့စစ်ပွဲတွင် တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်နေရန် မသင့်ကြောင်း ကြွေးကြော်သံ ပေါ်ပေါက်လာခဲ့ပြီးနောက် ထိုနှစ် နိုဝင်ဘာလတွင် ဗော်လရှီဗစ်တို့သည် အုပ်ချုပ်ရေးအာဏာကို သိမ်းပိုက်ခဲ့လေသည်။ ဗော်လရှီဗစ် အစိုးရသည် ဒီဇင်ဘာလထဲတွင် ဂျာမန်တို့နှင့် စစ်ပြေငြိမ်းရန် ကြိုးပမ်းခဲ့ရာ ၁၉၁၈ ခု မတ်လထဲတွင် ဗရက် စ-လီတော့ စာချုပ်ကို ချုပ်ဆိုခဲ့လေသည်။ ထို့ကြောင့် ဂျာမန်တို့သည် အရှေ့ဘက်စစ်မျက်နှာမှ စစ်သား ထောင်ပေါင်းများစွာကို အနောက်ဘက်စစ်မျာက်နှာသို့ ရွှေ့ပြောင်းနိုင်ခဲ့သော ပြင်သစ်နှင့် အဂၤလိပ်တို့အား ယခင်ကထက်ပိုမို ဖိတိုက်နိုင်ခဲ့သည်။ အီတာလျံစစ်မျက်နှာတွင် အီတလီတို့သည် မူလကြံရွယ်ချက်အတိုင်း ထရီ:ယက်မြို့ဆီသို့ တဖြည်းဖြည်းချီတက်ခဲ့ရာ မြို့နှင့် ဆယ်မိုင်ခန့်အကွာနေရာသို့ပင် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း မကြာမီ ဂျာမန်စစ်ကူးများ ရောက်ရှိလာ၍ ဩစတြီးယားစစ်တပ်များနှင့် ပူးပေါင်းကာ အောက်တိုဘာလကုန်လောက်၌ ကားပိုရပ်တို တွင် အီတာလျံတပ်များကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ရာ အီတာလျံတို့ တပ်ပျက်ကာ ဆုတ်ခွာခဲ့ရသည်။ ပီယားဗေမြစ်သို့ ရောက်မှ ဂျာမန်တို့၏ ချီတက်မှုကို တန့်အောင် ပြုလုပ်နိုင်ပေတော့သည်။ ထိုသို့ တန့်အောင် ခံနိုင်ခဲ့သည်မှာလည်း မဟာမိတ်များသည် အီတာလျံတို့အား ကူညီရန် ထိုနှစ် ဒီဇင်ဘာမတိုင်မီ အနောက်ဘက်စစ်မျက်နှာမှ စစ်ကူတပ်များပို့ပေးသောကြောင့် ဖြစ်လေသည်။

ထိုနှစ်အတွင်း ဂရိနိုင်ငံ၏ အခြေအနေမှာ တစ်မျိုးတစ်ဖုံ ဖြစ်လာခဲ့သည်။ ဂရိဘုရင် ကွန်စတန်တင်းသည် ဇွန် ၂ရက်နေ့တွင် နန်းမှ ဆင်းသက်ကာ မဟာမိတ်တို့အား လိုလားသူ ဒုတိယသားတော် အလက်ဇန္ဒားအား နန်းအပ်ခဲ့ရလေသည်။ အလက်ဇန္ဒားသည် ဂရိမျိုးချစ်တပ်များကို ခေါင်းဆောင်ခဲ့သူ ဗဲနီဇေလော့ကို ဝန်ကြီးချုပ်အဖြစ် ခန့်ထား၍ မဟာမိတ်တို့ဖက်မှ ကူညီတိုက်ခိုက်လေသည်။ ၁၉၁၇ ခုနှစ်စလောက်အထိ အမေရိကန်ပြည်ထောင်စုနိုင်ငံသည် စစ်ထဲမဝင်ပါသေးဘဲ နှစ်ဦးနှစ်ဖက်စလုံး လက်နက်များ ရောင်းချကာ ကြားနေခဲ့သည်။ ရေတပ်အင်အားတွင် ဗြိတိသျှတို့က သာသဖြင့် ရေကြောင်းဖြင့် သယ်ယူသော အမေရိကန် လက်နက်ပစ္စည်းများမှာ မဟာမိတ်တို့ဖက်သာ အရောက်များခဲ့လေရာ ဂျာမန်တို့အဖို့ အမေရိကန်ပြည်ထောင်စု နိုင်ငံမှာ မဟာမိတ်တို့၏ လက်နက်သိုလှောင်ရာ ဌာနကြီး ဖြစ်နေပေသည်။ သို့ဖြစ်၍ ဂျာမန်တို့သည် မဟာမိတ်ထံ ပေးပို့သော အမေရိကန် လက်နက်တင် သင်္ဘောများကို ရေငုပ်သင်္ဘောများဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ရာ အမေရိကန် သင်္ဘောများနှင့် လူအမြောက်အများပင် ဂျာမန်ရေငုပ်သင်္ဘောများ၏ လက်ချက်ကြောင့် နစ်မြုပ်သေကြေပျက်စီးကြလေသည်။ ထို့အပြင် မက္ကဆီကိုနိုင်ငံအားယင်းဆုံရှုံးခဲ့သော နယ်ပယ်တို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ဂျာမနီက ငွေးကြေးထောက်ပံ့ရန် ကြံစည်နေသောကြောင့် အမေရိကန်ပြည်ထောင်စုသည် ၁၉၁၇ ခု ဧပြီလ ၆ ရက်နေ့တွင် ဂျာမနီနိုင်ငံကို စစ်ကြေညာခဲ့၏။သို့သော် အမေရိကန်မှာ စစ်တိုက်ရန် အစီအစဉ်ကျစွာ မရှိသေးသဖြင့် ၁၉၁၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် အမေရိကန်စစ်တပ်စုသည် ပြင်သစ်နိုင်ငံသို့ ပထမဆုံးအကြိမ် ပို့နိုင်ခဲ့လေသည်။ ထိုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ၁၅ ဆက်မြောက် ဗဲနီးဒစ်သည် စစ်ပြငြိမ်းရန် ကြိုးစားဖြန်ဖြေခဲ့သေးသည်။ သို့သော် မဟာမိတ်တို့ဖက်မှ စစ်ပြငြိမ်းရန် မလိုလားသဖြင့် ကြိုးပမ်းချက်မှာ မအောင်မြင်ခဲ့ချေ။

၁၉၁၈ ခုနှစ် စစ်အတွင်း အခြေအနေ[ပြင်​ဆင်​ရန်​]

ထိုနှစ်၌ ဂျာမန်တို့သည် မဟာမိတ်တို့ကို အပြုတ်တိုက်ရန် အကြီးအကျယ် စစ်ဆင်နေခဲ့သော နှစ်ဖြစ်သည်။ စစ်သူကြီး ဟင်ဒင်ဗတ်က ဂျာမန်တပ်များသည် ဧပြီလ တစ်ရက်နေ့တွင် ပါရီမြို့ကို သိမ်းပိုက်နိုင်ရမည်ဟု ကျေညာခဲ့လေသည်။ ဂျာမန်တို့၏ ထိုးစစ်ကြောင်းမှာ အီးပရား၏ တောင်ဘက် မှ စတင်၍ ငါးဆယ့်တစ်မိုင်မျှ ရျည်လျှားလေသည်။ ထိုမျှလောက် ကြီးမားလှသော အင်အားနှင့် ဖိတိုက်သဖြင့် ထိုမျှလောက် လူအသေအကြေများလှသော စစ်ပွဲမျိုး ယခင်က မရှိခဲ့ဟုဆိုကြသည်။ ဂျာမန်တို့၏ အင်အားကြီးမားလှသဖြင့် ဆယ်ရက်ခန့်အတွင်း နှစ်ဆယ့်ခုနှစ်မိုင်မျှ မဟာမိတ်တို့၏ စစ်ကြောင်းအတွင်းသို့ ကျွံဝင်ခဲ့၏။ ထိုအခါ မဟာမိတ်တပ်များအားလုံးကို ကွပ်ကဲရန် ပြင်သစ် ဗိုလ်ချုပ်မှူး ဖေါ့အား အနောက်ဘက်စစ်မျက်နှာ စစ်သေနာပတိအဖြစ်ခန့်ကာ အစွမ်းကုန် ခုခံ တွန်းလှန်စေလေသည်။ သို့သော်လည်း ရန်သူအင်အား ကြီးမားလှ၍ တပ်ပေါင်းစုံမှ ဆုတ်၍ ဆုတ်၍သာ ပေးရလေ၏။ ဂျာမန်တို့ကလည်း ပါရီမြို့တော့သို့ ချီတက်ရန် လမ်းပွင့်ဖို့ ကြိုးပမ်းကာ ဖိတိုက်ကြလေသည်။ ယင်းသို့ဖြင့် ဂျာမန်တို့မှာ ပါရီမြို့အနီး ကပ်လာလေရာ မြို့တော်ကြီးကျဆုံးရန် နာရီပိုင်မျှလောက်သာ လိုတော့သည်။ ထိုအတောအတွင်း အမေရိကန်ရေတပ်မှ တပ်သားရှစ်ထောင်ပါဝင်သော တပ်တစ်တပ်သည် ခြောက်ထောင်မျှ အကျခံကာ ဂျာမန်တို့ ပါရီသို့ ချီတက်ရာ လမ်းကြောင်းကို တာဆီးနိုင်ရန် ကြိုးစားခဲ့ရာ အတန်ပင် အောင်မြင်ခဲ့လေသည်။ ထို့အပြင် ရှားတိုးသီယဲရီးတွင် စစ်ပန်းနေပြီ ဖြစ်သော ပြင်သစ်တပ်ကို လူစားထိုးရန် ရောက်ရှိလာခဲ့သည့် အမေရိကန်တပ်သည် ဂျာမန်တို့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေသည့်ကြားမှ ထိုးစစ်ဆင်ကာ ထိုအရပ်မှ ဂျာမန်များကို ရှင်းလင်းပစ်နိုင်ခဲ့လေသည်။ ထို့ကြောင့် ဂျာမန်တို့လည်း ထိုးစစ်မှ ခံစစ်အဖြစ်သို့ ပြောင်းလဲသွားရပြီးလျှင် ပါရီမြို့တော်ကြီးမှာလည်း ရန်သူလက်ထံ ကျရောက်မည့်ဘေးမှ ကင်းလွတ်ခဲ့လေသည်။

အမေရိကန် စစ်ကူတပ်များ အဆက်မပြတ် တင်ပို့ အားဖြည့်နိုင်ခြင်းကြောင့်၊ ဗိုလ်ချုပ်မှူး ဖေါ့မှာ ရန်သူတပ်များကို အင်အားတောင့်တင်းစွာနှင့် တိုက်ခိုက်နိုင်လေသည်။ စစ်ပန်းလာပြီဖြစ်သော ဂျာမန်တပ်များမှာ အင်အားပြည့် လန်းဆန်းနေသော အမေရိကန်တို့နှင့် ယှဉ်ရသည့်အခါတိုင်းလိလိပင် နောက်ဆုတ်ပေးခဲ့ရလေသည်။ မြောက်ဘက်တွင်လည်း မဟာမိတ်တပ်များသည် မြောက်ပင်လယ်အနီးမှ ဖိတိုက်ခဲ့လေရာ ဗယ်လဂျီယမ်နိုင်ငံမှ မြို့များကို ပြန်လည် သိမ်းပိုင်နိုင်ခဲ့၍ ဂျာမန်တပ်များကိုလည်း အတန်ပင် ရှင်းလင်းတိုက်ထုတ်ပစ်နိုင်ခဲ့ကြသည်။ ၁၉၁၈ ခု အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဂျာမန်တို့၏ ရေငုပ်သင်္ဘော စခန်းဖြစ်သော ဇေးဗရွတ်ဂီမြို့မှ ဂျာမန်များကို တိုက်ထုတ်ပစ်ကာ ထိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။ ထိုအတောအတွင်း အနောက်ဘက်စစ်ကြောင်းတစ်လျှောက်တွင်လည်း ဂျာမန်တို့ကို တောင်ဘက်သို့လည်းကောင်း၊ အရှေ့ဘက်သို့လည်းကောင်း ရောက်အောင် တဖြည်းဖြည်း ဖိ၍ တိုက်ထုတ်နိုင်ခဲ့လေသည်။ တောင်ဘက်မှ ဖိ၍တိုက်လာသည့် အမေရိကန်တပ်များ၏ ဒဏ်ကို မခံနိုင်သော ဂျာမန်တပ်များသည် ဇူလိုင်လမှ စ၍ တဆုတ်တည်း ဆုတ်ခဲ့လေရာ နောက်ဆုံး ပြင်သစ်မြေ၌ မိုးဗန်းခံတပ်တစ်ခုသာလျှင် ခြေကုပ်အဖြစ် ကျန်လေတော့သည်။ ထိုအတောအတွင်း ဂျာမန်၏ ဘက်တော်သားများမှာလည်း ရှုံး၍သာ နေကြလေသည်။ ၁၉၁၈ ခုစက်တင်ဘာလ ၁၅ ရက်နေ့တွင် ဆယ်လိုနီးကား၌ သောင်တင်နေသော မဟာမိတ်တပ်များသည် ထိုးစစ်ဆင်ကာ ရှေ့သို့ ချီတက်ခဲ့၏။ ရက်သတ္တ၂ပတ် အတွင်း ဆားဗီးယားနိုင်ငံတောင်ပိုင်း တစ်ခုလုံးလိုလိုပင် ပြန်လည်သိမ်းယူခဲ့ကြသည်။ သို့ဖြစ်၍ နိုင်ငံတွင်းချီတက်တိုက်ခိုက်ခြင်း ခံရမည်ကို စိုးရိမ်သည်နှင့် ဗူလဂေးရီးယားသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် လက်နက်ချလိုက်လေသည်။ ထို့နောက် မြောက်ဘက်သို့ ဆက်လက် ချီတက်ခဲ့ရာ ဆက်လက်၍ အောင်ပွဲရခဲ့လေသည်။ ဩစတြီးယန်းတပ်များလည်း အယ်လဗေးနီးယားနှင့် မွန်တီးနီးဂရိုးပြည်များမှ ဆုတ်ပေးရလေသည်။ တစ်လခွဲခန့်အတွင်း ဆားဗီးယားမှ ဩစတြီးယန်း တပ်များကို မောင်းထုတ်နိုင်ခဲ့ပြီးနောက် ဗဲလရိတ်မြို့ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။

ထိုထိုးစစ်နှင့် တစ်ပြိုင်တည်းလိုလိုပင် ပါလက်စတိုင်းချီ အယ်လင်ဗီ၏ တပ်သ်ည အေမာဖေးဆယ်ခေါင်းဆောင်သော အာရပ်တစ်စုနှင့် ကာနယ်တီအီ လော့ရင့်တို့၏ အကူအညီဖြင့် ထိုးစစ်ဆင်ခဲ့ရာ တူရကီတို့သည် မခံနိုင်၍ ဒမက်စကပ်၊ ဧက၊ ဗေးရွတ်နှင့် အလက်ပို စသော မြို့များကို သိမ်းပိုက်ရရှိခဲ့သည်။ ၁၉၁၈ အောက်တိုဘာလ ၃၁ ရက်နေ့တွင် တူရကီ လက်နက်ချလေသည်။ ထိုနှစ် အောက်တိုဘာလထဲတွင် ပီယားဗေးမြစ်ကို ဖြတ်၍ ချီတက်ခဲ့သော အီတလီတပ်တို့သည် ဩစတြီးယန်းတပ်များကို နှစ်ခုကွဲအောင် တိုက်ခဲ့လေရာ တပ်ပျက်ပြီးနောက် ၁၀ ရက်ခန့်အတွင်း တပ်သား သုံးသိန်းကျော်မျှ လက်နက်ချခဲ့လေသည်။သို့ဖြစ်၍ ဩစတြီးယန်းတ်များ၏ ဗိုလ်ချုပ်က စစ်ရက်စဲရန် တောင်းပန်ခဲ့ရ၏။ ထိုသို့ တပ်ပျက်ခဲ့သည့်နှင့် ဩစတြီးယားအစိုးရအဖွဲ့လည်းပျက်ခဲ့လေသည်။ ဩစတြီးယားနိုင်ငံ တော်အတွင်းရှိ ဗိုဟီးမီးယားပြည်နယ်နှင့် အခြားပြည်နယ် အသီးသီးတို့သည် တောလှန်ပုန်ကန်ကာ လွတ်လပ်ရေးကို ကျေညာခဲ့ကြသည်။ သို့ဖြစ်၍ ဂျာမနီ တစ်ဦးတည်းသာ ကျန်လေနေတော့သည်။

၁၉၁၈ ခု နိုဝင်ဘာလ ၃ ရက်နေ့တွင် ကီးရေတပ်စခန်းရှိ ဂျာမန်ရေတပ် ပုန်ကန်ရာ မကြာမီ ဗရီးမင်းနှင့် ဟမ်းဗတ်ရေတပ်များသို့ ကူးစက်သွားလေသည်။ စစ်တပ်အခြေအနေမှာလည်း မျှော်လင့်စရာ မရှိအောင် ဆိုးရွားနေသည်ကို သိရှိသော ဂျာမန်အစိုးရသည် အောက်တိုဘာလထဲကပင် စစ်ပြေငြိမ်းရန် ဂျာမန် ဝန်ကြီးချုပ် မင်းသားကြီး မက္ကဆီမီလျံက စကားကမ်းလှန်းခဲ့လေသည်။ ထို့ပြင် သူ့အစိုးရအဖွဲ့တွင် ဆိုရှယ်လစ်များကိုလည်း ပါဝင်စေခဲ့ရာ ရက်များမကြာမီ အစိုးရ အဖွဲ့ကို သူတို့ကြိုးကိုင်ပြီးလျှင် အမေရိကန် သမ္မတ ဝီလဆန်ထံ စစ်ပြေငြိမ်းရေးအတွက် စကားကမ်းလှမ်းခဲ့လေသည်။ သို့သော် ဝီလဆန်က မဟာမိတ် တပ်ပေါင်းစုံ စစ်သေနာပတိ မာရှယ်ဖေါ့နှင့် ဆွေးနွေးရန် ညွှန်ကြားခဲ့၏။ထိုအတောအတွင်း ကိုင်ဇာ ဘုရင်သည် ဘာလင်မြို့မှ ထွက်ခွာပြီးနောက် သူ၏စစ်တပ်များရှိရာ သွားရောက်နေထိုင်ခဲ့လေသည်။ သို့သော် ဝန်ကြီးချုပ်က ကိုင်ဇာအား နန်းစွန့်ရန် တောင်းဆိုခဲ့ရာ ဟင်ဒင်ဗတ်ကလည်း သဘောတူခဲ့သဖြင့် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နန်းစွန့်ပြီးလျှင် ဟောလန်နိုင်ငံသို့ ထွက်ပြေးရလေသည်။ ဂျာမန်တို့လည်း သမ္မတ ဝီလဆန် ညွှန်ကြားသည့်အတိုင်း ဖာရှယ်ဖေါ့ထံတွင် စစ်ပြေငြိမ်းရေးအတွက် စကားကမ်းလှမ်းခဲ့ရာတွင် မဟာမိတ်တို့အချင်းချင်း ဆွေးနွေးပြီးနောက် စစ်ရပ်စဲရေး စည်းကမ်းချက်များကို ရေးဆွဲခဲ့၏။ ထိုစည်းကမ်းချက်များကို မာရှယ်ဖေါ့က ကွန်းပျင်း သစ်တောအတွင်း ရပ်တန့်ထားသော မီးရထားတွဲပေါ်တွင် နိုဝင်ဘာလ ၁၁ ရက် မိုးသောက်ယံအချိန်၌ ဂျာမန်အစိုးရ ကိုယ်စလှယ်များအား ပေးအပ်လေသည်။ ယင်းတို့ကို ဂျာမန်တို့က လက်ခံလိုက်သဖြင့် ၆ နာရီအကြာ နံနက် ၁၁ နာရီတွင် အပစ်အခက် ရပ်စဲသွားလေသည်။ ထိုနေ့ထိုအချိန်ကို နောင်လာနောက်သားများသည် တော်တော်နှင့်ပင် မေ့နိုင်တော့မည် မဟုတ်ချေ။

အာရှတိုက်တွင်[ပြင်​ဆင်​ရန်​]

ကမ္ဘာစစ်ကြီးဟုခေါ်တွင်သည့် အတိုင်း တိုက်ပွဲများမှာ ဥရောပတိုက်တွင်သာ ဖြစ်ပွားသည်မဟုတ်ချေ။ အာရှတိုက်ဘက်တွင်လည်း ဖြစ်ပွားကြသေးသည်။ ၁၉၁၅ ခုနှစ် ကုန်ခါနီးလောက်တွင် အင်္ဂလိပ်နှင့် အိန္ဒိယ တပ်တစ်တပ်သည် ဘဂ္ဂဒက်မြို့ကို သိမ်းပိုက်ရန်ရောက်လာခဲ့သည်။ နိုဝင်ဘာလတွင် ဗြိတိသျှတပ်များသည် ဘဂ္ဂဒက်မြို့တောင်ဘက်ရှိ တူရကီတို့ကို တိုက်ခိုက်ရာ အတန်ငယ် အရေးသာသော်လည်း ဒီဇင်ဘာလတွင် အရေးနိမ့်ကာ ကွယ်အယ်အဲမာရားမြို့တွင် အဝိုင်းခံရလေသည်။ ၁၉၁၆ ခု ဧပြီလတွင် ရိက္ခာပြတ်လပ်၍ ငတ်မွတ်ခေါင်းပါးခြင်း ဘေးနှင့် ကြုံရလေဖြင့် ဗြိတိသျှတပ်များ လက်နက်ချကြရလေသည်။ ထိုကြောင့် ဗြိတိသျှတို့၏ ဂုဏ်သရေကို အတန်ပင် ထိခိုက်သွားလေသည်။ သို့ရာတွင် ထိုတပ်ကို ကယ်တင်ရန် ရောက်လာသော စစ်ကူတပ်သည် ၁၉၁၇ ခု မတ်လတွင် ဘဂ္ဂဒက်မြို့ကို သိမ်းပိုက်ခဲ့ပြီးလျှင် မြောက်ဘက်သို့ ချီတက်သွားနိုင်ခဲ့လေသည်။

၁၉၁၇ ခု ဒီဇင်ဘာ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူး အယ်လင်ဗီခေါင်းဆောင်သော တပ်များသည် ဂျရူးဆလမ်းမြို့သို့ ချီတက်ခြံ၍ ၉ရက်နေ့တွင် ထိုမြို့ကို သိမ်းပိုက်ခဲ့၏။ ထိုအောင်မြင်မှုမှာ ၁၉၁၇ ခုနှစ်အတွင်း မဟာမိတ်တို့၏ အရေးပါသော အောင်မြင်မှုများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ရေကြောင်းတိုက်ပွဲများ[ပြင်​ဆင်​ရန်​]

စစ်ပွဲများတွင် ဗြိတိသျှတို့ အားထားရာကား ရေတပ်မတော်ဖြစ်ပေသည်။ အားထားသလောက်လည်း ဗြိတိသျှရေတပ်မှာ အခြားရေတပ်များကို ကြီးစိုးလွှမ်းမိုးနိုင်သော အင်အားနှင့် ပြည့်စုံခဲ့လေသည်။ကမ္ဘာစစ်ကြီး မဖြစ်မီကလေးတွင် အင်္ဂလိပ် ရေတပ်ကို ထပ်မံအင်အား ဖြည့်တင်းထားခဲ့၏။ ထို့ကြောင့် စစ်ဖြစ်သည်နှင့် တပြိုင်နက် ရေတပ်မတော်သည် တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။ ဗြိတိသျှတို့၏ အင်အားကောင်းသော ရေတပ်ကြောင့် ဂျာမန်တို့ နိုင်ငံခြားနှင့် ကုန်မသွယ်နိုင်အောင် ပိတ်ပင်နိုင်ခဲ့သည့်ပြင် ဂျာမန်ရေတပ်ကြီးကို ရေတပ်စခန်းများမှ မထွက်နိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့သည်။ စစ်ဖြစ်စက ဂျာမန်ရေတပ်ကြီးသည် ကီးတူးမြောင်းအတွင်း စခန်းများ၌ လုံခြုံစွာ ရှိနေခဲ့သည်။ သို့သော် ပင်လယ်ပြင်တွင် ရှိနေသော ဂျာမန် တော်ပီဒို သင်္ဘောအချို့နှင့် ကရုဇာ စစ်သင်္ဘော အချို့သည် မြောက်ပင်လယ်အတွင်း ကူးသန်းသွားလာရေးတွင် အနှောင့်အယှက် ပေးခဲ့လေသည်။ သို့သော် တဖြည်းဖြည်း ထိုသင်္ဘောများကို ဖမ်းဆီးခြင်း၊ နှစ်မြှုပ်ခြင်း ပြုလုပ်လာနိုင်ခဲ့သောအခြ မဟာမိတ်နှင့် ကြားနေနိုင်ငံသင်္ဘောများမှာ ဂျာမန်ရေငုပ်သင်္ဘောများ၏ ရန်ကိုသာ ကြောက်ရွံ့ရလေတော့သည်။

ဗြိတိသျှ ကရူဇာစစ်သင်္ဘော သုံးစင်းမှာ မြောက်ပင်လယ်တွင် ဂျာမန်ရေငုပ်သင်္ဘောများက တိုက်ခိုက်သဖြင့် နစ်မြှုပ်သွားရလေသည်။ ၁၉၁၄ ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့တွင် ချီလီ ကမ်းခြေ ကိုရိုနဲအငူအနီး၌ ဂျာမန်ကရူဇာစစ်သင်္ဘောငါးစင်းပါဝင်သော ရေတပ်စုသည် ဗြိတိသျှရေတပ်စုကို တိုက်ခိုက်နှိမ်နှင်းလိုက်လေသည်။ သို့သော် ယင်းဂျာမန် ရေတပ်စုမှာ ဒီဇင်ဘာလ ၈ရက်နေ့တွင် ဖော့ကလန်းကျွန်းစုအနီး၌ အခြားဗြိတိသျှ စစ်သင်္ဘောတပ်စု၏ တိုက်ခိုက်ခြင်းခံရသဖြင့် ဒရက်ဇဒန်အမည်ရှိစစ်သင်္ဘောမှတပါး အခြားသင်္ဘောများနှစ်မြှုပ်ခြင်းခံရသည်။ ဒရက်ဇဒန်မှာမူ လွတ်မြောက်သွားခဲ့လေသည်။

ဗြိတိသျှ ရေတပ်ကြီး

အင်ဒမင်အမည်ရှိ ဂျာမန်ကရူဇာစစ်သင်္ဘောတစ်စင်းသည်လည်း သမုဒ္ဒရာ ပင်လယ်ပြင်တစ်လျောက် လှည့်လည်သွားလာကာ ဒေါ်လာ တစ်ကုဋေခန့် တန်ဖိုးရှိသော သင်္ဘောများကို နှစ်မြှုပ် ဖျက်ဆီးခဲ့၏။ သို့သော် နောက်ဆုံး၌ အိန္ဒိယ သမုဒ္ဒရာရှိ ကိုကိုကျွန်းတွင် ဩစတြီးလီးယားစစ်သင်္ဘောတစ်စင်း၏ တိုက်ခိုက်ဖြတ်ဆီးခြင်းကို ခံရလေသည်။

၁၉၁၅ ခုနှစ်နှင့် ၁၉၁၆ ခုနှစ်များတွင်လည်း ဒရက်ဇဒန်၊ ဖရီးဒရက်၊ ကွန်းနစ္စဗတ် စသော ဂျာမန်သင်္ဘောများသည် ပင်လယ်ပြင် အရပ်ရပ်တွင် မဟာမိတ်တို့၏ သင်္ဘောများကို နှစ်မြှုပ် ဖျက်ဆီး၍ ကူးသန်းသွားလာရေးကို အနှေင့်အယှက်ပေးခဲ့လေသည်။ ပထမကမ္ဘာစစ်အတွင်း အကြီးကျယ်ဆုံးသော ရေကြောင်းတိုက်ပွဲမှာ ၁၉၁၆ ခု မေလ ၃၁ ရက်နေ့တွင် ဖြစ်ပွားသော ဂျတ်တလန် တိုက်ပွဲဖြစ်ပေသည်။ ထိုတိုက်ပွဲတွင် ဂျာမန်ရေတပ်ရေကြောင်းဗိုလ်ချုပ်ရှေးက ကွပ်ကဲ၍ အင်္ဂလိပ်ရေတပ် တိုက်သင်္ဘောများကို ရေကြောင်းဗိုလ်ချုပ် ဗီးတီးက ဦးစီးအုပ်ချုပ်ခဲ့လေသည်။ နှစ်ဖက်စလုံးမှ သင်္ဘောများသည် ဒိန်းမတ်နိုင်ငံကမ်းခြေတွင် တစ်နေ့လုံး တိုက်ခိုက်ကြရာ ညနေဘက်တွင် ရေကြောင်းဗိုလ်ချုပ်မှူးဂျယ်လီကို ဦးစီးသော အင်္ဂလိပ်ရေတပ်စုတစ်စုသည် အကူရောက်လာသဖြင့် ဂျာမန်ရေတပ်သည် ယင်း၏ စခန်းများသို့ နောက်ပြန်ဆုတ်သွားလေတော့သည်။ ထိုတိုက်ပွဲတွင် ဂျာမန်တို့က အနိုင်ရသည်ဟု ကျေညာခဲ့သည်။ အင်္ဂလိပ်တို့ဘက်မှ အပျက်အစီး အဆုံးအရှုံးမှာ ဂျာမန်တို့နှင့် နှိုင်းယှဉ်သော် အလွန်ပင် များပြားသောကြောင့် တစ်နည်းအားဖြင့် ထိုကျေညာချက်မှာ မှန်သည်ဟု ဆိုနိုင်ပေသည်။ သို့သော် ထိုနောက်တွင် ကိုင်ဇာဘုရင်သည် ငွေကိုရေလိုသုံးကာ တည်ဆောက်ခဲ့သည့်ပြင် သူတို့ ဂုဏ်ယူခဲ့သော ဂျာမန်ရေတပ်ကြီးမှာ ကီးတူးမြောင်း စခန်းများတွင် ပိတ်မိတော့သည်။ ထို့အပြင် ဂျာမန်တို့ထက် အဆုံးအရှုံးများသော်လည်း အင်္ဂလိပ်ရေတပ်သည် ပင်လယ်ပြင်တွင် ကြီးစိုးမြဲကြီးစိုးနေခဲ့လေသည်။ ဂျာမန်တို့သည် ရေတပ်ကြီးကို အသုံးမပြုနိုင်သောကြောင့် ရေငုပ်သင်္ဘောများကို တွင်ကျယ်စွာ အသုံးပြုခဲ့ကာ အင်္ဂလိပ်ရေတပ်ကို ကြီးစွာ နှောင့်ယှက်နိုင်ခဲ့သည်။ စစ်ကြီးဖြစ်စ ပထမသုံးနှစ်အတွင်းဂျာမန်ရေငုပ်သင်္ဘောများ၏ ရန်ကို ထိရောက်စွာ ကာကွယ်ရန် မကြံစည်နိုင်ခဲ့သဖြင့် ဂျာမန်တို့ရေငုပ်သင်္ဘောဖြင့် တိုက်ခိုက်ခြင်းသည် စစ်အရှုံးအနိုင်ကို ဆုံးဖြတ်တော့မည်လောဟုတွေးတောကြလေသည်။

ဗြိတိသျှရေတပ် သင်္ဘောတစ်စင်း

ထို့အပြင် ဂျာမန်တို့၏ အကြံမှာ မဟာမိတ်တို့၏ ကူးသန်းရောင်းဝယ်ရေးကို ဖျက်ဆီးပေးခြင်ဖြင့် ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်အောင် ပြုလုပ်ရန်လည်း ဖြစ်လေသည်။ ထို့ကြောင့် ပြင်သစ်နှင့် အင်္ဂလန်ပြည်ကမ်းရိုးတန်းများကို ရေကြောင်းမှ ပိတ်ဆို့ထားကြောင်း ကျေညာပြီးလျှင် သင်္ဘောများကို ကြားနေနိုင်ငံပိုင်းများ ဖြစ်စေကာမူ၊ သတ်မှတ်ထားသော စစ်နယ်နမိတ်အတွင်း၌ တွေ့ရှိလျှင် နှစ်မြှုပ်ပစ်မည်ဟု သတိပေးခဲ့၏။ သုံးလအတွင်း ကြားနေနိုင်ငံမှ သင်္ဘောအမျိုးအစား များများ အပါအဝင် သင်္ဘောတစ်ရာခန့် နှစ်မြှုပ်ခြင်း ခံရလေသသည်။ ၁၉၁၆ ခုနှစ် အကုန်လောက်တွင်ကား ဗြိတိသျှတို့၏ ကုန်သင်္ဘောအပျက်အစီးမှာ အတန်ပင်များလျက်ရှိလေပြီ။ သို့သော်လည်း မဟာမိတ်နိုင်ငံများသို့ ကုန်များ၊ စားနပ်ရိက္ခာများ၊ လက်နက်များ ဆက်လက်ရောက်ရှိနေခဲ့သည်။ သို့ဖြစ်၍ ၁၉၁၇ ခုနှစ်တွင် ဂျာမန်ရေငုပ်သင်္ဘောများသည် မဟာမိတ်နိုင်ငံများသို့ အသွား သင်္ဘောများကိုလည်း နှစ်မြှုပ်ပစ်ကြလေသည်။ သို့သော် ဂျာမန်တို့၏ ရည်မှန်းချက်အတိုင်း မအောင်မြင်ခဲ့ချေ။ ထိုသို့ ဖြစ်ရခြင်းမှာ ရေငုပ်သင်္ဘောများ၏ အန္တရာယ်ကို ထိထိရောက်ရောက်မဟုတ်သော်လည်း အတော်အတန်ကာကွယ်နိုင်သော အစီအမံများကို တဖြည်းဖြည်းပြုလုပ်လာနိုင်သောကြောင့်လည်းကောင်း ဂရိဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုနိုင်ငံတို့သည် သင်္ဘောများကို လျင်မြန်စွာ တည်ဆောက် လာနိုင်သောကြောင့်လည်းကောင်း ဖြစ်ပေသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် သင်္ဘောများကို ဂျာမန်များဖျက်ဆီး၍ မရနိုင်လောက်အောင်ပင် လျင်မြန်စွာ တိုးတက်ဆောက်လုပ်နိုင်ခဲ့လေသည်။

လေတပ် စတင်အသုံးပြုခြင်း[ပြင်​ဆင်​ရန်​]

ပထမကမ္ဘာစစ်ကြီးမှစ၍ လေယာဉ်ပျံများကို စစ်ဆင်မှုအတွက် အသုံးပြုလာခဲ့လေသည်။ ပထမတွင်လေယာဉ်ပျံများကို ရန်သူအခြေအနေကို အကဲခတ် ဓာတ်ပုံရိုက်ယူရန် ကင်းထောက်ရန်သာ အသုံးပြုခဲ့ကြသည်။ ထိုစဉ်က လေယာဉ်ပျံများမှာလည်း သေးငယ်သည့်အပြင် တစ်နာရီမိုင် ကိုးဆယ်မျှလောက်သာ ပျံသန်းနိုင်သေးသည်။

ဗြိတိသျှတော်ဝင်လေတပ်၏ Sopwith F-1 Camel လေယာဉ်ပျံ

စစ်ဖြစ်စက အင်္ဂလိပ်တို့တွင် လေယာဉ်ပျံ အနည်းငယ်မျှသာ ရှိ၍ ပြင်သစ်တွင်မူ အများဆုံး ရှိလေသည်။ ဂျာမနီ၊ အင်္ဂလိပ်တို့တွင် ရှိသော လေယာဉ်ပျံ အရေအတွက်စုစုပေါင်းမှာ ၅၀၀ ခန့်မျှသာ ဖြစ်ရာ ပြင်သစ်တို့တွင် ၂၅၀ ခန့်ရှိခဲ့သည်။ စစ်ဖြစ်ပြီးနောက်တွင် ထိုနိုင်ငံများသည် လေယာဉ်ပျံများကို တိုးတက်ဆောက်လုပ်လာကြ၍ လေယာဉ်ပျံများ အသွားနှုန်းတိုးတက်အောင်နှင့် အလေးချိန် ပိုမိုသယ်ဆောင်နိုင်အောင် ပြုပြင် လုပ်ကိုင်ခဲ့ကြသည်။ ထို့ကြောင့် နောင်တစ်နှစ်ခန့် အကြာတွင် တစ်နာရီလျှင် ၁၇၅ မိုင်နှုန်းခန့် ပျံသန်းနိုင်သော လေယာဉ်ပျံများ တည်ဆောက်လာနိုင်ကြ၍ စက်သေနတ်နှင့် ဗုံးအလေးချိန် တစ်တန်ခန့်ကို သယ်ယူနိုင်ခဲ့သည်။ ထို့ကြောင့် လေယာဉ်ပျံများကို ဗုံးကြဲတိုက်ခိုက်ရန်နှင့် စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရန်အတွက် အသုံးပြုလာသဖြင့် လွန်စွာ အရေးပါလာလေသည်။ သို့ဖြစ်လေရာ လေတပ်သား တစ်ယောက်နှင့် ကြည်းတပ်သား တစ်ထောင် ညီမျှသည်ဟုပင် ဆိုလာလေသည်။ မကြာမီ လေကြောင်းတိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာခဲ့၍ တစ်ဖက်နှင့် တစ်ဖက် လေကြောင်း၌ ကြီးစိုးနိုင်ရန် ကြိုးစားခဲ့ကြလေသည်။ ၁၉၁၇ ခုနှစ် မကုန်မီ မဟာမိတ်တို့သည် အနောက်ဘက် စစ်မျက်နှာ၌ လေကြောင်းတွင် အရေးသာနေခဲ့၏။ ယင်းသို့ လေကြောင်းတွင် သူနိုင်ငါနိုင်ကြိုးစားကြသော်လည်း စင်စစ်မှာ အရှုံးအနိုင်တိုက်ခိုက်ရာ၌ လေကြောင်းတိုက်ပွဲများမှာ ပထမ ကမ္ဘာစစ်ကြီးအတွင်းက အရာမရောက်လှချေ။

ဂျာမနီသည် အင်္ဂလိန်ကို လေကြောင်းမှ တိုက်ခိုက်ရာ၌ ဇက်ပလင်ခေါ် ဗူးသီးပုံသဏ္ဌာန် လေသင်္ဘောများဖြင့် တိုက်ခိုက်ခဲ့ကြသည်။

လေသင်္ဘောများ

ထိုဇက်ပလင်လေသင်္ဘောများသည် ခရီးရှည် သွားလာနိုင်သော လေယာဉ်မျိုးဖြစ်သဖြင့် အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက် ဗုံးကြဲတိုက်ခိုက်ရန်အတွက် အလွန်အသုံးဝင်လေသည်။ ၁၉၁၅ ခုနှစ်မှ ၁၉၁၈ ခု မေလတိုင်အောင် အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံတို့မှ ဂျာမန်ဇက်ပလင်များ၏ ဗုံးကြဲတိုက်ခိုက်ခြင်းကို မကြာခဏ ခံခဲ့ကြရသည်။ အင်္ဂလိပ်နှင့် ပြင်သစ်တို့ကလည်း လေယာဉ်ပျံတပ်စုများကို အသုံးပြုကြ၍ လည်းကောင်း၊ အားကောင်းလှသော မီးမောင်းများထိုးကာ လေယာဉ်ပျံပစ်အမြောက်များဖြင့်လည်းကောင်းတွန်းလှန် ခုခံကြသည်။ ဂျာမန်တို့ လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဆုံးရှုံးနစ်နာမှုများ၏ အရပ်ရပ်တန်ဖိုးမှာ ဒေါ်လာ ၁၀ သန်းခန့် ဖြစ်သည်။ သို့သော် ပြင်သစ်နိုင်ငံတွင် တစ်နေ့တည်း၌ ဇက်ပလင်ကြီး ငါးစင်းပျက်ကျ၍ တစ်စင်းအဖမ်းခံရပြီးနောက်တွင် ဂျာမန်တို့၏ လေကြောင်းတိုက်ခိုက်ခြင်းများ ရပ်စဲသွားလေတော့သည်။

ဂျာမန်ပိုင်နယ်မြေသစ်များ[ပြင်​ဆင်​ရန်​]

စစ်ကြီးမဖြစ်မီက ဂျာမနီပိုင် နယ်မြေသစ်များရှိလေသည်။ ထိုနယ်သစ်များ ရရှိရေးကြောင့် ဂျာမနီနှင့် ဂရိဗြိတိန်တို့ အင်အားပြိုင်လာခဲ့ရာ၊ ယင်းမှာ စစ်ဖြစ်ရခြင်း၏ အကြောင်းအရင်းတစ်ရပ်ဖြစ်ခဲ့သည်။ စစ်ဖြစ်စတွင် အင်အားတောင့်တင်းသော ဗြိတိသျှရေတပ်သည် ဂျာမနီနိုင်ငံပိုင် ပင်လယ်ရပ်ခြားနယ်မြေသစ်များကို သိမ်းပိုက်လေသည်။ ကမ္ဘာအရှေ့ပိုင်းရှိ ဂျာမန်နယ်မြေသစ်များဖြစ်သော နယူးဂင်နီနှင့် ဆမိုးဝါးကျွန်းများကို နယူးဇီလန်တပ်များက သိမ်းပိုက်လေသည်။ ဂျပန်က တရုတ်နိုင်ငံရှိ ဂျာမန်ခံတပ် ဆင်းတောကို သိမ်းပိုက်လိုက်၏/ အာဖရိကတိုက်ရှိ တိုဂိုလန်ကိုလည်း မဟာမိတ်များက သိမ်းပိုက်ခဲ့၏။ ၁၉၅ ခုနှစ် အင်္ဂလိပ်နှင့် ပြင်သစ်တပ်များသည် ကမ္မရွန်း နယ်ကို သိမ်းပိုက်ခဲ့၍၊ ဂျာမန်အနောက်တောင် အာဖရိက နယ်မှာလည်း မဟာမိတ်တို့လက်ထဲသို့ ကျရောက်ခဲ့လေသည်။ ယင်းသို့ဖြင့် ဂျာမန်နယ်မြေသစ်များ အားလုံးလိုလိုပင် မဟာမိတ်တို့ လက်တွင်းသို့ ကျရောက်ခဲ့၏။ ၁၉၁၈ ခုနှစ်တိုင်အောင် မဟာမိတ်တို့ကို တွန်းလှန်နိုင်ခဲ့သော ဂျာမန်နယ်သစ်များမှာ ဂျာမန် အရှေ့ဘက် အာဖရိကနယ်ပင် ဖြစ်သည်။


စစ်၏အကျိုးသက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

ဗာဆိုင်းစာချုပ်[ပြင်​ဆင်​ရန်​]

စစ်ရပ်စဲရေး စည်းကမ်းချက်များ အရ ဂျာမနီတပ်များသည် ဗဲလဂျီ၊ ပြင်သစ်၊ လပ်ဇင် ဗတ်၊ အယ်လဆက်လိုရိန်း အစရှိသည့် ဒေသများမှ ရိုင်းမြစ်တိုင်အောင် ဆုတ်ခွာပေးရ၏။ လက်နက်ခဲယမ်း မီးကျောက်၊ လေယာဉ်ပျံ၊ စစ်သင်္ဘောနှင့် ရေငုပ်သင်္ဘောအားလုံးကို မဟာမိတ်တို့အား ပေးအပ်လေသည်။ ရုရှားနိုင်ငံ၊ ရူမေးနီးယားနိုင်ငံ၊ တူရကီနိုင်ငံနှင့် အရှေ့ အာဖရိကရှိ ဂျာမန်တို့သိမ်းပိုက်ထားသော ဒေသများမှ ဂျာမန်တပ်များကို ပြန်ခေါ်ရ၏။ မဟာမိတ်စစ်သုံ့ပန်းများအားလုံးကိုလည်း ချက်ခြင်းလွှတ်ပေးရ၏။ ထို့အပြင် ဂျာမန်တို့ ကျူးကျော်တိုက်ခိုက်ခဲ့သော နယ်များမှ ပျက်စီးဆုံးရှုံးခဲ့သမျှကို ဂျာမန်တို့က လျှော်ပေးရ၍ ဗဲလဂျီယမ် ဘဏ်တိုက်မှ ငွေများ၊ ရုရှားနှင့် ရိုမေးနီယားနိုင်ငံတို့ မှ ရွှေများကို ပြန်ပေးရန် သဘောတူရလေသည်။ ယင်းသို့ ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးနောက်တွင် မဟာမိတ်တို့သည် ဂျာမနီနိုင်ငံအတွင်း အချက်အခြာကျသော ဒေသများတွင် တပ်များချကာ ဂျာမနီ လှုပ်ရှားထကြွခြင်း မပြုနိုင်အောင် စောင့်ကြပ်နေခဲ့ကြလေသည်။ ထိုအတောအတွင်း မဟာမိတ်ခေါင်းဆောင်ကြီးများသည် ဗာဆေးမြို့တော်တွင် လပေါင်းများစွာ ညှိနှိုင်းဆွေးနွေး၍ ဗာဆိုင်းစစ်ပြေငြိမ်းရေး စာချုပ်ကို ရေးဆွဲခဲ့ကြသည်။ ထိုသို့ ဆွေးနွေးရာတွင် ဂျာမနီနိုင်ငံသည် ဝင်ရောက်ဆွေးနွေးခွင့်မရပေ။ အချက်ပေါင်း ၄၀၀ မျှ ပါဝင်သည့် ထိုစာချုပ်ကို ရေးဆွဲပြီးသောအခါ၊ ၁၉၁၉ ခု ဇန်နဝါရီလတွင် ဂျာမနီနိုင်ငံအား လက်မှတ်ထိုးစေခဲ့သည်။ သို့သော် စာချုပ်ပါအချက်အလက်များကို စဉ်းစားချင့်ချိန်ရန်နှင့် မကျေနပ်သော အချက်များကို ကန့်ကွပ်ရန် အချိန် လုံလောက်အောင် မပေးခဲ့ချေ။ ဂျာမနီနိုင်ငံမှာ မတတ်သာသဖြင့် ယင်းအားနလံမထူနိုင်အောင် ဖိနိပ်ချုပ်ချယ်ထားသော စာချုပ်ကို လက်မှတ်ထိုးခဲ့ရလေသည်။ ထိုစာချုပ်အရ ဂျာမနီနိုင်ငံမှ အာဖရိကတိုက်ရှိ နယ်မြေသစ်များ အားလုံး ဆုံးရှုံးခဲ့ရသည်။ ဥရောပတိုက်တွင် စစ်အတွင်း သိမ်းပိုင်ထားခဲ့သည့် နယ်များကို ပြန်ပေးရရုံမက၊ စစ်မဖြစ်မီက ဂျာမန်ပိုင်နယ်များဖြစ်သော အယ်လဆက်လိုရန်းနယ်များကိုလည်း ပြန်၍ ပေးအပ်ခဲ့ရလေသည်။ အဖိုးတန် ကျောက်မီးသွေးတွင်းများတည်ရှိရာ ဆားနယ်ကို ပြင်သစ်နိုင်ငံကို ၁၅ နှစ်မျှ အပြည်ပြည်ဆိုင်ရာ ကော်မရှင်နှင့် အုပ်ချုပ်ရန်ပေးအပ်လိုက်ရသည်။ ဗဲလဂျီယမ်နိုင်ငံသည် ဂျာမန်နယ်ခြားခရိုင်များဖြစ်သော မာလမေဒီ၊ အပ်ပင်နှင့် မောရက်ဇနဲ ခရိုင်တို့ကို ရရှိလေသည်။ ပိုဆင်ပြည်နယ်မှ နယ်အတော်များများနှင့် အနောက်ပရပ်ရှားပြည်နယ်ကို တည်ထောင်စ ပိုလန် သမ္မတနိုင်ငံသို့ ပေးအပ်ခဲ့ရ၏။ မဟာမိတ်တို့သည် ဂျာမနီနိုင်ငံ၏ အခြေကို စောင့်ကြည့်ရန်အတွက် ရိုင်းမြစ် အနောက်ဘက်ရှိ ဂျာမနီပိုင်နက်ကို ၁၅ နှစ်မျှ သိမ်းပိုက်ထားရန်လည်း ပါရှိလေသည်။ မေမယ်မြစ်ဝအနီးရှိ နယ်မြေကို ပထမတွင် မဟာမိတ်တို့ အားပေးအပ်ပြီးနောက်၊ တဖန် လစ်သွေးနီးယားနိုင်ငံသို့ ပေးအပ်ခဲ့ရ၏။ ဂျာမနီပိုင်နယ်သစ်များအားလုံး မဟာမိတ်တို့ လက်အောက်သို့ လည်းကောင်း၊ ဩဇာခံနည်များအဖြစ်သို့ လည်းကောင်း ရောက်ရှိကုန်လေသည်။ ထို့ပြင် စစ်တပ်နှင့် လက်နက်အင်အားများ လျှော့ပစ်ရလေရာ၊ ဂျာမန်စစ်တပ်မှာ ရဲတပ်ဖွဲ့မျှလောက်သာ အင်အားရှိတော့၏။ဂျာမန်ရေတပ်တွင် စစ်သင်္ဘောကြီး ၆ စင်း၊ ကရူဇာစစ်သင်္ဘောအသေးစား ၆ စင်း၊ ဖျက်သင်္ဘောနှင့် တော်ပီဒိုသင်္ဘောအချို့သာ ထားပိုင်ခွင့်ရတော့ရာ၊ ကျန်သင်္ဘောများနှင့် စပ်လျဉ်း၍ မည်သို့မည်ပုံ ပြုလုပ်ရမည် ကို မဟာမိတ်တို့ အခက်တွေ့နေစဉ် ဂျာမန်ရေတပ်အရာရှိချို့က ဖောက်ခွဲဖျက်ဆီး ပစ်ခဲ့လေသည်။ ဂျာမနီသည် ရေငုပ်သင်္ဘောများကိုလည်း မဆောက်လုပ်နိုင်သည့်အပြင် လေတပ်ကိုလည်း ဖွဲ့စည်းခွင့် မရှိတော့ချေ။ မဟာမိတ်တို့ဆုံးရှုံးခဲ့သော ကုန်သင်္ဘောများကို အစားထိုင်းရန် ဂျာမန် ကုန်သင်္ဘောများကိုလည်း ပေးအပ်ရလေသည်။ ဂျာမနီနိုင်ငံသည် စစ်ကြီးနှင့် စပ်လျဉ်း၍ တာဝန်ရှိကြောင်း ဝန်ခံခဲ့ရသဖြင့် မဟာမိတ်တို့အား စစ်လျော်ကြေး များပေရန်လည်း ဗာဆိုင်းစာချုပ်တွင် ပါရှိလေသည်။ သို့သော် မည်မျှ ပေးရမည်ကို ဖော်ပြထားခြင်း မရှိသဖြင့် တောင်းသမျှပေးရလို ဖြစ်နေလေသည်။ သို့သော် ယင်းကိစ္စအတွက် ကော်မတီတရပ် ဖွဲ့စည်းဆွေးနွေး စဉ်းစားခဲ့ရာ ၁၉၂၁ ခုနှစ် ဂျာမနီက ဒေါ်လာကုဋေ သိန်းသုံးထောင့်သုံးရာခန့်ပေးရမည်ဟု ဆုံးဖြတ်ပြီးစီးလေသည်။ ဗာဆေးစာချုပ်ကို ဂျာမနီကိုယ်စလှယ်များသည် ၁၉၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း မြောက်များလှသော အငြင်းပွားမှုကြောင့် ၁၉၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ သာလျှင် အတည်ဖြစ်လာလေသည်။ ထို့အပြင် အခြားဗဟိုအင်အားစုနိုင်ငံများနှင့်လည်း ငြိမ်းချမ်းရေးစာချုပ်များ ချုပ်ဆိုခဲ့သေး၏။ ဩစတြီးယားဟန်ဂေရီနိုင်ငံနှင့် ၁၉၁၉ ခု စက်တင်ဘာလ ၁၀ ရက်နေ့တွင် ချုပ်ဆိုခဲ့ရာ ထိုစာချုပ်အရ ဩစတြီးယားနိုင်ငံမှာ လူဦးရေ ၆ သန်းကျော် ၇ သန်းခန့်သာ ရှိသော နိုင်ငံငယ်ကလေးတစ်ခု အဖြစ်သို့ရောက်ရှိခဲ့လေသည်။ ဗိုဟီးမီးယား၊ ဟန်ဂေရီနှင့် တောင်ပိုင်း ဆလဗ်တို့၏ လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့ရ၏။ အီတလီနိုင်ငံသို့ နယ်မြေအတော်များများ ပေးခဲ့ရ၏။ ထို့အပြင် စစ်လျော်ကြေးများလည်း ပေးရသေးသည်။ ဗူလဂေးရီးယားနိုင်ငံသည် နယ်မြေအများပြား မဆုံးရှုံးခဲ့ပေ။ သို့သော် တူရကီနိုင်ငံတော်တွင် ပါဝင်သော အာရေဗျ၊ အာမီးနီးယား၊ ပါလက်စတိုင်း၊ မက်ဆိုပိုတေးမီးယား၊ ဆီးရီးယား (တပိုင်းသာ) စသည့်တိုင်းပြည်များမှာ ၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ချုပ်ဆိုသော ဆဲဗရာ စာချုပ်အရ မဟာမိတ် ဩဇာခံနယ်မြေများ ဖြစ်သွားလေသည်။ [၁]

ဥရောပ မြေပုံသစ်[ပြင်​ဆင်​ရန်​]

ပထမကမ္ဘာစစ်ကြီးအပြီးတွင် ဥရောပတိုက်တွင် ဩစတြီးယား ဟန်ဂေရီနိုင်ငံတော်ကြီး ပျောက်ကွယ်၍ ဩစတြီးယားနှင့် ဟန်ဂေရီဟူသော သီးခြားနိုင်ငံငယ်လေး နှစ်ခုအဖြစ်သာ ကျန်ခဲ့၏။ ယခင်က ဩစတြီးယားဟန်ဂေရီနိုင်ငံတော်တွင် ပါဝင်သော ဗိုဟီးမီးယား၊ မိုရေးဗီးယား၊ ရုသီးနီ:ယားနှင့် စလိုဗားကီးယားပြည်များကို စုပေါင်းထားသော ချက်ကို ဆလိုဗားကီးယားနိုင်ငံ၊ ဆားဗီးယား နှင့် မွန်တီနီးဂရိုးနိုင်ငံ ကလေးများကို စုပေါင်းဖွဲ့စည်းထားသော ယူဂိုဆလားဗီးယားနိုင်ငံသစ် နှစ်ခုပေါ်ပေါက်လာလေသည်။ ထို့ပြင် ပရပ်ရှား၊ ဩစတြီးယား နှင့် ရုရှားမှ နယ်များစုပေါင်းထားသည့် ပိုလန်သမ္မတနိုင်ငံသစ် ပေါ်ပေါက်လာခဲ့သည်။ ရုရှားနိုင်ငံ အနောက်စွန်းတွင် ဖင်လန်၊ အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သွေးနီးယားဟူသော သီးခြားနိုင်ငံ ငယ်ကလေးများ ပေါ်ခဲ့၏။ ဒန်းဇစ်မြို့သည် လွတ်လပ်သော မြို့ဖြစ်သွား၏။ အက်လဗေးနီးယားပြည်သည် လွတ်လပ်ရေး ရရှိလေသည်။ ဆီးရီးယားနှင့် လက်ဗနွန်ပြည်များမှာ ပြင်သစ်ဩဇာခံပြည်များ ဖြစ်သွား၍ ပါလက်စတိုင်း၊ အီရတ်နှင့် ထရန်စဂျော်ဒန် ပြည်များမှာ ဗြိတိန်၏ ဩဇာခံပြည်များ ဖြစ်သွားလေသည်။ ဗာဆေးစာချုပ်တွင် ပါရှိသည့်အတိုင်း နောင်အခ့ ကမ္ဘာကြီးတွင် စစ်မက် မဖြစ်ပွားစေရန်နှင့် စစ်မက်ရေးရာများ နည်းပါစေမှုအတွက် ဆောင်ရွက်ရန် နိုင်ငံပေါင်းချုပ်အသင်းကြီးတစ်ခုကို ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့လေသည်။ အသင်းကြီး၏ ရည်ရွယ်ချက်မှာ ကောင်းသော်လည်း ယင်းတို့ကို ဖြစ်မြောက်အောင်ကား မဆောင်ရွက်နိုင်ခဲ့ပေ။ ၁၉၁၄ ခု ဇူလိုင်လ ၂၈ ရက်နေ့တွင် စတင်ခဲ့သော ပထမကမ္ဘာစစ်ကြီးကား ၁၉၁၈ ခု နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြီးဆုံးသွားလေသည်။ ထိုလူသတ်ပွဲကြီးအတွက် စစ်သား ရှစ်သန်းမျှ အသက်ဆုံးရှုံးခဲ့၍ ဒေါ်လာသန်းပေါင်း ၁ သိန်းမျှ စစ်စရိတ် ကုန်ကျခဲ့၏။ စစ်တွင် ပါဝင်သော နိုင်ငံများ၏ ပျက်စီးဆုံးရှုံးမှုများမှာလည်း ကြောက်ခမန်းလိလိပင် ဖြစ်၍၊ စစ်ဆိုလျှင် နားမှလေသံ မခံချင်အောင် နိုင်ငံတိုင်က ကြောက်ရွံ့တုန်လှုပ်ခဲ့ကြလေသည်။ သို့သော် စစ်ဖြစ်ရခြင်း အကြောင်းများဖြစ်သည့် ကမ္ဘာ့နိုင်ငံရေးပြဿနာများကား စစ်ဖြစ်လိုက်သည့်တိုင်အောင်ရှင်းပြေလည်မသွားကြသေးပေ။ ထို့ကြောင့် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့၍ အနှစ်နှစ်ဆယ်ကြာမျှတွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွား ပြန်လေသည်။ အချို့နိုင်ငံရေးဆရာများတို့က ဒုတိယ ကမ္ဘာစစ်ကြီးကို ၁၉၁၄ ခုနှစ်တွင် စတင်ခဲ့သည့် ပထမ ကမ္ဘာစစ်ကြီး၏ တစ်စိတ်တစ်ဒေသဟုသာ ခေါ်ဆိုလိုသည်။

မီဒီယာ[ပြင်​ဆင်​ရန်​]

Allied bombing runs over German lines.
Allied tanks advance in Langres, 1918.

[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း
  2. world war I

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]