ကော်ဖတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အဖိုးမဖြတ်နိုင်သည့် အံ့ဖွယ်သစ်စေး[ပြင်​ဆင်​ရန်​]

ကော်ဖတ်၏အာနိသင်ကို သိရှိသည်မှာနှစ်ပေါင်း ၁ဝဝကျော် မျှသာရှိသေးသော်လည်း ယခုအခါတွင် အမျိုးပေါင်း ၃ဝဝဝဝ ထက် မနည်းသောပစ္စည်းတို့တွင် ယင်းကို အသုံးပြုထားလျက် ရှိ၏။ မည်သို့သောစွမ်းအင်ထူးကြောင့် ကော်ဖတ် လုပ်ငန်း အရေးပါ အရာရောက်ရပုံကို ဤအကြောင်းရပ်တွင် ဖြေရှင်းထားလေသည်။

ကော်ဖတ်[ပြင်​ဆင်​ရန်​]

ကြက်ပေါင်စေးခံထားပုံ

လွန်ခဲ့သောနှစ်ပေါင်း ၄၅ဝ ခန့်က ကမ္ဘာသစ်ကို တွေ့ရှိခဲ့သူ ကိုလံဗပ်သည် ဒုတိယအကြိမ် အမေရိကတိုက်သို့ ပြန်ရောက်စဉ်၊ တိုင်းရင်းသား အင်ဒီးယန်းလူမျိုးအချို့ မြေကြီး ပေါ်၌ ခုန်နိုင်သော အနက်ရောင် ဘောလုံးများနှင့်ကစားနေ သည်ကို တွေ့ရ၏။ ယခင်က မြေပေါ်တွင် ခုန်နိုင်သော အရာ ဝတ္ထုမျိုးကို မမြင်ဘူးသောကြောင့် အလွန် အံ့အားသင့်သွား သည့်အတိုင်း အဆိုပါ ဘောလုံးအချို့ကို အထူးအဆန်း အဖြစ် ဖြင့် ပြသရန် စပိန်နိုင်ငံသို့ ယူဆောင်လာခဲ့သည်။ သို့သော် ထိုဘောလုံးများ၌ မည်သည့်ပစ္စည်းမျိုး ပါရှိသည်ကိုလည်း ကောင်း၊ ထိုပစ္စည်းသည် နောင်တစ်နေ့တွင် ဤကမ္ဘာ၌ အလွန် အသုံးဝင်သော ပစ္စည်းတစ်ခု ဖြစ်လာမည်ကိုလည်းကောင်း တွေးတောမိဟန် မတူချေ။ ကိုလံဗပ်လက်ထက်က ဥရောပတိုက် သားတို့သည် အင်ဒီးယန်းလူမျိုးတို့၏ခေါ်ပုံအတိုင်း အဆိုပါ ပစ္စည်းကို 'ကူးချု'ဟု ခေါ်ခဲ့ကြရာ ယခုထက်တိုင် အချို့သော ဘာသာစကားရပ်များ၌ ထိုအတိုင်း ခေါ်ဝေါ်လျက်ရှိပေသေး သည်။ သို့ရာတွင် နောင်နှစ်ပေါင်း ၃ဝဝ နီးပါး လွန်မြောက်၍ ၁၇၇ဝ ပြည့်နှစ်သို့ ရောက်သောအခါ အင်္ဂလိပ်လူမျိုး သိပ္ပံ ကဝိကြီး ဂျိုးဇက်ပရီးစလေးသည် ထိုပစ္စည်းကို ခဲဖျက်(ရာဘာ) အဖြစ် ကောင်းစွာအသုံးပြုနိုင်ကြောင်း တွေ့ရသဖြင့် ရာဘာဟု ပင် လွယ်ကူစွာ အမည်ပေးလိုက်သည်။ ထိုအချိန်မှစ၍ အင်္ဂလိပ် ဘာသာစကားအရ ရာဗာဟု ခေါ်တွင်လာခဲ့ကြ လေသည်။ ရာဗာကို မြန်မာတို့က ကော်ဖတ်(ကြက်ပေါင်စေး) ဟုသိ၍ ရော်ဘာဟုလည်း ခေါ်ကြသည်။

ကော်ဖတ်သည် ကမ္ဘာတွင် အထူးဆန်းဆုံး ပစ္စည်းတစ်ခု ဖြစ်၏။ ရှိရှိသမျှ ပစ္စည်းများအနက် ကော်ဖတ်သည် ရုန်းကန် သတ္တိ အများဆုံးရှိ၍ ရေမတင်နိုင်သည်ပြင် လျှပ်စစ်ကိုလည်း တားဆီးကာကွယ်နိုင်သည်။ ပြင်းထန်သောဓာတ်ပစ္စည်း အချို့၏ ဒဏ်ကိုလည်း ကောင်းစွာခံနိုင်သည်။ အခြားပစ္စည်းများနှင့် ရောနှောကာ အမျိုးမျိုး စီမံပေးခြင်းဖြင့် ကော်ဖတ်မှ လူသုံး ပစ္စည်း အမြောက်အမြားပြုလုပ်နိုင်ရာ ယနေ့အထိ ပစ္စည်းအမျိုး ပေါင်း ၃ဝ,ဝဝဝ ထက်မနည်း ပြုလုပ်နိုင်ပြီဟု သိရသည်။ ခဲဖျက်၊ ဖိနပ်အောက်ခံခုံ၊ မိုးရေခံဖိနပ်၊ ရေခံဦးထုပ်၊ ဘောလုံးဂေါက်သီးတင်းနစ်ဘောလုံး၊ တာယာကျွတ်ဖေါင်တိန်ဘီး၊ တယ်လီဖုန်းစကားပြောခွက်၊ ဓာတ်ကာပစ္စည်း၊ မီးသတ် ပိုက်လုံး၊ ရော်ဘာဗူးဆို့၊ လက်အိတ်၊ ဓာတ်ငွေ့ကာမျက်နှာဖုံး၊ ကစားစရာရော်ဘာပူဖေါင်း၊ ဓာတ်အိမ်ပျံ၊ စက်ပတ်ကြိုး၊ ကြမ်း ခင်းရော်ဘာပြား စသည်တို့ကို ကော်ဖတ်မှ ပြုလုပ်ရရှိသော ပစ္စည်းများအနက် အချို့အဝက်မျှသာ ရှိသေး၏။ ဤကမ္ဘာတွင် ကော်ဖတ် မရှိလျှင် မည်သို့ ဖြစ်မည်နည်း။ ကော်ဖတ်မရှိလျှင် အဆိုပါ အသုံးအဆောင်ကရိယာများကို မည်သည့် ပစ္စည်းနှင့်မျှ အစားထိုး၍ ပြုလုပ်နိုင်မည်မထင်ချေ။ တစ်နည်းဆိုရသော် ကော်ဖတ်မရှိခဲ့သော် ကျွန်ုပ်တို့၏ နေမှုထိုင်မှုနှင့်တကွ စက်မှုလက်မှု လုပ်ငန်းအသွယ်သွယ်ကို အလွန်အမင်း ထိခိုက်မည်ဖြစ်၍ တစ်ကမ္ဘာလုံးရှိ တိုးတက်မှုအဝဝသည်လည်း အကြီးအကျယ် ဆုတ်ဆိုင်း ရပ်တန့်သွားဖွယ်ရာ အကြောင်း ရှိပေသည်။

ဤမျှလောက် ကော်ဖတ်အသုံးဝင်ခြင်းမှာ ပစ္စည်းအမျိုးမျိုး နှင့် ပေါင်းစပ်နိုင်ခြင်းကြောင့်ပင် ဖြစ်သည်။ ထိုသို့ ပေါင်းစပ် ပြုလုပ်ထားသော ပစ္စည်းများသည် တစ်ခါတစ်ရံ ဂုဏ်သတ္တိချင်း ဆန့်ကျင်ဖက် ဖြစ်နေတတ်သည်မှာလည်း ထူးဆန်း၏။

ဥပမာ။ ။ ကော်ဖတ်သည် သာမန်အားဖြင့် မူလအရွယ်ထက် ၁ဝဆ မျှ စန့်ထွက်နိုင်ရာမှ အနည်းငယ်မျှ စန့်ထွက်ခြင်း မရှိအောင် တစ်မျိုးတစ်ဖုံ စီမံပေးနိုင်သည်။ ပျော့ပျောင်းသော ကော်ဖတ်ကို အနည်းငယ်မျှ ကွေးကောက်၍ မရနိုင်သော ပစ္စည်းဖြစ်အောင် လည်း ပြောင်းယူနိုင်သည်။ ရေ၊ လေ၊ အပူနှင့် လျှပ်စစ်စသည် တို့ကို တားဆီးကာကွယ်နိုင်သော ကော်ဖတ်မှ ရေနှင့် လေကို အဝင်ခံနိုင်သည်ပစ္စည်း၊ အပူနှင့် လျှပ်စစ်လိုက်သည့် ပစ္စည်းများ ဖြစ်အောင်လည်း ပြုပြင်ယူနိုင်သည်။ ကော်ဖတ်ဖြင့် ပြုလုပ် ထားသော ဖိနပ်အောက်ခံခုံမှာ အပွန်းအပဲ့ဒဏ်ကို ခံနိုင်အောင် မာကျောသော်လည်း ခဲဖျက်မှာမူ အလွယ်တကူနှင့် ပွန်းပဲ့သွား အောင် ပြုပြင်ထားသောပစ္စည်း ဖြစ်လေသည်။

စက်ရုံသို့ ရောက်ရှိလာသော ကော်ဖတ်စိမ်းသည် ဂေါက်သီး၊ မော်တော်ကားတာယာ စသည်တို့ကို အခြေအနေချင်းတူဖို့ ဝေးစွ ခဲဖျက်နှင့်ပင် လုံးဝမတူချေ။ အရိုင်းဘဝတွင်ရှိသော ကော်ဖတ်သည် အေးလွန်းလျှင် ကြွပ်ဆတ်၍၊ ပူလာလျှင်လည်း အရည်ပျော် စေးကပ်ကာ ကော်ဖတ်နံ့ထွက်တတ်သောကြောင့် ကောင်းစွာ အသုံးမချနိုင်ပေ။ ကော်ဖတ်ကို ကိုလံဗပ် တွေ့ခဲ့ သည်မှာ အချိန်အလွန်ကြာမြင့်ပြီဖြစ်သော်လည်း ကော်ဖတ်ကို အနည်းနည်း အဖုံဖုံ အသုံးချနိုင်ခဲ့သည့်ကာလမှာ နှစ်ပေါင်း ၁ဝဝ မျှလောက်သာ ရှိပေသေးသည်။ ရှေးဦးစွာ ၁၉ ရာစုနှစ် အစလောက်တွင် ကော်ဖတ်ဖိနပ်၊ ကော်ဖတ် ပိုက်လုံး၊ လေ သွင်းထားသော ကော်ဖတ်ဘောလုံး၊ ကော်ဖတ်ခံထားသော မိုးကာအင်္ကျီ စသည်တို့ စတင် ပေါ်ပေါက်လာကြ သည်။

ထိုသို့ ပြုလုပ်ရောင်းချသူများအနက် အက်ဒင်ဗါရာမြို့မှ စကော့လူမျိုး ချားမက္ကင်တော့မှာ ထင်ရှားသူတစ်ဦး ဖြစ်၏။


rightရာဘာ ဘွတ်ဖိနပ်

၁၈၂၃ ခုနှစ်တွင် မက္ကင်တော့သည် ကော်ဖတ်ဖြင့် မိုးကာအင်္ကျီ ပြုလုပ်သည့် နည်းတစ်နည်းကို မူပိုင်ခွင့် မှတ်ပုံတင်ခဲ့ သည်။ ထိုနည်းအရ ကော်ဖတ်ကို ကျောက်မီးသွေး ကတ္တရာမှ ရသော နက်ဖသား ကတ္တရာတွင် ပထမအရည်ဖျော်၍ ထို ပျော်ဝင်ရည်ကို ကျောက်ပြားပေါ်၌ဖြန့်ကာ အအေးခံခြင်းဖြင့် ပါးလွှာသော ကော်ဖတ်များရအောင် ပြုလုပ်သည်။ ထိုနောက် ကော်ဖတ်ချပ်ကို အဝတ်နှစ်ထပ်ကြားတွင် သွင်း၍ ချုပ်ပြီးလျှင် မိုးကာအင်္ကျီ ပြုလုပ်ယူသည်။ ထိုကြောင့် ယနေ့ ထက်တိုင် အောင် သူ၏အမည်ကို အစွဲပြုပြီးလျှင် မိုးကာအင်္ကျီကို 'မက္ကင် တော့' ဟူ၍ပင် ခေါ်ဝေါ်လျက် ရှိကြပေသည်။ သို့ရာတွင် မိုးကာနှင့်တကွ အထက်၌ ဖေါ်ပြခဲ့သော ပစ္စည်းများတွင် ကော်ဖတ်စိမ်းကို တစ်နည်းတစ်လမ်းပြုပြင်၍ အသုံးချထားခြင်း မျှသာ ဖြစ်သည့်အတွက် အပူအအေးဒဏ်ကိုလည်းကောင်း၊ ဓာတ် ပစ္စည်းများ၏ဒဏ်ကိုလည်းကောင်း ခံနိုင်ရည်မရှိပေ။ ၁၈၃၉ ခုနှစ်သို့ ရောက်သောအခါမှ ကော်ဖတ်ကို တကယ်တမ်း လက်တွေ့ ကျေနပ်လောက်အောင် ပြုပြင်စီရင်နိုင်သည့်နည်းကို တွေ့ရှိရ၍၊ ထိုနည်းကို စတင်တွေ့ရှိသူကား ချားဂွတ်ယီးယားခေါ် ကမ္ဘာ ကျော် ပုဂ္ဂိုလ်ကြီးပင် ဖြစ်၏။ ဂွတ်ယီးယားသည် အမေရိကန် လူမျိုး ကုန်သည်တစ်ဦးဖြစ်၍ ကော်ဖတ်ကို လက်တွေ့အသုံးချ နိုင်အောင် ၁ဝ နှစ်တိုင်တိုင် အမျိုးမျိုး စမ်းသပ် လာခဲ့ရာမှ၊ တစ်နေ့တွင် ထိုနည်းကို အမှတ်မထင် မမြှော်လင့်ဘဲ ကံအား လျော်စွာ တွေ့ရှိခဲ့သည်။ ထိုနေ့တွင် ဂွတ်ယီးယားသည် ကော်ဖတ်ကို ကန့်နှင့် ရော၍ စမ်းသပ်စဉ် ကော်ဖတ်နှင့် ကန့်ရောထားသည့် ပစ္စည်းအနည်းငယ်သည် မီးဖိုပေါ်သို့ မတော်တဆ ကျသွားသည်။ ထိုပစ္စည်းကို မီးဖိုထဲမှ ထုတ်၍ အမှတ်မဲ့ပင် စစ်ဆေးကြည့်ရာ၊ မိမိအလိုရှိသည့်အတိုင်း အပူအအေးနှင့် အက်ဆစ်တို့၏ဒဏ်ကို ကောင်းစွာခံနိုင်ရည် ရှိသည့်အပြင် စေးကပ်ခြင်း အလျင်းမရှိဘဲ ရုန်းကန် သတ္တိ နှင့်လည်း ပြည့်စုံသည့် ပစ္စည်းဖြစ်နေကြောင်းကို အံ့ဩစွာ တွေ့ရ လေတော့သည်။ ဂရိနှင့် ရောမ ထုံးဟောင်းပုံပြင်များတွင် ဗာလကန်ခေါ် မီးနတ်သားတစ်ပါးရှိရာ ထိုနတ်သားကို အစွဲ ပြု၍ ထိုကဲ့သို့ ကော်ဖတ်ကို ကန့်နှင့်ရောပြီး အပူဓာတ်ဖြင့် စီမံပေးသည့်နည်းကို ဂွတ်ယီးယားက 'ဗာကကန်နိုက်ဇင်း'ဟု အမည်ပေးခဲ့လေသည်။ ဤနည်းမှာ ကော်ဖတ်သမိုင်းတွင် အရေးအကြီးဆုံးသော တွေ့ရှိမှုကြီးပင် ဖြစ်တော့၏။ ဤနည်းကိုသာ မတွေ့ရှိသေးပါက မရေတွက်နိုင်အောင် ပေါများသော ယခုခေတ်သုံး ကော်ဖတ်နှင့် ပြုလုပ်ရသည့် ပစ္စည်းများလည်း ပေါ်ပေါက်နိုင်ဦးမည် မဟုတ်ချေ။ ဤ နည်းတွင် ကန့်အပြင် အခြားပစ္စည်းများကို လိုသလို ရောစပ် ပေးနိုင်ပေသည်။ သို့သော် ကန့်မှာ အဓိကလိုအပ်သော ပPည်း ဖြစ်၍ ပြုလုပ်ရရှိသော ပစ္စည်းအမျိုးမျိုး၏ ဂုဏ်တို့သည် ရောစပ်ထားသော ကန့်အနည်းအများပေါ်တွင် တည်ရှိပေ သည်။ ယခုအခါ ကမ္ဘာအရပ်ရပ်မှာပင် ကော်ဖတ်ဖြင့် အသုံး အဆောင်ပစ္စည်းအမျိုးမျိုးကို ပြုလုပ်လျက်ရှိရာ အမေရိကန် ပြည်ထောင်စုတစ်ခုတည်းမှ တစ်ကမ္ဘာလုံးမှထွက်သော ပစ္စည်း များအနက် ၄ ပုံ ၃ ပုံနီးပါး ထွက်သည်ဟု သိရသည်။

ကော်ဖတ်သည် သစ်ပင်၊ နွယ်ပင်များမှရသော အစေးတစ်မျိုး ဖြစ်၍ ယင်းကို မြန်မာနိုင်ငံတွင် အရပ်ဒေသအလိုက် ကြက် ပေါင်စေးဟုလည်း ခေါ်ကြသည်။

ကော်ဖတ်စေးထုတ်ယူနိုင်သော အပင်မှာ ကမ္ဘာတွင် မျိုးပေါင်း ၁,ဝဝဝ ကျော်မျှရှိ၍ ကော်ဖတ်စေး အနည်း အကျဉ်းသာထွက်သော အပင်များကို ထည့်သွင်းရေတွက်လျှင် အပင်မျိုးပေါင်း ၁ဝ,ဝဝဝ ပင် ကျော်ပေဦးမည်။ သို့သော် ယခုအခါ ကော်ဖတ်စေးကို အများဆုံး ထုတ်ယူလျက်ရှိသည့် အပင်မျိုးကား ဟီးဗီယခေါ် အပင် မျိုးဖြစ်သည်။ ဤအပင် သည် တောင်အမေရိက တိုက်၊ အထူးသဖြင့် ဘရာဇီးနိုင်ငံရှိ အမေဇုန်မြစ်ဝှမ်းဒေသတွင် သဘာဝအလျှောက် ပေါက် ရောက်သော အပင်မျိုးဖြစ်၏။ ထိုအပင်မျိုးမှရသော ကော်ဖတ်ကို ရှေးဦးစွာ ဘရာဇီးနိုင်ငံ ပါရာမြို့မှ ရရှိသည့် အတွက် ယနေ့တိုင်အောင် ပါရာကော်ဖတ် ဟု ခေါ်တွင်လျက် ရှိသည်။

လက်ဦးတွင် ကော်ဖတ်၏ အသုံးဝင်တန်ဖိုးရှိပုံကို သိလာ သည့်အတိုင်း မိမိတို့ တိုင်းပြည်မှ ကော်ဖတ်မျိုး နိုင်ငံခြားတိုင်း တစ်ပါးသို့ ရောက်မသွားနိုင်စေရန် ဘရာဇီးနိုင်ငံက အမျိုးမျိုး ကြိုးစား၍ နှစ်ပေါင်း အတော်ကြာအောင် ကျပ်တည်းစွာ စောင့်ရှောက် ကာကွယ်သေး၏။ သို့သော် ၁၈၇၅ ခုနှစ်တွင် အင်္ဂလိပ်လူမျိုးတစ်ဦးသည် ဘရာဇီးနိုင်ငံ ကော်ဖတ်တောများမှ ကော်ဖတ်မျိုးစေ့များကို တိတ်တဆိတ် အောင်မြင်စွာ ထုတ်ယူ နိုင်ခဲ့လေသည်။ ထိုမျိုးစေ့များကို လန်ဒန်မြို့အနီးရှိ ကျူးဂါးဒင် ဥယျာဉ်၌ ရှေးဦးစွာ စိုက်ပျိုး၍ ထိုမှတစ်ဆင့် သီဟိုဠ်ကျွန်းသို့ ပို့ဆောင်စိုက်ပျိုးလေသည်။ ထိုနောက် မလ္လာယုကျွန်းဆွယ်၊ ဆူမတြားကျွန်း၊ ဂျားဗါးကျွန်း စသော ကမ္ဘာအရှေ့ပိုင်းဒေသ များတွင်လည်း စိုက်ပျိုးခဲ့ရာ များစွာ အောင်မြင်ခဲ့လေသည်။

ယခုအခါ ကမ္ဘာပေါ်တွင် နှစ်စဉ် ထွက်လျက်ရှိသည့် ကော်ဖတ် အနက် ရာခိုင်နှုန်း ၉ဝ ခန့်ကို သီဟိုဠ်ကျွန်း၊ မလ္လာယုကျွန်းဆွယ်နှင့် ဒတ်ချ အရှေ့အိန္ဒိယကျွန်းစုများမှ ရရှိသည်။ ဘရာဇီး နိုင်ငံနှင့်တကွ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ လိုက်ဗီးရီးယားနိုင်ငံ နှင့် ဖိလစ်ပိုင်ကျွန်းတို့မှ ကော်ဖတ်ထွက်သော်လည်း အထက်ပါ ဒေသများနှင့်စာသော် အနည်းငယ်မျှသာ ဖြစ်သည်။

ကော်ဖတ်ပင်မှ ရရှိသော အစေးအားလုံးသည် ကော်ဖတ် မဟုတ်ချေ။ နို့ကဲ့သို့ ဖြူသော အရည်ဖြစ်၍ ယင်းကို နို့စေးဟု ခေါ်သည်။ ထိုအရည်ထဲတွင် ကော်ဖတ်သည် သာမန်မျက်စိနှင့် မမြင်နိုင်အောင် သေးငယ်သော အလုံးကလေးများအဖြစ် တွဲ လောင်းခိုလျက်ရှိသည်။ ကော်ဖတ်စေးတွင် ကော်ဖတ်အပြင် သကြား၊ ဓါတ်ဆား၊ ပရိုတင်း၊ သစ်စေး (ရက်ဇင်)နှင့် ရေတို့ လည်း အလိုအလျောက် ပါဝင်၏။ ထိုကြောင့် နို့စေးမှာ သူ့ချည်းသက်သက် အသုံးမဝင်သေးဘဲ ယင်းမှ ကော်ဖတ်ကို နည်းအမျိုးမျိုးဖြင့် သီးခြားခွဲထုတ်ယူရသည်။ များသောအားဖြင့် နို့စေးတွင် အက်ဆီတစ်အက်ဆစ်ကို ရောထည့်ကာ ကော် ဖတ်ကို တစုတည်းခဲ၍ ပေါ်တက်လာစေသော နည်းကို အသုံးပြုလေ့ရှိကြသည်။

အထက်တနေရာတွင် ကော်ဖတ်ကို အပင်အမျိုးမျိုးမှ ရနိုင် ကြောင်း ဖေါ်ပြခဲ့ပြီ။ သို့သော် အခြားအပင်မျိုးမှရသော နို့စေး သည် ဟီးဗီယမျိုးနှင့်စာလျှင် ကော်ဖတ်အပါနည်း၍ အမျိုး လည်း ညံ့ကြသည်။ ဟီးဗီးယမျိုးမှရသော နို့စေး၌ ကော်ပတ် ၉ဝ ရာခိုင်နှုန်းကျော်ကျော် ပါဝင်၍ ထိုကော်ဖတ်မှာ ယနေ့ အထိ ကမ္ဘာတွင် မျိုးအသန့်ဆုံးနှင့် အကောင်းဆုံး ဖြစ်သည်။

ဟီးဗီယမျိုးဖြစ်သော ကော်ဖတ်ပင်တို့သည် ရ၅ ပေမှ ပေ ၁ဝဝ အထိ မြင့်ပြီးလျှင် လုံးပတ် ၁ဝ ပေမှ ၁၂ ပေအထိရှိ တတ်သည်။ အပင် ၅ နှစ်သားအရွယ်လောက်သို့ ရောက်သော အခါ ကော်ဖတ်စေးကို စတင် ထုတ်ယူနိုင်ပေပြီ။ သို့သော် ထိုကော်ဖတ်စေးမျိုးသည် အများအားဖြင့် ညံ့သေး၍ ထိုထက် အသက်ကြီးလာမှ အကောင်းဆုံးအစေးကို ရရှိတတ်သည်။

ကော်ဖတ်စေးထုတ်ယူပုံမှာ ပင်စည်တွင် မြေမှ ၄ ပေ ၅ ပေ ခန့်မြင့်သော နေရာ၌ ဓါးကောက်ကလေးတမျိုးဖြင့် အခေါက် ကို နို့စေးစီးဆင်းနိုင်အောင် ခပ်စောင်းစောင်း ခြစ်ပေးရ၏။

အချို့က ဗယ်မှညာသို့ဖြစ်စေ၊ ညာမှဗယ်သို့ဖြစ်စေ တစ်ကြောင်း တည်းခြစ်ပေး၍ အချို့ကမူ ဗယ်ညာနှစ်ကြောင်း ခြစ်ကာ ထို ခြစ်ကြောင်းနှစ်ခုကို အလယ်ရှိ အထက်မှ အောက်သို့ ခြစ်ထား သော ခြစ်ကြောင်း၌ လာဆုံစေသည်။ သို့သော် ခြစ်ကြောင်း တိမ်လွန်းလျှင် အစေးကောင်းစွာမထွက်ဘဲနေတတ်၍ နက်လွန်း ပြန်ကလည်း နူးညံ့သောအတွင်းသားကို ဒဏ်ဖြစ်စေသည့် အတွက် အပင်သေဆုံးသွားတတ်သဖြင့် ခြစ်ကြောင်းဖေါ်ရာ၌ ကျွမ်းကျင်သူများကိုယ်တိုင် သတိကြီးစွာရှိဖို့ လိုပေသည်။

ခြစ်ကြောင်းအဆုံးတွင် သတ္တုရေတန်လျှောက်မှ စီးကျလာသော နို့စေးကို အောက်ဖက်မှ ခွက်ငယ်ဖြင့် ခံယူရသည်။ အချို့ဒေသ တွင် ထိုသို့စီးကျလာသော နို့စေးခဲ၍ မသွားစေရန် ခွက်ထဲ၌ အမ်မိုးနီးယား၊ ဆိုဒါ စသော ဓါတ်ပစ္စည်းအနည်းငယ်ကို ထည့်ပေးထားလေ့ရှိသည်။ ထိုသို့ ခြစ်ရာတွင် နေ့ဆက် ဖြစ်စေ၊ တစ်နေ့ခြားဖြစ်စေ နံနက်စောစောအချိန်၌ ခြစ်ကြောင်း အဟောင်း ပေါ်တွင် ထပ်၍ ခြစ်ပေးရသည်။ ထိုကြောင့် ခြစ် ကြောင်းများသည် တစ်နေ့ပြီးတစ်နေ့ အောက်ဖက်သို့ တရွေ့ရွေ့ နိမ့်ဆင်းလာသည်။ ခြစ်ကြောင်းများ ရွေ့ဆင်းလာသည်နှင့် အမျှ အပေါ်ဖက်ရှိ ခြစ်ပြီးသားနေရာတွင် နောင်အခါ ထပ်၍ခြစ်နိုင် အောင် အသားသစ်သည် တဖြည်းဖြည်း တက်လာပြန်သည်။ အရွယ်ရောက်ပြီးသော ကော်ဖတ်ပင်တစ်ပင်မှ တစ်နှစ်လျှင် နို့စေး ၆ ပေါင်ထက်မနည်း ထွက်တတ်သည်ဟု သိရသည်။

ကော်ဖတ်ခြံ အလုပ်သမားများ နောက်တစ်ဆင့် လုပ်ရသည့် အလုပ်မှာ ခံယူထားသော ခွက်ငယ်များမှ နို့စေးများကို လိုက်လံသိမ်းဆည်းရခြင်းဖြစ်၏။ ဤနို့စေးများကို ခွက်ကြီး ထဲသို့ ပြောင်းထည့်ရ၍ တစ်နေရာတွင် ဖော်ပြခဲ့သည့်အတိုင်း အက်ဆီတစ်အက်ဆစ်ကို အချိုးကျ ထည့်ပေးရ၏။ ထိုအခါ နာရီအနည်းငယ်အတွင်းမှာပင် ကော်ဖတ်သည် ပေါင်းစည်း စုခဲ၍ အပြားလိုက် အပေါ်သို့ ပေါ်တက်လာလေသည်။

ဤကော်ဖတ်ပြားများကို ဆယ်၍ ဒလိမ့်များဖြင့် ပြားချပ် သွားအောင် ဖိညှစ်ပေးခြင်း၊ ဆေးကြောပေးခြင်း၊ နေပူ မီးပူ တို့ဖြင့် အခြောက်ခံပေးခြင်း စသော အဆင့်များကို လွန်မြောက် ပြီးသောအခါ ကော်ဖတ်မှာ နိုင်ငံခြားသို့ဖြစ်စေ၊ စက်ရုံကြီး များသို့ဖြစ်စေ ပို့ဆောင်ရောင်းချရန်အတွက် အသင့်ဖြစ်လေ တော့သည်။ နို့စေးမှ ကော်ဖတ်ထုတ်ယူသည့် အခြားနည်းများ လည်း ရှိသေးသည်။

ကမ္ဘာပေါ်တွင် ကော်ဖတ်အသုံးအများဆုံး လုပ်ငန်းကား တိုင်ယာနှင့် ကျွတ်လုပ်ငန်းပင်ဖြစ်သည်။ မော်တော်ကားများ ခေတ်မစားသေးမီ အချိန်က ကမ္ဘာတစ်ဝှန်းလုံးတွင် တစ်နှစ် လျှင် ကော်ဖတ်တန်ချိန် ၉ဝ,ဝဝဝ ခန့်လောက်ကိုသာ သုံးစွဲခဲ့ ကြ၏။ သို့သော် ယခုအခါ တစ်နှစ်လျှင် တန်ချိန်ပေါင်း သန်း နှင့်ချီ၍ အသုံးပြုလျက်ရှိကြရုံမက တစ်နေ့တခြားလည်း အသုံးပိုလာဆဲ ဖြစ်သည်ကို တွေ့ရပေသည်။ ကော်ဖတ်အထည် ဟောင်းများကိုလည်း ပြန်လည် ပြုပြင်၍ အသုံးပြုနိုင်သည်။ ဤသို့အသုံးမပြုပါကလည်း ကျွန်ုပ်တို့သည် ကော်ဖတ်ကို အသုံးလိုသလောက် ရရှိနိုင်ကြမည် မဟုတ်ချေ။ ကော်ဖတ် အထည်ဟောင်းများကို ပြန်လည် အသုံးပြုသောအခါ ထို အထည်များတွင် ပါဝင်သော ကန့်နှင့်တကွ အခြားမလိုလား အပ်သည့် ပစ္စည်းများကို ရှေးဦးစွာ ဖယ်ရှားပစ်ရ၏။ သို့သော် ကော်ဖတ်အစစ် (အသစ်)ကဲ့သို့ကား ကော်ဖတ်ဟောင်းကို နေရာတိုင်းတွင်သုံးရန် မသင့်တော်ပေ။

ကော်ဖတ်အကြောင်းရေးရာတွင် သဘာဝကော်ဖတ်ကိုတု၍ ဓါတုဗေဒနည်းဖြင့် လူတို့ချက်လုပ်ကြသော ဓါတ်ချက်ကော် ဖတ်အကြောင်းကို မဖော်ပြလျှင် ပြည့်စုံမည် မဟုတ်ချေ။

ဓါတ်ချက်ကော်ဖတ်များမှာ အမှန်စင်စစ် သဘာဝကော်ဖတ်နှင့် အနီးစပ်ဆုံး တူညီအသုံးပြုနိုင်အောင် လူတို့ကြံစည်ချက်လုပ်ကြ သော ကော်ဖတ်တုများပင် ဖြစ်သည်။ ကော်ဖတ်တုများကို ကြံစည်ချက်လုပ်ရခြင်း၏ အကြောင်းရင်းမှာ ကမ္ဘာစစ်ကြီးများ အတွင်း သဘာဝကော်ဖတ်ထွက်သော နိုင်ငံများနှင့် အဆက် ပြတ်ရသည့်အတွက်ပင် ဖြစ်၏။

ပထမကမ္ဘာစစ်အတွင်းက ဂျာမန်နိုင်ငံတွင် ဗျူနာဟုခေါ် သော ကော်ဖတ်တုများကို စမ်းသပ် လုပ်ကိုင်နိုင်ခဲ့ကြသည်။ ဗျူနာကော်ဖတ်တုတွင် အခြေခံဓါတ်ပစ္စည်းများမှာ ဗျူတာဒိုင် အင်း ဖြစ်၏။ ယင်းကို ဂျာမန်တို့သည် ထုံးကျောက်နှင့် ကျောက်မီးသွေးကို ပေါင်းစပ်ပေးပြီးနောက် အဆင့်ဆင့် ထုတ် ယူကြရ၏။ ယခုအခါ၌မူ အယ်လကိုဟော သို့မဟုတ် ရေနံမှ လည်း ထုတ်ယူလျက် ရှိကြသည်။ သို့သော် ဗျူတာဒိုင်အင်း တစ်ခုတည်းမှ ချက်လုပ်ရရှိသော ကော်ဖတ်မှာ ကျေနပ် လောက်အောင် မကောင်းမွန်သေးပေ။ ဗျူတာဒိုင်အင်းတွင် အက်သဲဗင်ဇင်းမှ ရရှိနိုင်သော စတိုင်ရင်းခေါ် ဓာတ် ပစ္စည်းကို ထပ်မံပေါင်းစပ်ပေးမှ ယခင်ကထက်ကောင်းသော ကော်ဖတ်တု မျိုးကို ရလာသည်။ သို့ရာတွင် ဤဓါတ်ပစ္စည်း နှစ်ခု ပေါင်း စပ်ဓာတ်ပြောင်းကာ ကော်ဖတ်တုဖြစ်လာစေရန် အခြား ကက် တလစ် (ဓာတ်ကူ)တစ်ခုကိုလည်း ထည့်ပေး ရသေး၍ ထိုသို့ ထည့်ပေးရသော ကက်တလစ်ကိုမူ ဂျာမန်တို့က လျှို့ဝှက်ထားခဲ့ ကြ၏။ ယခုသော် ဆိုဒီယမ်ကို ကက်တလစ်အဖြစ်နှင့် အသုံးပြုနိုင်ကြောင်း တွေ့ရှိခဲ့ရပေပြီ။

ဗျူတာဒိုင်အင်းနှင့် စတိုင်ရင်းတို့ ပေါင်းစပ်မှုမှ ရရှိသော ကော်ဖတ်တုကို ဗျူနာ-အက်(စ) ဟုခေါ်၏။ ဗျူတာဒိုင်အင်းကို စတိုင်ရင်းအစား အကရီလို နိုက်ထရီးနှင့် ပေါင်းစပ်ပေးခြင်းဖြင့် ရရှိသော ကော်ဖတ်တုမှာမူ ဗျူနာ-အင် ဟုတွင်၍ ဤကော် ဖတ်တုမျိုးကိုလည်း ဂျာမနီနိုင်ငံကပင် လက်ဦး ကြံစည်ခဲ့ လေသည်။

ပထမကမ္ဘာစစ်ပြီးသွားသောအခါ သဘာဝကော်ဖတ်များကို ပြန်လည် ရရှိကြသဖြင့် ကော်ဖတ်တု ချက်လုပ်သည့်လုပ်ငန်း မှာ ကုန်ကျသည့်စရိတ်နှင့် မမျှသည့်အတွက် တိမ်မြှုပ် ကွယ်ပျောက်သလောက် ဖြစ်သွားခဲ့သည်။ သို့ရာတွင် ဒုတိယ ကမ္ဘာစစ် အတွင်းက ကော်ဖတ်အကြီးအကျယ်ထွက်ရာ အရှေ့ အိန္ဒိယကျွန်းစုများ ဂျပန်လက်သို့ ကျရောက်နေသည့် အချိန်မှ စ၍ အမေရိကန်ပြည်ထောင်စုတွင် ဗျူနာကော်ဖတ်ချက်နည်းကို မူတည်၍ ကော်ဖတ်တုချက်လုပ်သည့် လုပ်ငန်းများ ပြန်လည် ထွန်းကားလာပြန်သည်။

ဗျူနာကော်ဖတ်များအပြင် နီယိုပရင်း ကော်ဖတ်၊ လစ်ဗာတီ ကော်ဖတ်၊ ဗျူတဲကော်ဖတ်၊ သိုင်အိုကော ကော်ဖတ် စသော အခြားဓါတ်ချက်ကော်ဖတ်များလည်း အမျိုးမျိုးဖြစ်ထွန်း ပေါ်ပေါက်လာခဲ့၏။ ဤကော်ဖတ်တုများသည် တစ်မျိုးနှင့် တစ်မျိုး ဂုဏ်သတ္တိချင်း မတူသည့်အတွက် ဂုဏ်သတ္တိအလိုက် သင့်တော်သလို အသုံးချရပေသည်။ သဘာဝကော်ဖတ်ကိုမူ မည်သည့် ကော်ဖတ်တုမျိုးမှ နေရာတိုင်းတွင် မမှီနိုင်ချေ။

သို့သော် အချို့နေရာတွင် အချို့သော ကော်ဖတ်တုက သဘာဝကော်ဖတ်ထက် သာသည်ကိုလည်း တွေ့ရ၏။

ကော်ဖတ်တုလုပ်ငန်း၏ အနာဂတ်အရေးမှာ ကုန်ကျမည့် စရိတ်ပေါ်တွင် တည်လျက်ရှိရာ ဤကိစ္စ၌ ကျွမ်းကျင်သူပါရဂူ များကပင် ကော်ဖတ်တုကို သဘာဝကော်ဖတ်ကဲ့သို့ စရိတ် အကုန်အကျ သက်သာစွာနှင့် ချက်လုပ်နိုင်ရမည်ဟု ယုံကြည် လျက် ရှိကြသည်။ အားလုံးကိုခြုံကြည့်လျှင် ကော်ဖတ်တုချက် လုပ်သည့် လုပ်ငန်းသည် နောင်အခါ အလွန်ကြီးကျယ်သော လုပ်ငန်းတစ်ရပ် ဖြစ်လာနိုင်ဖွယ်ရာ အကြောင်းများစွာ ရှိပေ သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)