တင်ဦး (ဗိုလ်ချုပ်ကြီး သူရ)
သူရ ဦးတင်ဦး | |
Tin Oo | |
မတ် ၁၂၊ ၁၉၂၇ ခု - ဇွန် ၁၊ ၂၀၂၄ | (အသက် ၉၇)|
အခမ်းအနားတစ်ခုသို့ တက်ရောက်လာသော အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦး |
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက |
|
ဥက္ကဋ္ဌ ရာထူးမှ အနားယူပြီးနောက်ပိုင်းကာလများ - | |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ |
|
၀၃-၁၂-၁၉၈၈ မှ - ၂၂-၁၂-၁၉၈၉ ထိ | |
တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
|
၀၈-၀၃-၁၉၇၄ မှ - ၀၄-၀၃-၁၉၇၆ ထိ | |
ကိုယ်ရေး အချက်အလက် | |
အမည်ရင်း | တင်ဦး |
ဂုဏ်ထူဆောင် အမည် | သူရ |
မွေးရက် | မတ် ၁၂၊ ၁၉၂၇ ခု |
မွေးနေ့ | ၁၉၂၇ ခုနှစ်၊ မတ်လ ၁၂ ရက် |
မိဘများ | ဦးမောင်ကြိုင် နှင့် ဒေါ်မြတင် |
မွေးရပ်ဇာတိ | ဧရာဝတီတိုင်း၊ ပုသိမ်မြို့ |
လူမျိုး | ဗမာ |
နိုင်ငံသား | မြန်မာနိုင်ငံသား |
ဘာသာ | ဗုဒ္ဓဘာသာ |
အလုပ်အကိုင် | အငြိမ်းစားစစ်မှုထမ်း၊ နိုင်ငံရေးသမား |
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း | အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် |
ပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
လူသိများခြင်း | တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်သူ |
ကွယ်လွန်ရက် | ဇွန် ၁၊ ၂၀၂၄ | (အသက် ၉၇)
ကွယ်လွန်ရာဒေသ | ရန်ကုန်မြို့ |
စစ်မှုထမ်း အချက်အလက် | |
ဌာန | တပ်မတော်၊ တပ်မတော် (ကြည်း) |
၁၉၄၃ ခုနှစ် - ၁၉၇၆ ခုနှစ်၊ မတ်လ ၄ ရက် | |
ရာထူး | ဗိုလ်ချုပ်ကြီး |
သူရ ဦးတင်ဦး (မတ်လ ၁၂၊ ၁၉၂၇-ဇွန် ၁၊၂၀၂၄)သည် မြန်မာ့တပ်မတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်သည့်အပြင်၊ နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို စတင်တည်ထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌတာဝန်ကို ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်မှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်ထိ ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်းကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖြစ် တာဝန်ယူ ဦးဆောင်သည်။ ကျန်းမာရေးကြောင့် သွားလာလှုပ်ရှားမှုမလုပ်နိုင်သော်လည်း ၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအောင်နိုင်ရေး စိတ်ဓာတ်ခွန်အားအဖြစ် နေပြည်တော် လာရောက်အားပေးခဲ့သည်။ အင်အယ်ဒီပါတီ ဒုတိယ ၅နှစ်သက်တမ်း ရွေးကောက်ပွဲ အမတ်အရေအတွက် ၂၀၁၅ ထက်ပိုမိုရရှိပြီး အနိုင်ရရှိခဲ့သည်။
ငယ်ဘဝ ပညာရေး
[ပြင်ဆင်ရန်]အဖ ဦးမောင်ကြိုင်၊ အမိ ဒေါ်မြတင်တို့မှ ၁၉၂၇ ခုနှစ် မတ်လ ၁၂ရက်နေ့တွင် ပုသိမ်မြို့၊ ဘွက်ကြီးတန်းလမ်း၌ မွေးဖွားသည်။ မီးဖွားစဉ် သားဦးစနေ မီးလိုမွှေမည်ကို နာမ်နှိမ်လို၊ ယတြာချေလိုသဖြင့် အဖွားဖြစ်သူ ဒေါ်မိုးက ဓားမကြီးကို ထမ်းကာ မွေးကင်းစကလေး အပေါ်မှ ခုနစ်ကြိမ် ခုနစ်ခါ ကျော်သည်။ [၁]
မောင်တင်ဦး အသက် ၄-၅ နှစ်အရွယ်တွင် မိဘများက ပုသိမ်မြို့ တာ၀တိံသာ အရပ်သို့ ပြောင်းရွေ့နေထိုင်ပြီး တံတားကြီးလမ်းရှိ ဆရာမ ဒေါ်ပုလေး၏ သူငယ်တန်းကျောင်းသို့ ပညာသင်ရန် အပ်နှံသည်။
ထို့နောက် ဖခင်ဖြစ်သူက ဧရာဝတီတိုင်း၊ ရေကြည်မြို့သို့ အလုပ်သင် မြေတိုင်းစာရေးအဖြစ် ပြောင်းရွေ့ အမှုထမ်းသည်တွင် မောင်တင်ဦးအား ရေကြည်မြို့ အထွက်နားတွင်ရှိသော ဆရာကြီး ဦးထွန်းမောင် ကျောင်းသို့ ပို့လွှတ် ပညာသင်စေသည်။ ထိုမှတစ်ဖန် ဖခင်ဖြစ်သူမှာ ရွှေဘိုမြို့ မြေတိုင်းသင်တန်းကျောင်းသို့ တစ်နှစ်ခန့် သွားရောက် ပညာသင်ကြားရမည် ဖြစ်သဖြင့် မောင်တင်ဦး၊ ညီဖြစ်သူ မောင်စိန်အောင်နှင့် မိခင်ဖြစ်သူတို့မှာ ကျောင်းကုန်းမြို့သို့ ခေတ္တပြောင်းရွေ့ နေထိုင်သည်။ ကျောင်းကုန်းမြို့ ဘုန်းတော်ကြီးသင် လောကဓာတ်ကျောင်းတွင် အေ၊ ဘီ၊ စီ၊ ဒီ အခြေခံ အင်္ဂလိပ်စာကို မောင်တင်ဦး စတင်သင်ယူသည်။ ထိုဘုန်းတော်ကြီးကျောင်းတွင် ဒုတိယတန်းအထိ ပညာသင်ကြားသည်။
ဖခင်ဖြစ်သူ ပုသိမ်မြို့သို့ အလုပ်ပြောင်းရွေ့ရသဖြင့် မောင်တင်ဦးတို့ မိသားစု ပုသိမ်သို့ ပြောင်းရွေ့ရပြန်သည်။ ပုသိမ်မြို့ မြူနီစပယ်ကျောင်းတွင် စတုတ္ထတန်း အောင်မြင်သည်။
၁၉၃၇-၃၈ ခုနှစ် စတုတ္ထတန်း အောင်မြင်ပြီးနောက် ပုသိမ်မြို့ နိဂြောဓရုံ ဘုန်းကြီးကျောင်းအတွင်းရှိ ဗဟိုအမျိုးသား အထက်တန်းကျောင်း (Central National High School) သို့ ပြောင်းရွေ့ ပညာသင်ကြားသည်။ ကျောင်းဆရာ၊ ဆရာမများမှာ လစာ တစ်ပြားတစ်ချပ်မှ မရကြ။ မြို့ထဲမှ ချမ်းသာပြည့်စုံသူများ စေတနာအလျောက် ထောက်ပံ့ပေးကမ်းသော ပစ္စည်းပစ္စယကိုသာ ရကြသည်။ ပုသိမ်မြို့ ကုန်သည်ကြီးများ အသင်းမှ ဦးရွှေဖြူ အစရှိသော ချမ်းသာကြွယ်၀သူတို့က အဆက်မပြတ် လှူဒါန်းကြသည်။ နောင်အခါ အမျိုးသား အထက်တန်းကျောင်းကို ပုသိမ်မြို့ထဲသို့ ရွေ့ပြောင်းခဲ့ရာ ယခုပုသိမ်မြို့ အမှတ် (၂) အထက်တန်းကျောင်းမှာ ယခင်က အမျိုးသား အထက်တန်းကျောင်း ဖြစ်သည်။
ထူးထူးခြားခြား ဖြစ်သွားသည်မှာ မြူနီစပယ်ကျောင်းမှ စတုတ္ထတန်း အောင်လာသူ မောင်တင်ဦးတစ်ယောက် ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် စတုတ္ထတန်း ပြန်တက်ရခြင်း ဖြစ်သည်။ မြူနီစပယ်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားခြင်း ချို့တဲ့ခဲ့သဖြင့် အင်္ဂလိပ်စာနှင့် ပတ်သက်သည့် သဒ္ဒါနှင့် ဖတ်စာများ ပြန်လည်သင်ကြားရန် ဖြစ်သည်။ ကျောင်းတွင် အင်္ဂလိပ်စာ အထူးပြုသင်တန်း သင်ကြားပေးသည်။ ကျောင်းလည်း အစိုးရ အထောက်အပံ့ခံ ဗဟိုအမျိုးသား အထက်တန်းကျောင်း ဖြစ်လာပြီး၊ ဆရာ၊ ဆရာမတို့မှာ လစာအခွင့်အရေး အတော်အသင့် ရရှိလာသည်။ ထို့ပြင် ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းသူ ကျောင်းသားများလည်း ကျောင်းလခ၊ ကျောင်းဝင်ကြေး အနည်းအကျဉ်း ပေးရသေးသည်။ ယခုအခါ ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ထင်ရှားကျော်ကြားသော ထူးချွန်ဆရာ၊ ဆရာမများကို ခေါ်ယူခန့်ထားနိုင်လာသည်။ အိန္ဒိယအနွယ်ဝင် ဆရာမူကာဂျီက သိပ္ပံပညာသင် ထူးချွန်သည်။ ကျောင်းအုပ်ဆရာကြီးမှာ ဆရာကြီး ဦးရွှေကျော်၊ ဒုတိယကျောင်းအုပ်မှာ ဆရာကြီး ဦးသာဒင်ဖြစ်သည်။
ထိုနှစ် ၁၉၃၇-၃၈ မှာပင် ပဉ္စမတန်းသို့ တက်ရောက်ခွင့် ရသည်။ ပဉ္စမတန်းတွင် သိပ်ကြာကြာမနေရဘဲ နှစ်ကုန်၍ စာမေးပွဲစစ်သောအခါ ပဉ္စတန်းအောင်မြင်၍ ဆဋ္ဌမတန်းသို့ တက်ရောက်ရသည်။ ဆဋ္ဌမတန်းတွင် ဗုဒ္ဓဘာသာ သင်ခန်းစာများ သင်ကြားရသည်။
၁၉၄၁ ခုနှစ်တွင် မောင်တင်ဦး န၀မတန်း ရောက်သည်။ ၁၉၄၁ ဒီဇင်ဘာလကုန်တွင် ကျောင်းများအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်။ ဗြိတိသျှဘုရင်ခံ၏ အစီအမံဖြင့် ပုသိမ်အရေးပိုင်က ဦးဆောင်ကာ ပုသိမ်မြို့တွင် Town Guards ခေါ် မြို့လုံခြုံရေးတပ်ကို ဖွဲ့စည်းခဲ့သည်။ အစိုးရအမှုထမ်းအားလုံး မြို့လုံခြုံရေးအဖွဲ့သို့ မဝင်မနေရ အားလုံးဝင်ကြရသည်။ ထိုတပ်ဖွဲ့ယူနီဖောင်းမှာ ဖော့ဦးထုပ်ဆောင်း၊ ကာကီအင်္ကျီနှင့် ဘောင်းဘီ၊ သားရေခြေပတ်နှင့် ရှူးဖိနပ်စီးရသည်။ ရင်ပတ်မှာ Town Guards ဆိုသောတံဆိပ် ချိတ်ရ၏။ ထိုအဖွဲ့ကို အုပ်ချုပ်သူမှာ S.D.O (Sub Divisional Officer) နယ်ပိုင်ဝန်ထောက် ဦးဖေသန်း ဖြစ်သည်။
များမကြာမီ မိခင်ဖြစ်သူနှင့် မောင်တင်ဦးတို့ မောင်နှမတစ်စုတို့ သရက်ကွင်း၊ ရေကျော်ကြီးရွာသို့ သွား၍ စစ်ပြေးပုန်းရှောင်သည်။ ပုသိမ်ကထွက်လျှင် သဲဖြူ၊ တံခွန်တိုင်၊ ကန့်ကော်ခါး၊ ရေတွင်းဆိပ်၊ ရေကျော်ကြီး၊ သရက်ကွင်းသို့ ရောက်သည်။
ပုသိမ်မြို့တွင် ကျန်ခဲ့သော ဖခင်ဖြစ်သူပါ နောက်သုံးလခန့်တွင် ကျန်မိသားစုဝင်များ စစ်ရှောင်နေသော သရက်ကွင်းရွာသို့ ရောက်လာသည်။ မြို့တွင် အင်္ဂလိပ် အစိုးရ မရှိတော့ဘူး၊ ပုသိမ်က ထွက်ပြေးသွားလေပြီ။
ပုသိမ်မြို့ကို အုပ်ချုပ်နေသူမှာ ရှေ့နေ ဦးမြဘူးဖြစ်သည်။ ဦးမြဘူးမှာ နောင်နိုင်ငံတော် သမ္မတဖြစ်လာသူ ဒေါက်တာဘဦး၏ ညီအရင်းဖြစ်သည်။ ဦးမြဦးမှာ သူရဦးတင်ဦး၏ ယောက္ခမနှင့် မောင်နှမ ဝမ်းကွဲတော်စပ်သည်။
သရက်ကွင်းတွင် စစ်ရှောင်နေစဉ်တစ်နေ့ ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး ပုသိမ်မြို့သို့ ချီတက်လာသည်။ ဘီအိုင်အေတပ်သည် မြောင်းမြမြို့မှ မြင်းကဆိပ်ကို ဖြတ်ကျော်၍ သရက်ကွင်းရွာသို့ ရောက်လာသည်။ ဘီအိုင်အေတပ်တွင် တပ်ဖွဲ့ဝင် ခြောက်ဦး၊ ခုနစ်ဦးခန့်ဖြင့် တပ်မှူးလုပ်သူမှာ ဗိုလ်အောင်ဖြစ်ပြီး၊ နောင်အခါ ဗိုလ်မှူးချုပ် မောင်မောင်ဖြစ်လာသည်။ ထိုစဉ်က ပါလာသူ ဗိုလ်ဘဇံမှာ နောင်အခါ ဗိုလ်မှူးကြီးဝင်း ဖြစ်လာသည်။
သရက်ကွင်းတွင် စစ်ရှောင်စဉ်မှာပင် ဖခင်ဖြစ်သူ ဦးမောင်ကြိုင် ဝမ်းရောဂါ ဖြစ်သည်။ ရောဂါသည်းလာပြီး နာလန်ထူရန် လမ်းမမြင်တော့သောအခါ မိခင်ဖြစ်သူက ဖခင်မကွယ်လွန်မီ သားနှစ်ယောက်ကို သင်္ကန်းဝတ်ဖြင့် မြင်သွားစေချင်သဖြင့် မောင်တင်ဦးတို့ ညီအစ်ကို နှစ်ယောက် ရွာဦးကျောင်းသို့ပြေးပြီး၊ ဘုန်းတော်ကြီးထံတွင် ကတုံးတုံး၍ သင်္ကန်းဆည်းရသည်။
ကိုရင်နှစ်ပါး သင်္ကန်းဝတ်ဖြင့် အိမ်ပြန်ရောက်သောအခါ ဖခင်ဖြစ်သူမှာ အမောဖောက်နေပြီ။ သတိကား ရှိသေး၏။ ဖခင်ဖြစ်သူ နှုတ်မှ တစ်စုံတစ်ရာကို ပြောချင်ဟန်ရှိ၏။ အသံကား ပီပီသသ ထွက်မလာ။ မိခင်ဖြစ်သူက ဖခင်၏ နှုတ်ခမ်းနားသို့ နားကိုကပ်ပေးမှ သိရသည်မှာ ကိုရင်နှစ်ပါး၏ ဘွဲ့မည်ကို မေးမြန်းနေခြင်း ဖြစ်သည်။ ကိုရင် တစ်ဖြစ်လဲ မောင်တင်ဦးက သူ့ဘွဲ့အမည် ရှင်နန္ဒီသာရဟု အသံကျယ်ကျယ် အော်ပြောမှ ဖခင်ဖြစ်သူက 'ဩော် ရှင်နန္ဒီသာရ၊ ရှင်နန္ဒီသာရ' ဟု အသံတိုးတိုးဖြင့် လိုက်ရွတ်လေသည်။ ကိုရင်တစ်ဝါ ရခဲ့သည်။ ဖခင်အလောင်းမြေကျပြီးမှ ရှင်လောင်းလှည့်၊ နတ်ပြ စသဖြင့် ရှင်လောင်းတစ်ပါး၏ လုပ်ရိုးလုပ်စဉ်များကို လုပ်ကြရသည်။
ကိုရင် တစ်ဝါရပြီးမှ ပုသိမ်မြို့သို့ ပြန်ပြောင်းကြသည်။ ပုသိမ်မြို့ အိုးဘိုလမ်းအိမ်တွင် နေကြသည်။ ထို့နောက် ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်းမှ မောင်တင်ဦး ဆယ်တန်းအောင်သည်။
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]လွတ်လပ်ရေးကြိုးပမ်းမှု
[ပြင်ဆင်ရန်]ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်း ကျောင်း၌ ဆယ်တန်းအောင်သည်အထိ ပညာ သင်ကြားခဲ့ပြီးနောက် ၁၉၄၃ ခုနှစ်၊အသက် ၁၆ နှစ်ပြည့်ချိန်တွင် စစ်ထဲဝင်ရန် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး စစ်ဝန်ကြီးရုံး ဗဟိုကင်းတပ် (ယခု ပဒုမ္မာကွင်းနေရာ ) တွင်တပ်သားအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ထို့နောက် အသက် (၁၇)နှစ် အရွယ်တွင် မင်္ဂလာဒုံ တတိယပတ် စစ်သင်တန်းသို့ ဗိုလ်လောင်းအဖြစ် တက်ခွင့်ရခဲ့ပြီး အလုပ်သင် ဗိုလ်ဖြစ်လာခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် မန္တလေးနယ်တိုင်း တပ်မှူး ဗိုလ်မှူး ဗထူး ဦးစီးသောတပ်များဖြင့် စစ်မြေပြင်တာဝန်ထမ်းဆောင်ရင်း ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ကြည်း(၃၆၅၁) ဒုဗိုလ်အဆင့် ပြန်တမ်းဝင် အရာရှိ အဖြစ် စတင်ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဗမာ့သေနတ်ကိုင်တပ်ရင်း၌ ဒုဗိုလ်အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၄၇ ခုနှစ်၌ပင် ဗိုလ်ဖြစ်လာခဲ့သည်။
လွတ်လပ်ရေး ရပြီးခေတ်
[ပြင်ဆင်ရန်]ဗိုလ်ချုပ်ကြီးသူရတင်ဦးသည် ကျူးကျော်သူ တရုတ်ဖြူများကို ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့် တပ်မှူးတစ်ဦးလည်း ဖြစ်ခဲ့သည်။ ဗမာ့သေနတ်ကိုင် တပ်ရင်း (၁)တွင် တပ်ခွဲမှူးအဖြစ် ၁၉၄၉ခု ဇွန်၂၂ ရက်နေ့တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၀ခု ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အဆိုပါတပ်ရင်းမှာပင် ဗိုလ်မှူးအဆင့်နှင့် ဒုတပ်ရင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသည်။ ထိုတပ်ရင်းမှာပင် ၁၉၅၁ခု နိုဝင်ဘာ၂၇ရက်နေ့တွင် တပ်ရင်းမှူး ဖြစ်လာပြီးနောက် ၁၉၅၄ခု ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဒုဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။ ၁၉၅၇ခု မေလ၃၀ ရက်နေ့တွင် အမှတ် (၄) ခြေလျင် တပ်ရင်း တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးအပ်ခံခဲ့ရသည်။
၁၉၅၇ခု စက်တင်ဘာ ၁၇ ရက်နေ့တွင် တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း (ဗထူး) သင်တန်းကျောင်း ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ ခဲ့သည်။ ၁၉၅၈ခုတွင် ရခိုင်တိုင်း တပ်ပေါင်းစုမှူးနှင့် တိုင်းမင်းကြီး ဖြစ်လာပြီး ၁၉၆၀-၆၁ ခုတွင် အမှတ်(၁၃) တပ်မဟာမှူးအဖြစ် ထပ်မံပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ကာ ဗိုလ်မှူးကြီး ရာထူး ရရှိခဲ့သည်။ ၁၉၆၁-၆၂တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။ ၁၉၆၃ခု ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဗိုလ်မှူးချုပ် ရာထူးသို့ တိုးမြှင့်ခံရပြီးနောက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန်ကို ပေးအပ်ခြင်း ခံရသည်။ ၎င်းမှတဆင့် ၁၉၆၄ ခု စက်တင်ဘာ ၁၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး အဖြစ်ပြောင်းရွှေ့ခဲ့သည်။
၁၉၇၂ ခု ဧပြီလ၂၀ ရက်နေ့တွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခံရပြီး ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။ တပ်မတော်၏ အရေးပါဆုံး ထိပ်ပိုင်းရာထူးဖြစ်သည့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရချိန်တွင် အသက်၄၅နှစ်သာ ရှိသေးသဖြင့် တပ်မတော်သမိုင်းတွင် အသက် အငယ်ဆုံးဗိုလ်ချုပ်များထဲမှာ တစ်ဦးအဖြစ် မှတ်တမ်းတင်အပ်သည်။ ၁၉၇၄ခု မတ်လ ၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရပြီး "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်"အဖြစ် တာဝန်ပေးအပ်ခြင်း ခံရကာ တိုက်ပွဲများတွင် ထူးချွန်ရဲဝံ့စွာ တိုက်ခိုက်ခဲ့ခြင်းအတွက် "သူရဘွဲ့"ကိုလည်း ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။[၂]
နိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)၊ ဦးကြည်မောင် (အငြိမ်းစားဗိုလ်မှူးကြီး)၊ သရေစည်သူ ဦးအောင်ရွှေ (အငြိမ်းစားဗိုလ်မှူးချုပ်)၊ ဦးတင်ဦး(အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်) နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့သည်။ ၃ ဒီဇင်ဘာ ၁၉၈၈ မှ ၂၂ ဒီဇင်ဘာ ၁၉၈၉ထိ အမျိုးသားဒီမိုကရေစီပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးသည် ဦးနှောက်သွေးကြောပိတ်ပြီး ကိုယ်တခြမ်း လေဖြတ်ရောဂါ ခံစားရ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်သည်။ ၂၀၁၇ ဇွန် ၆ နံနက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်သည် နှလုံးအထူး ကြပ်မတ်ကုသဆောင်၌ ကုသမှု ခံယူနေသည့် ၎င်းကို သွားရောက် ကြည့်ရှုသည်။[၃]
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် ဇွန်လ ၁ရက်နေ့ နံနက် ၈နာရီ ၄၆ မိနစ်ခန့် တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့သည်။[၄] ပြည်သူချစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဟုနာမည်ကြီးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာယကကြီး ဦးတင်ဦး နောက်ဆုံးခရီးအား ပြည်သူပေါင်း ၁၀၀၀ ကျော်မှ လိုက်လံပို့ဆောင်ခဲ့ကြသည်။ [၅]
မူရင်း ရင်းမြစ်
[ပြင်ဆင်ရန်]စည်းလုံးခြင်းရဲ့ အင်အား Archived 4 March 2016 at the Wayback Machine.
ကိုးကား
[ပြင်ဆင်ရန်]- ↑ စိန်တင်၊ တက္ကသိုလ် 'မြန်မာ့ဒီမိုကရေစီ ခရီးနှင့် သူရဦးတင်ဦး' စာ ၃။
- ↑ (၇၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင် ခဲ့ကြသည့် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား) များ၏ အမှတ်တရရုပ်တုများ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ် (၂၅ မတ် ၂၀၂၁)။ ၂၂ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ "ကြေးမုံ"၊ ကြေးမုံသတင်းစာတိုက်၊ ၇၊ ဇွန်၊ ၂၀၁၇၊ စာ- ၁။
- ↑ NLD ပါတီနာယကကြီး သူရဦးတင်ဦး ကွယ်လွန်။ Mizzima Burmese (၁ ဇွန် ၂၀၂၄)။ ၁ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ https://www.youtube.com/watch?v=ld8K9p1kXm0