ဗထူး၊ ဗိုလ်မှူးကြီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဗိုလ်မှူးကြီးဗထူး
ဗိုလ်မှူးကြီးဗထူး
မြန်မာ့ တပ်မတော် ဂုဏ်ထူးဆောင် မျိုးချစ် ဗိုလ်မှူးကြီး ဗထူး
အမည်ရင်း မောင်ဗထူး
မွေးသက္ကရာဇ် ၁၉၁၆ ခု၊

ကွယ်လွန် ၁၉၄၅ ခု၊ ဇွန်လ ၂ ရက်နေ့ ညဉ့် ၈ နာရီ ၁ဝ မိနစ်,ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နယ်, မြင်းကြာဒိုး ရွာအနီး ‘တယ်လူးစခန်း’
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ထားဝယ်
ပညာရေး သတ္တမတန်း
အလုပ်အကိုင် စစ်သေနာပတိ
မွေးရပ်ဇာတိ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် အပိုင် လေသွန်းခံရွာ
ကြင်ဖော် ဒေါ်အုန်းတင်
သားသမီး သားကြီး မောင်ဖေဝင်း၊ သားငယ် မောင်စန်းဝင်းနှင့် သမီး မခင်ဝင်း
မိဘ ဦးဖိုးထွန်း+ဒေါ်စိန်မြရင်
ဆု ဗိုလ်မှူးကြီး

ဗထူး (၁၉၁၆ - ၁၉၄၅) သည် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း ဖက်ဆစ် ဂျပန် တော်လှန် တိုက်ခိုက်ရေးတွင် ကျော်ကြားခဲ့ သူဖြစ်သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ဗိုလ်မှူးကြီး ဗထူး(၁၉၁၆ - ၁၉၄၅)သည် ထားဝယ်ခရိုင် လောင်းလုံမြို့နယ် အပိုင် လေသွန်းခံရွာ ဇာတိဖြစ်၍ ဦးဖိုးထွန်း ( အဖ ရွာသူကြီး ဦးဘထွန်း) မြန်မာ့စွယ်စုံကျမ်း အတွဲ (၇) စာမျက်နှာ (၃၃၄) တွင်ဖော်ပြထားသော ဗိုလ်မှူးကြီး ဗထူး အတ္ထုပ္ပတ္တိ၌ ၎င်း၏ ဖခင်အမည် ကို ဦးဖိုးထွန်းဟု မှားယွင်းစွာ ဖော်ပြထားသည်။ A နှင့် ဒေါ်စိန်မြရင် တို့၏ သားထွေး ဖြစ်သည်။ မိဘများမှာ လယ်သမား အမျိုးအနွယ်များ ဖြစ်သည်။

ငယ်စဉ်က ထားဝယ်မြို့ အစိုးရ အထက်တန်းကျောင်းတွင် သတ္တမတန်း အထိ ပညာသင်ကြား ခဲ့ပြီးနောက် အဋ္ဌမတန်းသို့ ရောက်သောအခါ အလုပ် လုပ်လိုသဖြင့် ကျောင်းမှ ထွက်ခဲ့သည်။ မိဘများနှင့် မိတ်ဆွေ သူငယ်ချင်းများက ကျောင်းဆက်နေရန် ဖျောင်းဖျသော်လည်း မရ၍ လက်လျှော့ခဲ့ရ၏။ သူ၏ မိဘများနှင့် ခင်မင်ရင်းနှီးသည့် ဟိန်းဒါး သတ္တုတွင်း (ဟိန်းဒါးမိုင်း) မှ အိုဗာစီယာချုပ် ဦးလွန်းပင်၏ အကူအညီဖြင့် ဟိန်းဒါးမိုင်းတွင် အလုပ်ရခဲ့သည်။ ဗိုလ်ဗထူး၏ ရိုးသား ဖြောင့်မတ်ခြင်း၊ လုံ့လ ဝီရိယ ရှိခြင်း၊ ပေါင်းသင်း ဆက်ဆံမှု ကောင်းခြင်း၊ ခေါင်းဆောင်မှု ကောင်းခြင်းတို့ကြောင့် အလုပ်ဝင်ပြီး၍ မကြာမီပင် မန်နေဂျာ အဖြစ် လွှဲအပ်ခြင်း ခံရသည်။

တပ်မတော်တွင်း ဝင်ရောက်ခြင်း[ပြင်ဆင်ရန်]

ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) သည် ဂျပန်တပ်များနှင့် အတူ မြန်မာနိုင်ငံတွင်းသို့ စတင်ဝင်ရောက် လာကာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ ဦးစီးသော တပ်မကြီးလည်း ထားဝယ်မြို့ကို သိမ်းပိုက်လိုက်သော အချိန်တွင် ဗိုလ်ဗထူးသည် နှစ်ဖက်မိဘ၊ ဇနီး သားသမီးများကို သတိမမူနိုင်ဘဲ ကိန်းအောင်းလျက် ရှိသော မျိုးချစ်စိတ်ဓာတ်ကြောင့် လွတ်လပ်ရေး တပ်မတော်သို့ ဝင်လိုက်၏။ တပ်သား ၁၅ ယောက်ကို အုပ်ချုပ်ရသော သာမာန် တပ်ကြပ်ကလေး ရာထူးကို ရသည်။

လွတ်လပ်ရေးကြိုးပမ်းမှု[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင်းမှ ဗြိတိသျှတို့ ထွက်ခွာ သွားပြီးနောက် ၁၉၄၂ ခု၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် ကို ဖျက်သိမ်းကာ၊ ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ကို ဖွဲ့စည်းလိုက်သည်။ အသစ် ဖွဲ့စည်းသော ဗမာ့ ကာကွယ်ရေး တပ်မတော် တွင် ဗိုလ်ချုပ် အောင်ဆန်း အား ဗိုလ်မှူးကြီး ရာထူးဖြင့် စစ်သေနာပတိ ခန့်အပ်၍၊ ရဲဘော်သုံးကျိပ်ဝင်ဗိုလ်မှူး အောင်ဗိုလ်မှူး ရန်နိုင် ၊ ဗိုလ်မှူး ဇေယျ တို့အား တပ်ရင်များကို ဦးစီး စေပြီးလျှင်၊ တပ်ရင်း ၃ ရင်း ဖွဲ့ခဲ့သည်။ ထိုအခါတွင် ဗိုလ်ဗထူးသည် ဗိုလ်မှူး ရန်နိုင် ဦးစီးသည့် ပျဉ်းမနားမြို့ရှိ ခြေလျင် တပ်ရင်း အမှတ် (၂) တပ်ခွဲ (၃) တွင် ဗိုလ်ကြီး ရာထူးဖြင့် တပ်ခွဲမှူး အဖြစ် တာဝန်ပေး ခန့်အပ်ခြင်း ခံရလေသည်။

BaHtoo23.jpg

ဗမာ ကာကွယ်ရေး တပ်မတော် ကို တဖြည်းဖြည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ စက်မှု လက်မှု တပ်ရင်း အမှတ် (၁) ကို ပျဉ်းမနားမြို့တွင် ဖွဲ့ခဲ့သည်။ ဗိုလ်ဗထူးအား ထိုတပ်တွင် ပြောင်းရွေ့ ထမ်းဆောင်စေ၍၊ ၁၉၄၃ ခုနှစ် နှစ်ဦးပိုင်းလောက်တွင် ထိုတပ်မှာပင် တပ်ရင်းမှူး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရပြီးလျှင် ဗိုလ်မှူး အဆင့်အတန်းသို့လည်း တိုးတက် ခန့်ထားခြင်း ခံရသည်။ ကသာနယ်၊ အင်းတော်နယ် တဝိုက် ဗြိတိသျှ လေထီး တပ်သားများ လှုပ်ရှားမှု ရှိသောအခါနှင့် အင်ဖား ချီတက်ရန် လမ်းပန်း အဆက်အသွယ်များ လိုအပ်သော အချိန်တွင် ဗိုလ်မှူး ဗထူး၏ စက်မှု လက်မှု တပ်ရင်း အမှတ် (၁) သည် လမ်းပန်း ဖောက်လုပ်ရန်နှင့် လေထီးတပ်များနှင့် ရင်ဆိုင်ရန် မြောက်ပိုင်း စစ်မြေပြင်သို့ ထွက်လာရသည်။ အနေအထိုင် အစားအသောက် ဆင်းရဲခြင်း၊ ဆေးဝါး ရိက္ခာ ညံ့ဖျင်းခြင်း တို့ကြောင့် ရဲဘော်များ အဖျားအနာ ဖြစ်ပွား၍ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင် ကြရလေသည်။ ဗိုလ်မှူး ဗထူး ကိုယ်တိုင်လည်း ငှက်ဖျားရောဂါ စွဲကပ်ခဲ့လေသည်။ ဆက်သွယ်ရေး မရရှိမှုတို့ကြောင့် ၁၉၄၃ ခု၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဂျပန်က မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးလိုက်သည် ကိုပင် ဗိုလ်မှူး ဗထူးတို့ မသိလိုက်ဟု ဆိုသည်။

၁၉၄၄ ခုနှစ်တွင် ဗမာ့ တပ်မတော် (လွတ်လပ်ရေး ရပြီးနောက် ဗမာ့ ကာကွယ်ရေး တပ်မတော်ကို ပြောင်းထားသော အမည်) ကို စစ်တိုင်းများ ခွဲခြား သက်မှတ်ကာ အုပ်ချုပ်သည်။ ထိုနှစ် မေလ ၅ ရက်နေ့တွင် ဗိုလ်မှူး ဗထူးအား တိုင်းမှူးအဖြစ် ခန့်အပ်ပြီးလျှင် မန္တလေးသို့ ရွှေ့ပြောင်းပေးသည်။ မန္တလေးတိုင်း စစ်နယ်သည် တောင်ဘက်တွင် ပျဉ်းမနား အထိ၊ မြောက်ဘက်တွင် တမူး - ကလေးဝ နယ်အထိ ကျယ်သည်။ တိုင်းအတွင်းတွင် ခြေလျင်တပ်ရင်း အမှတ် ၁၊ ၃၊ ၄ နှင့် ၅၊ စက်မှု လက်မှု တပ်ရင်း (၁)၊ အမြောက်တပ်နှင့် စက်သေနတ်ကြီး တပ်များ ရှိသည်။ ဗိုလ်မှူး ဗထူးသည် မန္တလေး စစ်တိုင်းမှူး အဖြစ် အဆက်ပြတ်နေသာ တပ်ရင်းများသို့ ရိက္ခာ၊ ဆေးဝါးများ ပို့ပေး၏။ အထူးသဖြင့် ဂျပန် တော်လှန်ရေး အတွက် ဦးစားပေးကာ စီစဉ်လေသည်။

၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ အတွင်းတွင် ဂျပန်ကို တော်လှန်ရန် ရန်ကုန်မြို့၌ လျှို့ဝှက်စွာ ကျင်းပသော ဆွေးနွေးပွဲသို့ ဗိုလ်ချုပ် အောင်ဆန်း နှင့် တော်လှန်ရေး ကော်မတီ အဖွဲ့ဝင်တို့နှင့် အတူ ဗိုလ်မှူး ဗထူး တက်ရောက်ခဲ့သည်။

၁၉၄၅ ခု နှစ်ဦးပိုင်းတွင် မဟာမိတ် တပ်တို့သည် မြန်မာနိုင်ငံ မြောက်ပိုင်းသို့ ဝင်ရောက်ကာ မန္တလေးမြို့သို့ ဦးတည် ချီတက်ကြသည်။ ဗိုလ်မှူး ဗထူးသည် နိုင်ငံရေး စည်းရုံးမှု၊ စစ်ရေး အခွင့်အရေးသာမှု တို့ကို ရှေးရှု၍ မိမိလက်အောက်ရှိ စစ်ကိုင်း၊ မန္တလေး၊ သီပေါမှ တပ်များဖြင့် ၁၉၄၅ ခု၊ မတ်လ ၈ ရက်နေ့တွင် ဂျပန်အား စတင် တော်လှန် တိုက်ခိုက်သည်။ ထိုအချိန်တွင် အောက်မြန်မာနိုင်ငံရှိ ဗမာ့ တပ်မတော်သည် ဂျပန်ကို တော်လှန်ရန် အသေးစိတ် စီစဉ်ချက်များ မပြီးပြတ် သေးသည်ကို ဗိုလ်မှူး ဗထူး သိသဖြင့် သူ၏ တပ်များ တော်လှန်မှု အတွက် ကျန်တပ်များ ဒုက္ခတွေ့မည်ကို သိရှိသောကြောင့် ဂျပန်ကို တော်လှန် တိုက်ခိုက်ရေး အတွက် ကြေညာချက်တွင် ဒေါက်တာ ဘမော်နှင့် လည်းကောင်း၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် လည်းကောင်း အဆက်အသွယ် ဖြတ်ကာ မိမိ၏ တပ်ကို ဗမာ့ တော်လှန်ရေး အဖွဲ့ကြီးနှင့် ပူးတွဲ ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြ ကြေညာ ထားလေသည်။ သို့ရာတွင် ဗိုလ်ချုပ် အောင်ဆန်း နှင့်ကား နားလည်မှု ရထားပြီး ဖြစ်သည်။ ထိုသို့ ပရိယာယ်ဖြင့် ကြေညာချက်ကြောင့်လည်း အောက်မြန်မာနိုင်ငံရှိ တပ်အသီးသီးသည် ၁၉၄၅ ခု၊ မတ်လ ၂၇ ရက်နေ့တွင် ဂျပန် တော်လှန်ရန် အစီအစဉ်များကို အောင်မြင်စွာ ဆက်လက် လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

တော်လှန်ရေး စချိန်တွင် ဗိုလ်မှူး ဗထူးနှင့် အနီးကပ်ဆုံး တပ်များမှာ မုံရွာ၊ စစ်ကိုင်းနယ်ရှိ ဗိုလ်သိန်ဦး၏ လေယာဉ်ပျံပစ် အမြောက်တပ်ခွဲ၊ မန္တလေးမြို့ရှိ ဗိုလ်အာဠာဝက၏ လေယာဉ်ပျံပစ် အမြောက်တပ်ခွဲနှင့် မြစ်ငယ် ဒေသရှိ ဗိုလ်ရဲခေါင်၏ လေယာဉ်ပျံပစ် အမြောက်တပ်ခွဲတို့ ဖြစ်သည်။ အမှန်လက်တွေ့ တိုက်ခိုက်သူ ၁၅ဝ ခန့်နှင့် တော်လှန်ရေး အင်အားစုမှာ ရှစ်ထောင်ကျော် ရှိသည်။

မန္တလေးမြို့နှင့် မန္တလေးနယ်အတွင်း မဟာမိတ်များ မရောက်မီ ဗိုလ်မှူး ဗထူး တပ်များသည် ဂျပန်များကို ရှင်းလင်း ထားနိုင်ခဲ့သည်။ ဖွဲ့စည်းထားသော ပြည့်သူ့ ပြောက်ကျားတပ်များ အကူအညီဖြင့် မဟာမိတ် တပ်များလည်း အောင်မြင်စွာ ချီတက်၍ ဂျပန်တပ်များကို ချေမှုန်း နိုင်ခဲ့သည်။ မေမြို့ကို မဟာမိတ်များ သိမ်းပိုက်ရာတွင် ဗမာမျိုးချစ် ပြောက်ကျားများ၏ အကူအညီဖြင့် သိမ်းဆည်းနိုင်ခဲ့ကြောင်း မဟာမိတ်တို့၏ သတင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသာည်ကို တွေ့ရသည်။ ဗိုလ်မှူး ဗထူး၏ ထူးချွန်စွာ ဆောင်ရွက်မှုတို့ကြောင့် ၁၉၄၅ ခု၊ မေလ ၁ ရက်နေ့စွဲပါ ပြည်သူ့ လွတ်လပ်ရေး တပ်မတော် (ဗမာ မျိုးချစ် တပ်မတော်) အမိန့်ဖြင့် ဗိုလ်မှူး အဆင့်မှ ဗိုလ်မှူးကြီး အဆင့်သို့ ၂ ဆင့် တိုးတက် ပေးလိုက်လေသည်။ ထိုအမိန့်ကို ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လက်မှတ် ရေးထိုး၍ “မန္တလေးနယ်တိုင်း တပ်မှူး ဗိုလ်မှူး ဗထူးအား သူရသတ္တိရှိခြင်း၊ ထူးခြားစွာ ခေါင်းဆောင်နိုင်ခြင်း တို့အတွက် ဗိုလ်မှူး အဆင့်အတန်းမှ ဗိုလ်မှူးကြီး အဆင့်အတန်းသို့ ၂ ဆင့် တိုးပေးလိုက်သည်” ဟု ဖော်ပြ ထားလေသည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

မန္တလေးမြို့ကို မဟာမိတ်တို့ ပြန်လည် သိမ်းပိုက်ပြီးသည့်နောက် ဗိုလ်မှူးကြီး ဗထူးသည် ကျောက်ဆည်မှ တဆင့် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့သို့ ရောက်ခဲ့သည်။ ထိုအချိန်သည် မိုးဥတုလည်း ဖြစ်၍ ရာသီဥတုမှာလည်း ကြမ်းလှသဖြင့် ခရီးပန်း၊ လူပန်း ဖြစ်ခဲ့ရသော ဗိုလ်မှူးကြီး ဗထူးနှင့်တကွ ရဲဘော်တို့သည် ကျန်းမာရေး ချို့တဲ့၍ ဖျားနာခြင်းများ ဖြစ်ကုန်၏။ ဗိုလ်မှူးကြီး ဗထူးသည်လည်း အင်းတော်၊ ကလေးဝ စစ်ကြောင်း၌ တိုက်ပွဲဝင်ရင်း စွဲကပ်ခဲ့သော ငှက်ဖျားရောဂါ ပြန်ပေါ် လာတော့သည်။ ရှိသမျှ ဆေးဝါးတို့ဖြင့် အစွမ်းကုန် ကုစား ငြားသော်လည်း နာလန် မထူတော့ဘဲ ဗိုလ်မှူးကြီး ဗထူးသည် ၁၉၄၅ ခု၊ ဇွန်လ ၂ ရက်နေ့ ညဉ့် ၈ နာရီ ၁ဝ မိနစ် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နယ်မြင်းကြာဒိုးရွာအနီး ‘တယ်လူးစခန်း’ ၌ အသက်(၂၉)နှစ်အရွယ် ကွယ်လွန် အနိစ္စ ရောက်သွားလေသည်။ တယ်လူစခန်းမှာ အောင်ပန်းမြို့နယ် မြင်းကြာဒိုး ရွာအနီး အိမ်ခြေ ၇ အိမ်ခန့်သာ ရှိသော ရွာသိမ် ရွာငယ်ကလေးသာ ဖြစ်ပေသည်။ တောကြို အုံကြား စစ်မျက်နှာတို့၌သာ အချိန် ကုန်ခဲ့ရသော ဗိုလ်မှူးကြီး ဗထူးသည် ကွယ်ချိန်အထိ သူ့အား ဗိုလ်မှူးကြီး အဆင့်သို့ တိုးမြှင့် ဂုဏ်ပြုသော ဗိုလ်ချုပ်အောင်ဆန်း ၏ အမိန့်စာကို မဖတ်လိုက်ရချေ။ ဗိုလ်မှူးကြီး ဗထူးကား ဗမာ့လွတ်လပ်ရေး တပ်မတော်တွင်း ဝင်ရောက်သည့်နေ့မှ စ၍ ဇနီး၊ သားသမီးများထံသို့ တစ်ခါတစ်ခေါက် သွားရောက် ကြည့်ရူရန်ပင် အချိန် မရလောက်အောင် တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်များကို ဆောင်ရွက်ခဲ့သော အာဇာနည် ပုဂ္ဂိုလ်ကြီး တစ်ဦးပင် ဖြစ်လေသည်။

  • အမှန်တကယ် ဗိုလ်မှူးကြီး ဗထူးသည် ငှက်ဖျားရောဂါနှင့် သေဆုံးခြင်း မဟုတ်ပဲ၊ ငယ်ပါကို ဗုံးဆံမှန်၍ သေဆုံးခြင်းဖြစ်ကြောင်း မြင်းကြာဒိုးရွာရှိ ရှေးလူကြီးများ ပြောပြချက်အရ သိရသည်။ မြင်းကြာဒိုးရွာသည်လည်း အောင်ပန်းမြို့နယ်အတွင်းတည်ရှိခြင်း မဟုတ်ပဲ ရွာငံမြို့နယ်အတွင်းတွင် တည်ရှိပေသည်။

ဗထူးတပ်မြို့[ပြင်ဆင်ရန်]

အောင်ပန်းမြို့(ကလောနှင့် ၅ မိုင် ကွာဝေးသည်) တွင် ဗိုလ်မှူးကြီး ဗထူးနှင့် ရဲဘော်များ အတွက် ကျောက်တိုင်တခု စိုက်ထူထားသည်။ အဆိုပါ ကျောက်တိုင်တွင် “ဗမာနိုင်ငံ ရှမ်းပြည်တောင်ပိုင်း ဖက်ဆစ် ဂျပန် တော်လှန် တိုက်ခိုက်ရေးတွင် ဦးစီးခဲ့၍၊ ၁၃ဝ၇ ခု၊ နယုန်လဆုတ် ၈ ရက်နေ့ ညဉ့် ၈ နာရီ ၁ဝ မိနစ် အချိန် တယ်လူးစခန်းတွင် ကျဆုံးရှာသော ဗိုလ်မှူးကြီး ကာနယ် ဗိုလ်ဗထူးနှင့် အထက်မြန်မာပြည် တိုက်ပွဲများတွင် ကျဆုံးသော သူရဲကောင်း ရဲဘော် နှစ်ဆယ့်ခြောက်ယောက်” ဟု ကမ္ပည်း ထိုးထား၏။ ဗိုလ်မှူးကြီး ဗထူးအား ချီးကျူးသော အားဖြင့် တပ်မတော်မှလည်း “ဗထူးတပ်မြို့” ဟူသော အမည်ဖြင့် တပ်စခန်းမြို့ တခုကို ရပ်စောက်မြို့ မြောက်ဘက် တမိုင်ခန့် အကွာတွင် တည်ထားလေသည်။

ဗထူး တပ်မြို့သည် ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၃ဝ၅ဝ အမြင့်တွင် တည်ရှိ၍၊ ၂၂ စတုရန်းမိုင် ကျယ်ပြန့်သည်။ ယခင်က နန်ဟူရွာပျက်ဟု မြေတိုင်း မြေပုံများတွင် ဖော်ပြထားသော အရပ်ဖြစ်၏။ လွယ်ဂုံချောင်းနှင့် ပိန်းချောင်းတို့ စုပေါင်း စီးဆင်းလာသော နန်ဟူချောင်းသည် တပ်မြို့ အလယ်မှ ဖြတ်စီးသွားပြီးလျှင် ဇော်ဂျီမြစ်နှင့် ပူးပေါင်းသွားသည်။ ထိုချောင်းမြောင်းများမှ အပ တပ်မြို့ ဧရိသာ တခုလုံးသည် မြက်ခင်းများ ဖုံးနေသော တောင်ကုန်းများ ဖြစ်သည်။

တပ်မတော် အရာရှိများ၊ အရာရှိငယ်များ အတွက် လေ့ကျင့်ရေး ကျောင်းများနှင့် တိုက်ခိုက်ရေး ကျောင်းများ ထားရှိရန် လိုလာသဖြင့် နေရာ ရွေးချယ်ခဲ့ရာ၊ ထိုစဉ်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး သရေစည်သူ ဗိုလ်မှူးချုပ် ကျော်ဇော၊ အမှတ် (၄) ခြေလျှင် တပ်မဟာမှူး သီရိပျံချီ ဗိုလ်မှူးကြီး စောမြင့်နှင့် လေ့ကျင့်ရေး ညွှန်ကြားရေးမှူး သီရိပျံချီ ဗိုလ်မှူးကြီး မောင်မောင်တို့က ယခုနေရာကို ရွေးချယ်ခဲ့ပြီးလျှင် ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလမှ အစပြု၍ တပ်မြို့ကို တည်ဆောက်ခဲ့လေသည်။

ဗမာ တပ်မတော် အင်ဂျင်နီယာ တပ်ဖွဲ့က တပ်မြို့နှင့် အဆောက်အအုံ တဝက်ခန့်ကို ဆောက်လုပ်ခဲ့၍ ကျန် အဆောက်အအုံ ဆောက်လုပ်ရေးကို အင်ဂျင်နီယာများ ဖြစ်သော ဦးစိုးခ၊ ဗိုလ်ကြိုင်၊ မစ္စတာ ချောင်ဒရီတို့က ဆောင်ရွက်ကြသည်။

ပထမဦးစွာ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း အတွက် အဆောက်အအုံများ ပြီးစီး၍၊ ၁၉၄၅ ခု၊ မတ်လ ၁ ရက်နေ့တွင် တိုက်ခိုက်ရေးကျောင်း စတင် စခန်းချသည်။ ဆက်လက်၍ စစ်တက္ကသိုလ်အတွက် အဆောက်အအုံများ ဆောက်လုပ်ပြီးစီး သဖြင့် ၁၉၅၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် စတင် စခန်းချသည်။ ၁၉၅၄ ခု၊ မတ် ၂ဝ ရက်နေ့တွင် တိရစ္ဆာန် မွေးမြူရေး တပ်ရင်း တခုကိုလည်း ထားရှိခဲ့သည်။ တပ်မြို့ တခုလုံးကို ၁၉၅၄ ခု၊ စက်တင်ဘာ ၃၁ တွင် ဆောင်လုပ်ပြီးစီး လေသည်။ ပထမ တပ်မြို့၊ မြို့နယ် တပ်မှူးကား သီရိပျံချီ ဗိုလ်မှူးကြီး ကျော်စိုး ဖြစ်သည်။

၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွေင် စစ်တက္ကသိုလ်နှင့် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း ပါဝင်သော ဗထူး တပ်မြို့ကို နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု ဖွင့်လှစ်ခဲ့သည်။

မိသားစုနှင့် မောင်ဗထူး[ပြင်ဆင်ရန်]

မိဘများနှင့် ခင်မင် ရင်းနှီးစွဲ ရှိသည့် ဟိန်းဒါးမိုင်း အိုဗာဆီယာချုပ် ဦးလွန်းပင်၊ ဒေါ်စိန်ချယ်တို့၏ သမီး မအုန်းတင်နှင့် ဗိုလ်ဗထူးသည် ထိမ်းမြား လက်ထပ်ခဲ့၍ သားကြီး မောင်ဖေဝင်း ( ဗိုလ်မှူးမြင့်ထူး-စစ်အစိုးရ ၏ ညှဉ်းပမ်း နှိပ်စက်မှုကြောင့် စစ်ကြောရေး စခန်းတွင် သေဆုံးခဲ့ရသူ) B ၊ သားငယ် မောင်စန်းဝင်း (ဦးစန်းထူး၊ ဒု-အုပ်ချုပ်ရေးအရာရှိ၊ ရေနံ-ကွယ်လွန်) Cနှင့် သမီး မခင်ဝင်း (ဒေါ်မိမိလေး)D ဟူ၍ သားသမီး သုံးယောက် ထွန်းကားခဲ့သည်။

ဗိုလ်ဗထူးသည် အလုပ်တွင် တိုးတက်မှု ရရှိခဲ့သော်လည်း၊ အရင်းရှင် လက်အောက်က လစားတို့၏ ဘဝကို ခံစား တွေ့ကြုံလာရသော အခါတွင် ဆင်းရဲသား အလုပ်သမားတို့ အတွက် အခွင့်အရေး တောင်းဆိုခြင်းကို ရှေ့ဆောင်ရှေ့ရွက် ပြုလုပ်ပေး၏။ ထို့ကြောင့် အရင်းရှင် သတ္တတွင်း ကုမ္ပဏီ ပိုင်ရှင်များ၏ အမုန်းခံရကာ ၁၉၄၁ ခုနှစ် ကုန်လုလု အာရှစစ်ပွဲကြီးများ စတင်ခါနီး အချိန်တွင် အလုပ်မှ ထုတ်ပစ်ခြင်း ခံရလေသည်။

ဆက်စပ်အကြောင်းအရာများ[ပြင်ဆင်ရန်]

  1. တပ်မတော် သူရဲကောင်းများ
  2. အာဇာနည်နေ့
  3. တပ်မတော်နေ့

ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]

  • သိပ္ပံစိုးရင်၊ ဗမာ့တော်လှန်ရေးအာဇာနည် ဗိုလ်မှူးကြီးဗထူး၊ ရန်ကုန်၊ ယုံကြည်ချက်စာပေ၊ ပကြိမ် ၁၉၆၉။
  • တင်တင်ဝင်း ‘ဗမာ့သားကောင်း ဗိုလ်မှူးဗထူး’ ငွေတာရီမဂ္ဂဇင်း အမှတ် ၅၇ (၁၉၆၉၊ မတ်လ) စာ ၁၅-၁၉။
  • ဗိုလ်မှူးဗထူး၏ ပေးစာများ မြဝတီမဂ္ဂဇင်း (၁၉၇၀၊ မတ်)

မှတ်စု[ပြင်ဆင်ရန်]

  • ^A သန်းဝင်းလှိုင်၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးသူရဲကောင်း၊ ဗိုလ်မှူးကြီးဗထူး (ခရစ် ၁၉၁၆ – ၁၉၄၅) [၁]
  • ^B သန်းဝင်းလှိုင်၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးသူရဲကောင်း၊ ဗိုလ်မှူးကြီးဗထူး (ခရစ် ၁၉၁၆ – ၁၉၄၅)
  • ^C သန်းဝင်းလှိုင်၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးသူရဲကောင်း၊ ဗိုလ်မှူးကြီးဗထူး (ခရစ် ၁၉၁၆ – ၁၉၄၅)
  • ^D သန်းဝင်းလှိုင်၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးသူရဲကောင်း၊ ဗိုလ်မှူးကြီးဗထူး (ခရစ် ၁၉၁၆ – ၁၉၄၅)

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းဝင်းလှိုင်၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးသူရဲကောင်း၊ ဗိုလ်မှူးကြီးဗထူး (ခရစ် ၁၉၁၆ – ၁၉၄၅)။ 22 ၊ 2012 တွင် ပြန်စစ်ပြီး။April 2012 တွင် ပြန်စစ်ပြီး။
  1. မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း၊ ရန်ကုန်မြို့က ၁၉၆၃ ခုနှစ်မှာ ပဌမ အကြိမ် ပုံနှိပ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ စာပေဗိမာန်၏ ရုပ်ပြ ဗဟုသုတဘဏ်၊
  2. ‘မြန်မာ့ စွယ်စုံကျမ်း၊ အတွက် - ၇ (ပဉ် - ဗီး)’
  3. [For Ever Space က eBook အဖြစ် ဖြန့်ချိတဲ့ အွန်လိုင်း PDF စာအုပ်] မှာ စာမျက်နှာ ၃၃၄ မှ ၃၃၇ အထိ ဖော်ပြ ပါရှိခဲ့တဲ့ “မြန်မာ့ တပ်မတော် ဂုဏ်ထူးဆောင် မျိုးချစ် ဗိုလ်မှူးကြီး ဗထူး (ခရစ် ၁၉၄၅ လွန်)” အကြောင်းကို ပြန်လည် ထုတ်နုတ် ကူးယူ ဖော်ပြသည်။