စာမရီ
စာမရီ (အင်္ဂလိပ်: Yak; သိပ္ပံအမည်: Bos grunniens နှင့် Bos mutus) သည် နွားမျိုးရင်းဝင် သတ္တဝါတစ်မျိုး ဖြစ်ပြီး ၎င်းကို "အောင်း" ဟူ၍လည်း ခေါ်ဆိုကြသည်။ စာမရီများကို ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၆,၀၀၀ (မီတာ ၅,၀၀၀) ကျော်မြင့်သော တိဗက် ကုန်းပြင်မြင့် ဒေသများတွင် အဓိကတွေ့ရှိရသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဗဟိုအာရှ ဒေသများနှင့် တရုတ်နိုင်ငံ အနောက်ပိုင်း ဒေသများတွင်လည်း တွေ့ရှိနိုင်သည်။
| စာမရီ (Wild Yak) | |
|---|---|
| စာမရီ | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Mammalia |
| မျိုးစဉ်: | Artiodactyla |
| မျိုးရင်း: | Bovidae |
| မျိုးရင်းသေး: | Bovinae |
| မျိုးဇာတ်: | Bovini |
| မျိုးစု: | Bos |
| မျိုးစိတ်: | B. mutus |
| ဒွိနာမ | |
| Bos mutus Przewalski, 1883 | |
| တောရိုင်းစာမရီများ ပျံ့နှံ့တည်ရှိမှု မြေပုံ | |
| Synonyms | |
|
Bos grunniens mutus | |

စာမရီသည် အရွယ်အစား ကြီးမားသော သတ္တဝါဖြစ်ပြီး ပခုံးအမြင့် ၆ ပေကျော်ကာ ကိုယ်အလေးချိန် ပေါင် ၁,၀၀၀ ကျော် (ကီလိုဂရမ် ၅၀၀ ကျော်) ရှိတတ်သည်။ ၎င်းတို့တွင် အေးမြသော ရာသီဥတုကို ဒဏ်ခံနိုင်ရန် အနက်ရောင် သို့မဟုတ် အညိုရင့်ရောင်ရှိသော ရှည်လျားနုနယ်သည့် အမွေးကြမ်းများ ပါရှိသည်။ အထူးသဖြင့် အမြီး၊ ခြေထောက်နှင့် ကိုယ်အောက်ပိုင်းရှိ အမွေးများသည် ပိုမိုရှည်လျားကာ တစ်ခါတရံ မြေကြီးတွင် တရွတ်ဆွဲနေတတ်သည်။
ကိုယ်ထည် လေးလံသော်လည်း စာမရီသည် လျင်မြန်ပေါ့ပါးစွာ လှုပ်ရှားနိုင်သည်။ ၎င်းတို့သည် ရေခဲနေသော တောင်စောင်းများကို လျှောချနိုင်ခြင်း၊ ရေစီးသန်သော မြစ်များကို ဖြတ်ကူးနိုင်ခြင်းနှင့် မတ်စောက်သော တောင်ကုန်းများကို ကျွမ်းကျင်စွာ တက်နိုင်ခြင်းတို့ကြောင့် တောင်ပေါ်ဒေသများတွင် အဖိုးတန်သော သတ္တဝါများ ဖြစ်ကြသည်။ စာမရီ အထီးနှင့် အမ နှစ်ကောင်စလုံး၌ သန်မာသော ဦးချိုများ ရှိကြပြီး ရန်သူနှင့် တွေ့ပါက တဟုန်ထိုး ပြန်လည်တိုက်ခိုက်တတ်သည့် သဘာဝရှိသည်။
တိဗက်ဒေသတွင် စာမရီများကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ယဉ်ပါးအောင် မွေးမြူခဲ့ကြသည်။ ၎င်းတို့ကို အဓိကအားဖြင့်တောင်ပေါ်ဒေသများတွင် ပစ္စည်းများသယ်ယူရန် အသုံးပြုသည်။ စာမရီနို့ကို ထောပတ်ချက်ခြင်းနှင့် ဒိန်ခဲပြုလုပ်ခြင်းတို့တွင် သုံးသလို၊ ၎င်း၏အသားကိုလည်း စားသုံးကြသည်။အမွေးကို ကြိုးကျစ်ခြင်း၊ အထည်ရက်ခြင်းများ ပြုလုပ်ကြပြီး သားရေကို ကုန်းနှီး၊ ကျာပွတ်နှင့် ဖိနပ်များ ပြုလုပ်ကြသည်။ အမွေးများသော စာမရီအမြီးကို အနီရောင်ဆိုးကာ ပွဲလမ်းသဘင်များတွင် "သားမြီးယပ်" အဖြစ် အသုံးပြုကြသည်။ [၁]
မြန်မာ့ယဉ်ကျေးမှုနှင့် စာပေလာ စာမရီ
[ပြင်ဆင်ရန်]မြန်မာ့ယဉ်ကျေးမှုတွင် စာမရီကို အခြေခံ၍ သတ်မှတ်သော ယဉ်ကျေးမှု အစဉ်အလာကို ထင်ရှားစွာ တွေ့ရှိနိုင်သည်။ စာမရီသည် မြန်မာ့ယဉ်ကျေးမှုကဏ္ဍတွင် ထင်ရှားသော နေရာမှ ပါဝင်ခဲ့သော်လည်း စင်စစ်အားဖြင့် အိမ်နီးချင်းနိုင်ငံ ယဉ်ကျေးမှုများမှတစ်ဆင့် မြန်မာ့ယဉ်ကျေးမှုသို့ ကူးစက်ရောက်ရှိလာခြင်း ဖြစ်သည်။ [၂]
မြန်မာစာပေတွင် ဖော်ပြချက်
[ပြင်ဆင်ရန်]မြန်မာစာပေတွင် စာမရီကို လှပတင့်တယ်သော သားကောင်အဖြစ် တင်စား၍ ရေးသားစပ်ဆိုလေ့ ရှိကြသည်။ ရှင်မဟာသီလဝံသ၏ ပါရမီတော်ခန်းပျို့ ၌ စာမရီ၏ လှပပုံကို အောက်ပါအတိုင်း ဖွဲ့နွဲ့ထားသည်-
ပမာသွေးညီ၊ စာမရီဟု၊
နောက်ချီပွပွ၊ မြီးဆံလှလျက်၊
တောမထိပ်ခေါင်၊ သရေဆောင်သည်၊
ရွှေရောင်ပြိုးပြိုး၊ သားအမျိုး
စာမရီ၏ သတ္တိထူးနှင့် အစဉ်အလာ ယုံကြည်မှု
[ပြင်ဆင်ရန်]စာမရီ သားကောင်သည် ဘေးအန္တရာယ်နှင့် ကြုံတွေ့သည့်အခါ မိမိ၏ အမွေးအမျှင်ကို တစ်ပင်မျှ အကျွတ်မခံဘဲ အသက်ကိုစွန့်၍ ကာကွယ်တတ်သော "သီလမြဲမြံခြင်း" သတ္တိရှိသည်ဟု ရှေးစာဆိုတို့က တင်စားကြသည်။ အမွေးညိတွယ်ရာမှ မရုန်းဘဲ အသက်စွန့်သည့်အဖြစ်ကို ပါရမီတော်ခန်းပျို့ ၌ပင် ဆက်လက်၍ ဤသို့ စပ်ဆိုထားသည်-
အကြင် သရော်၊ မသွားတော်၍၊ ထော်လော်ကန့်လန့်၊
ခြုံနွယ်ညွန့်၌၊ အတွန့်လျှောက်လျှောက်၊
ငြီလေမြောက်အံ့၊ မျှလောက်မွေးသက်၊
တစ်မျှင်ရွက်ကို၊ စုံမက်ချစ်စိုး၊
နှမြောနိုး၍၊ သားမျိုးတိရစ္ဆာန်၊
အားကုန်သွန်လျက်၊ လည်လန်မူးမော်၊
ရုန်းချေသော်လည်း၊ ထိုရော်မြီးဖျား၊
ပြတ်ခန့်ငြား၍၊ မသွားတစ်ဆွေ့၊
ထိုရွေ့ဝပ်တန်၊ အသက်စွန့်လျက်
ထို့ပြင် နဝဒေးကြီး၏ ပြည်ကျောင်းညီနောင် ဘုရားတိုင် ရတု ၌လည်း စာမရီ၏ အမွေးအမျှင်အပေါ် တွယ်တာမြတ်နိုးပုံကို-
ရွှေစာမရီ၊ မြီးချီကျော့လန်း၊
ပုံဖြင့်သွန်းသို့၊ သွယ်ဝန်းစံတည်၊
လှဟန်ရည်နှင့်၊ မွေးချည်တစ်ပင်၊
စုံမက်ခင်လျက်၊ ဆံမျှင်တစ်ကွက်၊
သေမည့်သက်ကို၊ စွန့်ရက်လေဟန်
ဟူ၍ နှိုင်းရှိုင်းဖွဲ့ဆိုခဲ့သည်။ [၃]
ကိုးကားချက်များ
[ပြင်ဆင်ရန်]