မဟတ္တမ ဂန္ဒီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မိုဟန်ဒတ် ကရမ်ချန် ဂန္ဒီ
Mohandas Karamchand Gandhi

မိုဟန်ဒတ် ကရမ်ချန် ဂန္ဒီ (၁၉၄၄ ဘုံဘေ)
မွေးနေ့ 2 October 1869(1869-10-02)
British Raj Red Ensign.svg အိန္ဒိယ (ဗြိတိသျှကိုလိုနီခေတ်)၊ ပေါ်ဗန်ဒါမြို့
ကွယ်လွန် 30 January 1948 (aged 78)
အိန္ဒိယနိုင်ငံ၏ အလံတော် အိန္ဒိယနယူးဒေလီမြို့
Cause of death Assassination
ဂူဗိမာန် Rajghat in New Delhi
နိုင်ငံသား အိန္ဒိယ
အမည်ကွဲ မဟတ္တမ ဂန္ဒီ၊ ဘာဘူ
မိခင်ကျောင်း University College London
ကျော်ကြားမှု အိန္ဒိလွတ်လပ်ရေး လှုပ်ရှားမှု
အကြမ်းမဖက်ရေး လမ်းစဉ်
ကိုးကွယ်
ယုံကြည်မှု
ဟိန္ဒူဘာသာ
ကြင်ဖော် Kasturba Gandhi
သားသမီး Harilal Gandhi
Manilal Gandhi
Ramdas Gandhi
Devdas Gandhi
မိဘ Putlibai Gandhi (Mother)
Karamchand Gandhi (Father)
လက်မှတ်


မြင့်မြတ်သော စိတ်ဓာတ်ကို အစွဲပြု၍ အိန္ဒိယနိုင်ငံ လူထုတစ်ရပ်လုံးက ‘မဟတ္တမ’ဟု ဘွဲ့ထူး သညာ အပ်နှင်းခြင်း ခံရသော မိုဟန်ဒတ် ကရမ်ချန် ဂန္ဒီ (Mohandas Karamchand Gandhi : મોહનદાસ કરમચંદ ગાંધી) သည် ၁၈၆၉ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် အိန္ဒိယပြည် အနောက်ပိုင်း ကားတိအာဝါးကျွန်းဆွယ် ပေါ်ဗန်ဒါမြို့တွင် ဖွားမြင်သည်။ ဂန္ဒီ၏ ဖခင်မှာ အိန္ဒိယတိုင်းရင်းသား ပြည်နယ်များဖြစ်သော ရာဂျကုတ်နှင့် ဗန်ကနာ ပြည်နယ်များတွင် ဒီဝန်ခေါ် အမတ်ချုပ်ကြီးဖြစ်သည်။ မိခင်ဖြစ်သူကား ဘုရား တရားကို အလွန်ကိုင်းရှိုင်း ကြည်ညိုသူဖြစ်ရကား ဂန္ဒီသည် သူ၏ မိခင်ထံမှ ဘုရားတရား ကိုင်းရှိုင်းမှုကို အမွေခံခဲ့သည်ဟု ဆိုနိုင်သည်။

ငယ်ဘဝ[ပြင်​ဆင်​ရန်​]

ဂန္ဒီသည် ငယ်စဉ်က ရာဂျကုတ်နှင့် ဘနဂါးမြို့တွင် ပညာသင်ကြားသည်။ ဂန္ဒီသည် မျိုးရိုး အလိုက် အသက် ငယ်ငယ်နှင့်ပင် အိမ်ထောင်ပြုခဲ့သည်။ သို့ဖြစ်၍ ၁၇ နှစ်သား အရွယ်တွင် အင်္ဂလန်ပြည် လန်ဒန်မြို့သို့ ဝတ်လုံအတတ်ကို သင်ကြားရန် အိန္ဒိယမှ ထွက်ခွာသွားသော အခါ သားသည် အဖေပင် ဖြစ်၍နေချေပြီ။ ဥပဒေပညာကို ၄ နှစ်ခန့် သင်ခဲ့ပြီးနောက် ၁၈၈၉ ခုနှစ်တွင် ဝတ်လံဖြစ်၍ အိန္ဒိယပြည်သို့ ပြန်လာပြီးလျှင် မုံဘိုင်းမြို့၌ စတင် ရှေ့နေလိုက်သည်။ သို့သော် ကောင်းစွာ အကျိုးမပေးသေးချေ။ ၁၈၉၃ ခုနှစ်၌ ကားတိအာဝါးရှိ ကုန်သည် တစ်ဦးက ငှားရမ်းသဖြင့် တောင်အာဖရိကသို့ သွားရောက်ကာ ထိုကုန်သည်၏ အမှုအတွက် ရှေ့နေလိုက်သည်။ ဂန္ဒိသည် တောင်အာဖရိက၌ ကြာကြာနေရန် စိတ်မကူးခဲ့ချေ။ သို့သော် ကြာကြာနေရန် အကြောင်းတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။

နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှု (တောင်အာဖရိက)[ပြင်​ဆင်​ရန်​]

ထိုအကြောင်းမှာ လူဖြူလူမဲ ခွဲခြားသောစနစ်ကြောင့် တောင်အာဖရိက၌ ထာဝရနေသော အိန္ဒိယ တိုင်းရင်းသားတို့သည် နိုင်ငံသား အခွင့်အရေးနှင့် အခြားအခွင့်အရေးများ မရခြင်း ဖြစ်သည်။ ထို့ကြောင့် ဂန္ဒီသည် နာတဲပြည်၌ အခြေစိုက်ကာ နာတဲအန္ဒိယ ကွန်ဂရက်ကို တည်ထောင်ပြီး အိန္ဒိယသားတို့၏ အခွင့်အရေးကို စဆင် တိုက်ယူလေသည်။ ဂန္ဒီသည် တောင်အာဖရိက၌ အိန္ဒိယပြည်သားတို့၏ နိုင်ငံရေးကို ကြိုးပမ်းရင်း ဝတ်လုံအဖြစ်ဖြင့် ၁၇ နှစ်တိုင် လုပ်ကိုင်ခဲ့ရာမှ ကမ္ဘာတွင် ဥဒါန်းတွင်ရစ်သော သူ၏ နိုင်ငံရေး ကြိုးပမ်းမှုဝါဒကို ကြံစည်တွေးတောကာ လကတွေ့ ကျင့်သုံးခဲ့လေသည်။

တောင်အာဖရိကတွင် အိန္ဒိယတိုင်းရင်းသားတို့သည် တစ်နယ်မှ တစ်နယ်သို့ ဖြတ်ကျော် ကူးပြောင်းခွင့် မရကြချေ။ ဂန္ဒီသည် ထိုအခွင့်အရေး ရရန် အိန္ဒိယတိုင်းရင်းသား ၃၀၀၀ တို့ကို ဦးစိး၍ ပြည်နယ်၏ နယ်နိမိတ်ကို ဖြတ်ကျော်လေသည်။ ရည်ရွယ်ချက်မှာ မတရား ချုပ်ချယ်သော ဥပဒေကို တိုက်ဖျက်ရာ၌ တောင်အာဖရိက အစိုးရက အိန္ဒိယတိုင်းရင်းသား အများစုကို ဖမ်းဆီးခြင်းအားဖြင့် အိန္ဒိယနိုင်ငံရှိ သူ၏ အမျိုးသားအားလုံး နိုးကြားလာစေရန် ဖြစ်သည်။

ဤ အာဏာဖီဆန်ရေး တိုက်ပွဲကို သစ္စာဂြဟဟု ဂန္ဒီက အမည်ပေးသည်။ သစ္စာဂြဟ၏ နည်းပရိယာယ်မှာ အကြမ်းမဖက်သော အနုနည်း သက်သက်ဖြင့် အာဏာဖီဆန် တော်လှန် ရန် အဓိဋ္ဌာန် တည်ဆောက်ြခင်းပင် ဖြစ်သည်။ ဤနည်းပရိယာယ်ကို အခြေခံသော ဂန္ဒီ၏ ဝါဒမှာ အဟိံသဝါဒ ဖြစ်သည်။ အဟိံသ ဟူသည်ကား ပါဏာတိပါတကံကို ကြဉ်ရှောင် ခြင်းတည်း။ ဂန္ဒီသည် အဟိံသ၏ သဘောတရားကို အကျယ်ချဲ့ကြည့်ပြီးလျှင် ကိုယ်နှုတ်နှလုံး သုံးပါးစလုံးဖြင့် အကြမ်းမဖက်မှုကို သူ၏ နိုင်ငံရေးဝါဒ အနေဖြင့် ပြဋ္ဌာန်းခဲ့သည်။

ဂန္ဒီသည် ၁၉၀၈ ခုနှစ်မှသည် သစ္စာဂြဟတည်ဆောက်သော ၁၉၁၄ ခုနှစ်အထိ ဝင်ငွေအလွန်ကောင်းသော ရှေ့နေအလုပ်ကို စွန့်ကာ တောင်အာဖရိကအရေးကို ကြိုးပမ်းခဲ့သည်။ နောက်ဆုံး၌ တောင်အာဖရိကဘုရင်ခံ ဗိုလ်ချုပ်မှူး စမတ်သည် အိန္ဒိယသားတို့ကို ပညတ်သော ဥပဒေနှင့် စည်းကြပ်သော တစ်နှစ်လျှင် ၃ ပေါင်ကျ အခွန်တော်တို့ကို ပလပ်လိုက်ရသည်။

အိန္ဒိယလွတ်လပ်ရေး လှုပ်ရှားမှု[ပြင်​ဆင်​ရန်​]

၁၉၁၅ ခုနှစ်တွင် ဂန္ဒီသည် အိန္ဒိယနိုင်ငံသို့ ပြန်လာခဲ့သည်။ ထိုအချိန်၌ ပထမ ကမ္ဘာစစ်ဖြစ်၍ နေပြီ။ ထိုစစ်ကိုမှီ၍ လက်အောက်ခံနိုင်ငံများသည် နိုးကြားလာခဲ့သည်။ သို့ဖြစ်ရာ အိန္ဒိယ၌ ဂန္ဒီသည် တောင်အာဖရိက အရေးထက် ကြီးကျယ်သော အိန္ဒိယနိုင်ငံရေး ကြိုးပမ်းမှုကြီးကို စတင်ဆောင်ရွက်သည်။ အိန္ဒိယသို့ ပြန်ရောက်လျှင်ပင် ဂန္ဒီသည် အိန္ဒိယအမျိုးသား ကွန်ဂရက်၏ ဥက္ကဋ္ဌဖြစ်လာသည်။ အိန္ဒိယ အမျိုးသားစိတ်ဓာတ်ကို လှုံ့ဆော်ပေးရာဖြစ်သော သတင်းစာတို့ကိုလည်း တည်ထောင်ခဲ့သည်။ ဂန္ဒီ၏ ‘ယန်းအိန္ဒိယ သတင်းစာ’ (Young India) မှာ အထူးကျော်ကြားခဲ့သည်။

ဂန္ဒီသည် ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းအား အလွန်ကြည်ညိုသည်။ တော်စတွိုင်း၏ အတွေးအခေါ်တို့သည် ဂန္ဒီအား လွှမ်းမိုးခဲ့သည်။ ထို့ကြောင့် တော်စတွိုင်း၏ ခြိုးခြံမှုကို အတုယူကာ တောင်အာဖရိက၊ ဒါဗန်မြို့၌ ဖီးနစ်ဟုခေါ်သော ဓမ္မသာလာယံကျောင်း၊ ဂျိုဟန္နက်စဘတ်အနီး၌ ’တော်စတွိုင်းယာတော’ ဟုခေါ်သော ဓမ္မသာလာယံကျောင်းတို့ကို တည်ထောင်သည်။ ခြိုးခြံမှု၊ စည်းကမ်းကြီးမှု၊ ကြောက်ရွံ့ခြင်းကင်းမှု စသော အကျင့်တို့ကို ထိုကျောင်းများမှ ပြုစုပေးခဲ့သည်။

စင်စစ် တော်စတွိုင်းယာတောကို တည်ထောင်သည်မှာ အိန္ဒိယနိုင်ငံရေး ကြိုးပမ်းမှုကြီးအတွက် သစ္စာဂြဟတည်ဆောက်ရာတွင် အခြေခံ စာရိတ္တဗလ ပြည့်စုံစေရန် ရည်ရွယ်သည်။ ဤရည်ရွယ်ရင်းအတိုင်း ဆောင်ရွက်ရန် အခွင့်အခါမှာ အိန္ဒိယ၌ ပေါ်လာခဲ့ပြန်သည်။ ဂန္ဒီသည် အိန္ဒိယနိုင်ငံ အာမာဒဘတ်မြို့တွင် တော်စတွိုင်းယာတောနည်းသူ ကျောင်းသင်ခန်းတစ်ခု တည်ထောင်လေသည်။ ထိုကျောင်းသင်ခန်း၏ ပရိဝုဏ်မှနေ၍ ဇာတ်နိမ့်သူ လယ်သမား၊ အလုပ်သမားတို့၏ အရေးကို ဆောင်ရွက်ခဲ့သည်။

ဤသို့ ဆောင်ရွက်ဆဲ ၁၉၁၉ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဗိုလ်မှူးချုပ် ဒိုင်ယာသည် သူ၏ အဏာကို ဖီဆန်သည်ဟုဆိုသော အိန္ဒိယတိုင်းရင်းသား လူထုအစည်းအဝေး တစ်ရပ်ကို အမ္မရစ်ဆာမြို့တွင် သေနတ်ဖြင့် ပစ်ဖောက်၍ လူစုခွဲလိုက်သည်။ ဤအချိန်မှာ အိန္ဒိယနိုင်ငံအား ဗြိတိသျှ အစိုးရက မွန်တေဂူနှင့် ချမ်းစဖို့တို့၏ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး စီမံကိန်းကို ပေးအပ်ဆဲ အချိန်ဖြစ်သည်။ လူထုကို သေနတ်နှင့် ခွဲရာ၌ သေကြေဒဏ်ရာရသူ များပြားလေရာ ဂန္ဒီ၌ စိတ်အလွန်ထိခိုက်သွားလေရကား ဗြိတိသျှ အုပ်ချုပ်ရေးကို အပြင်းအထန် ဆန့်ကျင်ဘက်ပြုလုပ်သည့် လမ်းစဉ်ကို ချမှတ်လိုက်လေသည်။

ဂန္ဒီသည် မွန်တေဂူ၊ ချမ်းစဖို့ပြုပြင်ရေးကို သပိတ်မှောက်သည့်အပြင် အိန္ဒိယတိုင်းရင်းသား အပေါင်းတို့သည် မိမိတို့ရရှိထားသော ရာထူး၊ ဂုဏ်ထူးတို့ကို စွန့်၍ ဗြိတိသျှအစိုးရတို့ တည်ထောင်ထားသော ကျောင်းနှင့် အဖွဲ့အစည်းမှ နုတ်ထွက်ကြပြီး အခွန်တော်ကို မပေးဆောင်ကြရန် ဆော်ဩလေသည်။ ဤလှုပ်ရှားမှုကြောင့် ဂန္ဒီ၏ ခါဒါဝတ်ဆင်ရေးဟူသော ဝံသာနုရက္ခိတ တရားသည် ပေါ်ပေါက်လာပြန်လေသည်။ ဂန္ဒီ၏ နိုင်ငံရေး ကြိုးပမ်းမှုခေတ်၌ မြန်မာပြည်တွင်လည်း ပင်နီအင်္ကျီကိုသာ ဝတ်ဆင်ရမည်ဟူသော ဝံသာနုအဖွဲ့အစည်းတို့ လှုပ်ရှားလာခဲ့သည်။

၁၉၂၀ ပြည့်နှစ်တွင် ဂန္ဒီသည် အစိုးရနှင့် မဆက်ဆံရေး နည်းပရိယာယ်ကို တစ်နိုင်ငံလုံး ပျံ့နှံ့အောင် ဆောင်ရွက်လေသည်။ ထိုမှစ၍ ဂန္ဒီကို မဟတ္တမ ဂန္ဒီဟု အိန္ဒိယပြည်သူလူထု တစ်ရပ်လုံးက ခေါ်ဝေါ်လာကြသည်။ ထိုအစိုးရနှင့် မဆက်ဆံရေး လုပ်ငန်းတွင်လည်း အခြေခံမှာ အနုနည်းသက်သက်ဖြစ်သော သစ္စာဂြဟပင်ဖြစ်သည်။ သို့သော် ဗြိတိသျှ ဆန့်ကျင်ရေး စိတ်ဓာတ်တို့ ပေါက်ကွဲသည့်အခါ အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ၁၉၂၄ ခုနှစ်တွင် ဂန္ဒီသည် ထောင် ၇ နှစ် အပြစ်ပေးခြင်း ခံရသည်။ သို့ပါသော်ငြားလည်း ပြည်သူ့လှုပ်ရှားမှုကြောင့် အပြစ်ဒဏ် ၆ လ ခံပြီးနောက် လွတ်လာသည်။

၁၉၃၀ ပြည့်နှစ် ဧပြီလတွင် ဂန္ဒီသည် အိန္ဒိယပြည် ဆားခွန်တော် ဥပဒေကို ဖောက်ဖျက်ရန် လူစုလူဝေးနှင့် ပင်လယ်ကမ်းခြေတွင် ဆားချက်လေသည်။ ဤကိစ္စကြောင့် ၁၉၃၀ ပြည့်နှစ် မေလ ၅ ရက်နေ့တွင် ဂန္ဒီသည် ထောင်ဒဏ် အပြစ်ပေးခံရပြန်၍ ၁၉၃၁ ခုနှစ် ဇန္နဝါရီလတွင် ထောင်မှ လွတ်လာသည်။

ဤအချိန်၌ အိန္ဒိယပြည်သည် လန်ဒန်မြို့တွင် ကျင်းပမည့် မျက်နှာစုံညီ အစည်းအဝေး၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အရေးဆိုနေသော အချိန်အခါဖြစ်သည်။ အိန္ဒိယ ဘုရင်ခံ လော့အာဝင်သည် ဂန္ဒီနှင့် စေ့စပ်ရာတွင် ဂန္ဒီသည် အာဏာဖီဆန်ရေး လုပ်ငန်းကို ခဏရပ်စဲထား၍ လန်ဒန်မြို့ မျက်နှာစုံညီ အစည်းအဝေးပွဲသို့ ကွန်ဂရက်၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်သည်။ လန်ဒန်မြို့မှ ပြန်လာသောအခါ ဂန္ဒီနှင့် အာဝင်တို့၏ စေ့စပ်ရေးမှာ ပျက်သွားပြီဖြစ်၍ ဂန္ဒီသည် အကျဉ်ချထားခြင်း ခံရပြန်သည်။ ဤတွင် ဂန္ဒီသည် အစာမစားပဲ အသေခံမည်ဟု အဓိဋ္ဌာန်ပြုသည်။ ထို့နောက် လူထု၏ ဆူပူအရေးဆိုမှုများကြောင့် ဗြိတိသျှ အစိုးရက သူ့အား ထောင်မှ လွှတ်ရပြန်သည်။

ဤအတောအတွင်း ဂန္ဒီသည် ဇာတ်နိမ့်သူများ၏ အရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ရာ ထောင်ကျခံရသေးသည်။ ဇာတ်နိမ့်သူတို့၏ အရေးကို ထောင်အတွင်းမှပင် ဆက်၍ဆောင်ရွက်ရာ နောက်ဆုံး၌ ဂန္ဒိကို ဗြိတိသျှ အစိုးရက ထောင်မှလွှတ်လိုက်ရပြန်သည်။ ၁၉၃၄ ခုနှစ်ရောက်သော် အိန္ဒိယပြည် အုပ်ချုပ်ရေးအသစ် ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာချိန် ဂန္ဒီသည် အိန္ဒိယအမျိုးသား ကွန်ဂရက်ကို ခေါင်းဆောင်ရာမှ အနားယူလိုက်သည်။ ကွန်ဂရက်ဝင်တို့အား အုပ်ချုပ်ရေးသစ်၌ ရာထူးယူ၍ ဆောင်ရွက်ကြရန် ညွှန်ကြားသည်။ ထို့နောက် ကျေးလက်တောရွာ ပြုပင်ရေးစခန်း ဌာနချုပ်ဖြစ်သော ဆေးဗာဂရံရွာကလေးတွင်နေ၍ ကျေးလက်ပြုပြင်ရေးကို ဆောင်ရွက်လေသည်။

၁၉၃၉ ခုနှစ်၌ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ ဂန္ဒီသည် အိန္ဒိယပြည် လွတ်လပ်မှသာလျှင် မဟာမိတ်တို့ကို ကူညီပူးပေါင်းနိုင်မည်ဟု ကြေငြာခဲ့သည်။ မူလက ဂန္ဒီသည် နာဇီဝါဒနှင့် ဖက်ဆစ်ဝါဒကို ဆန့်ကျင်၍ ဗြိတိသျှ အစိုးရ အကျဉ်းကျပ်တွေ့စေမည့် အလုပ်ကို ရှောင်ခဲ့သည်။ သို့သော် လွတ်လပ်ရေးအတွက် လူထုဆန္ဒ ပြင်းပြလာသောအခါ ဂန္ဒီသည် ဘုရင်ခံ လော့လင်လစ်ဂိုက ပူးပေါင်းကူညီရန် ဖိတ်ခေါ်ခဲ့သည်ကို လက်မခံခဲ့ချေ။ ကွန်ဂရက်၏ သဘောထားမှာ လုံးဝလွတ်လပ်ရေး မရလျှင် မကူညီဟူသော သဘောထားဖြစ်သည်။ ထို့ကြောင့် ဗြိတိသျှအစိုးရသည် ဆာစတက်ဖို့ကရစ်ကို ဂန္ဒီနှင့် စေ့စပ်ရန် စေလွှတ်သော်လည်း မအောင်မြင်ချေ။ ဂန္ဒီလည်း အာဏာဖီဆန်ရေးကို စတင်လုပ်ဆောင်ပြန်သည်။ ထို့ကြောင့် ဂန္ဒီနှင့်တကွ ကွန်ဂရက်ခေါင်းဆောင်တို့ကို စစ်အတွင်း၌ ဗြိတိသျှအစိုးရက ဖမ်းဆီးချုပ်နှောင်ထားပြန်သည်။ သို့သော် အစာငတ်ခံပြီးနောက် ဂန္ဒီသည် ၁၉၄၄ ခုနှစ် မေလတွင် ထောင်မှ လွတ်လာပြန်သည်။ ထို့နောက် ၁၉၄၆ ခုနှစ် မေလ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ဝေသော ဗြိတိသျှတို့၏ စက္ကူဖြူစာတန်းပါ အိန္ဒိယပြည် လွတ်လပ်ရေး စီမံကိန်းကို ဂန္ဒီသည် ပယ်ချခဲ့ပြန်သည်။

သို့သော် ဟိန္ဒူနှင့် မူဆင်တို့သည် အိန္ဒိယနှင့် ပါကစ္စတန်ခွဲရေး တွဲရေးကိစ္စကြောင့် အကြီးအကျယ် အဓိကရုဏ်းဖြစ်နေကြသည်။ ထိုအဓိကရုဏ်းကို ပိတ်ပင်တားမြစ်ရန် ဂန္ဒီသည် ၁၉၄၇ ခုနှစ် ဇန္နဝါရီလတွင် အင်္ဂလားအရှေ့ပိုင်းနယ်ဖျားသို့ နယ်လှည့်တရားဟောထွက်ပြီးလျှင် ဟိန္ဒူနှင့် မူဆလင်တို့ သင့်တင့်ရေးအတွက် အစာငတ်ခံခဲ့သည်။ ဂန္ဒီသည် အိန္ဒိယနှင့် ပါကစ္စတန်ခွဲရေးကို အလိုမရှိ၊ မနှစ်သက်ချေ။ သို့သော် ရှေ့အလားအလာ၌ ဟိန္ဒူ မူဆလင်တို့ စိတ်ဝမ်းကွဲမှုကိုသာ မြင်နေရ၍ ခွဲရေးကို လက်ခံလိုက်ရသည်။

ဟိန္ဒူ မူဆလင် အဓိကရုဏ်း[ပြင်​ဆင်​ရန်​]

ဤအတွင်း ၁၉၄၇ ခုနှစ် စက်တင်ဘာလတွင် ကာလကတ္တားမြို့၌ ဟိန္ဒူ မူဆလင် အဓိကရုဏ်းဖြစ်ပြန်လေရာ ဂန္ဒီသည် အစာငတ်ခံပြန်လေသည်။ အဓိကရုဏ်း နောက်ထပ်မဖြစ်ပွားစေရပါဟု ခေါင်းဆောင်တို့က အာမခံသောကြောင့် အစာကို ပြန်၍စားသည်။ သို့သော်လည်း ၁၉၄၈ ခုနှစ် ဇန္နဝါရီလတွင် ဟိန္ဒူ မူဆလင် အဓိကရုဏ်း ပြန်၍ ဖြစ်ြပန်လေသည်။ ထို့ကြောင့် ဇန္နဝါရီ ၁၃ ရက်နေ့တွင် အစာငတ်ခံပြန်သည်။ ယင်းသို့ အစာငတ်ခံ၍ နာရီပေါင်း ၁၇၁ နာရီနှင့် ၄၅ မိနစ် စေ့သောအခါ ဟိန္ဒူ၊ ဆစ်ခ်နှင့် မူဆလင်ခေါင်းဆောင်တို့သည် သင့်မြတ်ညီညွတ်ရေး ကတိကို ဂန္ဒီအား ပေးကြသဖြင့် ဂန္ဒီသည် အစာကို ပြန်၍ စားပြန်သည်။ ဇန္နဝါရီလ ၂၁ ရက်နေ့တွင် ဟိန္ဒူ လူငယ်တစ်ဦးသည် ဟိန္ဒူ မူဆလင် ငြိမ်းချမ်းရေးကို မလိုလားသော ဆန္ဒကို ပြသည့်အနေနှင့် ဂန္ဒီ၏ နေအိမ်အနီး၌ ဗုံးဖောက်ခွဲသည်။ ဂန္ဒီသည် ထိုသူငယ်အား အပြစ်မှ ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံလေသည်။

ဂန္ဒီလုပ်ကြံခံရ[ပြင်​ဆင်​ရန်​]

ဇန္နဝါရီလ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဂန္ဒီသည် ဒေလီမြို့ရှိ သူ၏ ဗီယာလာနေအိမ်၌ ဘုရားဝတ်ပြုရန် အလာတွင် ဟိန္ဒူ လူငယ်တစ်ဦးဖြစ်သော ဂတ်ဆေးဆိုသူသည် ဂန္ဒီအား ခြောက်လုံးပူးနှင့် သုံးချက်ပစ်သည်။ ဂန္ဒီသည် နာရီဝက်ခန့်အကြာတွင် အနိစ္စရောက်လေသည်။ နောက်တစ်နေ့၌ ဂန္ဒီ၏ ရုပ်ကလာပ်ကို နေအိမ်မှ ယမုန်နာမြစ်ကမ်းခြေသို့ ပို့ဆောင်ကြပြီးလျှင် မီးသင်္ဂြိုဟ်၍ ဂန္ဒီ၏ ပြာကို ယမုန်နာရေအယဉ်၌ မျှောလိုက်ကြသေည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ - ၃ အပိုင်း - က ၊ စာ ၉၂