အနန္တသူရိယ

ဝီကီပီးဒီးယား မှ

အနန္တသူရိယ(၄၇၄ ခန့် - ၅၃၅)[ပြင်ဆင်ရန်]

"'သူတည်းတစ်ယောက်၊ ကောင်းဘို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း"' ဟု အစရှိသော အမျက်ဖြေလင်္ကာ လေးပုဒ်ကို သတ်အံ့မူးမူးတွင် ရဲရင့်တည်ကြည်သော နှလုံးသားဖြင့် ရေးသားနိုင်စွမ်းသည့် အမတ်ကြီးဟူ၍ မြန်မာစာပေသမိုင်းတွင် အထူးထင်ရှား ကျော်စောလျက်ရှိသူမှာ အနန္တသူရိယ အမတ်ပင် ဖြစ်သည်။ [၁]

အနန္တသူရိယ အမတ်သည် အလောင်း စည်သူမင်းကြီးနှင့် သားတော် ကုလားကျမင်းဟုလည်းတွင်သော နရသူ၊ ထိုနရသူမင်း၏သားတော် မင်းယဉ်နရသိင်္ခ၊ ဤမင်းသုံးဆက် လက်ထက်တော်တို့တွင် အထိန်းတော်သား အဖြစ် အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ခဲ့သူဖြစ်သည်။ အထိန်းတော်သားဆိုရာ၌ အချို့သောစာစောင်မှတ်တမ်းတို့တွင် အထိန်းတော်၏သား ဆိုသည်။ အချို့သောပညာရှိ သုတေသီတို့ကမူ ငယ်ရွယ်နုနယ်သောကလေးသူငယ်များကို ထိန်းသိမ်းစောင့်ရှောက်ကြသော အထိန်းအယများနည်းတူ မင်းညီမင်းသား မင်းသမီးများကို ထိန်းသိမ်းစောင့်ရှောက်ရသော မင်းထိန်း မင်းယများအား အထိန်းတော်သား များဟု ခေါ်ကြသည်။ အနန္တသူရိယအမတ်သည် မင်းညီမင်းသားများကို ထိန်းသိမ်းစောင့်ရှောက်ကြရသော အထိန်းတော်သားတို့တွင် တစ်ဦး အပါအဝင် ဖြစ်သည်။

အလောင်းစည်သူမင်းကြီးသည် အထိန်းတော်သား အနန္တသူရိယကို သနားလည်းသနားတော်မူ၍ လုပ်ရည် ကိုင်ရည်ကိုလည်း နှစ်ခြိုက်တော်မူသဖြင့် မင်းသားတို့သာ ဝတ်ထိုက်သော ဒုယင်အခြေတပ်ဝတ်လုံ တစ်ထည်ကို ပေးတော်မူ၏။ ထိုဝတ်လုံကို သဘင်ရှိသောအခါ အနန္တသူရိယဝတ်၍ တက်သည်ကို သားတော် မင်းရှင်စော မြင်လေသော် ဤဖျင်ကား မင်းထိန်း မင်းယတို့ ဝတ်ထိုက်သော အဝတ် မဟုတ်၊ မင်းညီ မင်းသားတို့သာ ဝတ်ထိုက်သော အဝတ်ဖြစ်သည်။ ဤကဲ့သို့ အရောရော မဝတ်စေနှင့်ဟု ဆိုကာ အနန္တသူရိယနှင့်ထိုက်သော ဝတ်လုံကို ပေး၍ ဒုယင်တပ်သောဝတ်လုံကို ချွတ်၍လဲစေ၏ဟု ဦးကုလား မဟာရာဇဝင်ကြီးတွင် ဆိုထားသည်။ ဤနေရာ၌ အနန္တသူရိယသည် အလောင်းစည်သူမင်းကြီးကို ငယ်စဉ်အခါ ကာလမှစ၍ ထိန်းသိမ်း စောင့်ရှောက်လာရဘိသကဲ့သို့ ဖြစ်နေသည်။ စင်စစ်သော်ကား အလောင်းစည်သူ မင်းကြီးလက်ထက်၊ မင်းကြီး၏သားမြေးများကို ထိန်းသိမ်းစောင့်ရှောက်ရသော မင်းထိန်းမင်းယ အထိန်းတော်သားတစ်ဦးသာ ဖြစ်ချေမည်။ သက္ကရာဇ် ၅၃၂ ခုနှစ်တွင် ငယ်ရွယ်စဉ်အခါမှ အနန္တသူရိယ အမတ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသော မင်းယဉ်နရသိင်္ခ နန်း တက်တော်မူလေသည်။ နန်းတက်တော်မူသောအခါ ညီတော် နရပတိစည်သူကို အိမ်ရှေ့အရာ ပေးသနား၏။ သို့ရာတွင် သက္ကရာဇ် ၅၃၅ ခုနှစ်တွင် မင်းယဉ်နရသိင်္ခသည် ညီတော် နရပတိစည်သူ ၏ အိမ်ရှေ့မိဖုရား ဝေဠုဝတီကို လှည့်ဖြားသိမ်းပိုက်တော်မူသဖြင့် ထိုနှစ်အတွင်းမှာပင် ညီတော်က ပုန်ကန် သတ်ဖြတ်၍ နန်းတက်တော်မူလေသည်။ ထိုနောက် နောင်တော်မင်းယဉ် နရသိင်္ခအား ငယ်ရွယ်စဉ်အခါမှစ၍ အစစအရာရာတွင် သွန်သင်ပြသ ဆုံးမပဲ့ပြင်ဖူးသော အထိန်းတော်သား အနန္တသူရိယအမတ်ကိုလည်း ဖမ်း၍ သတ်လေဟု သူသတ်တို့အား အပ်လေ၏။ သုဿာန်သို့အနန္တသူရိယအမတ်ကြီးရောက်လေသော်ဆယ်နှစ်ခန့်အတောအတွင်းမှာပင်ဖြစ်ပျက်ခဲ့သည်ကိုအမတ်ကြီးတဖြည်းဖြည်းမြင်လာမိသည်။ ဦးစွာမိမိအရေးနှင့်ပတ်သက်၍ မင်းရှင်စောအားမြို့မှနှင်ထုတ်လိုက်သည်ကိုမြင်မိသည်။ နောက်မင်းရှင်စောမရှိ၍ပြည်ထဲအမှုစီရင်၊ကွပ်ညှပ်စေရန်သားတော်အလတ်ဖြစ်သောနရသူကိုခမည်းတော်အလောင်းစည်သူမင်း ကြီးက လွှဲအပ်၊ ခန့်ထားကြောင်းအလောင်း စည်သူမင်းကြီးသည်းထန်စွာနာတော်မူခိုက် အဝတ်ပုဆိုးတို့ဖြင့်ဖိ၍ သတ်ပြန်သည်ကိုမြင်လိုက်သည်။ ပြီးမှနောင်တော်မင်းရှင်စောကို အဆိပ်ကျွေးသတ်မှုမြင်လာပြန်သည်။ ထိုနရသူမင်းပင်လျှင်လည်း ကုလားရှစ်ယောက်တို့လက်ချက်ဖြင့် အသက်ဆုံးရသည့်ကိုပြေး၍ မြင်ပြန်သည်။

ထို့ကြောင့်လည်း ကုလားကျမင်း ဟူ၍ ပြည်သူတို့ပြောစမှတ်ပြုလျက်ရှိခြင်းကို ကြားသယောင်ယောင်ပင်ရှိလိုက်သည်။ ထို့ နောက်မိမိ၏အရှင်သခင်ဖြစ်သော မင်းယဉ်နရသိင်္ခနန်းတက်တော်မူပြီးမှ များမကြာမီကပင် ညီတော်နရပတီစည်သူ၏ အိမ်ရှေ့မိဘုရား ဝေဠုဝတီကို သိမ်းပိုက်မှုကြောင့် ညီတော်၏် အလုပ်ကြံခံရရှာပုံကို ထင်မြင်မိလာသည်။ ယခုလည်းမင်းယဉ်နရသိင်္ခ၏ ကျွန်ရင်းအထိန်း တော်သားဖြစ်သော မိမိအားသတ်လေဦးတော့မည်။ သို့ရာတွင်မိမိမှာမကြောက်၊ ဤမျှလောက်သောဓမ္မတာသဘောတရား သင်္ခါအဖြစ်အပျက်များကို ထင်ရှားမျက်မြင်ပင် တွေ့ကြုံဆုံဆည်းခဲ့ရသည့် မိမိအနန္တသူရိယအမတ်သည် တုန်လှုပ်ထိတ်လန့်ခြင်းဖြစ်နိုင်ရအံ့လော၊ မဖြစ်နိုင်။ ထို့ကြောင့်ရဲရင့်တည်ကြည်သောစိတ်ထားနှင့် တရားပြည့်ဝစွာပင်လျှင် သူတယောက်တည်း၊ ကောင်းဘို့ရောက်မူ အစရှိသောအမျက် ဖြေလင်္ကာလေးပိုဒ်ကိုလည်း သတ်အံ့ဆဲဆဲတွင် ရဲရင့်တည်ကြည်သော နှလုံးရှိသည်ဖြစ်၍ မည်သို့မျှ တုန်လှုပ်ထိတ်လန့်ခြင်း မရှိပဲ မသေမီ အမျက်ဖြေလင်္ကာလေးပိုဒ်ကို အေးဆေးတည်ငြိမ်စပ်ဆို၍ မင်းကြီးအား ဆက်ပါဟု အပ်ခဲ့၏။

သူသတ်တို့လည်း သတ်ပြီးမှ စာကို ဆက်၏။ လင်္ကာလေးပိုဒ်ကား

၁၊ သူတည်းတစ်ယောက်၊ ကောင်းဘို့ရောက်မူ၊ တစ်ယောက်သူမှာ၊ ပျက်လင့်ကာသာ−ဓမ္မတာတည့်။
၂၊ ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည် .... ရေပြွက်ပမာ−တသက်လျာတည့်။

[အချို့မူမှာ – ရွှေအိမ်နန်းနှင့်၊ ကြငှန်းတက်သည်၊ ရေပြွက်ပမာ-တသက်လျာတည့်ဟူ၍တိုတိုသာရှိသည်။]

၃၊ ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ အလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖောက်လွဲတတ်သည် .... မချွတ်စသာ−သတ္တဝါတည်း။

[အချို့မူမှာ – ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ပေရာ၊ * အနိစ္စာတည်း-ဟူ၍တိုတိုသာရှိသည်။]

၄၊ ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံ ဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည့်။  

[အချို့မူမှာ – ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံမှ၊ ကြိုက်ကြုံဝိပါက်၊ သံသာစက်၌၊ တုံ့ဖက်မလို၊ အရှင်ကိုလည်း၊ ကြည်ညိုမဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ကြမ္မာတည်း။ ဘုံကျော်မူပေစာမှာ - ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ မန်ခဲ့တုံလျက်၊ သံသာစက်၌၊ တုံ့ဖက်မလို၊ စိတ်မြဲးသိုဝ်၍၊ ကြည်ညိုလွတ်ပြန်၊ သခင်မွန်အား၊ အကျွန်စင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသားအနိစ္စာ၊ သေမြဲရာသည်၊ ကိုယ်ခန္ဓာတည်း။ ဟူ၍တိုတိုသာရှိသည်။]

ဤစာလေးပိုဒ်ကို ဖတ်စေ၍ ကြားတော်မူလျှင် လွှတ်လေဟု မိန့်တော်မူ၏။ သူသတ်တို့လည်း လွန်ခဲ့ပြီဟု နားတော် လျှောက်၏။ မင်းကြီးလည်း နင်တို့မသတ်ခင်က ဤစာကို ဆက်ကောင်းလျက် သတ်ပြီးမှ ဆက်သည်ဟူ၍ သူသတ်တို့ကို မျက်ပြန်လေ၏။ မင်းကြီးလည်း စာကို ကြားတော်မူသည်ကပင် တအောက်မေ့မေ့ တရှိုက်မက်မက် နောင်တကြီးစွာဖြစ်တော်မူ၏။ ထိုမှစ၍ အမျက်တော်ကို ချုပ်ရုပ်ဆည်းတားတော်မူ၏။ နောက်နောင် ငါအမျက်တော်ရှိ၍ သတ်လေဟု အမိန့်တော်ရှိ သော်လည်း တစ်လ ငါးသီတင်းထား၍ စစ်ကြောဘိ၊ သေတန်မှ သေစေ၊ မသေတန်သသူကို လွတ်စေဟူ၍ မင်းဆွေစိုးမျိုး ဖြစ်သော မဟာသမန်းကို အမိန့်တော်ရှိလေသည်ဟူ၍ ဦးကုလားမဟာရာဇဝင်ကြီးပထမအုပ် စာမျက်နှာ-၉၃ ပါရှိသည်။

မဟာရာဇဝင်ကြီးတွင်ပါရှိသောဤစကားရပ်များအရအထက်ပါလင်္ကာလေးပိုဒ်၏အရှိန်အဝါနှင့်အကျိုးသက်ရောက်မှုကိုသိမြင်နိုင်ပေသည်။ မိမိအားအိမ်ရှေ့အရာပေး၍သူကောင်းပြုခဲ့သောနောင်တော်ရင်းကိုအသေသတ်ခဲ့သည့်မင်း၊ မိမိနန်းရရေးအတွက်နောင်တော်အားသတ်ပေးခဲ့သည့် တကယ့်ကျေးဇူးရှင်အမတ်အောင်စွာငယ်ကိုလည်းကွက်မျက်ခဲ့သည့်မင်း၊ မဆီမဆိုင်အထိန်းတော်သားဖြစ်သူအနန္တသူရိယကိုသတ်စေသည့်ဘုရင်နရပတိစည်သူကိုတအောက်မေ့မေ့တရှိုက်မက်မက်ဖြစ်စေခဲ့သည့်ဤလင်္ကာကိုတချို့က “မျက်ဖြေလင်္ကာ" ဟုခေါ်ကြသည်။ ကျွန်ုပ်ကားတော်လှန်ရေးလင်္ကာကဗျာအဖြစ်မြင်မိသည်။ အဘယ့်ကြောင့်ဆိုသော်မလိုလျှင်မလိုသလိုပြုတတ်သော၊ဥပဒေဟူသည်သူတို့၏ပါးစပ်ထဲတွင်သာတည်သောအာဏာရှင်ပဒေသရာဇ်စနစ်၏စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအချက်ကိုရှုတ်ချ၍ ယင်း စနစ်ကိုကျင့်သုံးသောမင်း၏ စိတ်ဓာတ်ကိုပြောင်းလဲသွားစေရန်တော်လှန်ဆုံးမခဲ့သောကြောင့်ပင်တည်း။

ထို့ပြင် လောကတွင် ရန်ကိုခုခံဖို့၊ တွန်းလှန်ဖို့၊ နှိပ်စက်ညှဉ်းပမ်းဖို့၊ သတ်ဖြတ်ဖို့အလုပ်များသည် စင်စစ်ခဲယဉ်းလှသည် မဟုတ်ပေ။ မိမိအာဏာရှိစဉ်၊ ဘုန်းရောင်တောက်ပစဉ်လူသားတိုင်းပြုနေကျဖြစ်သောပြုရဲသော အလုပ်များသာဖြစ်သည်။ ရန်သူပင်ဖြစ်လင့်ကစား သည်းခံနိုင်ဖို့၊ ခွင့်လွှတ်နိုင်ဖို့ဆိုသည်မှာအလွန်တရာခဲယဉ်း၍သူတကာပြုနိုင်ခဲသောကိစ္စဖြစ်သည်။

ဤလောက၌ကိုယ့်အလှည့်ကျလျှင်နွဲ့တတ်ကြသူတွေများလှပေသည်။ အမတ်ကြီးအနန္တသူရိယကားပုထုဇဉ်လူသားတို့ထားရှိရိုး စိတ်ဓာတ်ကိုတော်လှန်ရုံသာမကရန်သူကိုပင်ခွင့်လွှတ်လိုက်ခြင်းဖြင့်လူသားတိုင်းတော်လှန်နိုင်ခဲသောအမှုကိုပြုခဲ့လေသည်။ ထို့ကြောင့် လည်းအနန္တသူရိယအမတ်ကြီး၏ ဤအလင်္ကာလေးပိုဒ်သည်ယနေ့တိုင်အောင်ထင်ရှားလျက်ရှိနေသည်မဟုတ်ပါလော။

အမှန်စင်စစ်နရပတိစည်သူမင်းသည် စိတ်နှလုံးအထူးခက်ထန်လှသည်။ နောင်တော်၏ဥပါယ်တံမျဉ်ကြောင့် ငဆောင်ချမ်းသို့ စစ်ထွက်ရပြီးနောက် နောင်တော်၏ကောက်ကျစ်သောအကြံကိုသိရသည်မှအစ ပထမအကြိမ် မြင်းခံငပြည့်ကိုကွပ်မျက်သည်။ ဒုတိယအကြိမ် နောင်တော်ကို လုပ်ကြံသည်။ တတိယအကြိမ် အောင်စွာငယ်ကိုသတ်လေသည်။ စတုတ္ထအကြိမ်အနန္တသူရိယကို စီရင်သည်။ ပဉ္စမအကြိမ်အနန္တသူရိယကို စီရင်သည့် အာဏာသားတို့အား အမတ်ကြီး၏စာအလင်္ကာကို မသတ်ခင်ကဆက်ကောင်းလျက်၊ သတ်ပြီးမှဆက်ရသလောဟု ဆိုကာ သုတ်သင်သည်။ ဤသို့လျှင် အချိန်ကာလာအနည်းအငယ်အတွင်း အကွပ်အမျက်အစီအရင် များပြားလွန်းလှသောနရပတိစည်သူမင်းကြီး၏စိတ်ရိုင်းစိတ်ကြမ်းကိုပင် ပျော့ပြောင်းသွားလောက်အောင် ပြုပြင်ပေးနိုင်စွမ်းသောအရာသည်ကား အနန္တသူရိယ၏စာအလင်္ကာပင် ဖြစ် တော့သည်။ မင်းကြီးသည်စာအလင်္ကာကိုဖတ်ရှုတော်မူရသည့်အချိန်မှစ၍ တအောက်မေ့မေ့ တရှိုက်မက်မက်ဖြစ်ကာ အမျက်ကိုလည်း ချုပ်ရုပ်၊ ဆည်းတားတော်မူသည့်ပြင် နောက်နောင်ငါအမျက်တော်ရှိ၍ သတ်လေဟုအမိန့်ရှိသော်လည်း တစ်လ၊ ငါးသီတင်းထား၍စစ် ကြောဘိ၊ သေစေတန်မှသေစေ။ မသေတန်သူကိုလွတ်စေ ဟူ၍ပင် အမိန့်တော်ချမှတ်ရှာလေသည်။

ထို့နောက်လည်း ကန်ချောင်း၊ ဆည်မြောင်းပြုပြင်ခြင်း၊ စေတီပုထိုးတည်ထားခြင်း၊ သိန်းဃို(သီရိလင်္ကာ)မှရောက်လာသည့် ဆပဋထေရ်အ မှူးရှိသောသံဃာငါးပါးနှင့်တကွ ပံ့သထူထေရ်အစရှိသည့်တို့အား ဆည်းကပ်ခြင်းအမှုတို့ကိုဆက်လက်ပြုတော်မူဘိသည်။ ဤကားအနန္တ သူရိယအမတ်ကြီးသေအံ့မူးမူးတွင်ရေးသားခဲ့သောအမျက်ဖြေလင်္ကာ၏ကျေးဇူးတစ်ရပ်ပင်ဖြစ်လေသည်။ ထို့ကြောင့်လည်း ဓားသွားထက်ကလောင်သွားသည်ထက်လေသည် ဟူ၍ ဆိုခဲ့ကြသည်မဟုတ်ပါလော။ [၂][၃]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်သုတ အမည်ခံ ဗိုလ်ကြီးဘသောင်းရေး၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ
  2. ဦးကုလားမဟာရာဇဝင်ကြီးပထမအုပ်
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)