ငရမန်ကန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ပုဂံတွင် အနော်ရထာမင်း လွန်၍ သားတော်စောလူးမင်းနန်းတက်လျှင် စောလူးမင်း၏ နုနယ်မှုကိုအခွင့်ကောင်းယူပြီး အောက်အရပ်မှ မွန်တို့ကို စုစည်းပုန်ကန်သည့် ငရမန်ကန်းမှာ မွန်လူမျိုးဖြစ်သည်။စောလူးမင်းနှင့် ငယ်သူငယ်ချင်းများဖြစ်သဖြင့် ပဲခူးကို စားစေသည်ဟုလည်းဆိုသည်။မွန်ဘာသာအားဖြင့် ရမန် မှာ မွန်လူမျိုးဖြစ်ပြီး ကန်း မှာ မြန်မာဘာသာအားဖြင့် ကင်း ဖြစ်သဖြင့် မွန်လူမျိုးတို့၏ အကြီးအကဲတစ်ဦးလည်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

မကြာခဏ ကြွေအံပစ်ကစားခြင်းကို နှစ်ဦးဆုံတိုင်း ကစားလေ့ရှိသည်။တစ်ကြိမ်တွင် ငရမန်ကန်းက ချည်းနိုင်သဖြင့် စောလူးကစိတ်တွင်မကျေမနပ်ဖြစ်သည်။ ငရမန်ကန်းကလည်းထိုမကျေနပ်မှုကို ကြီးထွားစေရန် ပရိယာယ်ဖြင့် စကားနာထိုးရာ နောက်ဆုံးတွင် စောလူးက “ငရမန်ကန်း..သင်ယောင်္ကျားကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ပဲခူးကနေ ငါ့ကိုပုန်စားချေ” ဟုဆိုလေရာမှ ငရမန်ကန်း၏ ပုန်ကန်မှုစလေသည်။ (စောလူးမင်းနှင့်ကြွေအံကစားစဉ် တစ်ချီတွင်ငရမန်ကန်းနိုင်သွားလေရာ ငရမန်ကန်းက လက်ပမ်းပေါက်ထ၍ခတ်သည် (လက်ခမောင်းခတ်သည်) ဟုဆိုပါသည်။ ထိုအခါ ဘုရင်ဖြစ်သူစောလူးက ကြွေအံတစ်ပွဲနိုင်ကာမျှဖြင့် ဤမျှဝင့်ဝါမောက်ကြွားရမည်လောဟုအမျက်ဝင်ကာ သင်တစ်ကယ်အစွမ်းအစရှိပါကငါ့ကိုပုန်စားချေဟု ဆိုကြောင်းမှတ်သားရဖူးပါသည်။)

နှစ်ဦးသားစစ်ပြိုင်ရာ ပြည်တော်သာကျွန်းတိုက်ပွဲတွင်လည်း ပရိယာယ်ဖြင့်ပင် ပုဂံတပ်ကို အနိုင်ယူပြီး စောလူးမင်းကို အမိဖမ်းနိုင်ခဲ့သည်။ ငရမန်က သစ်တပ်တည်၍တပ်စွဲထားသည်ဆို၏။ (စောလူးမင်းမရှိ၍ တိုင်းရေးပြည်ရာမငြိမ်မသက်ရှိရာတွင် မူးမတ်များက ကျန်စစ်သားကိုမင်းပြုရန်တိုင်တွန်းသော်လည်း ကျန်စစ်သားကလက်မခံပဲ ငါ၏အရှင်ကိုရှာဖွေကယ်တင်ဦးမည်ဆိုကာ ငရမန်၏တပ်စခန်းအတွင်းခိုးဝင်၍ အချုပ်နှောင်တွင်းမှစောလူးမင်းအား ကယ်တင်ရန်ကြံသည်။ သို့ရာတွင် စောလူးမင်းကတွေးမိသည်မှာ ကျန်စစ်သားကို ငါလည်း မျက်ဖူးသည်၊ ငါ့ဖခင်လည်း အမျက်ထားဖူးသည်၊ ယခုငါ့အား သတ်ရန်လာရောက်ခိုးယူခြင်းဖြစ်ရာသည်။ ငရမန်ကား ငါနှင့် နို့စို့ဖက်ဖြစ်၍ငါ့အားမသတ်ရာ ဟူ၏။ ထို့ကြောင့် ကျန်စစ်သားငါ့ကိုခိုးယူလေပြီဟုအော်ဟစ်အသိပေးလေရာ ကျန်စစ်သားက "ကျေးဇူးမသိသော မင်းဆိုးမင်းညစ် ကျွန်သဘောက်၏လက်တွင် ခွေးသေဝက်သေ သေရစ်ပေရော့" ဟုဆိုကာပစ်ချထားလျက်ကိုယ်လွတ်တိမ်းရှောင်သွားခဲ့သည်။) နောက် ငရမန်ကန်းသည် စောလူးမင်းကိုကွပ်မျက်လိုက်သည့်အတွက် ကျန်စစ်သား မင်းဖြစ်လာပြီး ပုန်ကန်မှုများကို ဆက်လက်နှိမ်နှင်းရာ ငရမန်ကန်းလည်းရေကြောင်းမှစုန်ဆင်းပြေးရလေသည်။ သို့ရာတွင် ကျန်စစ်သား၏ လေးသည်တော် မုဆိုးငစဥ့်က လမ်းခရီးမှပုန်းကွယ်စောင့်လတ်၍ ထူးဆန်းသော ငှက်မည်သံပြုရာ တင်းတိမ်ကိုမပြီးစူးစမ်းသောငရမန်လည်း မြှားထိမှန်ကာ သေရလေသည်။


ငရမန်ကာန်း။ ။ ငရမန်ကာန်းသည် အနော်ရထာမင်းက မွန်၊ မြန်မာနှင့် ပျူအင်အားစုများကို ပေါင်းစည်း၍ တည်ထောင်ထားခဲ့သော ပုဂံနိုင်ငံတော်ကို ပြိုကွဲအောင်ကြံစည်ခဲ့သူ ဖြစ်သည်။ ငရမန် ကာန်းသည် စောလူးမင်း၏ အထိန်းတော်သား ဖြစ်သည်။ အနော်ရထာမင်း နတ်ရွာစံ၍ စောလူးမင်းနန်းတက်သောအခါ နို့စို့ဖက်ဖြစ်ဘူးသူ ငရမန်ကာန်းအား ယုံကြည် ချစ်ခင်သည့် အလျောက် ပဲခူးမြို့ကို စားစေသည်။ပဲခူးမြို့သည် ထိုစဉ်က ဆိပ်ကမ်းမြို့ကြီးဖြစ်၍ အလွန်စည်ပင် ဝပြော ချမ်းသာသော မြို့ကြီးဖြစ်လေသည်။ မွန်နှင့် မြန်မာတို့ ရောနှောနေထိုင် စီးပွားရှာသောမြို့လည်း ဖြစ်သည်။ ထိုကဲ့သို့ပင် နိုင်ငံ၏ မြို့တော်ဖြစ်သော ပုဂံ၌လည်း မွန်များ၊ ပျူများ၊ မြန်မာများ ရောပြွန်း၍ နေထိုင်ကြကြောင်းကို မွန်၊ မြန်မာ၊ ပျူစာများဖြင့် ကျောက်စာထိုးထားခဲ့သည်တို့ကို ထောက်၍ သိနိုင်သည်။

ငရမန်ကာန်းသည် ချမ်းသာကြွယ်ဝ၍ စည်ပင်သာယာသော ပဲခူးမြို့ကို အုပ်ချုပ်ရသည်မှစ၍ လောဘရမ္မက် တက်လာကာ ပိုင်နိုင်စွာ မင်းလုပ်လိုဟန်တူ၏။ လူအင်အား၊ ပစ္စည်းအင်အား တောင့်တင်းလှသော ပဲခူးမြို့ကို အားကိုးပြု၍ ပုန်ကန်ရန် အကြံရှိ၏။ တစ်ခါသော်စောလူးမင်းနှင့် ငရမန်ကာန်းတို့ အန် ကစားကြရာတွင် ငရမန်ကာန်းနိုင်၍ မလန်းပေါက် (လက်ပမ်း ပေါက်) ထ၍ ခတ်၏။ စောလူးမင်းက အန်တစ်ပွဲမျှနိုင်သည် ကို မလန်းပေါက်ထ၍ ခတ်သည်။ ယောကျာ်းဟုတ်နိုးသော် ပဲခူးနှင့် ပုန်စားလေဟု ငရမန်ကာန်းအား မိန့်တော်မူသည်။ ငရမန်ကာန်းလည်း မူလကပင် အကြံရှိသူဖြစ်၍ ပဲခူးသို့ သွားပြီးသော် ရဲမက်ဗိုလ်ပါစုရုံးလျက် ရေအားကြည်းအားဖြင့် ပုဂံသို့ ချီလာလေ၏။

ငရမန်ကာန်းတပ်သည် ပြည်တော်သာကျွန်း(မိကျောင်းရဲ အောက်ရှိ ကျွန်းတောကျွန်း)သို့ ရောက်သော် ခေတ္တစခန်းချ၏။ ထိုသတင်းကိုကြားလျှင် ရဲမက်ဗိုလ်ပါ ဆင်လုံးမြင်းရင်း အများ နှင့် ကျန်စစ်သားကို တပ်ဦးချီစေပြီး စောလူးမင်းသည် နောက် တပ်ပြုလျက် လိုက်၏။ ကျန်စစ်သား၏ စစ်အရာ၌ လိမ္မာ သည်ကို သိသဖြင့် ငရမန်ကာန်းသည် အကြံပြု၍ ဤသို့ စီရင်သည်။ ရွှံ့ညွန့်ထူပြော၍ ဆင်ခင်း မြင်းခင်း မသာသော အရပ်တွင် ဆင်စီး၍ စစ်ဆင်ဟန် အရုပ်ပြုလုပ်ထား၏။ စောလူးမင်း စစ်တပ်သည်တို့ မိုးချုပ်မှ ရောက်လာရာ၊ ငရမန် ကာန်းသည် လရောင်ဝိုးဝါးတွင် တိုက်စစ်ဆင်လေသည်။ စောလူးမင်းသည် အရုပ်ကို အကယ်ထင်မှတ်၍ တိုက်လေသော် စီးတော်ဆင် ရွှံ့သို့ကျ၍ ကျွံချေ၏။ စောလူးမင်းလည်း ဆင် ထက်မှ ဆင်းသက်ပြေးရကာ စစ်တပ်ပျက်လေသည်။ ကျန်စစ် သားလည်း ပုဂံသို့ ဆုတ်ရ၏။ ငရမန်ကာန်းလည်း စောလူးမင်း နှင့် ကျန်စစ်သားကို မရလျှင် မမေ့မလျော့ မနေကောင်းဟု စစ်သည်ဗိုလ်ပါတို့နှင့် အလုံအခြုံတပ်မြို့ပြုကာ နေလေသည်။ ငရမန်ကာန်းသည် စောလူးမင်းအား ပုန်းအောင်းရာနေရာကို သိရှိဖမ်းမိလျှင် အကျဉ်းချထားလျက် ရေအား ကြည်းအားဖြင့် ဆန်တက်လေသည်။ ပုဂံတောင် မြင်းကပါးအရပ်တွင် တပ်ကြီး တည်၍ စခန်းချစဉ် ကျန်စစ်သားသည် ငရမန်ကာန်း တပ်တွင်း သို့ ဝင်၍ စောလူးမင်းအား ခိုးယူရာ မအောင်မြင်ချေ။ ငရမန် ကာန်းကား စောလူးမင်းကို ပျူမင်းထီး ငှက်ကြီး ခေါင်းမြှုပ်ရာ အနုရာဓမည်သော အရပ်တွင် ကွပ်မျက်လိုက်၏။ ယင်းသို့ ကွပ်မျက်ပြီးနောက် ပုဂံတွင် မင်းပြုရန် ရေအား ကြည်းအားဖြင့် မြို့သို့ ချဉ်းကပ်လေသည်။ ထိုအခါ မှူးမတ်တို့က ကျန်စစ်သား သည် လယ်တွင်းတစ်ဆဲ့တစ်ရွာကို ချုပ်၍ မင်းပြုနေသဖြင့် ကျန်စစ်သားကို စစ်ထိုး၍အောင်မှ မင်းပြုပါဆိုလျက် မြို့ တံခါးကို မဖွင့်ဘဲ အခိုင်အလုံ နေကြ၏။ ငရမန်ကာန်း သည် ကျန်စစ်သားကို လုပ်ကြံဦးမည်ဟု ရေအားကြည်းအားဖြင့် ဆန်တက်၍ အင်းဝတည်ရာအရပ်၌ တပ်တည် နေလေသည်။ ထိုအခါ ကျန်စစ်သားသည် အင်းဝအရပ်သို့ချီ၍ ငရမန်ကာန်း ကို တိုက်၏။ အင်းဝစစ်ပွဲ၌ ငရမန်ကာန်း အရေးနိမ့်သဖြင့် မြင်းကပါသို့ ဆုတ်ရလေသည်။ ကျန်စစ်သားလည်း ရွှေစည်းခုံ တောင်တွင် တပ်တည်၍ နေ၏။ တစ်ဖန် မြင်းကပါ၌ တိုက်ပွဲ ဖြစ်ပြန်ရာ ငရမန်ကာန်း တပ်ဆုတ်ရပြန်လေသည်။ငရမန်ကာန်း စုန်ပြေးကြောင်းကို ကျန်စစ်သားသိလျှင် မုဆိုးငစဉ့်ကို လိုက်၍ လုပ်ကြံစေ၏။ မုဆိုးငစဉ့်လည်း ငရမန်ကာန်းကို ရွာသာ အောက်တွင်မီ၍ ရေသဖန်းပင်ထက်မှ သာယာလှသောငှက်၏ အသံကဲ့သို့မြည်၏။ ငရမန်ကာန်းလည်း ရွှေဖောင်တံခါးကို ဖွင့်၍ သာယာသောအသံရှင် ငှက်ကို ကြည့်စဉ် ချောင်းနေ သော ငစဉ့်ကလေးနှင့်ပစ်ရာ မျက်စိကိုမှန်၍ အသက်ဆုံးရ လေသည်။ ထိုငစဉ့်ကူးအရပ်တွင် ငရမန်ကာန်းဆုံးလျှင် သူ၏ တပ်ပျက်လေသည်။ မွန်၊ မြန်မာ၊ ပျူတို့၏ ပုဂံနိုင်ငံတော်ကြီး လည်း ပြိုကွဲခြင်းအန္တရာယ်မှ လွတ်ခဲ့လေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)