စုက္ကတေး

ဝီကီပီးဒီးယား မှ

စုက္ကတေးမင်းသည် အမှန်တကယ်မှာ တောင်သူကြီးမင်းနှင့် အလယ်ပြင်သည် မိဖုရားကြီးမှ ပဋိသန္ဓေဖြစ်လေသည်။ ကွမ်းဆော်ကြောင်ဖြူမင်း နန်းတက်ပြီးနောက်တွင် တောင်သူကြီးမင်း တင်မြှောက်ခဲ့သော မိဖုရား ၃ပါး ကိုပင် မိဖုရားဆက် တင်မြောက်ခဲ့သည်။ စုက္ကတေးသည် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် အလယ်ပြင် မိဖုရားမှ မွေးဖွားသော သားတော်ဖြစ်လေသည်။ ကျဉ်စိုးမင်းသားကို ကွမ်းဆော်ကြောင်ဖြူမင်းကြီး၏ တောင်ပြင်သည် မိဖုရားကြီးမှ ဖွားမြင်သည်။ စုက္ကတေးထက် ကျဉ်စိုးမင်းသားက ၆-လကြီးသည်။ စုက္ကတေးက ငယ်ရွယ်စဉ်ကပင် ပါးရည်နတ်ရည်ရှိသည်။ ကျဉ်စိုးမင်းသားသည် မိဖုရားကြီးမှ မွေးဖွားသောကြောင့် အရေးပါလှသည်။ ထို့ကြောင့် စုက္ကတေးသည် ကျဉ်စိုးမင်းသားထံ အမြဲချည်းကပ်သည်။

စုက္ကတေးမင်းသား၏ အကြံနှင့် ကျဉ်စိုးမင်းသားတို့ ပူးပေါင်းကာ ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး ကျောင်းတော် ရေစက်ချအလှူ၌ သာဓုခေါ်ပေးရန် မင်းကြီးကို ဖိတ်ကြားရာ ကွမ်းဆော်ကြောင်ဖြူမင်းလည်း ကြွရောက်လေသည်။ ကျောင်းရောက်လျှင် သီတင်းသုံးမည့် ပုဂ္ဂိုလ် မတွေ့သဖြင့်မေးရာ မင်းကြီးပင်ဖြစ်သည်ဟုဆိုကာ နန်းချလိုက်လေသည်။ စုက္ကတေးမင်းသားသည် နောင်တော် ကျဉ်စိုးမင်းသားကို နန်းတင်လေသည်။ ကျဉ်စိုးမင်းသား ၆-နှစ်မျှ ထီးနန်းစိုးစံပြီးနောက် နတ်ရွာစံသောအခါ ညီတော် စုက္ကတေးနန်းတက်လာသည်။

စုက္ကတေးမင်းနှင့် အဖေတူ အမေကွဲ ဖြစ်သော အနော်ရထာ၏ မယ်တော်ကို မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က စုက္ကတေးမင်းက အနော်ရထာအား ပြောခဲ့သည့် "ညီသားနောင်မယ်"ဆိုသည့် စကားရပ်မှာ သမိုင်းတွင်ခဲ့ရသည်။ အနော်ရထာသည် စုက္ကတေးမင်းအား မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး စစ်တိုက်ရန် လူသူစုဆောင်းခဲ့သည်။ ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကျေပျက်စီးမည် ကို မလိုလားသဖြင့် နောင်တော် စုက္ကတေးမင်း နှင့် မြင်းကပါအရပ်တွင် တစ်ဦးချင်းစီးချင်းထိုးခဲ့သည်။ နောက်ဆုံးတွင် အနော်ရထာ အနိုင်ရရှိပြီး စုက္ကတေးမင်း နတ်ရွာစံတော်မူသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး ၏ ပုဂံရွှေပြည်မှ သူရဲကောင်းများ ၂၀၀၆-ခု၊ ဧပြီလ
  • မှတ်ချက်။။ သက္ကရာဇ်များကို ဦးကုလားရေးသော ရာဇဝင်ချုပ်စာအုပ်မှ အမှန်ယူ ရေးသားပါသည်။