ပျူမင်းထီး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပျူစောထီးက ရှူးပျံငှက်ကြီးအား ပစ်ခတ်နေပုံကို ပန်းချီဆရာတစ်ဦးက စိတ်မှန်းရေးဆွဲထားပုံ

ပျူမင်းထီး(ခ) ပျူစောထီး(၁၆၇-၂၄၂)[ပြင်​ဆင်​ရန်​]

ရှေးအခါက ပုဂံပြည်တွင် စိုးစံနေသော သမုဒ္ဒရာဇ်မင်းလက်ထက်၌ ငှက်ကြီး-ဝက်ကြီး-ကျားကြီးနှင့် ရှူးပျံကြီး (သတ္တဝါကြီးလေးကောင်)တို့သည် တိုင်းပြည်မငြိမ်သက်အောင် နှောင့်ယှက် မင်းမူနေကြသည်။ ထိုရန်သူတို့ကို ဖြိုခွင်းရန်အတွက် ပျူစောထီးမင်းသား ပေါ်ထွက်လာလေသည်။

လေးအတတ်ပညာ[ပြင်​ဆင်​ရန်​]

ပျူစောထီးသည် တကောင်းမင်းမျိုး အဆက်အနွယ်ဖြစ်သော သတိုးအာဒိစ္စရာဇာမင်း၏ သားတော်တစ်ပါးဖြစ်သည်။ သူသည် တိုင်းပြည် မငြိမ်မသက်ဖြစ်စဉ်အခါ ဤ ပုဂံပြည်အနီးသို့ ခိုအောင်းဝင်ရောက်လာ၍ လူအိုလင်မယားထံတွင် ခေတ္တမှီခိုနေထိုင်ခဲ့ရသည်။ လေးပစ်ခြင်းအတတ်ပညာကိုကား အသက် ၇ နှစ်သားအရွယ်ကပင် ကျွမ်းကျင်စွာ တတ်မြောက်လာခဲ့သည်။ တစ်နေ့သော် လေးအတတ်ကို စမ်းသပ်ကြည့်အံ့ဟု စိတ်ကူးကြံစည်မိသော ပျူစောထီးသည် မိမိ၏လေးမြားကို ယူ၍ တောထဲသို့ ထွက်လာလေ၏။ တောထဲတွင် ဝက်ကြီးကို တွေ့ရှိသဖြင့် လေးဖြင့် ပစ်ခွင်းလိုက်လေသည်။ ဝက်ကြီးမှာ လေးမြား၏ ဒါဏ်ချက်ကြောင့် သေဆုံးသွားတော့သည်။

ငှက်ကြီးကို ပစ်ခွင်းခြင်း[ပြင်​ဆင်​ရန်​]

ဝက်ကြီးသေပြီးနောက် ၃ ရက်ကြာသောအခါ ငှက်ကြီး ရှိရာသို့ ထွက်လာခဲ့ပြန်သည်။ ထိုနေ့တွင် ငှက်စာသွားပို့သူသည် မိန်းမပျို ခုနှစ်ယောက်ကို ခေါ်ဆောင်၍ ငှက်စာကျွေးရန်လာခိုက် ဖြစ်သဖြင့် ပျူစောထီးနှင့် တွေ့ကြသောအခါ ပျူစောထီးက မိန်းမပျို ခုနှစ်ယောက်၏ အသက်ကို ကယ်ဆယ်ပြီးလျှင် ငှက်ကြီးကို လေးမြားဖြင့် ပစ်သတ်လိုက်လေသည်။

မင်းအဖြစ်ကို ရရှိခြင်း[ပြင်​ဆင်​ရန်​]

ထိုအကြောင်းကို ပုဂံပြည့်ရှင်မင်းကြီး ကြားသိရသော် အလွန်နှစ်သက် အားရတော် မူသဖြင့် သမီးတော် စန္ဒာဒေဝီနှင့် ပျူစောထီးကို လက်ထက် ထိမ်းမြားပေး၍ အိမ်ရှေ့မင်း ရာထူးဖြင့် ချီးမြှောက်တော်မူသည်။ သို့သော် သမုဒ္ဒရာဇ်မင်း လွန်သောအခါတွင် ပျူစောထီးက ကျေးဇူးရှင် ဆရာရသေ့ရသေ့ကြောင်မင်း ကို ပင့်ဖိတ်၍ ပုဂံတွင် မင်းပြုစေသည်။ ရသေ့ကြောင်မင်း မင်းစည်းစိမ် ၁၅-နှစ်တွင် နတ်ရွာစံတော်မူလေသည်။ ထို့နောက် သက္ကရာဇ် ၈၉-ခုနှစ်တွင် ပျူစောထီး နန်းတက်၏။ ရွာ(၁၉)ရွာကိုပေါင်း၍ အရိမဒ္ဒနာသမုတ်၍ မြို့တည်လေသည်။

ပျူစောထီးသည် ဥမှပေါက်သည့်အတွက် ဥခွန်ပေါက်ရာ အရပ်၌ ဥမင်နှင့် ဘုရား တည်တော်မူသည်။ ငှက်ကြီးခွင်းရာအရပ်၌ ဥမင်နှင့် ဘုရားတစ်ဆူ၊ လေးရရာအရပ်၌ ဘုရားတစ်ဆူ၊ မြှားရရာအရပ်၌ ဘုရားတစ်ဆူ၊ ငှက်တောင်ပစ်ရရာ၌ ဘုရားတစ်ဆူ၊ သမီးငှက်ရရာ၌ ဘုရားတစ်ဆူ၊ ကျားကြီးခွင်းရာအရပ်၌ ဘုရားတစ်ဆူ၊ ဝက်ကြီးခွင်းရာအရပ်၌ ဘုရားတစ်ဆူ၊ ရှူးပျံခွင်းရာအရပ်၌ ဘုရားတစ်ဆူ၊ ဗျိုင်းဂူ၊ ဖွတ်ဂူ၊ ဘားဂူ၊ ပေါက်ပင်ဂူ၊ ဗူးဘုရားတစ်ဆူ၊ စသည့်ကောင်းမှုများကိုလည်း ပြုတော်မူသည်။


တရုတ်မြို့ကို တည်တော်မူသည်။ တရုတ်မြို့၌ သီရိဓမ္မာသောကမင်း ကောင်းမှု မုဋ္ဌောစေတီကိုလည်း ထပ်မံ၍ ပြုပြင်တော်မူသည်။ ရွာသစ်ကြီးအရပ်၌ ဆံတော်ရှင်ဘုရားကိုလည်း တည်တော်မူသည်။ ၎င်းဆံတော်ရှင်ဘုရားကို ငတပါးမင်း စ၍ တည်သည်ဟူ၍ သူကောင်းတို့ ပြောကြသည်။ မုံရွေးအရှေ့၊ ဆင်ဖြူရတောင်ထိပ် သီရိဓမ္မာသောကမင်း ကောင်းမှု မုဋ္ဌောဘုရားကိုလည်း တည်တော်မူသည်။ နောင် မိုးညှင်းမင်းတို့ ထပ်မံ၍ တည်တော်မူလေပြီး မုဋ္ဌော မတွင်၊ ရွှေမြင်တင်ဟု တွင်သည်။ မင်းစည်းစိမ် (၇၅)နှစ်တွင် အနိစ္စရောက်တော်မူသည်။ [၁]


ပျူစောထီးသည် အလွန်ပင် ခွန်အားဗလ ကောင်းသဖြင့် အသက် ၁၁၀ တိုင်အောင် ထီးနန်းစိုးစံခဲ့ရသည်။ ငှက်ကြီးကို ပစ်သတ်သော နေရာအား ယခုထက်တိုင် "ငှက်ပစ်တောင်" ဟု ခေါ်နေကြသည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. အရိယဝံသ၊ အာဒိစ္စရံသီ မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သော စေတိယကထာ မည်သော ရာဇဝင်ချုပ် (၂၀၀၃) သီတဂူကမ္ဘာ့ဗုဒ္ဓသက္ကသိုလ် သုတေသနနှင့် ကျမ်းပြုဌာနက စီစဉ်ပုံနှိပ်ထုတ်ဝေသည်။
  2. မြန်မာ့သမိုင်းပုံပြင်၊ ၁၉၅၂ ခုနှစ်၊ စာမျက်နှာ-၁၈