ကမ္ဘာဂြိုဟ်

From Wikipedia

ကမ္ဘာကိုအာကာသမှမြင်ရပုံ

ကမ္ဘာဂြိုဟ်(Earth) သည် လူသားများ၊ တိရိစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ ကမ္ဘာတွင် လတစ်စင်းသာရှိသည်။ ကမ္ဘာသည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး တစ်နှစ်ဟုသတ်မှတ်ကြသည်။ နေသည် ကမ္ဘာကို ထွန်းလင်းရန် အလင်းရောင်ပေးသည်။

ကမ္ဘာသည် လုံးဝဝိုင်းစက်မနေသော စက်ဝိုင်းပုံရှိသည်။ ကမ္ဘာသည် သူ၏ဝင်ရိုးပေါ်တွင် ကိုယ်တိုင် အနောက်မှအရှေ့သို့ လှည့်ပတ်နေသဖြင့် ကမ္ဘာ၏နေရာတိုင်းသည် နေ့အချိန်တွင် အလင်းရောင်ရရှိ၍ ညအချိန်တွင် မှောင်မိုက်နေကြသည်။ ကမ္ဘာပေါ်ရှိရေများမှာ အေးခဲမသွားရန်နှင့် ရေနွေးငွေ့အဖြစ်သို့ပြောင်းလဲမသွားရန်နေမှ သင့်တော်သော အပူချိန်ကို ရရှိသည်။

ကမ္ဘာ၏ ၇၁ ရာခိုင်နှုန်းခန့်သည် သမုဒ္ဒရာများအတွင်းမှ ဆားငန်ရေတို့ဖြင့် ဖုံးလွှမ်းနေသည်။ ကမ္ဘာပေါ်ရှိ တိုက်ကြီး ၇ တိုက်သည် သမုဒ္ဒရာထက်၌ ပေါ်ထွက်နေကြပြီး မြေပြင် အဖြစ်တည်ရှိနေကြသည်။ အန္တာတိကတိုက် တစ်တိုက်မှာမူ တစ်တိုက်လုံးနီးပါး ရေခဲတို့ဖြင့် ဖုံးလွှမ်းနေပြီး ရေခဲပြင်အထက်၌ မြေပြင်အနည်းငယ်သာရှိသည်။ ထို့အပြင် ကမ္ဘာပေါ်တွင် သေးငယ်သော ကျွန်းများ အမြောက်အများပင်ရှိသည်။

ကမ္ဘာ၏ မြောက်ဝင်ရိုးစွန်း နှင့် တောင်ဝင်ရိုးစွန်းတို့မှာ အခြားနေရာများနှင့် နှိုင်းယှဥ်လျှင် နေရောင်ခြည်ရရှိမှု လျော့နည်းသဖြင့် အလွန်အေးပြီး ရေခဲတို့ဖြင့်ဖုံးလွှမ်းနေသည်။

နေရောင်ခြည်မှ အပူရှိန်သည် သမုဒ္ဒရာရေတို့ကို ရေငွေ့အဖြစ် ပြောင်းလဲစေပြီး တိမ်တိုက်များဖြစ်ပေါ်စေသည်။ တိမ်တိုက်များသည် အန္တရာယ်ဖြစ်စေနိုင်သော ခရမ်းလွန်ရောင်ခြည်များ၏ရန်မှ ကမ္ဘာမြေကို အကာအကွယ်ပေးသည်။ အကယ်၍ တစ်နေရာထဲတွင် တိမ်တိုက်အများအပြားရှိပါက မိုးရွာကျစေသည်။ ရေငွေ့များသည် ရေအဖြစ် ပြန်လည်ပြောင်းလဲပြီး ကုန်းပေါ်သို့ ပြန်၍ ရွာကျကာ မြစ်အမြောက်အများကို ဖြစ်ပေါ်စေသည်။

ကမ္ဘာသည် လူသားတို့သိရှိသမျှ သက်ရှိများနေထိုင်သော တစ်ခုတည်းသော နေရာဖြစ်သည်။ ကမ္ဘာ၏ အရည်အဖြစ်ရှိသော ရေထုမှ သက်ရှိများ ရှင်သန်ခြင်းအတွက် လုံလောက်သော အကြောင်းတစ်ရပ်ဖြစ်စေသည်။ မိုးအနည်းငယ်သာ ရွာကျသော နေရာများကို ကန္တာရများဟုခေါ်သည်။

ကမ္ဘာသည် တစ်ခြမ်းသို့ အနည်းငယ်မျှ တိမ်းစောင်းနေပြီး နေကို လှည့်ပတ်နေသည်။ ထို့ကြောင့် တစ်နှစ်တာ၏ အချိန်ကာလတစ်ခုတွင် မြောက်ဝင်ရိုးစွန်းမှာ နေ၏အပူချိန်ကို ပိုမိုရရှိပြီး ၆ လမျှကြာသော အခါ တောင်ဝင်ရိုးစွန်းမှာ နေ၏အပူချိန်ကို ပိုမိုရရှိသည်။ ထို့ကြောင့် ရာသီဥတုလေးခုဖြစ်သော နွေရာသီ(summer) ၊ ဆောင်းဦးရာသီ(autumn) ၊ ဆောင်းရာသီ (winter)နှင့် နွေဦးရာသီ(spring) တို့ကို ဖြစ်စေသည်။

ကမ္ဘာပေါ်တွင် တောင်များနှင့် မီးတောင်များရှိသည်။ သူတို့သည် ကမ္ဘာမြေကြီး၏ အတွင်းပိုင်း နက်ရှိုင်းသော နေရာမှ ပူပြင်းသော ကျောက်သားများ၏ လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်စေသည်။ တစ်ခါတစ်ရံတွင် ကျောက်သားများလှုပ်ရှားချိန်၌ မြေကြီးကို လှုပ်ရှားစေသော ငလျင်များဖြစ်ပေါ်စေသည်။


Contents

[ပြင်​ဆင်​ရန်​] ကမ္ဘာ၏အစ

ကမ္ဘာမည်သို့ စတင်ဖြစ်ပေါ်ခဲ့သည်ကို တစ်စုံတစ်ဦးကမျှ အတိအကျမပြောနိုင်ပေ။ သို့သော် သိပ္ပံပညာရှင်တို့တွင်ရှိသော အကောင်းဆုံးယူဆချက်(သီအိုရီ) မှာ ကမ္ဘာသည် ပြားချပ်နေသော ဓာတ်ငွေ့များနှင့် အမှုန်အမွှားများမှ နှစ်ပေါင်း ၄.၅၅ ဘီလီယံကျော်ခန့်က ဖြစ်ပေါ်ခဲ့သည် ဆိုသော အချက်ဖြစ်သည်။ ဆွဲငင်အား (အရာအားလုံးကို အတူတကွဖြစ်အောင်ဆွဲထားသောအား) သည် ဓာတ်ငွေ့များကို ကြီးသထက်ကြီးသော အရည်ပျော်နေသောကျောက်တို့၏ ဘောလုံးသဏ္ဌန်အစုအဝေးဖြစ်အောင် ဆွဲငင်ပြီး နှစ်သန်းပေါင်းများစွာကြာသောအခါ အလွန်ပင် ဖြည်းညင်းစွာအေးခဲသွားစေသည်။ ထိုယူဆချက်အရ လေးလံသောအရာဝတ္ထုတို့သည် ဘောလုံး၏ အတွင်းပိုင်းတွင် နစ်မြုပ်နေကြပြီး သိပ်သည်းသော အများအားဖြင့် သံတို့ဖြင့် ဖွဲ့စည်းထားသော ကျောက်သားတို့ဖြင့် ကမ္ဘာမြေ၏ ဗဟိုထုကို ဖြစ်ပေါ်စေသည်။ သိပ်သည်းဆနည်းသော အရာဝတ္ထုတို့မှာ မျက်နှာပြင်ပေါ်တွင် ကျန်ရှိနေကြပြီး အေးခဲသွားကာ ကျောက်စိုင်ကျောက်သားတို့ဖြင့်ပြီးသော မျက်နှာပြင်အလွှာကို ဖြစ်စေသည်။ မျက်နှာပြင်အလွှာ၏ ပြင်ပရှိ ဓာတ်ငွေ့တို့မှ လေထုကိုဖြစ်ပေါ်စေသည်။

နောက်ပိုင်းအချိန်များတွင် သိပ္ပံပညာရှင်တို့က အင်္ဂါဂြိုဟ်၏ အရွယ်ပမာဏမျှ ရှိသော ဂြိုဟ်တစ်ခုက ကမ္ဘာကို ဝင်တိုက်ပြီး ကြီးမားသော အစိတ်အပိုင်းတစ်ခုသည် အာကာသအတွင်းသို့ လွင့်စင်သွားသည်ဟု ယူဆကြသည်။ ထိုယူဆချက်အရ ကမ္ဘာသည် ပျက်စီးပြီး အရည်ပျော်နေသော ကျောက်သားများအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ သူတို့၏ယူဆချက်မှာ ဂြိုဟ်နှစ်ခု တစ်ခုနှင့်တစ်ခု ဝင်တိုက်ပြီးသော အချိန်၌ မြောက်များလှစွာသော ကျောက်သားများနှင့် အမှုန်အမွှားသည် ကမ္ဘာကိုဝန်းရံနေသော ခါးပတ်တစ်ခုဖြစ်စေကာ ထိုအရာတို့သည် တဖြည်းဖြည်းစုစည်း၍ လကိုဖြစ်ပေါ်လာစေသည် ဟူ၍ ဖြစ်သည်။

ထိုယူဆချက်မှန်ကန်ပါက ထိုအချိန်များတွင် လသည် ကမ္ဘာနှင့် ယခုထက်ပို၍ နီးနေမည်ဖြစ်ပြီး ကမ္ဘာသည် ယခုထက်ပို၍ မြန်ဆန်စွာ ဝင်ရိုးပေါ်၌ လည်ပတ်နေမည်ဖြစ်ကာ နေ့တာမှာ ပို၍တိုတောင်းနိုင်သည်။ (နေ့တစ်နေ့လျှင် ၁၀ နာရီထက်လျော့နည်းမည်။) အချို့သောသိပ္ပံပညာရှင်များက ထိုသို့ တိုက်ခိုက်မှု မဖြစ်ပေါ်ခင်ကတည်းက ကမ္ဘာပေါ်တွင် သက်ရှိများရှိသည်ဟု ယူဆပြီး တိုက်ခိုက်မှုကြောင့် အားလုံးနီးပါး သေဆုံးကုန်သည်ဟု ယူဆကြသည်။ ထို့ကြောင့် ကမ္ဘာနှင့် လတို့ သည် သက်တမ်းအတူတူမျှရှိမည်ဟု ယူဆကြသည်။ ထိုယူဆချက်သည် လ၌ အဘယ့်ကြောင့် သံတို့ဖြင့် ဖွဲ့စည်းထားသော ဗဟိုချက်မရှိခြင်း အကြောင်းကို သဘောပေါက်နားလည်စေသည်။

ကမ္ဘာသည် ၁၀၀ ဒီဂရီ ဆဲလ်စီးယပ် (၂၁၂ ဒီဂရီဖာရင်ဟိုက်) အောက် အပူချိန်သို့ ကျဆင်းလာသောအခါ လေထုထဲမှ ရေနွေးငွေ့တို့က မိုးအဖြစ်ရွာကျ ကြသည်။ ရေသည် မျက်နှာပြင် အလွှာထုမှ အကွဲကြောင်းများအတွင်းကို ဖြည့်ဆည်းပြီး ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ မြစ်များ၊ ကန်များ နှင့် သမုဒ္ဒရာများကို ဖြစ်စေသည်။

ကမ္ဘာမည်သို့စတင်ဖြစ်ပေါ်သည် ဆိုသောအချက်နှင့်ပတ်သက်၍ အခြားသော ဇာတ်လမ်းများ အမြောက်အများရှိပြီး ဖန်ဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသည် ဟူသော ဒဏ္ဍာရီလည်းရှိသည်။ ဘာသာတရားများတွင် ကမ္ဘာမည်သို့ဖြစ်လာသည် ဆိုသောအချက်နှင့်ပတ်သက်၍ ကွဲပြားခြားနားသော ယူဆချက်များရှိကြသည်။

[ပြင်​ဆင်​ရန်​] ကမ္ဘာ၏အနာဂတ်

နေသည် နောင် ဘီလီယံပေါင်းများစွာ ကြာသည့်တိုင်အောင် ပုံမှန်အတိုင်းတောက်ပနေမည်ဖြစ်သည်။ ထို့နောက်တွင် စတင်၍ ကြီးထွားလာမည်ဖြစ်သည်။ ၄.၆ ဘီလီယံနှစ်မျှကြာသောအခါ နေသည် အလွန်ပင်ကြီးမားသော ကြယ်တစ်ခုအဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုသို့ဖြစ်လာပါက ကမ္ဘာကို ဝါးမျိုပစ်နိုင်လောက်သော ပမာဏပင်ဖြစ်ပေါ်လာမည် ဖြစ်သည်။ အစောပိုင်းသိပ္ပံပညာရှင်တို့ကမူ ကမ္ဘာကို နေကဝါးမျိုမသွားနိုင်ပဲ ဆွဲငင်မှု၏ ဒုတိယအား အပြန်အလှန်သက်ရောက်မှု (tidal interaction) မရှိပါက နေတွင်လျော့ကျသွားသော ဒြပ်ထုပမာဏကြောင့် (fraction of loss)သာ ကမ္ဘာပတ်လမ်းကြောင်းကို ၁.ရ အေယူ (Astronomical Unit သို့ အာကာသယူနစ်) သို့ ပြောင်းလဲပေးလိမ့်မည်ဟု ဆိုကြသည်။ အကယ်၍ ထိုသို့ဖြစ်ခဲ့လျှင်လည်း လူသားတို့အနေဖြင့် ဆက်လက်ရှင်သန်ရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော ကမ္ဘာပေါ်ရှိ ရေအားလုံး အငွေ့ပျံသွားမည် ဖြစ်သောကြောင့်ပင်ဖြစ်ပြီး လေထု၏အစိတ်အပိုင်း အတော်များများ ဆုံးရှုံးသွားမည် ဖြစ်သည်။ ခေတ်သစ်သိပ္ပံပညာရှင်တို့ကမူ မည်သို့ပင်ဖြစ်စေကာမူ tidal interaction ကြောင့် ကမ္ဘာကို နေကဝါးမျိုသွားလိမ့်မည် ဟု ဆိုကြသည်။

[ပြင်​ဆင်​ရန်​] ကမ္ဘာ၏ပုံပန်းသဏ္ဌန်

ကမ္ဘာကို ဗဟိုထု(core)၊ အလယ်အလွှာ(mantle) နှင့် အပေါ်ယံအလွှာ(crust) ဟူ၍ အလွှာ ၃ ခုဖြင့်ဖွဲ့စည်းထားသည်။ အတွင်းဆုံးအပိုင်းသည် ဗဟိုထုဖြစ်ပြီး အလယ်အလွှာက ဗဟိုထုကို ဝန်းရံထားသည်။ အပေါ်ယံအလွှာသည် အပြင်ဆုံးအလွှာဖြစ်ပြီး အလွှာ ၃ခုထဲတွင် အပါးလွှာဆုံးဖြစ်သည်။

[ပြင်​ဆင်​ရန်​] သက်ဆိုင်သော ဆောင်းပါးများ

[ပြင်​ဆင်​ရန်​] အခြားဝက်ဘ်ဆိုက်ဒ်များ

အ​ခြား​ဘာ​သာ​ဖြင့်​