ဆူနာမီ
From Wikipedia
ဆူနာမီဆိုသည်မှာ ငလျင်လှုပ်ခြင်းသို့ မီးတောင်ပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာသော သမုဒ္ဒရာလှိုင်းဖြစ်သည်။ ဆူနာမီသည် အလွန်ရှည်လျားသောလှိုင်းလုံးဖြစ်ပြီး ကီလိုမီတာ တစ်ရာကျော်အထိရှည်နိုင်သည်။ ဆူနာမီသည် သမုဒ္ဒရာအတွင်းမှ လျင်မြန်သောပြောင်းလဲမှုများကြောင့် ပေါ်ပေါက်လာသော လျင်မြန်စွာရွေ့လျားနေပြီး ဆက်တိုက်ဖြစ်နေသော လှိုင်းလုံးများဖြစ်သည်။ အစပိုင်းတွင် ပုံမှန်လှိုင်းအနေဖြင့် စတင်သော်လည်း အလွန်ကြီးမားသော လှိုင်းလုံးကြီးအဖြစ် ခဏအတွင်းမှာပင် ပြောင်းလဲသွားနိုင်သည်။ လှိုင်းများသည် သမုဒ္ဒရာကို ဖြတ်သန်းလာသော်လည်း စွမ်းအင်အနည်းငယ်သာလျော့ပြီး အလွန်လျင်မြန်သော အရှိန်ဖြင့်ရွေ့လျားလာကြသည်။ သူတို့သည် ကမ်းစပ်မှသဲများကို ဖယ်ရှားခြင်း၊ သစ်ပင်များကို လဲပြိုစေခြင်း၊ အိမ်များကို ပျက်စီးစေခြင်း နှင့် အဆိုးဆုံးအနေဖြင့် မြို့တစ်မြို့လုံးကိုပင် ဖျက်ဆီးနိုင်သည်။
ဆူနာမီကမ်းစပ်သို့ ရောက်မလာမီ ရေများသည် လှိုင်း၏ တစ်ဝက်စာမျှပမာဏအထိ ကမ်းစပ်မှကျဆင်းသွားမည်ဖြစ်သည်။ အကယ်၍ ကမ်းစပ်သည် ပြေပြစ်ပါက ကမ်းစပ်မှရေများ မီတာ ရာပေါင်းများစွာအထိ ကျဆင်းသွားနိုင်သည်။ အန္တရာယ်ကို မသိသောသူတို့သည် ကမ်းစပ်တွင် တခါတရံ ဆက်လက်၍ ရှိနေတတ်ကြသည်။ ဆူနာမီကို မကာကွယ်နိုင်သော်လည်း လူများသေဆုံးမည့်ဘေးမှ ကင်းဝေးရန် တားဆီးနိုင်သည်။ ဆူနာမီ ဖြစ်နိုင်ခြေ အန္တရာယ်ကြီးမားသော အချို့ဒေသများတွင် သတိပေးစနစ်များကို အသုံးပြုခြင်းဖြင့် လှိုင်းလုံးကြီးများ ကမ်းစပ်သို့ မရောက်မီ လူဦးရေ၏ အများစု ကို ကြိုတင်၍ အသိပေးနိုင်သည်။ ဆူနာမီကို ဖြစ်စေသော ငလျင်ကို လှိုင်းလုံးများကမ်းစပ်သို့ မရောက်မီတွင် ခံစားသိရှိနိုင်သဖြင့် လူများကို လုံခြုံသောနေရာသို့ ပြောင်းရွေ့ရန် ကြိုတင်သတိပေးနိုင်သည်။
အသေအပျောက်အများဆုံးအဖြစ် မှတ်တမ်းတင်ထားသော ဆူနာမီမှာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် ဖြစ်ပေါ်ခဲ့ပြီး ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ငလျင်မှာ ရစ်ချ်တာစကေး ၉.၃ ရှိသည်ဟုဆိုကြပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကမ်းခြေအနီး သမုဒ္ဒရာတွင် ဗဟိုပြု၍ လှုပ်ခဲ့ခြင်းဖြစ်သည်။ ထိုကပ်ဘေးကြောင့် လူပေါင်း ၂၂၅,၀၀၀ ကျော်သေဆုံးခဲ့သည်။ ထိုလှိုင်းလုံးကြီး၏ ရွေ့လျားမှုမှာ အလွန်လျင်မြန်ပြီး အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဆိုမာလီယာနိုင်ငံ၊ မြန်မာနိုင်ငံ နှင့် အခြားနိုင်ငံများမှ လူသိန်းပေါင်းများစွာ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်း ဖြစ်ပေါ်စေခဲ့သည်။