ကြာသပတေးဂြိုဟ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Voyager 1 မှ ရိုက်ကူးထားသော ကြာသပတေးဂြိုလ်၏ ပုံ

ကြာသပတေးဂြိုလ် (Jupiter)သည် နေမှစတင်ရေတွက်လျှင် ၅ ခုမြောက်ဂြိုလ်ဖြစ်ပြီး နေအဖွဲ့အစည်းအတွင်းတွင် အကြီးဆုံးဂြိုလ်လည်း ဖြစ်သည်။ ထိုဂြိုလ်မှာ အလွန်ကြီးမားသည့်အတွက် အခြားဂြိုလ် ၇ လုံးကို ပေါင်းစပ်ထားသော ဒြပ်ထုထက်ပင် ပို၍ ကြီးမားသေးသည်။

ကြာသပတေးဂြိုလ်သည် ဓာတ်ငွေ့များဖြင့် ပေါင်းစပ်ထားသော ဓာတ်ငွေ့ အစိုင်အခဲကြီးတစ်ခုဖြစ်သည်။

ထိုဂြိုလ်၏ ဆွဲငင်အားသည် ကမ္ဘာ၏ဆွဲငင်အားထက် အဆပေါင်းမြောက်များစွာ ကြီးမားသည်။ ဂြိုလ်၏ လေထုထဲတွင် ဟီလီယမ်ပါဝင်သော်လည်း ဟိုက်ဒရိုဂျင်ပမာဏ အများဆုံးဖြစ်သည်။ ကြာသပတေးဂြိုလ်၏ အင်္ဂလိပ်အမည် ဂျူပီတာမှာ ရောမဒဏ္ဍာရီထဲမှ နတ်ဘုရား ဇုစ်နတ်မင်းကြီးကို အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ်အထိ ကြာသပတေးဂြိုလ်၏ ဂြိုလ်ရံလ ၆၂ စင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ လ ၁၆ စင်းမှာ ကြီးမားသော လများဖြစ်သည်။အကြီးဆုံးဂြိုလ်ရံလ ၄ လုံးမှာ လို(Io)၊ ယူရိုပါ(Europa)၊ ဂေနီမိဒ်(Ganymede) နှင့် ကယ်လီစတို(Callisto) တို့ဖြစ်ပြီး ဂယ်လီလီယန်လများ (Galilean moons) ဟုခေါ်သည်။ ထိုလများကို အီတလီလူမျိုး အာကာသပညာရှင် ဂယ်လီလီယို ဂယ်လီလီ(Galileo Galilei)က ၁၆၁၀ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

ကြာသပတေးဂြိုလ်၏ လေထုနှင့် အရွယ်အစားတို့ကြောင့် မြေပြင်ဖိအားမှာ အလွန်ပင်ကြီးမားသည်။ အကယ်၍ အာကာသယာဉ်တစ်စင်းကို ကြာသပတေးဂြိုလ်သို့ ပို့လွှတ်မည်ဆိုပါက စက္ကန့်ပိုင်းအတွင်းမှာပင် ပျက်စီးသွားနိုင်သည်။ ထို့အကြောင်းအရာသည် ကြာသပတေးဂြိုလ်၏ လေထုအောက်တွင် မည်သည့်အရာများရှိသည်ကို အနည်းငယ်သာ သိနိုင်ခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ ကြာသပတေးဂြိုလ်တွင် ပါးလွှာသော ခါးပတ်လမ်းကြောင်း(ring) ၃ ခုရှိသည်။


တနင်္ဂနွေဂြိုဟ်ဟု ခေါ်တွင်သော နေမှလွဲလျှင် ကြာသပတေးဂြိုဟ်သည် ဂြိုဟ်များတွင် အကြီးဆုံး ဖြစ်သည်။ ထိုဂြိုဟ်ကို အနောက်တိုင်း နက္ခတ်ဆိုင်ရာတွင် ဂျူပီတာဟု ခေါ်သည်။ ထိုဂြိုဟ်ကြီးသည် ကျွန်ုပ်တို့ကမ္ဘာမှ မိုင်ပေါင်းကုဋေ ၆ဝ ကွာဝေး၍ ထုထည်အားဖြင့် ကမ္ဘာထက် အဆပေါင်း ၁၃ဝဝ ပို၍ ကြီး၏။ သို့ရာတွင် အလေးချိန်အားဖြင့် ၃၁၇ ဆ သာ ပိုသည်။ ဝင်ရိုးစွန်းတစ်ခုမှ တစ်ခုသို့ အချင်းမိုင်ပေါင်း ၈၂၉ဝဝ ရှိ၍၊ အီကွေတာ၌ အချင်းမိုင်ပေါင်း ၈၈၇ဝဝ ရှိသည် ဟု ဆိုသည်။ ဂျူပီတာသည် ဗီးနပ်ခေါ် သောကြာဂြိုဟ်မှ တစ်ပါး အထွန်းလင်းဆုံး ဂြိုဟ်ကြီးဖြစ်၍ တောက်ပသော အရံ ဂြိုဟ်ငယ် ၁၁ လုံး ခြံရံလျက်ရှိသည်။ နေမှ အကွာအဝေး အလိုက် ဂျူပီတာသည် ပဉ္စမမြောက် ဂြိုဟ်ကြီးဖြစ်၍ နေကို ၁၂ နှစ်ခန့်တွင်မှ တစ်ပတ်ပတ်မိအောင် လှည့်လည်ရသည်။ ကြာသပတေးဂြိုဟ်သည် တနင်္ဂနွေဂြိုဟ်ဖြစ်သော နေမှ မိုင်ပေါင်း ၄၈၃၂ဝဝဝဝဝ ကျော်မျှ ကွာဝေးသည်။ ကမ္ဘာနှင့် နေ၏အကွာအဝေး ၅ ဆကျော်မျှ ဖြစ်သည်။ ထိုဂြိုဟ်သည် မိမိဝင်ရိုးပေါ်တွင် အလိုအလျောက် လှည့်ပတ်နေရာ ၉ နာရီ နှင့် မိနစ် ၅ဝ တွင် တစ်ပတ်ပြည့်သည်။

ကြာသပတေးဂြိုဟ်သည် မြန်မာကျမ်းဂန်များအရ ဂြိုဟ် ကြီး ၉ လုံးတွင် ၅ လုံးမြောက် ဂြိုဟ်ဖြစ်သည်။ ကြယ်ငယ် အရံ ၄ လုံးရှိသော ကြယ်ကြီးဖြစ်၍ အချင်း ၁၇ ယူဇနာ ရှိသည်ဟု ဝေါဟာရလိနတ္ထဒီပနီ (လှေ သင်းအတွင်းဝန်)က ဆိုသည်။ ယင်းကြာသပတေးဂြိုဟ်ကို အစွဲပြု၍ ရက်သတ္တပတ် ၏ ၅ ရက်မြောက်နေ့ကို ကြာသပတေးနေ့ဟု ခေါ်သည်။ မြန်မာပြက္ခဒိန်ကျမ်းများအရ ကဆုန်တော်သလင်းပြာသိုတပို့တွဲလများတွင် ကြာသပတေးနေ့များမှာ ရက်ရာဇာ ဖြစ်၍ တန်ခူးဝါခေါင်နတ်တော်လများတွင် ပြဿဒါးရက်များ ဖြစ်သည်ဟု မှတ်ယူကြသည်။ မြန်မာတို့သည် ကြာသပတေး ဂြိုဟ်ကို ပညာဂြိုဟ်အဖြစ် မှတ်ယူကြ၍ 'စာသင်ကြာသပတေး၊ စာရေးသောကြာ'ဟူ၍ ကြာသပတေးနေ့တွင် စတင်ကျောင်းအပ် လေ့ ပြုကြသည်။ ကြာသပတေး ဂြိုဟ်နတ်မင်း စီးသော ဂြိုဟ် ကောင်မှာ ကြွက်ဖြစ်၍ 'ကြာသပတေးကြွက်၊ ဆယ့်ကိုးသက်၊ နေချက် ပစ္ဆိမ'၊ ဆိုသော ဂြိုဟ်လင်္ကာအရ ကြာသပတေးဂြိုဟ် သက်မှာ ၁၉ နှစ်ပြီးလျှင်၊ ကြာသပတေး ဂြိုဟ်တည်ရာ အရပ်မှာ အနောက်အရပ်ဖြစ်သည်။ ဗေဒင် ဝေါဟာရအားဖြင့် ကြာသပတေးဂြိုဟ်ကို 'ဂုရု'ဟု ခေါ်မှတ်လေ့ ရှိသည်။ မြန်မာအက္ခရာအားဖြင့် ပ၊ ဖ၊ ဗ၊ ဘ၊ မ ဟူသော ပဝဂ်ဂြိုဟ်အက္ခရာ ၅ လုံးကို ကြာသပတေးနံဟု ခေါ်သည်။ [၁]


ကြာသပတေးဂြိုလ်၏ ဂြိုလ်ရံလများ[ပြင်​ဆင်​ရန်​]

ဂျူပီတာ (ခ) ကြာသပတေးဂြိုဟ်ကြီးဟာ ကျနော်တို့ နေအဖွဲ့အစည်းမှာတော့ အရွယ်အစား အကြီးမားဆုံးသော ဂြိုဟ်ကြီးတစ်ခုပင် ဖြစ်ပါတယ်။ ဆွဲငင်အားလည်း အကြီးမားဆုံးဖြစ်ပြီး ဂြိုဟ်ရံလများလည်း အများဆုံးဖြစ်သည်။ ဂြိုဟ်ရံလပေါင်း (၆၇) စင်းရှိသည်။ ထို လများထဲတွင် ကြီးမားသော လမင်း (၁၆) စင်းရှိသည်။ ထိုအထဲမှာမှ အကြီးမားပြီး ထင်ရှားသော ဂြိုဟ်ရံလကြီး (၄) ခုရှိသည်။ ထို လများကို သိပ္ပံပညာရှင် ဂယ်လီလီယို မှ ၁၆၁၀ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး “ဂယ်လီလီယို၏ လများ”ဟု တင်စား ခေါ်ဝေါ်ခဲ့ကြသည်။ ထိုလမင်းကြီး ၄ စင်းမှာ ဂန်မီဒီ၊ ကယ်လီစတို၊ အိုင်အို၊ ယူရိုပါ တိုဖြစ်ကြသည်။

ဂန်မီဒီ(သို့) နေအဖွဲ့အစည်း၏ အကြီးဆုံးသော ဂြိုလ်ရံလ[ပြင်​ဆင်​ရန်​]

နေအဖွဲ့အစည်းမှာ အကြီးဆုံး လ ကတော့ ဂျူပီတာဂြိုဟ်ရဲ့ဂြိုဟ်ရံလ ဂန်မီဒီ (Ganymede) ပဲဖြစ်ပါတယ်။

အီကွေတာအချင်း ၅၂၆၈ ကီလိုမီတာရှိပြီး မာကျူရီဂြိုဟ် နဲ့ ပလူတိုဂြိုဟ်များထက် ကြီးမားပါတယ်။ ကမ္ဘာဂြိုဟ်ရဲ့‘လ’ ထက် သုံးဆ ပိုကြီးပါတယ်။ နာဆာမှ ပြောပြချက်အရဆိုလျှင် ဂန်မီဒီ ကို ဂျူပီတာဂြိုဟ်ကသာ ဆွဲငင်မထားရင် သူ့ကို ဂြိုဟ်တစ်ခု အနေနဲ့တောင် သတ်မှတ်လို့ ရပါတယ်။

ဂန်မီဒီ အတွင်းပိုင်းကို သံမဏိ ကျောက်သားများဖြင့် ဖွဲ့စည်းထားပြီး သံလိုက်စက်ကွင်းများလည်း ပစ်လွှတ်လျှက် ရှိပါတယ်။ ၄င်းကိုယ်တွင်းပိုင်းကို ကျောက်သားများဖြင့် ထပ်မံဖုံးအုပ်ထားပြီး အပေါ်မှာတော့ ရေခဲနှင့် ကျောက်စောင်များ တည်ရှိပါတယ်။ ဟာဘယ် တယ်လီစကုပ်နှင့် ရိုက်ကူးထားသော ပုံများအရ ဂန်မီဒီ မှာ ပါးလွှာပြီး အောက်ဆီဂျင်ပါသော လေထုတစ်ခု ရှိပါတယ်။ ဒါပေမယ့် သက်ရှိတွေ နေနိုင်လောက်တဲ့အထိတော့ အထောက်အကူ မဖြစ်နိုင်ပါဘူး။

ဂန်မီဒီ ‘လ’ မှာ မြေအနေအထား နှစ်မျိုး ရှိပါတယ်။ လေးဆယ် ရာခိုင်နှုန်း လောက်က မဲနက်သော မြေသားနေရာများ ဖြစ်ပြီး၊ ကျန်မြေနေရာများမှာ သေးငယ်သော ချိုင့်မြောင်းများအဖြစ် တည်ရှိနေပါတယ်။ ဂန်မီဒီ ကို ၁၆၁၀ ခုနှစ် ဇန်နဝါရီလက ဂယ်လီလီယိုမှ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကဲ့သို့ အခြားသော ဂြိုဟ်များမှာ ဂြိုဟ်ရံလရှိကြောင်း ပထမဆုံး တွေ့ရှိခဲ့ခြင်းလဲ ဖြစ်ပါတယ်။

ကယ်လီစတို (သို့) နေအဖွဲ့အစည်း၏ တတိယအကြီးဆုံးဂြိုလ်ရံလ[ပြင်​ဆင်​ရန်​]

ဂျူပီတာဂြိုဟ်၏ ဒုတိယအကြီးဆုံး ဂြိုဟ်ရံလဖြစ်သော ကယ်လီစတို (Callisto) မှာ နေအဖွဲ့အစည်း၏ တတိယမြောက် အကြီးဆုံး ဂြိုဟ်ရံလလည်း ဖြစ်သည်။ မာကျူရီဂြိုဟ်နှင့် အရွယ်အစား ၉၉% တူညီပါသည်။ သို့သော် သိပ်သည်းဆမှာ မာကျူရီ၏ သုံးပုံ တစ်ပုံသာ ရှိသည်။ အတွင်းပိုင်းမှာ ဂန်မီဒီ ဂြိုဟ်ရံလကဲ့သို့ ကျောက်စိုင်ကျောက်သားများ တည်ရှိပြီး မျက်နှာပြင်မှာ အခြားသော ဂျူပီတာဂြိုဟ်၏ ဂြိုဟ်ရံလများထက် ပိုပြီး မှောင်မိုက်သည်။ မည်သို့ပင်ဆိုစေ၊ ကျနော်တိုကမ္ဘာမှ လမင်းကြီးထက်တော့ နှစ်ဆ ပိုလင်းပါသေးသည်။ ကယ်လီစတိုသည် ဂြိုဟ်သေတစ်ခုလည်း ဖြစ်သည်။ ဂြိုဟ်၏သက်တမ်းမှာ နှစ်ပေါင်း ၄ ဘီလီယံခန့်ရှိပြီ ဖြစ်ပြီး နေအဖွဲ့အစည်းတွင်တော့ သက်တမ်းအရင့်ဆုံး ဂြိုဟ်ရံလ တစ်ခုပင် ဖြစ်ပေတော့သည်။



အိုင်အိုဂြိုလ်ရံလ[ပြင်​ဆင်​ရန်​]

ဘယ် မှညာသို့ ကြာသပတေး ဂြိုလ်မှဝေးသော အကွားအဝေး အတိုင်း (အိုင်အို၊ယူရိုပါ၊ကယ်လီစတို၊ဂန်မီဒီ

အိုင်အိုဟာ ဂျူပီတာရဲ့ တတိယမြောက် အကြီးဆုံးလဖြစ်ပြီး နေအဖွဲ့အစည်းမှာတော့ စတုတ္ထမြောက် အကြီးဆုံး ဂြိုဟ်ရံလ ဖြစ်ပါတယ်။ အချင်း ၃၆၄၂ ကီလိုမီတာ (၂၂၆၃ မိုင်) ရှည်လျှားပြီး အခြားဂြိုဟ်ရံလများထက် အတွင်းပိုင်းကျသော (ဂျူပီတာနှင့် ပိုမိုနီးကပ်သော) နေရာမှာ တည်ရှိပါတယ်။

အိုင်အိုမှာ မီးတောင်ရှင်ပေါင်း ၄၀၀ ကျော်ရှိတယ်။ နေအဖွဲ့အစည်းမှာတော့ လှုပ်ရှားတုန်ခါမှု အများဆုံးဂြိုဟ်ရံလ တစ်ခုပါဘဲ။ အချို့သော မီးတောင်များမှ ဆာလဖာ နှင့် ဆာလဖာဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များ၊ အရည်များဟာ မျက်နှာပြင်မှ ကီလိုမီတာ ၅၀၀ ခန့်အထိ ပန်းထွက်လို့နေပါတယ်။ မီးတောင်များပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ တောင်ပူစာပေါင်းကလည်း ၁၀၀ ကျော်လောက် ရှိပါတယ်။ အချို့တောင်များဟာ ကမ္ဘာပေါ်က ဧဝရတ်တောင် ထက်တောင် မြင့်မားကြပါတယ်။ ရေ တို့ ရေခဲတို့ မရှိပါဘူး။ သံရည်ပူများနဲ့ ချော်ရည်များသာ ပြည့်နက်လို့ နေပါတယ်။ ဆာလဖာ၊ ချော်ရည်များ စီးဆင်းခြင်းကြောင့် အိုင်အို ရဲ့ အရောင်ဟာ အဝါ၊ အနီ၊ အဖြူ၊ အနက် နဲ့ အစိမ်းရောင်များ ရောလျှက်နေကာ ဆေးရောင်ခြယ်ထားသလို ဖြစ်နေပါတယ်။ ၁၉၉၀ ခုနှစ်နဲ့ ၂၀၀၀ ခုနှစ်များမှာတော့ ဂယ်လီလီယို အာကာသယာဉ်ဟာ အိုင်အို အနီးကို ဖြတ်သန်းလို့ မှတ်တမ်းများ ရယူနိုင်ခဲ့ပါတယ်။

ယူရိုပါဂြိုလ်ရံလ[ပြင်​ဆင်​ရန်​]

ယူရိုပါ ဂြိုဟ်ရံလသည် ကြာသပတေးဂြိုဟ် (ဂျူပီတာဂြိုဟ်) ၏ စတုတ္ထမြောက်အကြီးဆုံး ဂြိုဟ်ရံလတစ်ခုဖြစ်ပြီး ကမ္ဘာ၏ ဂြိုဟ်ရံလ (လမင်းကြီး) ထက် အနည်းငယ် သေးငယ်ပါသည်။ ကမ္ဘာကဲ့သို့ပင် ယူရိုပါ၏ အတွင်းပိုင်းအနှစ်မှာ သံ၊ နီကယ် များဖြင့် ဖွဲ့စည်းထားပါသည်။ မျက်နှာပြင်တွင် တောင်များရှိပြီး ဆားငံရေပါသော သမုဒ္ဒရာတစ်ခုလည်း ရှိသည်။ ကမ္ဘာနှင့် မတူသည်ကား ထို သမုဒ္ဒရာသည် ယူရိုပါ၏ မျက်နှာပြင်တစ်ခုလုံးကို ဖုံးအုပ်နိုင်သည်အထိ နက်ရှိုင်းလွန်းလှသည်။ နေမှလည်း အလွန် ဝေးကွာသောကြောင့် သမုဒ္ဒရာမျက်နှာပြင် အပေါ်ယံ နေရာတော်တော်များများ (တခုလုံးနီးပါး) သည် ရေခဲများအဖြစ် ဖုံးအုပ် တည်ရှိလျှက်ရှိသည်။ ရေခဲပြင်များ၏ အောက်တွင်မူ ရေများ စီးဆင်းလျှက်ရှိပါသည်။ သမုဒ္ဒရာကြီးသည် အနက် (၆၄) မိုင် အထိ ရှိသည်။

ယူရိုပါသည် ဂျူပီတာဂြိုဟ်အား ၃ ရက်ခွဲလျှင် တစ်ကြိမ် လှည့်ပတ်နေသည်။ ကမ္ဘာ၏ လကဲ့သို့ပင် ၄င်း၏ ဝင်ရိုးပေါ်တွင် လှည့်ပတ်နေခြင်း မရှိသည့်အတွက် ဂျူပီတာကို တစ်ဖက်ထဲကသာ မျက်နှာမူထားသည်။ ယူရိုပါသည် စက်ဝိုင်းပုံစံ အတိအကျ မရှိသောကြောင့် ဂျူပီတာနှင့် နီးကပ်ချိန်တွင် ဆွဲအားများကြောင့် ရေစီးဆင်းမှု ပို၍ မြင့်တက်တတ်သည်။ ရေခဲပြင်အောက်ရှိ ရေများ ထိုကဲ့သို့ စီးဆင်းသောအရှိန်ကြောင့် အပေါ်ယံရေခဲပြင်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာတတ်ပါသည်။ ရေခဲပြင်အောက်တွင် ထိုကဲ့သို့ စီးဆင်းနေသော သမုဒ္ဒရာရေကြောင့် ယူရိုပါတွင် အနွေးဓါတ်တစ်ခုကို ဖြစ်ပေါ်စေပါသည်။ ၎င်း အနွေးဓါတ်သည်ပင်လျှင် သမုဒ္ဒရာအတွင်းရှိ သက်ရှိသတ္တဝါများ နေထိုင်နိုင်ရန် လမ်းစပင် ဖြစ်ပါသည်။[၂]

သက်ဆိုင်သော ဆောင်းပါးများ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  2. Curiosity Science magazine in Myanmar(Issue 002)