နိခါတကဗေဒ
နိခါတကဗေဒ (Paleontology) ဆိုသည်မှာ သမိုင်းမတင်မီခေတ်က သက်ရှိများကို လေ့လာသော ပညာရပ်ဖြစ်ပြီး သက်ရှိတို့ ဆင့်ကဲပြောင်းလဲလာပုံ၊ ၎င်းတို့အချင်းချင်း နှင့် သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်ဆက်စပ်နေပုံ တို့ ပါဝင်သည်။ သမိုင်းဆိုင်ရာ သိပ္ပံပညာ ဖြစ်သဖြင့် စမ်းသပ်မှုများ ပြုလုပ်၍ အကျိုးသက်ရောက်မှုကို သက်သေပြခြင်းမျိုး မဟုတ်ပဲ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ရှင်းပြခြင်း ဖြစ်သည်။ နိခါတကဗေဒ ဆိုင်ရာ လေ့လာခြင်းကို ဘီစီ ၅ ရာစုကပင် စတင်ခဲ့သည်ဟု မှတ်တမ်းများ တွေ့ရှိရသည်။ ထိုသိပ္ပံပညာသည် ၁၈ ရာစု အတွင်း ဂျော့ရှ် ကူဗီရာ ၏ နှိုင်းရခန္ဓာဗေဒ (comparative anatomy) ပညာ ဆိုင်ရာ ဆောင်ရွက်မှုများကြောင့် ခိုင်မာသော ပညာရပ်တစ်ခု ဖြစ်လာခဲ့ပြီး ၁၉ ရာစု အတွင်းတွင် လျှင်မြန်စွာ တိုးတက်လာခဲ့သည်။ ၁၉၉၀ ခုနှစ်များမှ စ၍ တရုတ်နိုင်ငံတွင် တွေ့ရှိရသော ကျောက်ဖြစ်ရုပ်ကြွင်း များမှ အစောပိုင်း သတ္တဝါတို့၏ ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲမှု၊ အစောပိုင်း ငါးများ၊ ဒိုင်နိုဆောများ နှင့် ငှက်နှင့် နို့တိုက်သတ္တဝါတို့ ဆင့်ကဲပြောင်းလဲလာခြင်း တို့အတွက် အထောက်အထား အသစ်များ ရရှိခဲ့သည်။ နိခါတကဗေဒသည် ဇီဝဗေဒ နှင့် ဘူမိဗေဒတို့ စည်းခြားထားရာ နေရာတွင် တည်ရှိပြီး ရှေးဟောင်းသုတေသနပညာ နှင့် ခွဲခြားရန် ခက်ခဲသည်။ ယခုလက်ရှိ အသုံးပြုနေသော နည်းလမ်းများတွင် သိပ္ပံပညာ နယ်ပယ် မျိုးစုံမှ ပါဝင်ပြီး ဇီဝဓာတုဗေဒ၊ သင်္ချာပညာ နှင့် အင်ဂျင်နီယာပညာရပ်တို့ အပါအဝင် ဖြစ်သည်။