ရေ
From Wikipedia
ဓာတ်ကြီးလေးပါးအနက် အာပေါဓာတ် ရေသည် ကမ္ဘာမြေပေါ်တွင် အရည်အခြေအနေအဖြစ် အများဆုံးတွေ့ရသည့် အရာဝတ္ထုဖြစ်သည်။ ကမ္ဘာ့မြေမျက်နှာပြင် လေးပုံသုံးပုံကို ဖုံးလွှမ်းလျက်ရှိသည်။ သန့်စင်သည့်ရေသည် အနှံ့အသက်၊ အရောင်အဆင်း မရှိပါ။ မြစ်ချောင်း၊ အင်းအိုင်နှင့် ပင်လယ်သမုဒ္ဒရာများတွင် ရေအမြောက်အများကို တွေ့ရှိနိုင်သည်။ မိုးရေသည် တိမ်လွှာများ ငွေ့ရည်ဖွဲ့ရာမှ ဖြစ်ပေါ်လာသည့် ရေစက်များဖြစ်သည်။ အအေးလွန်သည့်အခါများတွင် ရေသည် အခဲဘဝသို့ ပြောင်းကာ ရေခဲဖြစ်လာသည်။ အအေးပိုသည့်ရာသီတွင် မိုးရေများသည် ရေခဲ သို့မဟုတ် နှင်းများအဖြစ် ရွာချတတ်သည်။ အင်မတန်ပူပြင်းသည့်အခါ ရေများ ဆူပွက်ကာ အငွေ့အဖြစ် ပြောင်းလဲတတ်သည်။
အပင်များနှင့် လူအပါအဝင်သတ္တဝါများသည် အသက်ရှင်သန်နိုင်ရန် ရေကိုအားထားကြရသည်။ ရေသည်လည်း ဓာတုပစ္စည်းများ ဓာတ်ပြုရာတွင် ကြားခံဒြပ်တမျိုးဖြစ်သည့်အပြင် သွေးသားများတွင် အဓိကပါဝင်သည့် ပစ္စည်းဖြစ်သည်။
သတ္တဝါများသည် ရေကို အရေပြားမှတဆင့် ချွေးအဖြစ်စစ်ထုတ်ကာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးသည်။ ရေ၏အကူအညီဖြင့် သွေးသည် အဟာရဓာတ်များကို အစာအိမ်မှတဆင့် ခန္ဓာကိုယ်၏ အခြားအင်္ဂါအစိတ်အပိုင်းများသို့ ပို့ဆောင်ပေးသည်။ သွေးများက အောက်စီဂျင်ဓာတ်ကို အဆုပ်မှတဆင့် ကိုယ်ခန္ဓာသို့ ပို့ဆောင်ရာတွင်လည်း ရေမှ ကူညီပေးသည်။ သတ္တဝါများ အစာချေရာတွင် ရေဓာတ်ပါဝင်သည့် တံတွေးများ လိုအပ်သည်။ လူ့ခန္ဓာကိုယ်မှ မကောင်းသည့် ဓာတ်ပစ္စည်းများကို ဆီးနှင့်စစ်ထုတ်ရာတွင် ရေလိုအပ်သည်။ လူ့ခန္ဓာကိုယ်၏ ၆၀ - ၇၀ % မှာ ရေဖြစ်သည်။
နွားနို့၊ သစ်သီးဖျော်ရည်၊ ဝိုင်စသည့် သောက်သုံးဖွယ်ရာများတွင် အဓိကပါဝင်သည့် ပစ္စည်းမှာ ရေဖြစ်သည်။ ပင်လယ်သမုဒ္ဒရာအတွင်းရှိ ရေများသည် ရေငံဖြစ်ပြီး မြစ်ချောင်း၊ အင်းအိုင်မှ ရေများမှာ ရေချိုများဖြစ်သည်။ ကမ္ဘာပေါ်တွင် သောက်သုံးနိုင်သည့် ရေချိုရာခိုင်နှုန်း ၃ % သာရှိပြီး ကျန်သည်မှာ ရေငံများဖြစ်သည်။ [၁][၂].
ရေမော်လီကျူးတွင် ဟိုက်ဒြိုဂျင်အက်တမ် ၂ ခုနှင့် အောက်စီဂျင်အက်တမ် ၁ ခုစီပါဝင်ဖွဲ့စည်းထားသည်။ ရေ၏ ဓာတုသင်္ကေတမှာ H2O ဖြစ်သည်။ ရေတွင် မျက်နှာပြင်တင်းအား ရှိသောကြောင့် အရာဝတ္ထုများ၏ မျက်နှာပြင်ပေါ်တွင် ပြန့်မသွားပဲ သေးငယ်သည့် ရေစက်အဖြစ် တွေ့ရှိရခြင်းဖြစ်သည်။
Contents |
[ပြင်ဆင်ရန်] အသုံးချပုံ
[ပြင်ဆင်ရန်] စိုက်ပျိုးရေး
စိုက်ပျိုးရေးတွင် ရေ၏ အရေးအပါဆုံး အသုံးဝင်ပုံမှာ ရေသွင်းစိုက်ပျိုးရေးဖြစ်သည်။ ရေသွင်းစိုက်ပျိုးရေးသည် စားနပ်ရိက္ခာ ဖူလုံအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သော့ချက်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် ရေ ၉၀ % ကို စိုက်ပျိုးရေးတွင် အသုံးချကြသည်။ [၃]
[ပြင်ဆင်ရန်] စံနှုန်းထား
၁၇၉၅ ခုနှစ် ဧပြီ ၇ ရက် ပြင်သစ်နိုင်ငံတွင် ရေခဲမှတ်ရှိ ၁ ကုဗစင်တီမီတာရှိ သန့်စင်ရေ၏ အလေးချိန်ကို ၁ ဂရမ်ဟု သတ်မှတ်ခဲ့သည်။ [၄] လက်တွေ့တွင်မူ အဆတထောင်ပိုမိုလေးလံသည့် သတ္တုစံနှုန်းထား ကီလိုဂရမ်ကို လိုအပ်သည်။ ထို့ကြောင့် ပညာရှင်များက ရေ ၁ လီတာမှာ မည်မျှလေးလံကြောင်း တိတိကျကျ တိုင်းတာနိုင်ရန် ကြိုးစားခဲ့ကြသည်။ “ဂရမ်”၏ သတ်မှတ်ချက်မှာ အပူချိန် အတည်ငြိမ်ဆုံးဖြစ်သည့် ရေခဲမှတ်တွင်ဖြစ်သော်ငြားလည်း သိပ္ပံပညာရှင်များက စမ်းသပ်မှုပြုလုပ်ရာတွင် “သိပ်သည်းမှု”အတည်ငြိမ်ဆုံးဖြစ်သည့် အပူချိန် ၄ °C ရှိရေ၏ အလေးချိန်အဖြစ် ပြန်ပြောင်းသတ်မှတ်ခဲ့သည်။ ဤအပူချိန်တွင် ရေ၏ သိပ်သည်းမှုသည် အကြီးဆုံးဖြစ်သည်။ [၅]
နောက်ပိုင်းတွင် ရေဆူမှတ် (100 °C) ရေခဲမှတ် (0 °C) အဖြစ်သတ်မှတ်ထားသည့် စင်တီဂရိတ်အပူချိန်စနစ်ထက် ပိုမိုတိကျသည့် ကယ်လ်ဗင်အပူချိန်စနစ်ကို အသုံးချလာသည်။ ဤစနစ်တွင် triple point ရှိရေ၏ အခြေအနေပေါ်မူတည်၍ 273.16 K သို့ 0.01 °C အဖြစ် သတ်မှတ်ခဲ့သည်။
သဘာဝလောကတွင် တွေ့ရှိရသည့်ရေတွင် အိုင်ဆိုတုပ် ဟိုက်ဒြိုဂျင်-1 နှင့် အောက်စီဂျင်-16 တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ သို့သော်လည်း ပိုမိုလေးလံသည့် အိုင်ဆိုတုပ် ဟိုက်ဒြိုဂျင်-2 (deuterium - ဒျူတဲရီယမ်) အနည်းငယ်ကို တွေ့ရှိရသည်။ ဒျူတဲရီယမ်အောက်ဆိုဒ်ခေါ် လေးလံသည့်ရေ ပမာဏသည် အလွန်ပင်သေးငယ်သော်လည်း ရေ၏ ဂုဏ်သတ္တိအပေါ် အကျိုးသက်ရောက်မှုများ ရှိသည်။ မြစ်ချောင်းများမှ ရေတွင် ပင်လယ်ရေထက် ဒျူတဲရီယမ်ပါဝင်နှုန်း နည်းပါးသည်။ ထို့ကြောင့် Vienna Standard Mean Ocean Water ဟုခေါ်သည့်ရေကို စံနှုန်းထားအဖြစ် သတ်မှတ်ထားသည်။
[ပြင်ဆင်ရန်] သောက်သုံးရေ
လူ့ခန္ဓာကိုယ်တွင် အရွယ်အစားအလိုက် ရေပါဝင်နှုင်း ၅၅ % မှ ၇၈ % အထိပါရှိသည်။ [၆] အလုပ်ကောင်းကောင်းလုပ်နိုင်ရန် လူ့ခန္ဓာကိုယ်သည် နေ့စဉ် ရေ ၇ လီတာ လိုအပ်သည်။ တိကျသည့် ပမာဏမှာ လှုပ်ရှားမှု၊ အပူချိန်၊ စိုထိုင်းဆနှင့် အခြားအချက်များပေါ်တွင်လည်း မူတည်သည်။ ရေဓာတ်အများစုကို တိုက်ရိုက်သောက်သုံးခြင်းအပြင် အစားအစာနှင့် ဖျော်ရည်များမှ ရရှိသည်။ သန်မာသည့် လူတစ်ဦး ရေမည်မျှ သောက်သုံးရန် လိုအပ်သည်ကို တိတိကျကျ မသိရသေးသော်လည်း အနည်းဆုံးအားဖြင့် နေ့စဉ် ၆-၇ ဖန်ခွက်ခန့် (၂ လီတာခန့်) သောက်သုံးသင့်သည်ဟု ယူဆထားကြသည်။ [၇] ဆေးပညာကျမ်းဂန်များတွင်မူ ကိုယ်လက်လှုပ်ရှားမှုနှင့် ပူအိုက်သည့် ရာသီကြောင့် ချွေးထွက်ြခင်းကို ထည့်မတွက်လျှင် သာမန် ယောက်ျားတဦးသည် နေ့စဉ် ရေ ၁ လီတာ သောက်သုံးသင့်ကြောင်း ဖော်ပြထားသည်။ [၈]
ကျောက်ကပ် ပုံမှန်အလုပ်လုပ်သူများအဖို့ ရေများများ သောက်သုံးရန် ခက်ခဲသော်လည်း (အထူးသဖြင့် ပူအိုက်စွတ်စိုသည့်ရာသီနှင့် အားကစား လှုပ်ရှားချိန်တွင်) ရေအသောက်နည်းပါက ဥပဒ်ဖြစ်နိုင်သည်။ အားကစားလုပ်ချိန်တွင် လိုသည်ထက်ပို သောက်သုံးနိုင်သော်လည်း အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ရေအဆိပ်သင့်မှု ဖြစ်ပွားတတ်သည်။ ထို့ကြောင့် နေ့စဉ် ရေ ၈ ခွက် သောက်သုံးသင့်သည်ဆိုသည့်အချက်မှာ သိပ္ပံပညာအရ အထောက်အထားများ မရှိသေးပါ။[၉]
သာမန်အားဖြင့် ရေဓာတ် ၂၀ % ကို အစားအစာများမှရရှိသည်။ ကျန်သည်မှာ ရေနှင့် ဖျော်ရည်သောက်သုံးမှုမှ ရရှိသည်။ လူ့ခန္ဓာကိုယ်မှ ရေဓာတ်ကို ဆီး၊ ချွေး သို့ မဟုတ် ထွက်သက်မှ ရေငွေ့အသွင်ဖြင့် စွန့်ထုတ်လေ့ရှိသည်။ အားကစားနှင့် ပူအိုက်ခြင်းကြောင့် ရေဓာတ်ဆုံးရှုံးမှု တိုးမြင့်လာသည့်အလျောက် နေ့စဉ် ရေဓာတ်လိုအပ်မှုလည်း တိုးမြင့်လာသည်။
လူသားများသည် ညစ်ညမ်းမှုနည်းပါးသည့် ရေကို လိုအပ်သည်။ အတွေ့များသည့် ညစ်ညမ်းပစ္စည်းများတွင် သတ္တုဓာတ်ဆား၊ ဗက်တီးရီးယားတို့ ပါဝင်သည်။ [၁၀]
[ပြင်ဆင်ရန်] ကျမ်းကိုး
- ↑ Percentage of water.
- ↑ Fresh water percentage (2).
- ↑ WBCSD Water Faacts & Trends
- ↑ Decree relating to the weights and measurements
- ↑ here L'Histoire Du Mètre, La Détermination De L'Unité De Poids
- ↑ Re: What percentage of the human body is composed of water? Jeffrey Utz, M.D., The MadSci Network
- ↑ Healthy Water Living. Retrieved on 2007-02-01။
- ↑ Rhoades RA, Tanner GA (2003). Medical Physiology, 2nd ed., Baltimore: Lippincott Williams & Wilkins. ISBN 0781719364. OCLC 50554808.
- ↑ "Drink at least eight glasses of water a day." Really? Is there scientific evidence for "8 × 8"? by Heinz Valdin, Department of Physiology, Dartmouth Medical School, Lebanon, New Hampshire
- ↑ Maton, Anthea; Jean Hopkins, Charles William McLaughlin, Susan Johnson, Maryanna Quon Warner, David LaHart, Jill D. Wright (1993). Human Biology and Health. Englewood Cliffs, New Jersey, USA: Prentice Hall. ISBN 0-13-981176-1. OCLC 32308337.