ရေ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရေ
ရေမော်လီကျူး ဖွဲ့စည်းပုံ
အခြေခံ အချက်များ
မော်လီကျူး ဖွဲ့စည်းပုံ H2O
ရေခဲမှတ် 0 °C (32 °F)
ရေဆူမှတ် 99.974 °C (211.95 °F)


ဤရုပ်ပုံတွင် ရေ၏ အရည်၊ အခဲ၊ အငွေ့ အခြေအနေ ၃ မျိုးကို တွေ့နိုင်သည်။

ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်ဟူ၍ ဆိုရိုးစကားရှိသည်။ ရေသည် လူနှင့် သက်ရှိမှန်သမျှအတွက် မရှိလျှင် မဖြစ်သော ပစ္စည်းဖြစ်သည်။ အပင်အားလုံးအတွက် လည်း ရေသည် မရှိလျှင် မဖြစ်ချေ။ မြန်မာနိုင်ငံကဲ့သို့ လယ်ယာကိုင်းကျွန်းပေါ်တွင် အားထားနေရသော နိုင်ငံအဖို့ လယ်ယာ ဖြစ် မြောက်ရေးအတွက် မိုးရေကို လွန်စွာအားကိုး ရလေသည်။

လူသည် ရေကိုသောက်သုံးရန်နှင့် ဆေးကြောရန်အတွက် လိုပေသည်။ ရေချိုးရန်နှင့် ထမင်းချက်ရန် အတွက်လည်း လိုသည်။ လူများ ရှူနေကြရသော လေပြီးလျှင် ရေသည် လူ့ အတွက် ဒုတိယအရေးအကြီးဆုံး ပစ္စည်း ဖြစ်ကောင်း ဖြစ်ပေ လိမ့်မည်။ ရေသာမရှိလျှင် သက်ရှိမှန်သမျှသည် သေကုန်ကြပေ လိမ့်မည်။ သက်ရှိတိရစ္ဆာန်နှင့် အပင်များတွင် ရေသည် အခြား ပစ္စည်းများထက် ပို၍ပါရှိသည်။ ကုန်များကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးရာတွင်လည်း မြစ်ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာများရှိ ရေများပေါ်တွင် သွားလာနိုင်ကြသည့် လှေသင်္ဘောများဖြင့် တင်ဆောင်လျှင် စရိတ်မှာ အသက်သာဆုံး ဖြစ်တတ်ပေသည်။ ချောင်းများ၊ မြစ်များ၊ ပင်လယ်သမုဒ္ဒရာ များနှင့် အင်းအိုင်များသာမရှိလျှင် ကမ္ဘာကြီးသည် ငြီးငွေ့ဖွယ် ရာ ဖြစ်ပေလိမ့်မည်။ ချောင်း၊ မြစ်၊ ပင်လယ်၊ သမုဒ္ဒရာနှင့် အင်းအိုင်များဟု ခေါ်နေကြခြင်းမှာလည်း ယင်းတို့ရှိ ရေများ ကြောင့်သာ ခေါ်နေနိုင်ကြခြင်း ဖြစ်ပေသည်။ ထိုကြောင့် ရေ သည် သက်ရှိအဖို့ လွန်စွာအရေးကြီးလေသည်။ ဓာတုဗေဒအလိုအားဖြင့် ရေသည် အဆင်းမရှိသည့်အရည် တစ်မျိုး ဖြစ်၍ ရေကို ဓာတုသင်္ကေတဖြင့် H2O ဖြစ်သည်။[၁]


ဓာတ်ကြီးလေးပါးအနက် အာပေါဓာတ် ရေသည် ကမ္ဘာမြေပေါ်တွင် အရည်အခြေအနေအဖြစ် အများဆုံးတွေ့ရသည့် အရာဝတ္ထုဖြစ်သည်။ ကမ္ဘာ့မြေမျက်နှာပြင် လေးပုံသုံးပုံကို ဖုံးလွှမ်းလျက်ရှိသည်။ သန့်စင်သည့်ရေသည် အနှံ့အသက်၊ အရောင်အဆင်း မရှိပါ။ မြစ်ချောင်း၊ အင်းအိုင်နှင့် ပင်လယ်သမုဒ္ဒရာများတွင် ရေအမြောက်အများကို တွေ့ရှိနိုင်သည်။ မိုးရေသည် တိမ်လွှာများ ငွေ့ရည်ဖွဲ့ရာမှ ဖြစ်ပေါ်လာသည့် ရေစက်များဖြစ်သည်။ အအေးလွန်သည့်အခါများတွင် ရေသည် အခဲဘဝသို့ ပြောင်းကာ ရေခဲဖြစ်လာသည်။ အအေးပိုသည့်ရာသီတွင် မိုးရေများသည် ရေခဲ သို့မဟုတ် နှင်းများအဖြစ် ရွာချတတ်သည်။ အင်မတန်ပူပြင်းသည့်အခါ ရေများ ဆူပွက်ကာ အငွေ့အဖြစ် ပြောင်းလဲတတ်သည်။

အပင်များနှင့် လူအပါအဝင်သတ္တဝါများသည် အသက်ရှင်သန်နိုင်ရန် အာဟာရဓာတ်များအတွက် ရေကိုအားထားကြရသည်။ ရေသည်လည်း ဓာတုပစ္စည်းများ ဓာတ်ပြုရာတွင် ကြားခံဒြပ်တမျိုးဖြစ်သည့်အပြင် သွေးသားများတွင် အဓိကပါဝင်သည့် ပစ္စည်းဖြစ်သည်။

ရေ သံသရာလည်ပုံ

သတ္တဝါများသည် ရေကို အရေပြားမှတဆင့် ချွေးအဖြစ်စစ်ထုတ်ကာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးသည်။ ရေ၏အကူအညီဖြင့် သွေးသည် အဟာရဓာတ်များကို အစာအိမ်မှတဆင့် ခန္ဓာကိုယ်၏ အခြားအင်္ဂါအစိတ်အပိုင်းများသို့ ပို့ဆောင်ပေးသည်။ သွေးများက အောက်စီဂျင်ဓာတ်ကို အဆုပ်မှတဆင့် ကိုယ်ခန္ဓာသို့ ပို့ဆောင်ရာတွင်လည်း ရေမှ ကူညီပေးသည်။ သတ္တဝါများ အစာချေရာတွင် ရေဓာတ်ပါဝင်သည့် တံတွေးများ လိုအပ်သည်။ လူ့ခန္ဓာကိုယ်မှ မကောင်းသည့် ဓာတ်ပစ္စည်းများကို ဆီးနှင့်စစ်ထုတ်ရာတွင် ရေလိုအပ်သည်။ လူ့ခန္ဓာကိုယ်၏ ၆၀ - ၇၀ % မှာ ရေဖြစ်သည်။

နွားနို့၊ သစ်သီးဖျော်ရည်၊ ဝိုင်စသည့် သောက်သုံးဖွယ်ရာများတွင် အဓိကပါဝင်သည့် ပစ္စည်းမှာ ရေဖြစ်သည်။ ပင်လယ်သမုဒ္ဒရာအတွင်းရှိ ရေများသည် ရေငံဖြစ်ပြီး မြစ်ချောင်းအင်းအိုင်မှ ရေများမှာ ရေချိုများဖြစ်သည်။ ကမ္ဘာပေါ်တွင် သောက်သုံးနိုင်သည့် ရေချိုရာခိုင်နှုန်း ၃ % သာရှိပြီး ကျန်သည်မှာ ရေငံများဖြစ်သည်။ [၂][၃].

ရေမော်လီကျူးတွင် ဟိုက်ဒြိုဂျင်အက်တမ် ၂ ခုနှင့် အောက်စီဂျင်အက်တမ် ၁ ခုစီပါဝင်ဖွဲ့စည်းထားသည်။ ရေ၏ ဓာတုသင်္ကေတမှာ H2O ဖြစ်သည်။ ရေတွင် မျက်နှာပြင်တင်းအား ရှိသောကြောင့် အရာဝတ္ထုများ၏ မျက်နှာပြင်ပေါ်တွင် ပြန့်မသွားပဲ သေးငယ်သည့် ရေစက်အဖြစ် တွေ့ရှိရခြင်းဖြစ်သည်။

ကမ္ဘာပေါ်ရှိ ရေ[ပြင်​ဆင်​ရန်​]

ကမ္ဘာပေါ်တွင် ရေထု အလွန် များပြားစွာ ရှိပါသည်။ ဂါလန်အားဖြင့် ထရီလီယံပေါင်း ၃၂၆ မီလီယံ (၃၂၆ နောက်မှ သုည ၁၈ လုံး) ဖြစ်၍ လီတာအားဖြင့် ၁၂၆ဝ x သုည ၁၈ လုံးဖြစ်သည်။ အဆိုပါ ရေများ၏ ဖြစ်စဉ်သည် ပုံမှန်အားဖြင့် လည်ပတ်နေ သည်။ ပင်လယ်၊ သမုဒ္ဒရာများမှ နေ့စဉ် အခိုးအငွေ့အဖြစ် လေထုအတွင်းသို့ ပျံတက်၍ ကုန်းမြေများရှိရာဘက်သို့ ရွှေ့လျားကာ မိုးရေ အဖြစ် ရွာချသည်။ အဆိုပါ မိုးရေများသည် မြစ်၊ ချောင်းများမှတစ်ဆင့် ပင်လယ်၊ သမုဒ္ဒရာများအတွင်းသို့ စီးဝင်ပြန်သည်။ ကမ္ဘာ့ မျက်နှာပြင်၏ ရဝ ရာခိုင်နှုန်းကို ပင်လယ်၊ သမုဒ္ဒရာများ၏ ရေထုအဖြစ်ဖုံးလွှမ်းနေသည်။ အဆိုပါသမုဒ္ဒရာတို့၏ ပျမ်းမျှအနက်သည် မီတာ ၁ဝဝဝ ဝန်းကျင် ဖြစ်သည်။ ကမ္ဘာ့ရေထု အားလုံး၏ ၉၈ ရာခိုင်နှုန်းသည် ပင်လယ်၊ သမုဒ္ဒရာများတွင်သာ ရှိပြီး ၎င်းတို့ သည် သောက်သုံး၍ မရသော ဆားငန်ရေများ ဖြစ်နေသည်။


ထို့ကြောင့် ၂ရာ ခိုင် နှုန်းမျှ သော ကမ္ဘာ့ ရေ ထု သည် ရေချို အဖြစ် တည် ရှိနေသည်။ ၁.၆ ရာ ခိုင်နှုန်းသော ရေများသည် ဝင်ရိုးစွန်း ဒေသများတွင် ရေခဲတောင်များ အဖြစ် တည်ရှိနေပြန်ပါသည်။ ဝ.၃၆ ရာခိုင်နှုန်းသော ရေကို မြေအောက်မှ တူးဖော်ရနိုင်သည်။ မြစ်ချောင်း၊ အင်းအိုင်များတွင် တွေ့မြင်နေရသည့် ရေထုသည် ဝ.ဝ၃၆ ရာခိုင်နှုန်းသာ ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် အလွန် နည်းသော အဆိုပါ ရေများသည်ပင်လျှင် ဂါလန်အားဖြင့် အမြောက်အများ ဖြစ်နေသောကြောင့် ယခု ကျွန်ုပ်တို့ နေ့စဉ် မပူမပင်ရဘဲ ရေကို သုံးစွဲနေရခြင်းဖြစ်သည်။ သင့်ခန္ဓာကိုယ်တွင်းမှာပင် ရေ ၆၅ ရာခိုင်နှုန်း ရှိနေသည်။ သင်သည် ပေါင် ၁ဝဝ အလေးချိန်ရှိသော ပုဂ္ဂိုလ်ဖြစ်နေလျှင် ရေ အလေးချိန်က ၆၅ ပေါင်ဖြစ်သည်။ ရေခဲသေတ္တာ၊ အအေးပုလင်းများနှင့် အခြားအစားအသောက်များတွင်လည်း ရေ များစွာ ရှိနေသည်။ [၄]

အသုံးချပုံ[ပြင်​ဆင်​ရန်​]

စိုက်ပျိုးရေး[ပြင်​ဆင်​ရန်​]

စိုက်ကွင်းတစ်ခုမှ ရေသွင်းမြောင်း

စိုက်ပျိုးရေးတွင် ရေ၏ အရေးအပါဆုံး အသုံးဝင်ပုံမှာ ရေသွင်းစိုက်ပျိုးရေးဖြစ်သည်။ ရေသွင်းစိုက်ပျိုးရေးသည် စားနပ်ရိက္ခာ ဖူလုံအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သော့ချက်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် ရေ ၉၀ % ကို စိုက်ပျိုးရေးတွင် အသုံးချကြသည်။ [၅]

သောက်သုံးရေ[ပြင်​ဆင်​ရန်​]

မိန်းခလေးတစ်ဦး ရေသန့်ဗူးမှရေကို သောက်သုံးနေပုံ။

လူ့ခန္ဓာကိုယ်တွင် အရွယ်အစားအလိုက် ရေပါဝင်နှုင်း ၅၅ % မှ ၇၈ % အထိပါရှိသည်။ [၆] အလုပ်ကောင်းကောင်းလုပ်နိုင်ရန် လူ့ခန္ဓာကိုယ်သည် နေ့စဉ် ရေ ၇ လီတာ လိုအပ်သည်။ တိကျသည့် ပမာဏမှာ လှုပ်ရှားမှု၊ အပူချိန်၊ စိုထိုင်းဆနှင့် အခြားအချက်များပေါ်တွင်လည်း မူတည်သည်။ ရေဓာတ်အများစုကို တိုက်ရိုက်သောက်သုံးခြင်းအပြင် အစားအစာနှင့် ဖျော်ရည်များမှ ရရှိသည်။ သန်မာသည့် လူတစ်ဦး ရေမည်မျှ သောက်သုံးရန် လိုအပ်သည်ကို တိတိကျကျ မသိရသေးသော်လည်း အနည်းဆုံးအားဖြင့် နေ့စဉ် ၆-၇ ဖန်ခွက်ခန့် (၂ လီတာခန့်) သောက်သုံးသင့်သည်ဟု ယူဆထားကြသည်။ [၇] ဆေးပညာကျမ်းဂန်များတွင်မူ ကိုယ်လက်လှုပ်ရှားမှုနှင့် ပူအိုက်သည့် ရာသီကြောင့် ချွေးထွက်ြခင်းကို ထည့်မတွက်လျှင် သာမန် ယောက်ျားတဦးသည် နေ့စဉ် ရေ ၁ လီတာ သောက်သုံးသင့်ကြောင်း ဖော်ပြထားသည်။ [၈]

သောက်သုံးရန်မသင့်သည့်ရေကို ညွှန်းသည့် သင်္ကေတ

ကျောက်ကပ် ပုံမှန်အလုပ်လုပ်သူများအဖို့ ရေများများ သောက်သုံးရန် ခက်ခဲသော်လည်း (အထူးသဖြင့် ပူအိုက်စွတ်စိုသည့်ရာသီနှင့် အားကစား လှုပ်ရှားချိန်တွင်) ရေအသောက်နည်းပါက ဥပဒ်ဖြစ်နိုင်သည်။ အားကစားလုပ်ချိန်တွင် လိုသည်ထက်ပို သောက်သုံးနိုင်သော်လည်း အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ရေအဆိပ်သင့်မှု ဖြစ်ပွားတတ်သည်။ ထို့ကြောင့် နေ့စဉ် ရေ ၈ ခွက် သောက်သုံးသင့်သည်ဆိုသည့်အချက်မှာ သိပ္ပံပညာအရ အထောက်အထားများ မရှိသေးပါ။[၉]

သာမန်အားဖြင့် ရေဓာတ် ၂၀ % ကို အစားအစာများမှရရှိသည်။ ကျန်သည်မှာ ရေနှင့် ဖျော်ရည်သောက်သုံးမှုမှ ရရှိသည်။ လူ့ခန္ဓာကိုယ်မှ ရေဓာတ်ကို ဆီး၊ ချွေး သို့ မဟုတ် ထွက်သက်မှ ရေငွေ့အသွင်ဖြင့် စွန့်ထုတ်လေ့ရှိသည်။ အားကစားနှင့် ပူအိုက်ခြင်းကြောင့် ရေဓာတ်ဆုံးရှုံးမှု တိုးမြင့်လာသည့်အလျောက် နေ့စဉ် ရေဓာတ်လိုအပ်မှုလည်း တိုးမြင့်လာသည်။

လူသားများသည် ညစ်ညမ်းမှုနည်းပါးသည့် ရေကို လိုအပ်သည်။ အတွေ့များသည့် ညစ်ညမ်းပစ္စည်းများတွင် သတ္တုဓာတ်ဆား၊ ဗက်တီးရီးယားတို့ ပါဝင်သည်။ [၁၀]

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  2. Percentage of water.
  3. Fresh water percentage (2).
  4. သိပ္ပံနှင့်နည်းပညာဂျာနယ်၊အမှတ်(၂)၂၀၀၅၊ နိုဝင်ဘာလ
  5. WBCSD Water Faacts & Trends
  6. Re: What percentage of the human body is composed of water? Jeffrey Utz, M.D., The MadSci Network
  7. Healthy Water Living. Archived from the original on 2012-05-24။ Retrieved on 2007-02-01
  8. Rhoades RA, Tanner GA (2003). Medical Physiology, 2nd ed., Baltimore: Lippincott Williams & Wilkins. ISBN 0781719364. OCLC 50554808. 
  9. "Drink at least eight glasses of water a day." Really? Is there scientific evidence for "8 × 8"? by Heinz Valdin, Department of Physiology, Dartmouth Medical School, Lebanon, New Hampshire
  10. Maton, Anthea; Jean Hopkins, Charles William McLaughlin, Susan Johnson, Maryanna Quon Warner, David LaHart, Jill D. Wright (1993). Human Biology and Health. Englewood Cliffs, New Jersey, USA: Prentice Hall. ISBN 0-13-981176-1. OCLC 32308337.