ဥကရစ်ထတိုက်ပွဲ
| ||||||||||||||||||||||||||||
ဥကရစ်ထတိုက်ပွဲ သည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ကာလရှည်ဖြစ်ပွားခဲ့သည့် စခန်းသိမ်းတိုက်ပွဲတစ်ခုဖြစ်သည်။[၁]ကရင်ပြည်နယ်၊မြန်မာ- ထိုင်း နယ်စပ်အနီး မြဝတီမြို့နယ် ၊ ဖလူး-ဝေါလေ-စုကလိဒေသလမ်းဆုံ ဥကရစ်ထကုန်းပေါ်ရှိ ဥကရစ်ထစစ်တပ်စခန်းအား ၂၀၂၂ ခုနှစ်၊ဇွန်လ ၂၆ ရက် တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တို့နှင့်အတူ PDF ပူးပေါင်းတပ်များက တစ်ပြိုင်တည်း စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြင့် ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်သည်။
၂၀၂၅ ခုနှစ်၊ဇူလိုင်လ ၁၂ ရက် ညနေပိုင်းတွင် စစ်တပ်စခန်းကျကာ တော်လှန်ရေးတပ်များက အပြီးသတ် သိမ်းပိုက်ခဲ့ကြသည်။[၂]
သမိုင်းအကျဉ်း
[ပြင်ဆင်ရန်]ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဝေါလေ- မြဝတီလမ်းပိုင်းရှိ ဥကရစ်ထစစ်စခန်းသည် မူလက ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ စီမံအုပ်ချုပ်မှုဒေသထဲ ပါဝင်ခဲ့သည်။သို့သော်လည်း ၁၉၉၀ ခုနှစ် နှောင်းပိုင်းကာလတွင် တပ်မတော်က သိမ်းပိုက်ခဲ့ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၏ တောင်ဘက်စစ်ဆင်ရေး ခြေကုပ်စခန်းတစ်ခုအဖြစ် အခြေပြုခဲ့သည့် စခန်းတစ်ခု ဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားခြင်း
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ်၊ဇွန်လ ၂၆ ရက် တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တို့နှင့်အတူ PDF ပူးပေါင်းတပ်များက ဥကရစ်ထစခန်းကို အင်အားအလုံးအရင်းဖြင့် တစ်ပြိုင်တည်း စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
တပ်မတော်က လေကြောင်း နှင့် လက်နက်ကြီးပစ်ကူအမြောက်အများ ရယူခဲ့ရပြီး ရင်ဆိုင်ခဲ့ရသည်။[၃] ထိုတိုက်ပွဲကာလအတွင်း တပ်မတော် (လေ) ပိုင် မစ်(ဂ်)-၂၉သည် အိမ်နီးချင်းထိုင်းနိုင်ငံထဲသို့ ခွင့်ပြုချက်မရှိဘဲ မတော်တဆ ဝင်ရောက်ဖြတ်ကျော်မိခဲ့သည့်အပြင် [၄] နှစ်ဖက်တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျည် အချို့လည်း ကျရောက်ပေါက်ကွဲခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇွန် ၂၆ ရက်မှ ဇွန် ၃၀ ရက်အထိ တော်လှန်ရေးတပ်ဖွဲ့များ၏ အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်မှုအပေါ် စစ်တပ်က မြေပြင်ပစ်ကူနှင့် လေကြောင်း ပစ်ကူ များဖြင့် ခုခံတွန်းလှန်နိုင်ခဲ့ပြီး စခန်းအရောက် စစ်ကူ၊ ပစ်ကူ လာရန်ချီတက်ကြသည့် စစ်ကြောင်းများနှင့် တပ်ချင်းဆက်၍ ပူး ပေါင်းသွားခဲ့မိကြပြီး ဥကရစ်ထစခန်း နှင့် ပတ်ဝန်းကျင် တစ်ဝိုက်လုံခြုံရေး ကို ပြန်လည် စိုးမိုးသွားနိုင်ခဲ့သည်။ [၅]
ဝါဒဖြန့် ရုပ်ရှင်ရိုက်ကူးခြင်း
[ပြင်ဆင်ရန်]မြန်မာ့တပ်မတော်က ဥကရစ်ထစခန်းတိုက်ပွဲတွင် စခန်းမကျခဲ့ဘဲ ခုခံတွန်းလှန်နိုင်ခဲ့မှုကို ဒါရိုက်တာ အကယ်ဒမီ တင်အောင်စိုး (ပန်းမြို့တော်)၊အကယ်ဒမီ ခန့်စည်သူ၊အကယ်ဒမီ မေသဉ္ဇာဦး အပါ အဝင် သရုပ်ဆောင်များဖြင့် "သက်ရှိစည်းရိုး" ဆိုသည့် ဥကရစ်ထဖြစ်ရပ်မှန်တိုက်ပွဲဇာတ်ကား ကို ရိုက်ကူးခဲ့သည်။ ထိုဇာတ်ကားကို (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ဇာတ်ကားအဖြစ် ၂၀၂၄ ခုနှစ် မတ်လ ၂၄၊ ၂၅ ရက်နေ့တို့တွင် ထုတ်လွှင့်ပြသခဲ့သည်။[၆]
တစ်ကျော့ပြန်တိုက်ပွဲ
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် မေလ ၂၁ ရက် နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်များက ထိုင်း- မြန်မာနယ်စပ်တလျှောက်ရှိ မြဝတီမြို့ တောင်ဘက်ခြမ်း စစ်တပ်စခန်းများဖြစ်သည့် ဝေါလေဗျူဟာကုန်း၊ သေ့ဘောဘိုး၊ ဘလယ်ဒို၊ ကနဲလေး နှင့် မော်ခီးစခန်းများကို စတင်ထိုးစစ်ဆင်တိုက်ခိုက်သည့် စစ်ဆင်ရေး ပြုလုပ်သည်။
စစ်ဆင်ရေးအစ ၂၀၂၅ ခုနှစ်၊ မေ ၂၃ ရက် တွင် ဘလယ်ဒိုစခန်း၊ မေလ ၂၈ ရက် ညနေ ၆ နာရီတွင် ကနဲလေးတပ်စခန်း၊ဇွန်လ ၃ရက် နေ့တွင် ထိုင်း- မြန်မာ နယ်စပ်မျဉ်းအနီးရှိ သေဘောဘိုး တပ်စခန်း၊ ဇွန်လ ၂၂ ရက် နေ့တွင် မြဝတီခရိုင် ထိုင်း-မြန်မာနယ်စပ်အနီးရှိ ထီးကပလယ်စခန်း၊ ဇူလိုင် ၁၂ ရက်နေ့တွင် ဥကရစ်ထစခန်း တို့ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။[၇] [၈]
ဥကရစ်ထစစ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၅ ခုနှစ် ဇူလိုင် ၃ရက်ကစပြီး တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ၉ရက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။[၉]
ထိုင်းသတင်းဌာနတစ်ခုဖြစ်သော AEC က တိုက်ခိုက်မှုများကို ခုခံနိုင်ခြင်းမရှိတော့သည့်အတွက် ဒဏ်ရာရရှိသူများအပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ ခန့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။[၁၀]
မြဝတီတောင်ဘက်ပိုင်းတွင် ဝေါလေဗျူဟာစခန်းကုန်းနှင့် ထီးသဲလယ် ကာကင်းစခန်း ၂ ခုသာ ကျန်ရှိတော့ရှိသည်။[၁၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဥကရစ်ထစခန်းတိုက်ပွဲတွင် စစ်ကောင်စီက လေတပ်ကိုသာ အားကိုးနေရ။ myanmar now (၃၀ ဇွန် ၂၀၂၂)။ 29 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက်အရေးပါတဲ့ ဥကရစ်ထစခန်းကို KNU/PDF ဘယ်လိုသိမ်းခဲ့လဲ။ BBC Burmese (၁၂ ဇူလိုင် ၂၀၂၅)။ ၁၄ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီလေတပ်က ၅ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂၅ ကြိမ်ပြုလုပ် (ရုပ်သံ)။ DVB (၅ ဇူလိုင် ၂၀၂၂)။ ၁၄ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Myanmar fighter jet crosses into Thailand's air space in Tak။ bangkokpost (30 June 2022)။ 14 July 2025 တွင် ပြန်စစ်ပြီး။
- ↑ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဥကရစ်ထ စစ်ဆင်ရေးခြေကုတ်စခန်းသို့ အင်အားအလုံးအရင်းဖြင့် အကြိမ်ကြိမ်လာရောက်တိုက်ခိုက်သည့် PDF ပူးပေါင်းအဖွဲ့ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးလျက်ရှိ။ MOI (၂ ဇူလိုင် ၂၀၂၂)။ ၁၄ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူဆုရရှိသူစာပေပညာရှင်များအား မှတ်တမ်းတင် ဂုဏ်ပြုလွှာပေးအပ်ခြင်းနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ ဝမ်းသာပီတိစကားသံများ။ MWD Webportal (၂၇ မတ် ၂၀၂၄)။ ၁၄ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြဝတီတောင်ခြမ်းမှ စခန်းများကို ရှင်းမည့် KNU စစ်ဆင်ရေး။ The Irrawaddy (၃၀ မေ ၂၀၂၅)။ ၁၄ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)။ The Irrawaddy (၂၃ မေ ၂၀၂၅)။ ၂၄ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဥကရစ်ထစခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်။ DVB။ 2025-7-12 တွင် ပြန်စစ်ပြီး။
- ↑ ဥကရစ်ထစခန်းကို KNLA ပူးပေါင်းတပ်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၁၀၀ ခန့် ထိုင်းဘက်ထွက်ပြေး။ Mizzima။ 2025-7-14 တွင် ပြန်စစ်ပြီး။
- ↑ ဥကရစ်ထစခန်းမှ လက်နက်အငယ် (၅၀)ထက်မနည်း၊ ခဲယမ်းနှင့်လက်နက်ကြီးများ KNLA ပူးပေါင်းတပ်သိမ်းဆည်းရမိ။ Karen Information Center။ ၂၀၂၅-၇-၁၂ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]