ဇီဝက

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဇီဝကသည် ဂေါတမမြတ်စွာဘုရားသခင် လက်ထက် ထင်ရှားကျော်စောသော သမားတော်ကြီး ဖြစ်သည်။ ရာဇဂြိုဟ်ပြည် တွင် တိုင်းပြည်သာယာစေရန် သာလဝတီမည်သော အဆင်း အင်္ဂါနှင့် ပြည့်စုံသည့် အမျိုးသမီးကို ပြည့်တန်ဆာပြု၍ထား၏။ ဇီဝကသည် ထိုပြည့်တန်ဆာမသားဖြစ်၏။ ပြည့်တန်ဆာမသာလ ဝတီထံ ဗိမ္ဗိသာရမင်းကြီး၏သားတော်အဘယမင်းသား ဝင်ထွက် ပျော်ပါးရာမှ ဇီဝကကို သန္ဓေတည်သည်ဟု ဇိနတ္ထပကာသနီ ကျမ်းကဆိုသည်။ ဖွားမြင်သောအခါ အမိပြည့်တန်ဆာမသည် သားငယ်ကို မြို့ပြင်တွင်စွန့်ပစ်၏။ ယင်းသို့စွန့်ပစ်ခံရသော သူငယ်ကို အဘယမင်းသားပင်တွေ့ရှိ၍ ကောက်ယူကျွေးမွေး၏။ တွေ့ရှိစဉ်က 'အသက်ရှိသေးသလော'ဟု မေးဘူးသည်ကို စွဲ၍၊ 'ဇီဝက'ဟုအမည်တွင်သည်၏။ အဘယမင်းသားက ကောက်ယူ ကျွေးမွေးခြင်းကြောင့်လည်း 'ကောမာရဘစ္စ'ဟု တွင်သေးသည်။

ဇိဝကသည် အရွယ်သို့ရောက်သော် မိမိ၏အဖြစ်မှန်ကို သိရှိ၍၊ အဘယမင်းသားထံ ခွင့်မပန်ဘဲ၊ တက္ကသိုလ်ပြည်သို့ သွားရောက်၍ ဆေးအတတ်ကိုသင်ယူသည်။ ဇီဝကသည် နောင် အခါတွင် ဘုရားရှင်၏အလုပ်အကျွေးဖြစ်အံ့သည်သိ၍၊ သိကြား မင်းသည် ဒိသာပါမေက္ခဆရာ၏ ကိုယ်တွင်ကပ်မှီ၍ အတတ်ကို သင်လာ၏။ သူတစ်ပါးတို့ ၁၆ နှစ်တိုင်တိုင် သင်ရသော အတတ်ကို ဇီဝကသည် ၇ လဖြင့် ကုန်စင်အောင်တတ်၏။ ဆေးအတတ်ပညာကို သင်ကြားတတ်မြောက်ပြီးသောအခါ၊ ဇီဝကသည် ကံကုန်သောအနာမှတစ်ပါး ကြွင်းသမျှသော အနာ ရောဂါတို့ကို တစ်ကြိမ်ဆေးပေးကာမျှဖြင့် ပျောက်ကင်းစေနိုင် သည်။ ထို့အတွက် ဒိသာပါမောက္ခဆရာ၏ ခွင့်ပြုချက်အရ ရာဇဂြိုဟ်ပြည်သို့ ပြန်လာရာ၊ လမ်းခရီးတွင် ဇီဝကသည် သာကေတပြည် သူဌေးကတော်တစ်ဦး၏ ဦးယဉ်းခေါင်းခဲနာကို ကုသ၍ ပျောက်ကင်းစေသဖြင့် ဆုလပ်များစွာရ၏။ ရာဇဂြိုဟ် ပြည်ရောက်သည်တွင် အဘယမင်းသားထံတွင်ပင်နေ၏။ ထို အချိန်တွင် ဗိမ္ဗိသာရမင်းကြီးတွင် စွဲကပ်လျက်ရှိသော မြင်း သရိုက်နာကို တစ်ကြိမ်ဆေးပေးကာမျှနှင့် ပျောက်ကင်းစေ၏။ မင်းကြီးက ဆေးဖိုးအဖြစ် ဆုလပ်များစွာပေးရာ၊ ဇီဝက က ငြင်းပယ်သည်။ မင်းကြီးသည် 'ဇီဝက၊ ငါ့ကို၎င်း၊ မောင်းမ မိဿံတို့ကို၎င်း၊ ဘုရားအမှူးရှိသော သံဃာတော်တို့ကို၎င်း ဆေးဖြင့်ကုသလုပ်ကျွေးလော့'ဟု အမိန့်ရှိသည်။ ဇီဝကလည်း ကောင်းပြီဟု ဝန်ခံသည်။

ရာဇဂြိုဟ်ပြည်၏ မြောက်မျက်နှာနေ မဟာသာလသူဌေး သည် ၇ နှစ်တိုင်တိုင် ဦးယဉ်းခေါင်းခဲနာ စွဲကပ်လျက်ရှိရာ၊ ဆရာဇီဝကသည် သူဌေးကြီးအား နှာဖြင့်အိပ်ပျော်စေပြီးလျှင် ဦးခေါင်းကိုဓားဖြင့်ခွဲ၍၊ ဦးနှောက်ကို စားလျက်ရှိသော ပိုး ၂ ကောင်ကို ထုတ်ယူခြင်းဖြင့် ပျောက်ကင်းစေ၏။ ထိုနောက် ဗရာဏသီပြည်ရှိ သူဌေး သားတစ်ယောက်၏ အူထုံးသော ရောဂါကို ဇီဝကသည် မူးမေ့စေသော ဆေးကိုပေးပြီးမှ ဝမ်းကို ဖောက်ခွဲ၍ အူထုံးကို ဖြေလေသည်။

ထိုပြင် စမ္ပာနဂိုရ်ပြည်ကိုအစိုးရသော စန္ဒပဇ္ဇောတမင်းသည် မစားမသောက်နိုင်၊ ဖျော့တော့သောဝေဒနာ စွဲကပ်လေရာ၊ ဇီဝ ကကုသ၍ ပျောက်ကင်း၏။ ထိုမင်းက သိဝိရာဇ်တိုင်းဖြစ် အဖိုး များစွာထိုက်တန်သော ပုဆိုးတစ်စုံကို ဇီဝကအားပေး၏။ ဇီဝက လည်း ကောင်းစွာသိမ်းဆည်းထား၏။

တစ်ခါသော်၊ ဘုရားရှင်သည် ကိုယ်တော်၌ ခက်တရော်ထူ ပြောသော ဒေါသရှိရကား၊ အာနန္ဒာကိုခေါ်၍ ဝမ်းလျှောဆေး သုံးတော်မူလိုကြောင်းမိန့်၏။ ရှင်အာနန္ဒာလည်း ဇီဝကထံသို့ကြွ ၍ 'အချင်းဇီဝက လောကသနင်းသည် စမြင်းဒေါသထူပြော သည်ဖြစ်၍ ဝမ်းလျှောဆေး သုံးတော်မူလိုသည်'ဟု ဆိုသည်တွင် ဇီဝကလည်း ကြာသုံးလက်တွင် အထူးထူးသော ဆေးကို ထုံစေ ပြီးလျှင်၊ ဘုရားရှင်အားကပ်၏။ ထိုကြာသုံးလက်ကို နမ်းတော် မူခြင်းဖြင့် ဝမ်းလျှောစေ၏။

ဘုရားရှင်သည် ဝေဒနာမှသက်သာလာသောအခါ၊ သောဏ သူဌေး၏ ဆွမ်းကို ဘုဉ်းပေးတော်မူ၏။ ဘုရားရှင် ဆွမ်းဘုဉ်း ပေးပြီးသောအခါ၊ ဇီဝကသည် သိဝိရာဇ်တိုင်းဖြစ် ပုဆိုးတစ်စုံကို ဘုရားရှင်အားကပ်ပြီးလျှင် 'အရှင်ဘုရား၊ ဤပုဆိုးအစုံပါတည်း။ ဤပုဆိုးအစုံကိုလည်း ဝတ်ရုံသုံးဆောင်ရန် အလှူခံတော်မူပါ။ တပည့်သံဃာတို့မှာလည်း ပံ့သကူသင်္ကန်းကိုသာ ဆောင်ကြရ၍ နွမ်းနယ်လှပါသည်။ ဒါယကာတို့ ကုသိုလ် ဖြစ်စိမ့်သောငှာ ခွင့်ပြုတော်မူပါ'ဟု လျှောက်၏။ ဘုရားရှင်သည် ဇီဝကလှူ သော ပုဆိုးအစုံကိုလည်း ခံတော်မူ၏။ တပည့်သား သံဃာ တော်တို့အားလည်း ဇီဝကလျှောက်ထားချက်အတိုင်း ဂဟပတိ စီဝရကို ခွင့်ပြုတော်မူလေသည်။

ဆရာဇီဝကသည် ဆေးကုခြင်းအရာ၌ အလွန်ကျော်စော သဖြင့် မအားမလပ်နိုင်အောင်ရှိသည်။ သို့သော် ဘုရားရှင်နှင့် သံဃာတော်တို့အား ပြုမြဲသောဝတ်ကို မပျက်ခဲ့ချေ။ ဆရာဇီဝက ထံ ဆေးဝါးကုသလိုသော်လည်း၊ ဆေးဖိုးကြေးငွေမတတ်နိုင် သော သူတို့သည် ဆေးကုသခံလိုမှုကြောင့် သာသနာ့ဘောင်သို့ ဝင်၍ ရဟန်းပြုကြသည်။ ထိုသို့ဆေးကုသခံလိုမှု သက်သက် ကြောင့် သာသနာ့ဘောင်သို့ဝင်ကြသည်ကို ဇီဝကသိရှိသည်တွင် အနာကြီးငါးမျိုးစွဲကပ်သူတို့အား ရဟန်းပြုခြင်းမှ တားမြစ်ပေး ရန် ဘုရားရှင်အားလျှောက်ထား၏။ ဘုရားရှင်လည်း ပညတ် တော်မူ၏။

ဘုရားရှင်၏ တပည့်သားအပေါင်းတွင် ဇီဝကသည် လူ ချစ်လူခင် အပေါများဆုံး၊ ကြည်ညိုသူ အများဆုံးဖြစ်သဖြင့် 'ကုလပ္ပသာဒက'တည်းဟူသော ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းရ လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)