နှစ်ဆန်းတစ်ရက်နေ့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

နှစ်ဆန်းတစ်ရက်နေ့ ဆိုသည်မှာ ဂရီဂေါ့ရီးယန်း ပြက္ခဒိန်နှင့် ဂျူလီယန် ပြက္ခဒိန်အရ ဇန်နဝါရီလ ၁ ရက်နေ့ကို သတ်မှတ်သည်။ ကြယ်စု အားလုံးဖြတ်သန်းရန် အကြမ်းဖျင်းကြာချိန် ရက်ပေါင်း ၃၆၀ ကို အကြောင်းပြု ပြီး ကမ္ဘာကို ဗဟိုပြုကာ နေပတ်လမ်း ပြင်ညီ (ecliptic)ကို အစိတ်ပေါင်း ၃၆၀ စိတ်ခဲ့ကြဟန်တူသည်။ မြန်မာနှင့် ကမ္ဘာအခေါ် ဒီဂရီ၊ မိနစ် တို့ကို အိန္ဒိယ စံနစ်အရ အံသာ၊ လတ္တာ ဟူ၍ ဖြစ်ပါသည်။ ထိုနေရာချ စံနစ်အရ ကြယ်စုတစ်ခု၊ ရာသီတစ်ခု ၏ အကျယ်အဝန်း သည် ၃၀ ဒီဂရီ ဖြစ်လာပါတော့သည်။

မှတ်တမ်းပြု ပြီးသည့် ရာသီ ၁၂ ခု အနက် ပထမဆုံးရာသီအဖြစ်သတ်မှတ်ရန် နည်းလမ်းရှာကြရပြန်ပါသည်။ ကမ္ဘာသည် မိမိ ဝင်ရိုးပေါ်တွင် ၂၃.၅ ဒီဂရီ လည်ပတ် နေသည်ဖြစ်ရာ အရှေ့မှ အနောက်သို့ နေသွားရာလမ်းကြောင်းသည် အီကွေတာမျဉ်းမှ ဘယ်ညာ ရွေ့လျား တိမ်းစောင်းနေသည်ကိုလည်း သတိပြုမိပြီး ဖြစ်ကြသည်။ ထိုသို့ ရွေ့လျားနေသည့် အချိန်ကာလအနက် နေပတ်လမ်းသည် အီကွေတာနှင့် တစ်ထပ်တည်း ကျချိန်တွင်ရှိသည့်ရာသီကို ရာသီစက်ဝန်း၏ အစအဖြစ် သတ်မှတ် လိုက်ကြသည်။ ထိုအချိန်ကာလသည် အနောက်တိုင်း ပြက္ခဒိန် စံနစ်အရ ဧပြီလ ၁၃-၁၄ ရက် ကာလအတွင်းဖြစ်ရာ ထိုအေးရိစ်(မြိဿ) ကြယ်စု ဖြတ်သန်းနေသည့်ကာလ ဖြစ်နေသည်။[၁]

နှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် အထွတ်အမြတ်ထားရာ နေ့တစ်နေ့ ဖြစ်ပါသည်။ သက္ကရာဇ်တစ်ခု၏ အစအဦးရက်တွင် ကုသိုလ်ကောင်းမှုများ ပြုကြသည်မှာလည်း မြတ်နိုးဖွယ်ရာ ထုံးတမ်းစဉ်လာ တစ်ရပ်ဖြစ်သည်။

မြို့တော်ဝန်ဦးဘညွန့်က သက်ကြီးရွယ်အို ဘိုးဘွားများကို မြို့တော်ခန်းမသို့ ပင့်ဖိတ်ကန်တော့နေစဉ်

နှစ်ဆန်းတစ်ရက်[ပြင်ဆင်ရန်]

မြန်မာပြက္ခဒိန်အရ မြန်မာနှစ်၏ ပထမဆုံးလမှာ တန်ခူးလ ဖြစ်သော်လည်း နှစ်ဆန်းတစ်ရက်နေ့မှာ တန်ခူးလဆန်း(၁)ရက်နေ့ မဟုတ်ပေ။ သူရိယနေမင်းကြီး မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းချိန်သည် တန်ခူးလအတွင်း ဖြစ်နိုင်သကဲ့သို့ တစ်ခါတစ်ရံ ကဆုန်လအတွင်း ကျရောက်နိုင်လေသည်။ သို့ဖြစ်၍ တန်ခူးလ၊ သို့မဟုတ် ကဆုန်လ၏ နှစ်ဆန်းတစ်ရက်နေ့ မတိုင်မီ ရက်များကို နှောင်းတန်ခူး သို့မဟုတ် နှောင်းကဆုန်ဟု ခေါ်ဆိုကြသည်။ ေဝါဟာရ ပြက္ခဒိန်အရ တန်ခူး၊ ကဆုန်လများသို့ ရောက်ရှိသည့်တိုင် နှစ်မကူးသေးဘဲ နှစ်ဆန်းတစ်ရက် နေ့တွင်မှ နှစ်သစ်ကို စတင်ပါသည်။

ရှေးမြန်မာမင်းများ လက်ထက်[ပြင်ဆင်ရန်]

ရှေးမြန်မာမင်းများ လက်ထက်ကပင် နှစ်ဆန်းတစ်ရက်နေ့ကို အလေးအမြတ်ပြု ကြသည်။ နှစ်ဆန်းတစ်ရက်နေ့တွင် ရွှေမြို့တော် ဓာတ်တံခါးလေးရပ်မှ အမြောက်သံပေးရမြဲဖြစ်သည်။ ယင်းနေ့တွင် ရတနာသုံးပါးနှင့်တကွ သမ္မာဒေ၀နတ် အပေါင်းတို့အား ရှေးအစဉ်အလာအတိုင်း လှူဒါန်းပူဇော်မြဲ လှူဖွယ်ဝတ္ထုများဖြင့် ပူဇော်ကြသည်။ ယင်းနေ့တွင် အတာပွဲတော်ကိုလည်း ဆင်ယင်ကျင်းပလေ့ ရှိခဲ့ကြသည်။

သမိုင်းဝင် နှစ်ဆန်းတစ်ရက်နေ့[ပြင်ဆင်ရန်]

မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၃၃ ခုနှစ် (၁၈၇၁ ခုနှစ်)က နှစ်ဆန်းတစ်ရက်နေ့မှာ သမိုင်းဝင် ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မင်းတုန်းမင်းသည် ယင်းနေ့တွင် ပဉ္စမသင်္ဂါယနာတင် အခမ်းအနားကို စတင်ကျင်းပ ခဲ့သောကြောင့် ဖြစ်ပါသည်။

ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် သက္ကရာဇ် (၁၂၃၃) တစ်ထောင်နှစ်ရာ သုံးဆယ့်သုံးခု တန်ခူးလပြည့်ကျော် တစ်ဆယ့်တစ်ရက် (၁၅ ဧပြီ ၁၈၇၁) နှစ်ဆန်းတစ်ရက် စနေနေ့ ကောင်းမြတ်သော မင်္ဂလာအခါတော်၌ အမြောက်သံကြားစေပြီးမှ ဆဒ္ဒန်ဆင်မင်းသခင်အသျှင် ဘဝရှင်မင်းတရားကြီးဘုရား၊ အရှင်နန်းမတော် မိဖုရားခေါင်ကြီး ဘုရားနှင့်တကွ မင်းညီမင်းသား မှူးတော်မတ်တော် အပေါင်းတို့ဖြင့် ခြံရံလျက် ထွက်တော်မူ၍ ရွှေနန်းပြာသာဒ်တော်ဦး မြေနန်းတော်တွင် အခမ်းအနား ကြီးကျယ်စွာ စီမံခင်းကျင်းပြီးလျှင် သာသနာပြု သုဓမ္မဆရာတော်၊ တံဆိပ်ရမရ ဆရာတော် သံဃာတော်တို့ကို လျှောက်ထားတောင်းပန်၍ ပဉ္စမသင်္ဂါယနာတင် မင်္ဂလာသဘင် ဆင်ယင်တော်မူသည် ဟူ၍ ဖော်ပြပါရှိပါသည်။

နောက်ဆုံး အတာပွဲတော်[ပြင်ဆင်ရန်]

မြန်မာမင်းများ လက်ထက်တစ်လျှောက် နှစ်ဆန်းတစ်ရက်နေ့တွင် အတာပွဲတော်ကို ကျင်းပမြဲဖြစ်ရာ သီပေါမင်းလက်ထက် ၁၂၄၇ ခုနှစ်၏ နှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ကဆုန်လဆုတ် ၂ ရက် (၁၄ ဧပြီ ၁၈၈၅) တွင် မြန်မာဘုရင်လက်ထက် နောက်ဆုံး အတာပွဲတော်ကို ကျင်းပခဲ့ပါသည်။ ယင်းနေ့တွင် လှူဖွယ်ဝတ္ထု အစုစုကို ပွဲလမ်းသဘင်စုံတို့နှင့်တကွ တောင်စမုတ်တော်၌ ခင်းကျင်းပြသလျက် မင်း၊ မိဖုရားတို့ ရေစက်ချ လှူဒါန်းခဲ့ကြသည်။

ဟံသာဝတီသတင်းစာပါ သတင်း[ပြင်ဆင်ရန်]

(၁၃-၄-၁၉၀၁) ရက်စွဲပါ ဟံသာဝတီ သတင်းစာအရ ထိုနှစ်က နှစ်ဆန်းတစ်ရက်နေ့မှာ ၁၆ ဧပြီ ၁၉၀၁ တွင် ဖြစ်ပါသည်။ ယင်းနေ့ထုတ် သတင်းစာတွင် မဟာသင်္ကြန် အတာမင်္ဂလာနှစ်ဦး အခါတွင် ရတနာသုံးပါး ဘိုးဘွားတို့အား ဝတ္တရားမချွတ်ရအောင် ဆောင်ရွက်အားထုတ်ကြသော သူတော်ကောင်း အပေါင်းတို့သည် ရောဂါဘေးဒဏ် ရန်မာန်ခပ်သိမ်း ကင်းငြိမ်းပပျောက်လျက် လူနတ်နိဗ္ဗာန်သုံးတန်သုခ အလိုရှိသမျှသည် ဣဋ္ဌဖလအာနိသံသ အကျိုးပွားတိုး စုံလင်အောင်မြင် ပြီးစီးကြစေရန် ကျွနု်ပ်တို့က ထပ်မံနှိုးဆော် လိုက်ပါကြောင်း ဟု ရေးသားဖော်ပြ ထားသည်ကို တွေ့ရှိရ၏။

သို့သော် ထိုနှစ်ရန်ကုန်သင်္ကြန်က အခြေအနေ ဆိုးရွားခဲ့ကြောင်း သင်္ကြန်ပွဲအပြီး (၂၀-၄-၁၉၀၁) ထုတ် ဟံသာဝတီ သတင်းစာတွင် မြန်မာလူမျိုးတို့ အတာနှစ်သစ်ကူး သင်္ကြန်အခါ၌ မေတ္တာရည်ညွှန်း သွန်းလောင်းသည့်ရေအတွက် အမျက်ဒေါသ ခိုက်ရန်ပွား၍ တရားကိုမငဲ့ကွက် ရိုက်နှက်ကြခြင်းအကြောင်း ခေါင်းစဉ်ဖြင့် သတင်းရှည်တစ်ပုဒ် ပါလာသောကြောင့် ဖြစ်ပါသည်။

ကိုလိုနီခေတ် နှစ်ဆန်းတစ်ရက်နေ့[ပြင်ဆင်ရန်]

နှစ်ဆန်းတစ်ရက်နေ့တွင် ဥပုသ်သီလ ဆောက်တည်ကြခြင်း၊ သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ကြခြင်း၊ ဇီဝိတဒါန အလှူပြု ခြင်းများကို ဆောင်ရွက်လေ့ ရှိကြရာ ကိုလိုနီခေတ်တွင်လည်း ယင်းသို့ အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြသည်။ သို့သော် ၁၃၀၀ ပြည့်နှစ် (၁၉၃၈) က မြန်မာတို့ မျိုးချစ်စိတ်ဓာတ် ပြင်းထန်လျက် နယ်ချဲ့အင်္ဂလိပ်ကို တွန်းလှန်ရန် ပြင်ဆင်လျက်ရှိကြရာ နှစ်သစ်ကူးနေ့တွင် အမြို့မြို့ အရွာရွာ၌ ဖွဲ့စည်းထားသော အပျော်တမ်း ရဲတပ်၊ မီးသတ်နှင့် စောင့်ရှောက်ရေး အဖွဲ့တို့က မြို့တွင်းလှည့်လည်ကာ စစ်တပ်ခင်းကျင်း ပြသသည့်အတိုင်း ကျင်းပလျှင် အာဇာနည်စိတ်ဓာတ်များ အသစ်တစ်ဖန် ပေါ်ပေါက်လာနိုင်ကြောင်း ထိုခေတ်ကာလ သတင်းစာတစ်စောင်မှ အကြံပြုထားသည်ကိုလည်း တွေ့ရှိရသည်။ ယင်းအကြံပြုချက်အတိုင်း အချို့မြို့များတွင် စနစ်တကျ မြို့တွင်းသို့ လှည့်လည်ချီတက် ကြသည်ကိုလည်း တွေ့ရှိရပါသည်။

ငါးလွှတ်ပွဲ[ပြင်ဆင်ရန်]

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး အများစုက နှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနအလှူပွဲများ စုပေါင်းကျင်းပလေ့ရှိကြရာ ထင်ရှားသော ပွဲတစ်ပွဲမှာ ငါးလွှတ်ပွဲ ဖြစ်ပါသည်။ ရန်ကုန်မြို့ ဘောက်ထော်ရပ် ကန်ဘဲ့ရွာ တောင်ပိုင်းတွင် မစ္ဆသမူဟ အဘယဒါနအသင်းခေါ် ငါးလွှတ်ပွဲကျင်းပရန် အသင်းတစ်သင်းပင် ဖွဲ့စည်းထားခဲ့သည်။ ယင်းအသင်းကို ၁၉၂၆ ခုနှစ်ကပင် ဖွဲ့စည်းခဲ့သည်။ ၁၃၀၀ ပြည့်နှစ်ဆန်း တစ်ရက်နေ့ကဆိုလျှင် ၁၃ ကြိမ်မြောက် ငါးလွှတ်ပွဲအဖြစ် လှည်းများဖြင့် ကခုန်တီးမှုတ်ကြလျက် အင်းလျားကန်သို့ သွားရောက်ကာ ငါးလွှတ်ပွဲ ကျင်းပခဲ့ကြကြောင်း (၂၃-၄-၁၉၃၈) ရက်စွဲပါ သူရိယသတင်းစာတွင် သတင်းဖော်ပြ ပါရှိပါသည်။

ဘေးမဲ့လွှတ်ပွဲများ[ပြင်ဆင်ရန်]

နှစ်ဆန်းတစ်ရက်နေ့တွင် ငါးလွှတ်ပွဲကို သာမက အခြားတိရစ္ဆာန်များအား ဘေးမဲ့ပေးလှူပွဲ များကိုလည်း မြို့ရွာအနှံ့တွင် ကျင်းပလေ့ ရှိကြသည်။ မြို့ရွာအများတွင် ဇီဝိတဒါန ကယ်ဆယ်ရေး အဖွဲ့များ ဖွဲ့စည်းထားကြပြီး ယင်းအဖွဲ့များမှ တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ပွဲ ကျင်းပကြသည်။ ၁၉၃၈ ခုနှစ်က သထုံမြို့၌ ယင်းသို့ဘေးမဲ့လွှတ်ပွဲ ကျင်းပခဲ့ပုံနှင့် ပတ်သက်၍ ဘေးမဲ့ဇီဝိတဒါန ကယ်ဆယ်ရေးအဖွဲ့၏ သတ္တမအကြိမ်မြောက် ကျွဲ နွားဆိတ်ဝက် ကြက်ငှက်သားငါး တိရစ္ဆာန်များ လွှတ်ပွဲကို နှစ်ဆန်း ၁ ရက်နေ့က မော်တော်ကားနှင့်တကွ လှည်းပေါင်းများစွာဖြင့် တင်ဆောင်ကာ အတီးအမှုတ် အကအခုန် အမျိုးမျိုးတို့ဖြင့် လှည့်လည်ကျင်းပကြောင်း။ ထိုလှည့်လည်ရာတွင် ရှေးဆုံးတွင် သံဃာတော် အရှင်မြတ်များက မော်တော်ဘတ်စ်ကားကြီးတွင် လိုက်ပါကာ ပရိတ်ကမ္မဝါများ ရွတ်ကြားသွားကြောင်း စသည်ဖြင့် သူရိယသတင်းစာ၌ ရေးသားထားသည်ကို တွေ့ရှိရသည်။

ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း[ပြင်ဆင်ရန်]

နှစ်ဆန်းတစ်ရက်နေ့တွင် ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်းဖြင့်လည်း ကုသိုလ်ယူကြသည်။ မိမိတို့နေထိုင်ရာ နယ်မြေဒေသအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရေသပ္ပာယ်ကြခြင်းမှာ ရှေးအစဉ်အလာ တစ်ရပ်ဖြစ်ပါသည်။ နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလ ဆောက်တည်သူများ၊ စေတီရင်ပြင်တော်တွင် တံမြက်လှည်း သန့်ရှင်းရေး လုပ်ခြင်းဖြင့် ကုသိုလ်ယူကြသူများကို တွေ့မြင်နိုင်ကြသည်။

ဦးခေါင်းဆေးလျှော်ခြင်း[ပြင်ဆင်ရန်]

နှစ်ဆန်းတစ်ရက်နေ့တွင် ရပ်ကွက်ကျေးရွာတွင်းနေ လူငယ်များက သက်ကြီးရွယ်အိုများအား ဦးခေါင်းဆေး လျှော်ပေးခြင်းဖြင့် ကုသိုလ်ယူကြသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်သို့ ပါမလာစေရန် အထိမ်းအမှတ်ဖြင့် ဦးခေါင်းဆေး လျှော်ခြင်းပြုကြပါသည်။ ဦးခေါင်းတွင်တင် ရှိနေသော အညစ်အကြေးများအား မြန်မာ့ရိုးရာ တရော်ကင်ပွန်းတို့ဖြင့် ဆေးကြောပေးကြခြင်း ဖြစ်သည်။

ပါလီမန်ခေတ် သက်ကြီးပူဇော်ပွဲ[ပြင်ဆင်ရန်]

နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်းများဖြင့်လည်း ကုသိုလ်ယူကြသည်။ အထူးသဖြင့် ပါလီမန်ခေတ် တစ်လျှောက်တွင် ရန်ကုန်မြို့တော်ဝန်များသည် သင်္ကြန်ပွဲတော်ကို စတင်ဖွင့်လှစ်ကာ နှစ်သစ်မင်္ဂလာမိန့်ခွန်း ပြောကြားလေ့ ရှိကြသကဲ့သို့ နှစ်ဆန်းတစ်ရက်နေ့တွင်လည်း ရန်ကုန်နယ်နိမိတ် အတွင်းရှိ သက်ကြီးရွယ်အို အဘိုးအဘွားများအား မြို့တော်ခန်းမသို့ ပင့်ဖိတ်လျက် ကန်တော့လေ့ရှိပါသည်။ (နောက်ပိုင်းသက်ကြီးဝါကြီး ကန်တော့ပွဲကို သီတင်းကျွတ်လသို့ ပြောင်းရွှေ့ကျင်းပပါသည်။)

၁၉၅၄-၅၅ ခုနှစ်ကဆိုလျှင် ရန်ကုန်မြို့တော်ဝန် ဦးဘညွန့်ကိုယ်တိုင် အဘိုးအဘွားများအား ငွေကြေးဖြင့် ထောက်ပံ့မှု ပြုခဲ့ပါသည်။ ၁၉၅၅ ခုနှစ် မြို့တော်ဝန် ဦးစိန်ဖေ လက်ထက်တွင် ရန်ကုန်မြို့ပေါ် ၃၅ ရပ်ကွက်မှ ဘိုးဘွား ၁၀၅ ဦးအား ငွေကျပ် ၂၀၀ နှင့် မျက်နှာသုတ်ပဝါ တစ်ထည်စီ ပေးအပ်ခဲ့သည်။[၂]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. myanmarcalendar.org is Expired or Suspended
  2. (Written By - တင်နိုင်တိုး၊ Eleven Media Group)
  1. ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး(တတိယအုပ်)
  2. ဟံသာဝတီသတင်းစာ(၁၉၀၁ ဧပြီ)
  3. သူရိယနှင့် ဗမာ့ခေတ်သတင်းစာများ (၁၉၃၈ ဧပြီ၊ ၁၉၅၅ ဧပြီ)