ဝန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဝန်[ပြင်ဆင်ရန်]

ဝန်ဟူသော ဝေါဟာရသည် ဝန်ထုပ်ဝန်ပိုးဟု အဓိပ္ပါယ်ရသည့် ပါဠိဘာသာ အမည် ဘာရ ကို တိုက်ရိုက်ပြန်ဆို သုံးစွဲထားခြင်းဖြစ်ပါသည်။ ပေတ ဝတ္ထု အဋ္ဌကထာတွင် ရဇ္ဇဘာရံပြည်၏ ဝန်ကို၊ အမစ္စအေမတ်တို့၌ သာရောပတွာ ထားရစ်ခဲ့၍ စသည်ဖြင့်ဖော်ပြပါရှိရာ ဝန် ဟူသည် တိုင်းပြည်၏ တာဝန်ကို ထမ်းဆောင်ရသော အမတ်ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ ၅၅၀ ဇာတ်တော်ပါ သလ်လာတိယဇာတ်၌လည်း အလားတူ ပြဆိုပါသည်။


ဝန်ရာထူးနှင့် ပတ်သက်၍ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုလုနီးပါးအချိန်၌ သိကြားမင်းအား သီဟိုဠ်ကျွန်းကို စောင့်ရှောက်ရန် အပ်ရာ သိကြားမင်းက ဥပ္ပလပတ္တနတ်သားအား ဝန်ပြု၍ စောင့်ရှောက်စေကြောင်း မဟာဝင်ကျမ်းမဏိကုဏ္ဍလဝတ္ထု၌ တွေ့ရှိရ၏။ မြန်မာ့ရာဇဝင်၌ တွေ့ရှိရ၏။ မြန်မာ့ရာဇဝင်၌မူ ခရစ်နှစ် ၁၅၅၈ ခုနှစ်တွင် တပင်ရွှေထီးမင်းက ဒေါဗညားအား လုပ်ကြံစဉ် သမိန်ပရူကို လှေတပ်ဝန်ချုပ်ခန့်အပ်ခဲ့ကြောင်း ဦးစွာတွေ့ရှိရပါသည်။ ဤသည်မှာ ဝန်ရာထူး၏ အစဖြစ်ကြောင်း လှေသင်းအတွင်းဝန် ဦးချိန်၏ ဝေါဟာရ လိနတ္တဒီပနီ၌ ဖော်ပြထား၏။

ညောင်ရမ်းခေတ်ဦးကာလ ညောင်ရမ်းမင်းတရားကြီးလက်ထက်တွင် အရေးပါသော ဝန်ရာထူးများ အထင်းအရှားရှိနပြေီဖြစ်ပါသည်။ ၂၄ စက်တင်ဘာ ၁၅၉၈ ရက်စွဲပါ ညောင်ရမ်းမင်း အမိန့်တော်၌ မြေနန်းဝန်၊ ရွှေတိုက်ဝန်၊ နန်းကံကျွေးဝန်၊ ငွေခွန်ဝန်၊ ဘဏ္ဍာဝန် စသည့် ရာထူးများကို တွေ့ရှိရ၏။ ထို့အတူ ၁ ဩဂုတ်လ ၁၆၀၃ ရက်စွဲပါ အမိန့်တော်၌လည်း အနောက်ဝန်၊ အိမ်ရှေ့ဝန် ရာထူးများကို တွေ့ရှိရပါသည်။ ဝန်ကြီး၊ ဝန်ထောက် ရာထူးများကိုမူ သာလွန်မင်းလက်ထက်၌ စတင်ခန့်အပ်ကြောင်း အင်ရုံစာတမ်းက ဆိုပါသည်။ မြန်မာမင်းများ လက်ထက်တွင် လုပ်ငန်းလိုအပ်ချက်အရ ဝန်ရာထူးများကို ခန့်အပ်ခဲ့ရာ ဝန်အမျိုးအစား အရေအတွက်မှာ ၁၀၀ ဝန်းကျင်ခန့်အထိပင် ရှိပါသည်။ [၁]

မြန်မာမင်းလက်ထက်က ရာဇဌာနီမင်းနေပြည်တွင် ဆိုင်ရာအုပ်ချုပ်ထိန်းသိမ်းမှုများမှ တာဝန်ခံအကြီးအမှူး ပြုလုပ်ဆောင်ရွက်ရသူများကို ဝန် ဟူသောအစုတွင် ထည့်သွင်းလေသည်။ ဝန်စုများသည် များသောအားဖြင့် နိုင်ငံအုပ်ချုပ်မှုတွင်မပါ၊ ဆိုင်ရာ အုပ်ချုပ်မှုဝန်စုတွင်သာ သာယာငြိမ်ဝပ်အောင် ဆောင်ရွက်ရသော ပုဂ္ဂိုလ်များဖြစ်သည်။ဝန်စုရများတွင် ဝါရင့်မှသာ ဘွဲ့မည်ရွာစားမြို့စားဖြစ်ရသည်။ရွာစားမြို့စားဖြစ်မှသာ နေရာငါးသွယ်တွင် နေရလေ့ရှိသည်။ ဘွဲ့မည်မြို့စားရွာစားမှာလည်း သာမညနှင့် ရလေ့ရှိသည်မဟုတ်။ နှလုံးရည်ဘက်က ဝန်စုရဖြစ်လျှင် နှလုံးရည်ထက်မြက် ထူးခြားထင်ရှားစွာ ဂုဏ်ထူးရမှာဖြစ်သည်။ လက်ရုံးရည်ဘက်ကဖြစ်လျှင် လက်ရုံးရည်ဘက်က ထက်မြက်ထင်ရှား တစ် ပွဲတစ်လမ်း အမှုထမ်းကောင်းမှ အကြောင်အားလျော်စွာ ဘွဲ့မည် ရွာစား မြို့စား ဖြစ်လေ့ရှိသည်။


ဝန်စုရများ၏ စားကွက် စားလမ်သည် ရွာစားမြို့စားမရသေးလျှင် အုပ်ထိန်းရသူများထံမှ ထုံးစံအတိုင်းရမြဲ စားကွက်စားလမ်းများက ရတန်သမျှနှင့်မျှတစွာ စားရသည်။ ရွာစား မြို့စားရသည့်အခါ ရွာကြီး၊ ရွာလတ်၊ မြို့ကြီး၊ မြို့ငယ်အလိုက် ထိုက်သင့်ရာရသည်။ ဤဓလေ့ကား လစာရန် ပုံစနစ်မပေါ်မီ ရှည်မြင့်စွာအခါက မြန်မာတို့၏ ထုံးစံနိုင်ငံဓလေ့ပင်ဖြစ် သည်။ သဿမေဓ အခွန်တော်ပေါ်ပြီးနောက် တစ်အိမ်လျှင် တစ်ဆယ်နှုန်း ငွေတော်ခွဲသည်မှစ၍ ဝန်တို့အား လစာရန်ပုံပေးသည်။ ဝန်စုရ ဖြစ်ရရုံဖြင့် ပြန်တမ်းကြီးခံစားခွင့် ရသော ဝန်စုရများသည်သာမန် ဝန်စုများထက် အထက်တန်းကျသဖြင့် ကြီးမြင့်သည်။ လွှတ်တော်ဝန်စုများတွင် ပြန်တမ်းကြီးခံ ဝန်စုနှင့် ပြန်တမ်းရိုးခံ ဝန်စုဟူ၍ နှစ်မျိုးခွဲနိုင်သည်။ ကုန်းဘောင်မင်း ၁၁ ဆက်တွင် ပြန်တမ်းကြီး ခံခွင့်ရသော ဝန်စုမှာ -

  1. ဆင်ဝန် -
  2. ဆင်မင်းဝန် -
  3. ရွှေပြည်တန် မြင်းဝန်နှင့် (ကုန်းကြောင်းစစ်ဖက်ဌာန။)အလားတူမြင်းဝန်များ။ -
  4. ဖောင်ဝန် - (ရေကြောင်းဌာန။)
  5. ရွှေတိုက်ဝန်
  6. ကျီဝန် (ပစ္စည်းများ၊ အမှတ်အသားများကို စောင့်ရှောက်ထိန်းသိမ်းရသည်။)
  7. ခင်မမင်းဝန် - (မိဖုရားကြီး ဝေပုံပါမြို့ရွာအစု အငန်းနှင့် စပ်ဆိုင်သည်။) တို့ဖြစ်ကြသည်။


ရှေးအခါက အင်းဝ ညောင်ရမ်း ၁ဝ ဆက် မင်းတို့လက်ထက်တွင် အမွေဝန်မဟာဒါန်ဝန်ရဲလှေဝန်၊ ကုလားဝန်၊ နန်းကံကျွေးဝန်များလည်း ပြန်တမ်းကြီးခံရသည်ကို အမိန့်တော်ပြန်တမ်းစာ ကိုယ်အမှတ်အသားများ၌ ထင်ရှားစွာ တွေ့မြင်ရလျက်ရှိသည်။ ပြန်တမ်းကြီးခံရသည့်အခါ ဘုရင်မင်းမြတ်၏ ဝန်ခန့်ပြန်တမ်းဖြင့် ခန့်ထားခံရသည်။ ပြန်တမ်းစာကိုယ် ပုံစုံတစ်ခုကို အောက်တွင်ဖော်ပြအပ်ပါသည်။

ရွှေတိုက်ဝန်ခန့် ပြန်တမ်း[ပြင်ဆင်ရန်]

ဘုန်းတော်ချီ မြဲ၊ လ။ ။ ရွှေတိုက်ဝန်ဆိုသည် အရ၊ ငါ အရှင် ဧကရာဇ်မင်းမြတ်တို့တွင် ရာဇဌာနီ ရွှေပြည်တော်ကြီး အခြံအရံများ သော တိုင်းနိုင်ငံ သင်္ဘောဆိပ်များက ဘို့တော် ခွန်တော် အနဂ္ဃရွှေငွေ အုပ်မျိုးထည်မျိုးမှစ၍ များသောစီးပွားတော် ဘဏ္ဍာတော်ကို နေ့စဉ် လစဉ် ရွှေ ဖဝါးတော်မြတ်အောက်၊ မပြတ်ဆိုင်ရာ တိုက်တော် ကြတော်များမှာ ဆက်သွင်းရသည်။ နေ့စဉ် လစဉ်မပြတ် သုံးဆောင်သည့် အရာများသည်လည်း ရှိသည်။ သို့သွင်းသည်။ သို့သုံးသည်။ အဖိုးထိုက်ရသည်။ အကောင်းအလတ် အညံ့ဖြစ်သည်။ မထွေး မရှက်ခြားနားသိသာ သေချာအောင် မပြတ် ကြည့်ရှုရမည်။ ရွှေတိုက်တော်မှစ၍ အရပ်ရပ် တိုက်တော် ကြတော်များမှာလည်း အရပ်ရပ်သွင်းသည်။ သုံးသည်။ ဘဏ္ဍာတော် အချိန်အရေ အတွက် မည်မျှရှိသည်များကိုလည်း စာရင်းပေးရင်း သေချာအောင် တိုက်စိုးတိုက်စာရေးတို့ကို မပြတ်ဆင့်ဆို၍ မှတ်သားစေ။ သော့ဖနောက်ကို သေ ချာအောင် ထိန်းထားစေ။ တိုက်တော် ကြတော် မည်သို့သွင်းသည်။ သုံးသည်ကိုလည်း နေ့ရက်စွဲမှတ်၍ တိုက်စိုးတို့ကို စာရင်းပေးစေ။ အလုပ်တော်၊ အဆောင်တော်၊ ကျောက် ရွှေ ငွေ ကုန်ရှိလျှင်လည်း စာရင်းနှင့် ရွှေတိုက်ဝန်က ဆက်မြဲဆက်၊ တိုက်စိုး၊ တိုက်စာရေး အဝန်းငယ်သားတို့သည် ဆိုင်ရာ တိုက်တော်များတွင် ညဉ့်နေ့ စောင့်နေစေ။ ဘို့တော် ခွန်တော်သွင်းတို့တွင် ရှေးထုံးစံရှိသည့်အတိုင်း ရွှေတိုက်စာရေး သူဌေးတို့မှာ ရွှေ တိုက်ဝန် ရွှေတိုက်ကြပ်ဆိုင်ရာ ပေးယူစေ။ အချိန်ကျူးလျှင် အတွင်းဝန်တို့မှာ အစီရင်ခံ၍ အတွင်းတော်မြဲတို့နှင့် သွင်းပိတ်သုံးဆောင်စေ။ အလုံး စုံကို သတိဝိရိယပြု မယိုမယွင်း မလစ်ဟင်းရ ဖြောင့်မတ်မှန်ကန်စွာ နှိုး တော်စီရင် ယင်းသို့ ဧကရာဇ်မင်းမြတ်၏ ပြန်တမ်းကြီးထုတ်ပြန်ခံရမှ ဝန်တို့သည် ပြန်တမ်းကြီးခံ ဝန်အစုရသည်။


ပြန်တမ်းရိုးခံ ဝန်စုရများတွင်

  1. အဝေးကျီဝန်
  2. အုတ်ဝန်
  3. နန်းကံကျွေးဝန်
  4. မြေနန်းဝန်
  5. ရွှေနန်းရိုး လမိုင်းဝန်
  6. သံချက်ဝန်
  7. ဖန်ချက်ဝန်
  8. စက်ဝန်
  9. ပန်းပဲဝန်‎
  10. အနီး လက်နက်တိုက် ဝန်
  11. အဝေး လက်နက်တိုက် ဝန်
  12. နိုင်ငံတော် ဆိုင်ရာ လယ်ဝန်
  13. အဝေးမြို့ဆိုင်ရာ လယ်ဝန်
  14. ဝတ်မြေဝန်
  15. နိုင်ငံတော်ဆိုင်ရာ အခွန်ဝန်
  16. အဝေးမြို့ဆိုင်ရာအခွန်ဝန်
  17. ရွှေခွန်ဝန်
  18. ငွေခွန်ဝန်
  19. ယွန်းစုဝန်
  20. စို့ဝန်
  21. ဒိုင်းဝန်
  22. မြေစွန်းဝန်
  23. ကောင်းဟန်ဝန်
  24. အရွတ်ဝန်
  25. လမိုင်းမြင်းဝန်
  26. အောင်ပင်လယ် လမိုင်းဝန်
  27. သူရဲဝန်
  28. အောက်မားဝန်
  29. ဓနက်ပလာဝန်
  30. စီးတော်မြင်းဝန်
  31. အမွေဝန်
  32. အကောက်ဝန်
  33. ဒေးဝန်
  34. အကောက်ဝန်
  35. စားတော်ဝန်
  36. ရေကြည်ဝန်
  37. တံဆိပ်ဝန်
  38. တရုတ်ဝန်
  39. ကုလားဝန်
  40. ယိုးဒယားဝန်
  41. ကသည်းဝန်
  42. ပုဏ္ဏားဝန်
  43. ဆတ္တာဝန်

တို့ ဖြစ်လေသည်။

အမှတ် ၁ မှ ၃၇ အထိ ဝန်တို့ကို များသောအားဖြင့် မြန်မာများအားသာ ခန့်လေ့ရှိသော်လည်း အမှတ် ၃၈ မှ ၄၃ အထိ ဝန်တို့ကိုမူ ဆိုင်ရာလူမျိုးအား ခန့်ထားလေ့ရှိသည်။ အထက်ပါ ဝန်စုများအနက် ယွန်းစုဝန်ဆိုသည်မှာ ဇင်းမယ်ပါ လူစုကို လက်နက်ကိုင်ဖွဲ့သော အစုဖြစ်သည်။ ကောင်းဟန်ဝန်ဆိုသည်မှာ ရှမ်းလူမျိုးကို လက်နက်ကိုင်ဖွဲ့သောအစုဖြစ်သည်။ မြေစွန်းဝန်ဆိုသည်မှာ တိုက်ဖွဲ့ရာမပါမဝင် လစ်ဟင်းကြွင်းကျန်သော နောက်မှ ဖြစ်ထွန်းသည့် အစွန်းအစ မြို့ရွာနယ်ပယ်များကို စုစည်းလုံးပေါင်းခန့်ထားသည့် ဝန်ကိုဆို လိုသည်။ ပင်လယ်မြစ်ချောင်းများကို အမှီပြု၍ မြေစွန်းနယ်များ မကြာမကြာ ပြောင်းလဲတတ်သည်။ လမိုင်းပါသော ဝန်များသည် လယ်လုပ်သားများကို အခြေခံပြု၍ အမှုထမ်းဖွဲ့သော ဝန်များဖြစ်သည်။ အရွက်ဝန်ဟူသည်ကား သွေးမစွမ်းသူ အနူ ၁၈ မျိုးနှင့် ရွှေတိုက်စပ်မှ တစ်ပါး အခြားစဏ္ဍာလ လေးစို့၊ အမှုထမ်း၊ ပျဉ်လုပ်စပ် အမှုထမ်းတို့ကို အုပ်ချုပ်သူဖြစ် သည်။ အမွေဝန်သည် ဓမ္မသတ်တတ်ရသည်၊ အမွေပြတ်သင့် ဆက်သင့်ဆုံးဖြတ်ရသည်။ ယခုအခါ အမွေထိန်းစာ ပေးရသူများနှင့် အလားတူသည်။ အောက်မားဝန်မူကား အောက်မားဆင်အစု အမှုထမ်းများကို အုပ်ချုပ်ရသည်။ ဓနက်ပလာဝန်ကမူ ဆင်ကို ကြိုးဖြင့်ကြော့ဖမ်းသော အမှုထမ်းစုကို အုပ်ချုပ်ရသည်။


ဖော်ပြပါ ပြန်တမ်းကြီးခံ၊ ပြန်တမ်းရိုးခံ ဝန်စုများအပြင် သေနတ်ဝန်ဟူ၍လည်း သီးခြားရှိသေးသည်။ သေနတ်ဝန်ရာထူးမှာ အရာကြီးသော်လည်း သီးခြားမခန့်ဘဲ ဝန်ကြီးအရာနှင့် တွဲဖက်ခန့်ထားလေ့ရှိသည်။ ရွှေပြည်သေနတ်အစု ရှိသမျှကို ဆင့်ဆိုအုပ်ချုပ်ရသည်။ ရွှေပြည်သေနတ်ဝန်ကို ရွှေပြည်ဝန်ဟု အလွယ်ခေါ်သော်လည်း ရွှေမြို့တော်ဝန်များနှင့် တခြားစီဖြစ် သည်။ သေနတ်ဝန်ကို သီးခြားခန့်သည့်အခါ ပြန်တမ်းကြီးခံရသည်။ ပြန်တမ်းကြီး မခံရသော အခြားဝန်စုများမှာလည်း ဆိုင်ရာဌာနများကို အုပ်ချုပ်ရန် မှတ်စာစကားချက်အရ သက်ဆိုင်ရာကို လိုက်နာအုပ် ချုပ်ရသည်။ အုပ်ချုပ်ရာပါဌာနက ငယ်သားများကို ဆင့်ဆိုအုပ်ထိန်းရန်၊ စီမံရန်၊ စောင့်ရှောက်ရန် တာဝန်အသီးအသီးရှိကြသည်။ ဝန်များသည် ငယ်သားများ တရားစကားများလျှင် ကြီးသည့်အမှု ငယ်အောင်၊ ငယ်သည်အမှု ပပျောက်အောင် ဆုံးမစီရင်ရသည်။ ရုံးသီးခြား ဆောက်ထားခြင်းမရှိသော အရာရှိများသည် ဆိုင်ရာမှုခင်းကိစ္စ တရားဆုံးဖြတ်ရန် ထိုအရာရှိ၏ အိမ်ဦးတွင်ပင် စီရင်ဆုံးဖြတ်ပိုင်ခွင့်ရသည်။ အိမ်တွင်လည်း အိမ်ဦးဝန်စာရေးကြီးများ ထားမြဲရှိသည်။ တရားရာဇဝတ်မှု ဆုံး ဖြတ်ရန်များသော အရာရှိများသည် အိမ်ဦးခုံခေါ်သောသူများလည်း သီးခြားထားခွင့်ရှိသည်။ ကိုယ်တိုင်လည်း ဆုံးဖြတ်ခွင့်ရှိသည်။ ပြန်တမ်းကြီးခံရသော ဝန်စုရများမှတစ်ပါး အခြားဝန်စုများမှာ ဝန်စုရဖြစ်ရုံနှင့် ပွဲတက်အခမ်းအနားတွင် ပါဝင်ခွင့်မရသေးချေ။ နေရာရပြန်ပါလည်း နေရာကြီးကို ရောက်ခဲသည်။ နေရာမှာလည်း သာမန်သော ဆိုမြဲ အတိုင်းနေရာ ငါးသွယ်ဟူ၍သာ လိုက်နာထင်မှတ်ကြသည်။ နေရာငါးသွယ် မှတစ်ပါး အခြားနေရာများလည်း သီးခြားထားလျက်ရှိလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀၀၉
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)