ယွန်းစုဝန်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ယွန်းစုဝန်သည် ယွန်းလူမျိုးအစု အမှုထမ်းများအား ကြီးကြပ်ကွပ်ကဲရသူ ဖြစ်သည်။ ယွန်းတပ်သည် စစ်ထွက်သည့်အခါ ဆင်အနီးမှ ဝန်းရံလျက် လှံတံကိုင်ကာ လိုက်ပါရကြောင်း သိရှိရပါသည်။ ယွန်းစုဝန်ရာထူးမှာ ကုန်းဘောင်ခေတ်ဦး ကာလကပင် အထင်အရှား ရှိခဲ့ပါသည်။

မြေဒူးမင်းလက်ထက်[ပြင်ဆင်ရန်]

မြေဒူးမင်း ( ဆင်ဖြူရှင် ) လက်ထက် ၇ နိုဝင်ဘာ ၁၇⁠၇၄ ခုနှစ်တွင် ယိုးဒယားသို့ စစ်ချီရာ၌ ဘွဲ့မည်မသိရသူ ယွန်းစုဝန်သည် စစ်ကဲ တစ်ဦးအဖြစ် လိုက်ပါချီတက်ခဲ့ရကြောင်း သိရှိရပါသည်။

ဗဒုံမင်းလက်ထက်[ပြင်ဆင်ရန်]

ဗဒုံမင်း( ဘိုးတော်ဘုရား ) ( ၁၇၂၈ - ၁၈၁၉ ) နန်းတက်လာပြီးနောက် ယွန်းစုဝန်ရာထူးကို မင်းကျော်စည်သူအား ခန့်အပ်ခဲ့ပါသည်။ သို့သော် မကြာမီ ယွန်းစုဝန်ရာထူးပြောင်းလဲခန့်အပ်ခဲ့၏။ ဗဒုံမင်းလက်ထက် ၁၇၈၅ ခုနှစ်တွင် ယိုးဒယားသို့ စစ်ချီစဉ် ယွန်းစုဝန် နေမျိုးဇေယျကျော်ထင်၏တပ် လိုက်ပါအမှုထမ်းရွက်ခဲ့ပါသည်။ အလားတူ ၉ ဖေဖော်ဝါရီ ၁၇၉၅ ခုနှစ်တွင် ဘိုးတော်ဘုရား၏ သမီးတော် မိတ္ထီလာမင်းသမီးအား ကွမ်းခွံ့မင်္ဂလာပြုစဉ်၌လည်း ယွန်းစုဝန် နေမျိုးဇေယျကျော်ထင် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း တွေ့ရှိရ၏။ ဗဒုံမင်းလက်ထက်နှောင်းပိုင်းကာလတွင် နေမျိုးဇေယျသူဘွဲ့ခံ ဦးရောက်ကြီးအား ယွန်းစုဝန်အရာပေးအပ်ခဲ့ပါသည်။ သို့သော် ယွန်းစုဝန် ဦးရောက်ကြီးမှာ မကြာမီ မြို့ဝန်၊ ဝန်ကြီးအရာများ ရရှိခဲ့ပါသည်။

စစ်ကိုင်းမင်းလက်ထက်[ပြင်ဆင်ရန်]

စစ်ကိုင်းမင်း( ဘကြီးတော် ) နန်းတက်စ ၁၈၁၉ ခုနှစ်တွင် လက်ဝဲရာဇရွှေတောင်ကို ယွန်းစုဝန်ရာထူးခန့်အပ်ခဲ့သည်။ သူ့အား မင်းလှမင်းကျော်ထင်ကျော်သူဘွဲ့ခံ ဦးက ဆက်ခံခဲ့၏။ ၁၈၂၁ ခုနှစ်ခန့်တွင် မင်းလှမင်းငယ်ကျော်ဘွဲ့ခံဦးပိုအား ယွန်းစုဝန်အရာ ခန့်အပ်ပြန်ပါသည်။ အမရပူရမြို့ကွက်မြေပုံတွင် အကွက်အမှတ် ၆၄၈ မှာ ယွန်းစုဝန်ဟောင်း ဦးပိုနေထိုင်ရာ အကွက်ဖြစ်ကြောင်း ဖော်ပြထား၏ ။ ၂ ဧပြီ ၁၈၂၃ ခုနှစ်တွင် တရုတ်သံအဖွဲ့ နေပြည်တော်သို့ ရောက်ရှိလာသောအခါ ကြိုဆိုသူများထဲတွင် ယွန်းစုဝန်မင်းလှမင်းငယ်ကျော်ဘွဲ့ခံ ဦးပိုပါဝင် ပါသည်။ ဦးပိုတွင် မိမင်းတိုက်ဆိုသူ သမီးတစ်ဦးရှိကြောင်း သိရှိရ၏ ။ ယင်းနှစ်၌ပင် နေမျိုးမင်းကျော်ဘွဲ့ခံ ဦးကြာဘက်အား ယွန်းစုဝန်ရာထူး ခန့်အပ်လိုက်ပါသည်။ ဦးကြာဘက်သည် တောင်ငူဝန်ဟောင်းဖြစ်ပြီး ၁၈၂၃ ခုနှစ် အာသံစစ်မျက်နှာမှ အပြန်တွင် ယင်းသို့ ခန့်အပ်ခံခဲ့ရခြင်း ဖြစ်ပါသည်။ ဦးကြာဘက်အား ဆက်ခံသူမှာ မဟာမင်းလှကျော်ခေါင်ဘွဲ့ခံ ဦးကြယ်ဝ ဖြစ်သည်။ ယွန်းစုဝန် ဦးကြယ်ဝသည် ၂၄ မေ ၁၈၂၄ ခုနှစ်တွင် ရန်ကုန်မြို့သို့ စစ်ချီတက်ခဲ့ ရပါသည်။

ရတနာပုံခေတ်[ပြင်ဆင်ရန်]

၁၈၅၃ ခုနှစ်တွင် သီပေါမင်း နန်းတက်လာပြီးနောက် ရဲဘက်မြင်းဝန် ဦးမာလိန်အား ယွန်းစုဝန်ရာထူး ပြောင်းလဲခန့်အပ်လိုက်ပါသည်။ ဦးမာလိန်မှာ မြန်မာရာဇဝင်တွင် ထင်ရှားခဲ့သည့် အမတ်ကြီးအလိမ္မာ၏ မြေးဖြစ်သည်ဆို၏ ။ အလိမ္မာအား ပြောင်းပြန်ပြုကာ ဦးမာလိန်ဟု အမည်ပေးထားခြင်းဖြစ်သည်။ သို့သော် မကြာမီ ဦးမာလိန်ကို ကင်းဝန်ရာထူး ပြောင်းလဲ ပေးအပ်ခဲ့၏ ။ သီပေါမင်းနန်းတက်စ ၁၈၇၈ ခုနှစ် အောက်တိုဘာလတွင် လက်သုံးတော်ကိုင် နေမျိုးမင်းထင်သီလဝအား ယွန်းစုဝန်အရာ ခန့်အပ်လိုက်ပါသည်။ သူသည် ၁၈၇၉ ခုနှစ် စတင်ဘာလတွင် ဗြိတိသျှကိုယ်စားလှယ်အဖွဲ့ မန္တလေးသို့ လာရောက်စဉ် စစ်ရေးပြ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ရ၏ ။ နေမျိုးမင်းထင် သီလဝ၏ ရာထူးကို ဆက်ခံခဲ့သူမှာ မင်းရဲညွန့်ဘွဲ့ခံ ဦးရဲတင်ဖြစ်ပါသည်။ စက်ဝန်းရာထူးကိုပါ ပူးတွဲတာဝန်ထမ်းဆောင်ရသဖြင့် စက်ဝန် ယွန်းစုဝန်မင်းရဲညွန့်ဟု ခေါ်ဆိုကြ၏ ။ ၁၅ ဧပြီ ၁၈⁠၈၃ ခုနှစ်တွင် မဟာမုနိဘုရားသို့ ထီးဖြူတော်ပို့ဆောင်စဉ် ယွန်းစုဝန်ဦးရဲတင် အခမ်းအနား၌ ပါဝင်ခဲ့ပါသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉