ဓနက်ပလာဝန်

ဝီကီပီးဒီးယား မှ

ဇနက်ပလာဝန် (ဇနက်ပလာဆင်ဝန်)[ပြင်ဆင်ရန်]

ဇနက်ကလာဆင်ဝန်ဟူသည် တောဆင်ရိုင်းများကို ယဉ်ကျေးလိမ္မာလာအောင် တာဝန်ယူလေ့ကျင့်ပေးရသော ဝန်ဖြစ်၏။ ဇနက်ပလာဆင်ဝန်၏ လက်အောက်တွင်

  • ဦးစီး၊
  • နောက်ပဲ့၊
  • လှံကိုင်၊
  • ကွန်ပစ် စသည့် အမှုထမ်းများ စုံလင်စွာ ထားရှိသည်။ ဇနက်ပလာဆင်ဝန်သည် လေ့ကျင့်ပြီးစီးသော ဆင်များအား ဆင်ဝန်သို့ လွှဲပြောင်းပေးအပ်ရ၏။ လုပ်ငန်းသဘာဝအရ ခက်ခဲ ပင်ပန်းလှသော်လည်း ဇနက်ပလာ ဆင်ဝန်၏ လစာငွေမှာ ရတနာပုံခေတ်က တစ်ရာကျပ်သာရှိကြောင်း သိရှိရသည်။

ဆင်ကျော့ဖမ်းခြင်း[ပြင်ဆင်ရန်]

ဇနက်ပလာဆင်ဝန်၏ လက်အောက်တွင် ဆင်ဖမ်းမှုထမ်းများအပြင် ဆင်ကျော့ဖမ်းရန်အတွက် ခွန်အားဗလနှင့် ပြည့်စုံသော စွယ်စုံဆင်ကြီး ၃၀ ကောင် မျှကိုလည်း ထားရှိသည်။ ဆင်ဖမ်းထွက်တော့မည်ဆိုလျှင် ဆင်ယဉ်ထက်၌ ကငယ်ကိုတင်ကာ ယင်းက, အတွင်းရတနာခုနှစ်မည် လွန်ကြိုးကို ခွေ၍ ထည့်ကာ ယူဆောင်သွားကြရ၏။ ရေဘူး၊ လွယ်အိပ်၊ စားရေရိက္ခါအများနှင့်တကွ ဆင်အမှုထမ်းများ မိုးလကုန်သည်နှင့် တောနက်အတွင်းသို့ ဝင်ကြရသည်။ ဆင်ခြေရာများကို လေ့လာပြီူ ဆင်အုပ်များကို ရှာဖွကြေရသည်။ ဆင်အုပ်ကို တွေ့ပြီဆိုလျှင် ဆင်ချော၊ ဆင်လှကို ရွေးချယ်ကာ ဆင်ယဉ်များကို အသုံးပြုလျက် ဝိုင်းဝန်းဖိညှပ် အုပ်စုခွဲကြရ၏။ သေချာကျနစွာ ဝိုင်းဝန်းပိတ်ဆို့မိပြီဆိုပါက ဆင်ရိုင်းခြေအကြွတွင် ရတနာခုနှစ်မည်လွန်နှင့် လှမ်းချိန်ပစ်ပြီး ကျော့ကွင်းစွပ်စေရ၏။ ဆင်ရိုင်းက ထွက်ပြေးလျှင် ကြိုးရှည်⁠ရှည်လှံကာ နောက်မှ လိုက်ကြရသည်။ ယင်းနောက်ကြိုးတစ်စကို သစ်ပင်ကြီးတစ်ပင်၌ ခိုင်မြဲစွာ နှောင်ကြရသည်။ မောပန်းစပြုနေသော ဆင်အား ကြိုးစကို တစ်စတစ်စတိုစေလျက် ဆင်ယဉ်များဖြင့် ညှပ်ကာ နောက်ဆုံးတွင် သစ်ပင်နှင့်ကပ်၍ ချည်နှောင်လိုက်တော့သည်။ တောဆင်မှာ မရွှေ့နိုင်အောင် ငြိမ်သက်နေရသည့်အပြင် ရက်သတ္တပတ်ခန့်လည်း အစာရေစာ မစားရချေ။

ကိုယ်တိုင်ဆင်ဖမ်းထွက်သည့် ဘုရင်များ[ပြင်ဆင်ရန်]

ဆင်သည် မြန်မာဘုရင်လက်ထက်က အရေးပါသော တိရစ္ဆာန်ဖြစ်၏။ စစ်အင်္ဂါ လေးပါးတွင် -

  • ဆင်တပ်၊
  • မြင်းတပ်၊
  • ရထားတပ်၊
  • ခြေသည်သူရဲတပ်ဟူ၍ ရှိသည်။

ဆင်တပ်မှာ ခွန်အားကြီးမားသော လက်နက်တစ်ရပ်ဟု ဆိုနိုင်သည်။ သို့ဖြစ်၍ တောနက်များအတွင်း ဆင်ဖမ်းထွက်သည့်အခါ ဆင်ကောင်းများရရှိရေးမှာ အလွန် အရေးကြီးလှပါသည်။ ဆင်ကောင်းရှိသည်ဟု ကြားသိရလျှင် ဆင်ရှိရာတောသို့ ဘုရင်းမင်းမြတ်ကိုယ်တော်တိုင် လိုက်ပါကျော့ဖမ်းသည်များလည်း ရှိခဲ့သည်။ ပုဂံမင်းဆက်မှ ဥဇာမင်းမှာ ဆင်ကျော့ဖမ်းထွက်ရင်း ဆင်တော်က ကြိုးကို အစွယ်နှင့် ထိုးမိရာမှ ပြုတ်ကျကာ နတ်ရွာစံခဲ့ရသည်ဆိုသည်။ ပင်းယခေတ်မင်းဆက်မှ ဥဇနာမင်း၏ ညီတော် ပင်လယ်စား ကျော်စွာမှာလည်း လှိုင်းတက်အရပ်၌ ဟိုင်းဆင်တစ်ကောင် ကျော့ဖမ်းစဉ် ကိုယ်တိုင်လိုက်ပါခဲ့ဖူးပါသည်။ မွန်ဘုရင် ရာဇဓိရာဇ်သည် တောတွင်းဆင်ဖမ်းရာမှ ပေါင်ကို လွန်ရှကာ ထိခိုက်ဒဏ်ရာခဲ့ရာ ပဲခူးသို့ပြန်လည် ခေါ်ဆောင်လာခဲ့ရသည်။ သို့သော် ဒဏ်ရာပြင်းထန်လှသဖြင့် ပဲခူးမရောက်မီ နတ်ရွာစံလွန်ခဲ့ရ၏။

ပုဂံမင်း၏ဇနက်ပလာဆင်ဝန်[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်ဦးကာလ ဇနက်ပလာဆင်ဝန်ရာထူးဖြင့် အမှုထမ်းခဲ့သူများအကြောင်းကို ရှာဖွေမတွေ့ရသေးပေ။ ကုန်းဘောင်ခေတ်နှောင်း ပုဂံမင်း (၁၈၄၆-၁၈၅၂) လက်ထက်၌မူ ဓနက်ပလာဆင်ဝန်အဖြစ် ဦးပိုအားခန့်အပ်ခဲ့ကြောင်း သိရှိရ၏။ သူသည် မကြာမီ သတိုးမင်းကြီး မဟာမင်းခေါင်ဘွဲ့ခံ အတွင်းဝန်အရာလည်း ရရှိခဲ့သည်။ ဇမရဉ္စယမြို့ကိုလည်း မြို့စားအရာ ရရှိခဲ့၏။ ၁၈၅၀ ပြည့်နှစ်တွင် ဇနက်ပလာဆင်ဝန် အတွင်းဝန် ဦးပိုက အမရပူရ အိမ်တော်ရာဘုရား၌ ခေါင်းလောင်းသွန်းလုပ် လှူဒါန်းခဲ့သည်။

ဇနက်ပလာဆင်ဝန် မင်းထင်ပျာရှပ်[ပြင်ဆင်ရန်]

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း ချမ်းမြသာစည် (မြောက်)ရပ်တွင် မင်းထင်တိုက်ဟူသော ရှေးဟောင်းဘုန်းတော်ကြီးကျောင်းတိုက်ကြီးတစ်တိုက် တည်ရှိသည်။ ယင်းတိုက်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သူမှာ မင်းတုန်းမင်းလက်ထက် ဇနက်ပလာဆင်ဝန် မင်းထင်ပျာရှပ်ဘွဲ့ခံ ဦးကြီးကလေးဖြစ်သည်။ အမရပူရရှိ သံတော်ဆင့် ဦးဘို၏ မူလကျောင်းကြီးကို သားဖြစ်သူ ဦးကြီးကလေးက ၁၈၇၆ ခုနှစ်တွက် မန္တလေးသို့ ပြောင်းရွှေ့ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဇနက်ပလာဆင်ဝန် ဦးကြီးကလေးသည် မင်းတုန်းမင်းတရား၏ အမိန့်တော်ဟူသမျှကို ပျာယာခတ်ရှပ်တိုက် လုပ်ဆောင်တတ်သဖြင့် ယင်းသို့ အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ ဇနက်ပလာဆင် ဝန်ကြီးဦးကလေး၏ အဘိုးမှာ သာယာဝတီမင်းလက်ထက်က ရန်ကုန်မြို့ဝန်အဖြစ် အမှုထမ်းခဲ့ဖူးသူ ဦးညိုဖြစ်သည်။ ဦးကြီးကလေးသည် ၂၆ ဖေဖော်ဝါရီ ၁၈⁠၈၈ ခုနှစ် ကိုလိုနီခေတ်ဦးကာလတွင် ကွယ်လွန်ခဲ့သည်။ ဇနက်ပလာ ဆင်ဝန် ဦးကြီးကလေး၏ အဆက်အနွယ်များကို ယနေ့တိုင် မန္တလေးတွင် အထင်အရှား တွေ့ကြရဆဲဖြစ်သည်။

နောက်ဆုံးဇနက်ပလာဆင်ဝန်[ပြင်ဆင်ရန်]

သီပေါမင်းလက်ထက် ၆ ဇူလိုင် ၁၈⁠၈၃ ခုနှစ်တွင် ဘုန်းတော်ဖြစ်ဗိုလ်အား ဇနက်ပလာဆင်ဝန်အဖြစ် ခန့်အပ်ကြောင်း ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး (တတိယတွဲ)၌ တွေ့ရှိရသည်။ ယင်းဘုန်းတော်ဖြစ်ဗိုလ်၏ ဘွဲ့မည်ကိုမူ မသိရပေ။ ဘုန်းတော်ဖြစ်ဗိုလ်သည်ပင် ကုန်းဘောင်ခေတ် နောက်ဆုံးဇနက်ပလာ ဆင်ဝန် ဖြစ်ဟန်ရှိသည်။

ရတနာပုံခေတ် ဆင်ကျုံးသွင်း အခမ်းအနား[ပြင်ဆင်ရန်]

မင်းတုန်းမင်း လက်ထက် ၂၁ ဖေဖော်ဝါရီ ၁၈၇၄ ထုတ် မြန်မာသံတော်ဆင့် သတင်းစာတွင် “ဆင်နှစ်ကောင် ကျုံးသွင်းရာ ထိုဆင်ပွဲသို့ ဧည့်သည်တော် ပရန်သစ်သံကြီးများ၊ အစိုးရမင်းများနှင့် မြို့သူ မြို့သားတို့ လာရောက် ကြည့်ရှုကြခြင်း” ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် ပါရှိသည်။ ယင်း သတင်းအရ ဆင်အောင်းမကို ဆင်ထိန်းတို့ လိုက်လံချောက်လှန့်စဉ် မုန်ယို၍ မုန့်တီရောင်းသူအား နင်းသတ်သွားကြောင်း၊ ဆင် ၅ စီး ၆ စီး တို့ဖြင့် ညှပ်၍ ခက်ခဲစွာ ကျုံးသွင်းခဲ့ရကြောင်း ယင်းဆင်ကျုံးသွင်းပွဲကို တပယ်မင်းသားနှင့်အတူ မှူးမတ်အရာရှိများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း ဖော်ပြပါရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉