တံဆိပ်ဝန်

ဝီကီပီးဒီးယား မှ

တံဆိပ်ဝန်[ပြင်ဆင်ရန်]

တံဆိပ်ဝန်သည် တံဆိပ်အမျိုးမျိုးကို လုပ်ဆောင်စီစဉ်လျက် တံဆိပ်ခတ်နှိပ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရသည်။ တံဆိပ်ဝန် စီစဉ်လုပ်ဆောင်ရသည့် တံဆိပ်များထဲတွင် ဘုရင်မင်းမြတ်၏ ကျောက်စီတံဆိပ်တော်၊ အရှင် မိဖုရားကြီး၏ တံဆိပ်နာမတော်၊ မင်းမိဖုရားသားတော်၊ သမီးတော်၊ မှူးတော် မတ်တော်တို့၏ ဘွဲ့တံဆိပ်များ ပါဝင်သည်။ အမှာတော်စာများ၌ ခပ်နှိပ်ရသည့် တံဆိပ်တို့မှာ ဥဒေါင်းတံဆိပ်၊ ခြင်္သေ့ တံဆိပ် စသည့်ဖြင့် ပါရှိ၏။ တစ်ကြောင်းစာချွန်၊ နှစ်ကြောင်းစာချွန်များကို အမှာတော်ရေးက ရေးသားပြုစုပြီး တံဆိပ်ဝန်က တံဆိပ်ခတ်နှိပ်ပေးရ၏။ တံဆိပ်ဝန်၏ လက်အောက်တွင် တံဆိပ်စာရေးများကိုလည်း ထားရှိသည်။

ပုဂံခေတ်တံဆိပ်[ပြင်ဆင်ရန်]

တံဆိပ်ကို ပုဂံခေတ်ကာလကပင် စတင်သုံးစွဲနပြေီဖြစ်သည်။ ပုဂံဒေသမှ ရရှိသည့် မြေအောက်ပစ္စည်းများထဲတွင် တံဆိပ်များပါဝင်သည်ကို တွေ့ရှိရ၏။ တံဆိပ်ကို အကြောင်းကြားစာ၊ အမိန့်တော်မြတ်စာနှင့် အလှူပေးခြင်းကိစ္စများ၌ သုံးစွဲခတ်နှိပ်လေ့ရှိကြသည်။ ပုဂံခေတ် ကျောက်စာတစ်ချပ်တွင် ‘တံဆိပ်ပဒေသာ’ဟူသော ဝေါဟာရပါရှိသကဲ့သို့ ပန်းတံဆိပ်၊ ကြာတံဆိပ်၊ သစ်သီးတံဆိပ်စသည့် ဝေါဟာရမျိုးစုံတို့ကိုလည်း တွေ့ရှိရသည်။ ပုဂံဒေသမှရရှိသော တံဆိပ်တစ်ခုတွင် အချင်း ၄’’ နီးပါးရှိ စက်ဝိုင်းအတွင်း စတုရန်းကွက်တွင် ‘သွန်လပ်သာမင်စီယ်ငဲတန္ဆိပ်’ (သွန်းလုပ်သော မင်းစေငယ်တံဆိပ်)ဟူ၍ စာလုံးပြောင်းပြန်ထွင်း လုပ်ထားသည်။ ခရစ်နှစ် ၁၂ ရာစုတံဆိပ်ဟု ခန့်မှန်းဆရသည်။ အခြားတွေ့ရှိရပြီး တံဆိပ်အချို့မှာ ပုဂံတောင်ဘီရွာမှ ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည့် 'သက်တော်ရှည်တံဆိပ်တေး' မင်းနန်သူရွာမှာ ၁၉၆၅ တွင် ရရှိသော ‘သင်ကြီးငပံသင်တံဆိပ်’ တောင်ခွင်မြို့ရှေးဟောင်း စေတီမှရရှိသော ‘ဥတိန်နရစ်တံဆိပ်’၊ တကောင်းမြို့ ဟောင်းတူးဖော်စဉ် ၁၉၆၇ ခုနှစ်၌ ရရှိသော ‘သင်ကြီငါကြယ်သင်တံဆိပ်’ စသည်တို့ ဖြစ်ကြသည်။

တံဆိပ်ဝန်ဘယသေန[ပြင်ဆင်ရန်]

အလောင်းမင်းတရားလက်ထက်တွင် တံဆိပ်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ အမတ်ကြီး ဘယသေန ဖြစ်သည်။ အမတ်ကြီးသည် ကင်းဝန်ရာထူးကိုပါ ပူးတွဲထမ်းဆောင်ရကြောင်း သိရှိရ၏။ တံဆိပ်ဝန်ဘယသေနနှင့် ပတ်သက်၍ ၃ ဧပြီ ၁၇၅၈ ရက်စွဲပါ အမိန့်တော်တွင် အမိန့်စာဟူသမျှကို တံဆိပ်ဝန်ဘယသေနအား ပြသပြီးမှသာ ထုတ်ပြန်ကြရန် ပါရှိသည်။

သီရိရာဇသူ သားအဖ[ပြင်ဆင်ရန်]

ဘိုးတော်ဘုရား (ဗဒုံမင်း)လက်ထက် ၁၈၀၂ ခုနှစ်တွင် တံဆိပ်ဝန် အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ သီရိရာဇသူဘွဲ့ခံ ဦးမောင်ဖြစ်သည်။ တံဆိပ်ဝန် ဦးမောင်သည် ၁၇၉၆ ခုနှစ်ကပင် မဲဇလီရွာစား အရာရရှိခဲ့သူဖြစ်သည်။ ဗဒုံမင်း၏ အားထား ယုံကြည်ရသူ အရာရှိကြီးတစ်ဦးဖြစ်သည်။ ၁၈၁၆ ခုနှစ်တွင် တံဆိပ်ဝန် ဦးမောင် ကွယ်လွန်သွားရာ သူမ၏ရာထူးကို သားဖြစ်သူဦးရွှေခြည်က ဆက်ခံခဲ့သည်။ တံဆိပ်ဝန် ဦးရွှေခြည်၏ ဘွဲ့မည်မှာလည်း ဖခင်ကဲ့သို့ပင် သီရိရာဇသူဟူ၍ ဖြစ်သည်။ ဦးရွှေခြည်သည် ဖခင်ကဲ့သို့ပင် မဲဇလီရွာကိုလည်း ရွာစားအရာရရှိခဲ့၏။ ဘကြီးတော် (စစ်ကိုင်းမင်း) (၁၈၁၉-၁၈၃၇) လက်ထက်သို့ ရောက်သောအခါ ဦးရွှေခြည်ကိုပင် တံဆိပ်ဝန်ရာထူး ဆက်လက်ခန့်အပ်ခဲ့သည်။

တံဆိပ်ဝန်မင်း လှရာဇ ကျော်ထင်[ပြင်ဆင်ရန်]

စစ်ကိုင်းမင်းလက်ထက်တွင် တံဆိပ်ဝန် ဦးရွှေခြည်ဘွဲ့မည် ပြောင်းလဲသွားသည်။ မင်းလှရာဇကျော်ထင်ဘွဲ့ကို ပြောင်းလဲပေးအပ်ခံခဲ့ရခြင်းဖြစ်၏။ တံဆိပ်ဝန် ဦးရွှေခြည်သည် စာဆိုတော်တစ်ဦးဖြစ်သည့်အားလျော်စွာ စန္ဒကိန္ဒရီပျို့ အပါအဝင် ပျို့အများအပြားကို ရေးဖွဲ့ခဲ့၏။ စစ်ကိုင်းမင်းလက်ထက် (၁၈၁၉-၁၈၃၇)တွင် စောလှမြို့ကိုလည်း မြို့စားအရာရရှိခဲ့ရာ စောလှမြို့စားကြီးဟု အမည်တွင်ခဲ့သည်။ သာယာဝတီမင်း (၁၈၃၇-၁၈၄၆)လက်ထက်တွင်လည်း ဦးရွှေခြည်ကိုပင် တံဆိပ်ဝန်အရာ ဆက်လက် ခန့်အပ်ခဲ့သည်။ ထိုစဉ်က တံဆိပ်ဝန် ဦးရွှေခြည်သည် ကျောက်မြောင်းမြို့၌ နေထိုင်ခဲ့ရဟန်တူသည်။ ပုဂံမင်း လက်ထက် (၁၈၄၆-၁၈၅၂)တွင်လည်း ဦးရွှေခြည်ကို မင်းလှရာဇကျော်ထင်ဘွဲ့ဖြင့်ပင် တံဆိပ်ဝန်အရာ ဆက်လက် ခန့်အပ်ခဲ့သည်။ ဦးရွှေခြည်သည် ပုဂံမင်းလက်ထက် ၃ နိုဝင်ဘာ ၁၈၄၈ ခုနှစ်တွင် မဟာပဒုမပျို့ကို ရေးဖွဲ့ပြီးစီးခဲ့သည်။ ပုဂံမင်းလက်ထက်တွင် တံဆိပ်ဝန် ဦးရွှေခြည်သည် မင်းမိန့်ဖြင့် အိမ်တော်ရာ ဘုရားကျောက်စာကို ရေးထိုးခဲ့သေး၏။ ဦးရွှေခြည်ကား အသက်အလွန်ရှည်သူ ဖြစ်သည်။ မင်းတုန်းမင်းနန်းတက်စ ၁၈၅၃ ခုနှစ်တွင် ဦးရွှေခြည်ကို မင်းလှရာဇကျော်ထင်ဘွဲ့ဖြင့်ပင် တံဆိပ်ဝန်အရာ ဆက်လက် ခန့်အပ်ခဲ့ပြန်ပါသည်။ ၁၈၅၄ ခုနှစ်တွင် ဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်တို့၏ တံဆိပ်တော်များကို လုပ်ဆောင်ရန် တံဆိပ်ဝန်မင်းလှရာဇကျော်ထင်ဘွဲ့ခံ ဦးရွှေခြည်ကိုပင် တာဝန်ပေးအပ်ခဲ့သည်။ ဦးရွှေခြည်သည် မင်းတုန်းမင်း လက်ထက်၌ပင် ကွယ်လွန်သွားခဲ့၏။

သီပေါမင်း လက်ထက်[ပြင်ဆင်ရန်]

၁၈၇၈ ခုနှစ် အောက်တိုဘာလ သီပေါမင်း နန်းတက်စတွင် နေမျိုးသိဒ္ဓိပညာကျော်ခေါင်အား တံဆိပ်ဝန်အရာ ခန့်အပ်ခဲ့သည်။ ၁၄ မေ ၁၈၈၁ တွင် တံဆိပ်ဝန် နေမျိုးသိဒ္ဓိပညာကျော်ခေါင် ဘွဲ့တံဆိပ်စာတမ်းများကို ရေးပေးခဲ့ရသည်။ ယင်းတံဆိပ်ဝန်၏ အမည်ရင်းကိုမူ မသိရပေ။ သို့သော် ၁ ဇွန် ၁၈၈၂ ခု နှစ်သစ် ကန်တော့ပွဲ အခမ်းအနား တက်ရောက်ကြသူများ စာရင်းတွင် တံဆိပ်ဝန် ဦးစံလှဟူ၍ တွေ့ရှိရရာ နေမျိုးသိဒ္ဓိပညာ ကျော်ခေါင်သည်ပင် ဦးစံလှ ဖြစ်ဟန် ရှိသည်။