ပုဏ္ဏားဝန်
ပုဏ္ဏားဝန်
[ပြင်ဆင်ရန်]မြန်မာမင်းများလက်ထက်တွင် မင်းနေပြည်တော်၌ ရှစ်ပါးပုဏ္ဏား၊ ဘိသိက်တော်ဆက်ပုဏ္ဏား၊ ပြက္ခဒိန်တော်ဆက်ပုဏ္ဏား၊ဂြိုဟ် ဟုံးနတ်ပူဇော်သောပုဏ္ဏား စသည်ဖြင့် ပုဏ္ဏားအများအပြားရှိရာ ယင်းပုဏ္ဏားများနှင့်ဆိုင်သော ကိစ္စဟူသမျှကို ဆောင်ရွက်ရသူမှာ ပုဏ္ဏားဝန်ဖြစ်သည်။ မြန်မာမင်းများ အုပ်စိုးစဉ်အခါက ပုဏ္ဏားပညာရှိများခန့်အပ်လေ့ရှိသော်လည်း ပုဏ္ဏားဝန်ဟူသောရာထူးကိုမူ ကုန်းဘောင်ခေတ်ဦးကာလတွင်မှ စတင်တွေ့ရှိရသည်။
ပုဏ္ဏားဝန် ဦးအိမ်
[ပြင်ဆင်ရန်]ကုန်းဘောင်ခေတ်ဦးကာလခန့်အပ်ခံရသူပုဏ္ဏားဝန်တစ်ဦးမှာ ဦးအိမ်ဖြစ်သည်။ ပုဏ္ဏားဝန်ဦးအိမ်သည် ဘိုးတော်ဘုရား (ဗဒုံမင်း ) ( ၁၇၈၂ - ၁၈၁၉) လက်ထက်တွင် အမှုထမ်းရွက်ခဲ့သူဖြစ်သည်။ နောင်တွင် ဦးအိမ်အားနေမျိုးကျော်ခေါင်ဘွဲ့ဖြင့် ဆင်ဝန်ထောက်အရာပြောင်းရွှေ့ ခန့်အပ်ခဲ့သည်။
စစ်ကိုင်းမင်းလက်ထက်
[ပြင်ဆင်ရန်]စစ်ကိုင်းမင်း ( ဘကြီးတော် ) ( ၁၈၁၉ - ၁၈၃၇ ) လက်ထက်တွင် ပုဏ္ဏားဝန်အဖြစ် မင်းလှဇေယသူဘွဲ့ခံ ဦးစအားခန့်အပ်ခဲ့၏။ ပုဏ္ဏားဝန်ဦးစသည် ၁၈၂၄ ခုနှစ် ဘိသိက်မင်္ဂလာပွဲအပြီးတွင် ရွှေစလွယ် ၉ သွယ်အပါအဝင် အစီးအနင်း အဆောင်အရွက်များ ပေးအပ်ချီးမြှင့်ခံခဲ့ရ၏။
သာယာဝတီမင်းလက်ထက်
[ပြင်ဆင်ရန်]သာယာဝတိမင်း ( ၁၈၃၇ -၄၆ ) လက်ထက်တွင် ပုဏ္ဏားဝန်ရာထူးမကြာခဏ ပြောင်းလဲမှုရှိခဲ့သည်။ ၁၈၃၇ ခုနှစ် သာယာဝတီမင်းနန်းတက်စတွင် မဂင်လာအိမ်တော်ပါ ဇေယဗြဟ္မာအား ပုဏ္ဏားဝန်အရာ ခန့်အပ်ခဲ့၏။ ၁၇ နိုဝင်ဘာ ၁၈၃၇ ခုနှစ်တွင် ရတနာသိင်္ဃအနောက်ကျေးရွာလယ်ကွင်းများတွင် လယ်ကန်သင်းတစ်လျှောက်ရေထွက်နေကြောင်း ရွှေမြို့တော်ဝန်၏ လျှောက်ထားချက်အရ ပုဏ္ဏားဝန် ဝဏ္ဏဇေယဗြဟ္မာနှင့် မင်းတိုင်ပင်အမတ်တို့ နိမိတ်ဖတ်ကာ မင်္ဂလာစကားလျှောက်တင်ခဲ့ကြသည်။ သို့သော် ၁၅ ဇူလိုင် ၁၈၃၈ ခုနှစ်တွင် သွေးသောက်အဖွဲ့များ ဖွဲ့စည်းရာ၌မူ ပုန္ဏားဝန်အဖြစ် သီရိဝီဒြာအဓိကာရိစကြဝတေးဟူ၍ တွေ့ရှိရသည်။ များမကြာမီကစ္စနမိုဟန်အား ပုဏ္ဏားဝန်အဖြစ် ခန့်အပ်ခဲ့ဟန်တူသည်။ ကစ္စနမိုဟန်သည် နောင်မင်းတုန်းမင်းလက်ထက် ပုဏ္ဏားပညာရှိဦးသီဟိုအဖြစ် ထင်ရှားခဲ့သော သီရိဟရီ၏ဖခင်ဖြစ်သည်။ ရွှေမြို့တော်ဝန်မဟာမင်းလှရာဇာဘွဲ့ခံ ဦးရွှေမောင်သည်လည်း ပုဏ္ဏားဝန်ရာထူး ခေတ္တထမ်းရွက်ခဲ့သည်။ ထို့ပြင် ပန်းပဲမင်းကြီးအဖြစ်ထင်ရှားခဲ့သူ ဦးမှိုသည်လည်း သာယာဝတီမင်းလက်ထက်က ပုဏ္ဏားဝန်အရာဖြင့် ခေတ္တအမှုထမ်းရွက်ခဲ့ဖူးသည်ဆိုသည်။
ပုဏ္ဏားဝန် ဦးကုလား
[ပြင်ဆင်ရန်]ပုဂံမင်း( ၁၈၄၆- ၁၈၅၂ )လက်ထက်တွင်ပုဏ္ဏားဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ ဦးကုလားဖြစ်သည်။ မင်းကြီးမဟာမင်းကျော်တန်ဆောင်ဘွဲ့ခံ အောင်ပင်လယ် လမိုင်းဝန်လည်းဖြစ်သည်။ ၁၈၅၂ ခုနှစ် ဒီဇင်ဘာလွင် မင်းတုန်းမင်းသားနှင့်ကနောင်မင်းသားညီနောင် နောင်တော်ပုဂံမင်းကို နန်းချရန်ရွှေဘိုသို့ ထွက်ခွာခဲ့စဉ်က ပုဂံမင်း၏ တပ်များအား ပုဏ္ဏားဝန်ဦးကုလားက အုပ်ချုပ်၍ နောက်မှလိုက်လံ တိုက်ခိုက်ခဲ့သည်။
မင်းတုန်းမင်းလက်ထက်
[ပြင်ဆင်ရန်]၁၈၅၃ ခုနှစ် ဖေဖော်ဝါရီလတွင့် ပုဏ္ဏားဝန်အဖြစ် အောင်ပင်လယ်လမိုင်းဝန်ဟောင်းဦးရွှေမောင်အား ခန့်အပ်ခဲ့သည်။ သို့သော် များမကြာမီ သာယာဝတီမင်းလက်ထက်က ဘိသိက်တော်ဆက် ပုဏ္ဏားဝန်အဖြစ် အမှုထမ်းခဲ့ဖူးသူ ကစ္စနမိုဟန်( သီရိကစ္စနမောဟ) ကို ပုဏ္ဏားဝန်ရာထူးခန့်အပ်လိုက်ပါသည်။ ကစ္စနမိုဟန်သည် မန္တလေးမြို့တော်သစ်တည်ပြီးနောက် ပုဏ္ဏားစုရပ်၌နေထိုင်ခဲ့ရာ မင်းတုန်းမင်းက ဘုရားကျောင်းနှင့် ရေတွင်းများ ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုခေတ်က တူးခဲ့သည့်ရေတွင်းမှာ ယနေ့တိုင်ရှိနေဆဲဖြစ်သည်။ ၁၈၇၄ ခုနှစ်တွင် မင်းတုန်းမင်းဘိသိက်မင်္ဂလာအခမ်းအနား ဆင်ယင်ကျင်းပသောအခါ ပုဏ္ဏားဝန်အဖြစ် ဗြဟ္မာစန္နက လုပ်ဆောင်ပေးခဲ့ရကြောင်း သိရှိရ၏။
ပုဏ္ဏားဝန် ဦးစိန္တာ
[ပြင်ဆင်ရန်]သီပေါမင်း ( ၁၈၇၈ - ၁၈၈၅ ) လက်ထက်တွင် ပုဏ္ဏားဝန်အဖြစ် အမှုထမ်းခဲ့သူမှာ ဦးစိန္တာ( အစိန္တာရာဇာ) ဖြစ်သည်။ ဦးစိန္တာသည် ၁၈၈၁ ခုနှစ်တွင် ပုဏ္ဏားဝန်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။
ဗြဟ္မစန္ဒ
[ပြင်ဆင်ရန်]သီပေါမင်းလက်ထက် နောက်ဆုံးခန့်အပ်ခံရသူ ပုဏ္ဏားဝန်မှာ ဗြဟ္မစန္ဒဖြစ်၏။ ပုဏ္ဏားဝန်ဗြဟ္မစန္ဒ၏ မင်းပေးဘွဲ့မည်မှာ သုပဏ္ဏိတဗြဟ္မစန္ဒဓမ္မရာဇဂုရု ဖြစ်သည်။