ဆင်ဝန်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဆင်ဝန်[ပြင်ဆင်ရန်]

ဆင်ဝန်သည် ဘုရင့်ဆင်တော်များအား ထိန်းသိမ်းစောင့်ရှောက်ရသူ ဖြစ်သည်။ ဆင်ဝန်၏ လက်အောက်တွင်

  • ဆင်မှူး၊
  • ဆင်စာချီ၊
  • ဦးစီး၊
  • နောက်ပဲ့၊
  • ဆင်ဆေးသမားစသည့် အမှုထမ်းများ ထားရှိပါသည်။ ဘုရင့်ဆင်တော်များကို အတွင်းတင်းကုပ် ပြင်တင်းကုပ်တော်များ၌ ချည်နှောင်ထားရှိ၏။

ညောင်ရမ်းခေတ် ဆင်ဝန်[ပြင်ဆင်ရန်]

ဆင်ဝန်ရာထူးကို ညောင်ရမ်းခေတ် ကပင် အထင်အရှားတွေ့ရှိရပါသည်။ တနင်္ဂနွေမင်း (၁၇၁၄-၁၇၃၃) လက်ထက်တွင် ဇေယျကာမဏိအား ဆင်ဝန်အရာ ခန့်အပ်ခဲ့ပါသည်။ သူသည် အနောက်ဘက်တိုက်အဝင် အုံးနှောက်ရွာစား ဖြစ်ပြီး နောင်ဝန်ကြီးဖြစ်လာသောအခါ ဆင်ဝန်ကြီးဟု အမည်တွင်ခဲ့သည်။

ကုန်းဘောင်ခေတ်ဦးကာလ[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်ဦးကာလတွင် ထင်ရှားခဲ့သည် ဆင်ဝန်တစ်ဦးမှာ ဥတ္တမကျော်ထင် ဖြစ်သည်။ သူသည် ဆင်ဖြူရှင် (မြေဒူးမင်း) နန်းတက်စ ၁၅ စက်တင်ဘာ ၁၇၆၃ တွင် ဖွဲ့စည်းခဲ့သည့် အဘယသင်္ကြန် ဦးစီးသော ၅၀ တော်သွေးသောက်အဖွဲ့၌ ပါဝင်ခဲ့သူဖြစ်သည်။ ဆင်ဝန်ဥတ္တမကျော်ထင်သည် အလောင်းမင်းတရား သို့မဟုတ် ဒီပဲယင်းမင်း (နောင်တော်ကြီး)လက်ထက်ကပင် ဆင်ဝန်အရာ ခန့်အပ်ခံခဲ့ရသူ ဖြစ်ဟန်ရှိပါသည်။ မြေဒူးမင်းလက်ထက် တရုတ်မြန်မာစစ်ပွဲများ ဖြစ်ပွားစဉ်အတွင်း ၂၉ နိုဝင်ဘာ ၁၇၆၉ တွင် စစ်ပြေ ငြိမ်းချမ်းရေးကိစ္စ ကမ်းလှမ်းစဉ် ဆွေးနွေးညှိနှိုင်းကြရ၌ ဆင်ဝန် ဥတ္တမကျော်ထင်လည်း တက်ရောက်ခဲ့ပါသည်။ သူသည် ၅ စက်တင်ဘာ ၁၇၆၉ ခုနှစ်ကလည်း စန္ဒပူရီမှ သမီးကညာဆက်သသည့် အခမ်းအနားကို တက်ရောက်ခဲ့ရ၏။ ထိုစဉ်က ဆင်ဝန်၏ ဘွဲ့အမည်ကို ‘ရာဇဥတ္တမအမာတင်’ ဟူ၍ တွေ့ရှိရပါသည်။

ဘိုးတော်ဘုရားလက်ထက်[ပြင်ဆင်ရန်]

ဘိုးတော်ဘုရား (ဗဒုံမင်း) (၁၈၇၂-၁၈၁၉) နန်းတက်စကာလ ၁၄ မေ ၁၇၈၄ တွင် ဇေယျကာမဏိအား ဆင်ဝန်ရာထူးခန့်အပ်ခဲ့ပါသည်။ ဇေယျကာမဏိသည် ဆင်ဝန်ထောက်အရာမှ ဆင်ဝန်အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခံခဲ့ရခြင်း ဖြစ်ပါသည်။ ဤတွင် ဆင်အစုအမှုထမ်းများ၏ ဖွဲ့စည်းပုံမှာ စိတ်ဝင်စားစရာကောင်းလှပါသည်။ ဆင်ဝန်ထောက်၏ အထက်တွင် ဆင်ဝန်ရာထူးကို ထားရှိခြင်းဖြစ်၏။ ယေဘုယျအားဖြင့် ဆင်ထောက်ရာထူးကို ဝန်၏ အထက်တွင်သာ ထားရှိမြဲဖြစ်သည်။ ဆင်ဝန်ဇေယျကာမဏ၏ ရာထူးကို ဆက်ခံခဲ့သူမှာ မင်းလှမင်းကျော်ဖြစ်သည်။ မင်းလှမင်းကျော်သည် ရွာလပ်ဝန်အဖြစ် အမှုထမ်းနေရာမှ ၂၆ အောက်တိုဘာ ၁၇၈၅ တွင် ဆင်ဝန်ရာထူးတိုးမြှင့်ခန့်အပ် ခံခဲ့ရခြင်း ဖြစ်သည်။ ၁၁ နိုဝင်ဘာ ၁၇၈၅ တွင် ဗဒုံမင်း ကိုယ်တော်တိုင် ယိုးဒယားသို့ ကြွချိသောအခါ ဆင်ဝန်မင်းလှမင်းကျော် အုပ်ချုပ်သော ဆင်တပ်လည်း လိုက်ပါစစ်မှုထမ်းရွက်ခဲ့ရ၏။ မင်းလှမင်းကျော်၏ မူလဘွဲ့မည်မှာ ဥဒိန်သီရိစည်သူ ဖြစ်ကြောင်းသိရှိရသည်။

ဆင်ဝန်နေမျိုးစည်သူ[ပြင်ဆင်ရန်]

ဗဒုံမင်းလက်ထက် ၉ ဖေဖော်ဝါရိ ၁၇၉၅ တွင် မိတ္ထီလာမင်းသမီး ကွမ်းခွံ့အခမ်းအနား လုပ်ဆောင်စဉ်ကမူ ဆင်ဝန်မှာ နေမျိုးစည်သူ ဖြစ်ပါသည်။ ဆင်ဝန် နေမျိုးစည်သူသည် အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိခဲ့သူ ဖြစ်၏။ ၅ ဖေဖော်ဝါရီ ၁၈၀၇ တွင် ဆင်ဖြူတော်သိမ်းပွဲ ကျင်းပသောအခါ၌မူ နေမျိုးစည်သူအား ဆင်ပေါက်ဝန်ဟု ထူးခြားစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ဥဒိန်ဇေယျသူ[ပြင်ဆင်ရန်]

ဗဒုံမင်းလက်ထက် ၂၇ ဩဂုတ် ၁၈၁၃ တွင် ဥဒိန်ဇေယျသူအား ဆင်ဝန်ရာထူး ခန့်အပ်ခဲ့ပါသည်။ သူသည် ဗဒုံမင်းလက်ထက်တွင် နောက်ဆုံး ခန့်အပ်ခံရသည့် ဆင်ဝန်ဖြစ်ဟန်ရှိပါသည်။ ဥဒိန်ဇေယျသူနှင့် ပတ်သက်၍မူ အတ္ထုပ္ပတ္တိ အကြောင်းအရာများကို မသိရပေ။

ဘကြီးတော်လက်ထက်[ပြင်ဆင်ရန်]

ဘကြီးတော် (စစ်ကိုင်းမင်း) နန်းတက်စ ၁၈၁၉ ဇွန်လတွင် ဥဒိန်သီရိစည်သူအား ဆင်ဝန်အဖြစ် ခန့်အပ်ခဲ့ပါသည်။ လအနည်းငယ်အကြာ ၃ နိုဝင်ဘာ ၁၈၁၉ တွင် ထီးဖြူတော်ဆောင်းမင်္ဂလာပြုစဉ် သူ့အား မင်းလှမင်းကျော်ဘွဲ့ ပြောင်းလဲပေးအပ်ခဲ့၏။ ထိုစဉ်က ဆင်ဝန်မင်းလှမင်းကျော်မှာ လက်ဝဲတော်ဦးနေရာ၌ နေရသူဖြစ်ကြောင်း သိရှိရပါသည်။ မင်းလှမင်းကျော်အား ဆက်ခံခဲ့သူမှာ နေမျိုးဇေယျသူဘွဲ့ခံ ဦးရောက်ကြီး ဖြစ်ဟန်ရှိပါသည်။ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ ဖြစ်ပွားချိန်၌မူ ဆင်ဝန်အဖြစ် မဟာမင်းလှသင်္ခယာအား ခန့်အပ်ထားပြီးဖြစ်၏။ ဆင်ဝန်မင်းလှသင်္ခယာ သည် ၁၈၂၄ ခုနှစ် ဘိသိက်မင်္ဂလာအခမ်းအနားအပြီးတွင် ရွှေစလွယ် ၉ သွယ်အပါအဝင် အဆောင်အရွက်များ ပေးအပ်ချီးမြှင့်ခံခဲ့ရပါသည်။

ဆင်ဝန် ဦးကလေး[ပြင်ဆင်ရန်]

၁၈၃၇ ခုနှစ်တွင် သာယာဝတီမင်း နန်းတက်လာသောအခါ နန်းတက်စ ကာလ၌ပင် မင်္ဂလာအိမ်တော်ပါ ဆင်အုပ် ဦးကလေးအား မဟာမင်းကျော်မင်းထင်ဘွဲ့ဖြင့် ဆင်ဝန်အရာခန့်အပ်ခဲ့ပါသည်။ ၂ စက်တင်ဘာ ၁၈၄၁ ခုနှစ်တွင် သာယာဝတီမင်း ရန်ကုန်သို့ စုန်ဆင်းထွက်ခွာသောအခါ ဆင်ဝန်မင်းကြီးမဟာ မင်းကျော်မင်းထင်ဘွဲ့ခံ ဦးကလေး လိုက်ပါလာခဲ့ရ၏။ သို့သော် ၅ နိုဝင်ဘာ ၁၈၄၁ တွင် သာယာဝတီမင်း၏ "ဆဒ္ဒန်ပြောင်ကျော် ဆင်တော် " သေဆုံးသွားရာ ဦးကလေးလည်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရပါသည်။

ဆင်ဝန် အပြောင်းအလဲ[ပြင်ဆင်ရန်]

ဆင်ဝန်ဦးကလေးအား ရာထူးမှ ဖယ်ရှားလိုက်ပြီးနောက် လစ်လပ်သွားသော ဆင်ဝန်နေရာတွင် ဆင်ဝန်ထောက် မင်းကြီး မဟာသင်္ခါအား ရာထူးတိုးမြှင့်ကာ ခန့်အပ်ခဲ့ပါသည်။ သို့သော် ဆင်ဝန်မင်းကြီး မဟာသင်္ခါမှာလည်း ဆင်ဝန်ရာထူး၌ ကြာရှည် အမှုမထမ်းခဲ့ရပါ။ ၅ မတ် ၁၈၄၃ ခုနှစ်တွင် တရုတ်သံအဖွဲ့ လာရောက်စဉ် ကြိုဆိုကြရရာ၌ ဆင်ဝန်မင်းကြီး မဟာမင်းခေါင် ကျော်ထင် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရ၏။ ၎င်းဆင်ဝန်မင်းမှာ အောက်မားဝန် ရာထူးကိုပါ ပူးတွဲထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ဆင်ဝန်မင်းကြီး မဟာမင်းခေါင်ကျော်ထင်သည်ပင် သာယာဝတီမင်းလက်ထက် နောက်ဆုံးခန့်အပ်ခံရသူ ဆင်ဝန် ဖြစ်ဟန်ရှိ၏။

ပုဂံမင်းလက်ထက်[ပြင်ဆင်ရန်]

၁၈၄၆ ခုနှစ်တွင် ပုဂံမင်းနန်းတက်လာပြီးနောက် နေမျိုးသီရိကျော်သူအား ဆင်ဝန်အရာခန့်အပ်ခဲ့ပါသည်။ ဆင်ဝန်နေမျိုးသီရိကျော်သူ၏ ဘွဲ့မည်ကို ၁၈၃၈ ခုနှစ်အထိ တွေ့ရှိရဆဲဖြစ်၏။ ယင်းနောက်ပိုင်းတွင် ဆင်ဝန်ရာထူး အပြောင်းအလဲ ဖြစ်ခဲ့ပါသည်။ ၁၈၃၈ ခုနှစ်၌ ရွှေတောင်ဇေယျရန်အောင်အား ဆင်ဝန်ရာထူးခန့်အပ်ခဲ့၏။

မင်းတုန်းမင်းနန်းတက်စ[ပြင်ဆင်ရန်]

၁၈၅၃ ခုနှစ်တွင် မင်းတုန်းမင်း နန်းတက်လာပြီးနောက် ၁၅ အောက်တိုဘာ ၁၈၅၃ ခုနှစ် မဟာမင်းကျော်ခေါင်ထင်အား ဆင်ဝန်ရာထူးခန့်အပ်ခဲ့ပါသည်။ သို့သော် မဟာမင်းကျော်မင်းခေါင်ထင်မှာ လပိုင်းမျှသာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူ၏ ရာထူးကို ဆက်ခံခဲ့သူမှာ ဦးဘိုးကြီး ဖြစ်၏။

ဆင်ဝန် ဦးဘိုးကြီး[ပြင်ဆင်ရန်]

၁ ဇွန် ၁၈၅၄ တွင် မင်းရဲဇေယျကျော်ဘွဲ့ခံ ဦးဘိုးကြီးအား ဆင်ဝန်အရာခန့်အပ်ခဲ့သည်။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (တတိယတွဲ) အရ ဦးဘိုးကြီး ကွပ်ရွာမြို့စား ဆင်ဝန်အရာ ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ ဆင်ဝန် ဦးဘိုးကြီးသည် ၃၀ အောက်တိုဘာ ၁၈၅၆ တွင် ရတနာပုံမြို့သစ် တည်မည့်နေရာသို့ သွားရောက်ကြည့်ရှုကြသူ နန်းတွင်းအရာရှိများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။

ဆင်ဝန် ဦးရွှေအိုး[ပြင်ဆင်ရန်]

ဆင်ဝန် ဦးဘိုးကြီးအား ဦးရွှေအိုးက ဆက်ခံခဲ့ဟန်ရှိပါသည်။ ဆင်ဝန် ဦးရွှေအိုးမှာ ယင်းတော်မြို့စား ဖြစ်ပြီး တောင်ရွှေရေးဆောင်မိဖုရား၏ မောင်အရင်း ဖြစ်ပါသည်။ တောင်ရွှေရေးဆောင်မိဖုရားမှ ဖွားမြင်သူမှာ မြင်ကွန်း၊ မြင်းခုံတိုင် မင်းသားများအရေး၌ ပါဝင်ပတ်သက်ခဲ့မှုဖြင့် ၁၈၆၆ ခုနှစ်တွင် ရာဇဝတ်ဒဏ်သင့်ခဲ့ပါသည်။ ဆင်ဝန် ဦးရွှေအို၏ မင်းပေးဘွဲ့အမည်မှာ မင်းကြီးမဟာမင်းခေါင်ဖြစ်၏။

ဆင်ဝန် ဦးပို[ပြင်ဆင်ရန်]

ဦးရွှေအိုး ရာထူးကို ဦးပိုက ဆက်ခံခဲ့သည်ဟု မှတ်ယူရ၏။ ဆင်ဝန်ဦးပို၏ ဘွဲ့အမည်ကိုလည်း မင်းကြီးမဟာမင်းခေါင်ဟူ၍ပင် တွေ့ရှိရရာ ဆင်ဝန်ဦးရွှေအိုး ရာထူးမှ ဖယ်ရှားခံရပြီးနောက် ယင်းဘွဲ့အမည်ဖြင့်ပင် ဦးပိုအား ဆင်ဝန်အရာ ခန့်အပ်ခဲ့ဟန် ရှိပါသည်။ ဆင်ဝန်ဦးပိုသည် ပင်းတလဲမြို့ဝန် အဖြစ်လည်း အမှုထမ်းခဲ့ဖူးပါသည်။

ဆင်ဝန်ဦးဘိုးထင်[ပြင်ဆင်ရန်]

မင်းတုန်းမင်း လက်ထက် နှောင်းပိုင်းကာလတွင် ဆင်ဝန်အဖြစ် ခန့်အပ်ခံရသူမှာ ဦးဘိုးထင် ဖြစ်ပါသည်။ ဆင်ဝန် ဦးဘိုးထင်သည် ဒိုင်းအတွင်းဝန် ဦးဘိုးကြီး၏ ဝန်ကတော် မောင်တော်စပ်သူ ဖြစ်သည်ဆို၏။ သီပေါမင်းလက်ထက်တွင် ဖြစ်ပွားခဲ့သည့် ဒိုင်းခင်ခင် အရေးတော်ပုံ၌ ထင်ရှားခဲ့သူ ဒိုင်းခင်ခင်မှာ ဆင်ဝန် ဦးဘိုးထင်၏ သမီးဖြစ်သည် ဆိုပါသည်။ ခန့်ပတ်မင်းကြီး ဦးရွှေမောင်၏ သားဖြစ်သူ ဒိုင်းအတွင်းဝန် ဦးဘိုးကြီးတို့ ဇနီးမောင်နှံသည် သားသမီး မထွန်းကားသဖြင့် ဆင်ဝန်ဦးဘိုးထင်၏ သမီး ခင်ခင်အား ငယ်စဉ်ကပင် သမီးအဖြစ် ခေါ်ယူမွေးစားခဲ့သည်။

သီပေါမင်းလက်ထက်[ပြင်ဆင်ရန်]

၁၈၇၈ ခုနှစ် အောက်တိုဘာလတွင် သီပေါမင်း နန်းတက်လာပြီးနောက် မဟာမင်းထင် မင်းခေါင်ဘွဲ့ခံ ဦးလတ်အား ဆင်ဝန်ရာထူးခန့်အပ်လိုက်၏။ သီပေါမင်း နန်းတက်စတွင် ခမည်းတော် မင်းတုန်းမင်းလက်ထက်က ဆင်ဖြူတော်နှစ်ကောင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဆင်ဖြူများမှာ မောရိယပစ္စယနာဂရာဇာနှင့် သီရိမဟာသုဘတ္တာတို့ ဖြစ်ကြပါသည်။ ဆင်ဝန်အနဖြေင့် ယင်းဆင်ဖြူတော် နှစ်ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ပေးရလေသည်။ သီပေါမင်း လက်ထက်နှောင်းပိုင်းကာလတွင် ဦးဘိုးနှောဆိုသူ ဆင်ဝန်ဖြစ်လာခဲ့သည်။ ဆယ်ဝန်ဦးဘိုးနှောမှာ အသက်ရှည်သူဖြစ်ပြီး ဝက်မစွတ်ဒိုင်ယာရီအရ ၁၀ ဒီဇင်ဘာ ၁၈၉၆ ခုနှစ်တွင်မှ ကွယ်လွန်ခဲ့သည်။