ရွှေတိုက်ဝန်

ဝီကီပီးဒီးယား မှ

ရွှေတိုက်ဝန် သည် ရွှေငွေ စီးပွားဘဏ္ဍာတို့အား စာရင်းဇယားနှင့်တကွ တိုက်တော်၊ ကျီတော်တို့၏ သိမ်းဆည်းခြင်း ၊ အမိန့်တော်အရ ထုတ်ယူခြင်းတို့ကို ကြီးကြပ် ကွပ်ကဲရသူ ဖြစ်သည် ။ ရွှေတိုက်ဝန်၏ လက်အောက်တွင် ရွှေတိုက်စိုး ၊ ရွှေတိုက်ကြပ် ၊ ရွှေတိုက်စာရေး စသူတို့ကိုလည်း ခန့်အပ်ထား၏။ ရွှေတိုက်တွင်အထက်ရွှေတိုက်နှင့် အောင်ရွှေတိုက်ဟူ၍ နှစ်ရပ်ထားရှိရာ အထက်ရွှေတိုက်မှာ နန်းတော်ကြီး၏ အရှေ့တောင်ဒေါင့် ကပ်လျက်၌ တည်ရှိပြီး အောင်ရွှေတိုက်မှာမူ တောင်စမုခ်တော်၏ အရှေ့ဘက်ထားဝယ်တံခါးမြို့ရိုး အတွင်း၌တည်ရှိ၏။ ရွှေချည်ထိုး ၊ ဂုန္တန်ထိုး ၊ ကြယ်ခတ် ၊ ယပ်မားစသည့် အမှုထမ်းတို့မှာလည်း ရွှေတိုက်ဝန်၏ လက်အောက်ခံအမှုထမ်းများ ဖြစ်ကြသည် ။

ညောင်ရမ်းခေတ် ရွှေတိုက်ဝန်[ပြင်ဆင်ရန်]

ရွှေတိုက်ဝန်ရာထူးကို ညောင်ရမ်းခေတ်ဦးကာလကပင် အထင်အရှားတွေ့ရှိရ၏ ။ ညောင်ရမ်းမင်းတရားကြီး၏ ၂၄ စက်တင်ဘာ ၁၅၉၈ ခုနှစ်ရက်စွဲပါ အမိန့်တော်တွင် ရွှေတိုက်ဝန်ဟူသော ဝေါဟာရဖော်ပြထားသည်။ တနင်္ဂနွေမင်း ( ၁၇၁၄ - ၁၇၃၃ ) လက်ထက် ရွှေတိုက်ဝန်မှာ နန္ဒဇေယျကျော်ထင်ဖြစ်ပြီး မဟာဓမ္မရာဇာဓိပတိမင်း ( ၁၇၃၃ - ၁၇၅၂ ) နန်းတက်စ ၁၂ နိုဝင်ဘာ ၁၇၃၅ ခုနှစ်တွင် ဇေယရန္တမိတ်အား ရွှေတိုက်ဝန်အရာ ခန့်အပ်ခဲ့ကြောင်း တွေ့ရှိရ၏ ။

ရွှေတိုက်ဝန်မင်းလှရာဇာ[ပြင်ဆင်ရန်]

အလောင်းမင်းတရားလက်ထက်တွင် ခန့်အပ်ခံခဲ့ရသည့် ရွှေတိုက်ဝန်မှာ မင်းလှရာဇာ ဖြစ်သည် ။ မင်းလှရာဇာ၏ အမည်ရင်းမှာ ဦးသာဖြစ်ဟန်ရှိ၏ ။ အလောင်းမင်းတရား နန်းတက်စတွင် သူရဲခေါင်းမြင်းရည်တော် ( ၆၈ ) ဦးအား ဘွဲ့မည်များပေးအပ်စဉ် ဦးသာကို မင်းလှရာဇာဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း တွေ့ရှိရသည် ။ ရွှေတိုက်ဝန်မင်း လှရာဇာသည် ၁၈ နိုဝင်ဘာ ၁၇၅၉ ခုနှစ်တွင် ထားဝယ်စစ်ကြောင်း ချီတပ်မှူးအဖြစ် စစ်ချီတက်ခဲ့ရ၏ ။ ယင်းနောက် ယိုးဒယား စစ်ပွဲများတွင် ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့သည် ။

မြေဒူးမင်းလက်ထက်[ပြင်ဆင်ရန်]

ဆင်ဖြူရှင်မင်း (မြေဒူးမင်း) နန်းတက်စ ရွှေတိုက်ဝန်မှာ မဟာကျော်ထင်ဖြစ်၏။ ရွှေတိုက်ဝန်မဟာကျော်ထင်သည် ၁၅ စက်တင်ဘာ ၁၇၆၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ပြည်မြို့ဝန် သတိုးရာဇာ ဦးဆောင်သော သွေးသောက်အဖွဲ့၌ ပါဝင်ခဲ့သည်။ သို့သော် မြေဒူးမင်းလက်ထက် နှောင်းပိုင်းကာလ၌မူ မုံရွာစား ဦးကြင်အား ရွှေတိုက်ဝန်ရာထူးခန့်အပ်ခဲ့၏။ ရွှေတိုက်ဝန် ဦးကြင်သည် မြေဒူးမင်း နတ်ရွာစံလုနီးအချိန်တွင် ရေနန်းတော်မှ နန်းတော်ကြီးထက်သို့ ဆောင်ယူရာ၌ အနီးကပ် လိုက်ပါပြုစုခဲ့ရသူ ဖြစ်သည်။

အညာသီဟတောရောက် ရွှေတိုက်ဝန်[ပြင်ဆင်ရန်]

စဉ့်ကူးမင်း ( ၁၇⁠၇၆ - ၁၇၈၂ ) လက်ထက် ရွှေတိုက်ဝန် အမည်မသိရပေ ။ ရွှေတိုက်ဝန်သည် စဉ့်ကူးမင်းလက်ထက် နှောင်းပိုင်းကာလ အညာသီဟတောသို့ ဘုရင်မင်းမြတ်ကြွချီချိန်တွင် အတူလိုက်ပါခဲ့ရသူ ဖြစ်သည် ။ ၁၇၈၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖောင်းကားစားမောင်မောင် အင်းဝထီးနန်းကို သိမ်းပိုက်လိုက်ချိန်တွင် အညာသီဟတောရောက် ရွှေတိုက်ဝန်အား စဉ့်ကူးမင်းက စဉ့်ကိုင်ဒေသသို့ သွားရောက် စည်းရုံးသိမ်းသွင်းရန် အမိန့်တော်ချမှတ်ခဲ့သည် ။ သို့သော် ထိုစဉ်ကာလက အချိန်များစွာ နှောင်းသွားခဲ့ပြီး ဖြစ်သည် ။ ရွှေတိုက်ဝန်သည် စဉ့်ကိုင်သို့တိုင် မရောက်နိုင်တော့ဘဲ ဗဒုံမင်းသား၏တပ်များ အပြင်းချီတက်လာမှုကြောင့် ၁၀ ဖေဖော်ဝါရီ ၁၇၈၂ ခုနှစ်တွင် ကျောက်မြောင်းသို့ တိမ်းရှောင်ခိုလှုံခဲ့ရ၏ ။

ဗဒုံမင်းနန်းတက်စ[ပြင်ဆင်ရန်]

၁၇၈၂ ခုနှစ်တွင် ဗဒုံမင်း ( ဘိုးတော်ဘုရား ) နန်းတက်လာပြီးနောက် ဇောတသူရဘွဲ့ခံ ဦးရွဲ အား ရွှေတိုက်ဝန်အရာ ခန့်အပ်ခဲ့သည် ။ ဇောတသူရ၏ အမည်ကို ၇ အောက်တိုဘာ ၁၇၈၂ ခုနှစ် အခမ်းအနားတွင် တွေ့ရှိရ၏ ။ ယင်းနောက် ၁၇ မေ ၁၇၈၃ ခုနှစ်တွင် ဘိသိက်မင်္ဂလာကျင်းပစဉ် ဇောတသူရအား မင်းမဟာဘွဲ့ ပြောင်းလဲပေးအပ်ပြန်ပါသည် ။ သူ့ကို နေမျိုးမဟာကျော်ထင်က ဆက်ခံခဲ့သည်ဟု မှတ်ယူရ၏ ။ အဘယ့်ကြောင့်ဆိုသော် မင်းမဟာဘွဲ့ခံ ဦးရွှဲသည် မကြာမီ မဟာမင်းလှကျော်စွာဘွဲ့ဖြင့် အသည်းဝန် အဖြစ်သို့ ပြောင်းလဲခန့်အပ်ခံခဲ့ရသောကြောင်း ဖြစ်သည်။ ရွှေတိုက်ဝန်နေမျိုးမဟာကျော်ထင်အား ၂၇ နိုဝင်ဘာ ၁၇၈၃ ခုနှစ်တွင် ကျင်းပသည့် နန်းတွင်အခမ်းအနား တစ်ခု၌ တွေ့ရှိရသည် ။ ၉ ဖေဖော်ဝါရီ ၁၇၉၅ တွင် မိတ္ထီလာမင်းသမီးအား ကွမ်းခွံမင်္ဂလာပြုစဉ်၌မူ ရွှေတိုက်ဝန်မှာ ကျော်ထင်ရာဇသူ ဖြစ်နေပြီးဖြစ်၏ ။

ရာထူးအပြောင်းအလဲ[ပြင်ဆင်ရန်]

၁၈၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဆင်ဖြူတော် ဆက်သခံယူစဉ် အခမ်းအနားသို့ ရွှေတိုက်ဝန်နေမျိုးမင်းလှ တက်ရောက်ခဲ့သည် ။ မကြာမီ နေမျိုးမင်းလှအား နေမျိုးမင်းလှရာဇာဟူ၍ ဘွဲ့မည်ဖြည့်စွတ် ခေါ်ဆိုခဲ့သည် ။ ၁၄ ဧပြီ ၁၈၁၅ ခုနှစ်တွင် ဘိသိက်မင်္ဂလာအခမ်းအနား ကျင်းပြသောအခါ ရွှေတိုက်ဝန် နေမျိုးမင်းလှရာဇာသည် ဂင်္ဂါရေတော် သယ်ယူရေးအဖွဲ့၌ ပါဝင်ခဲ့သည် ။

ရွှေတိုက်ဝန် ဦးသာပေါ်[ပြင်ဆင်ရန်]

စစ်ကိုင်းမင်း ( ဘကြီးတော် ) နန်းတက်လာပြီနောက် ၃ နိုင်ဝင်ဘာ ၁၈၁၉ ခုနှစ်တွင် ထီးဆောင်းမင်္ဂလာပြုစဉ် ရွှေတိုက်ဝန် ရန္တမိတ်ကျော်စွာဘွဲ့ခံ ဦးသာပေါ်အား နေမျိုးမင်းလှစည်သူဘွဲ့ ပေးအပ်ခဲ့၏ ။ မကြာမီ မင်းကြီးမဟာစည်သူဘွဲ့ ပြောင်းလဲပေးအပ်ခဲ့ပြန်ပါသည် ။ ၂ ဧပြီ ၁၈၂၃ တွင် တရုတ်သံအဖွဲ့ လာရောက်စဉ် ကြိုဆိုရေးအဖွဲ့၌ ရွှေတိုက်ဝန် မင်းကြီးမဟာစည်သူဘွဲ့ခံ ဦးသာပေါ်ပါဝင်ခဲ့သည်။ ၁၈၂၄ ခုနှစ် ဘိသိက်မင်္ဂလာအခမ်းအနား အပြီးတွင် ရွှေတိုက်ဝန် ဦးသာပေါ်အား မင်းကြီးမဟာသက်တော်ရှည်ဘွဲ့ဖြင့် ရွှေစလွယ် ၁၂ သွယ် အပါအဝင် အဆောင်အရွက်များ ပေးအပ်ချီးမြှင့်ခဲ့၏ ။ ဦးသာပေါ်သည် အတွင်းဝန်ရာထူးကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရာ ရွှေတိုက်အတွင်းဝန်ဟု အမည်တွင်ပါသည် ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ လေးချိုးရှည်တစ်ပိုဒ်တွင် ရွှေတိုက်ဝန်ဦးသာပေါ်နှင့် ဝန်ကတော် ဒေါ်ညှက်ဖြူတို့၏ မြေးမင်္ဂလာဆောင် ကြီးကျယ်ခမ်းနားပုံကို ဖွဲ့ဆိုသီကုံးထားသည် ။ ရွှေတိုက်ဝန် ဦးသာပေါ်သည် စာရေးဆရာ သိန်းဖေမြင့်၏ ဘိုးဘေးတော်စပ်သူ ဖြစ်ကြောင်းသိရှိရ၏ ။

ရွှေတိုက်ဝန် ဦးစွာ[ပြင်ဆင်ရန်]

၁၈၇၃ ခုနှစ်တွင် သာယာဝတီမင်း နန်းတက်လာပြီးနောက် အိမ်တော်ပါ ဘဏ္ဏာစိုးမင်းလှမင်းခေါင်ဘွဲ့ခံ ဦးစွာကို မင်းကြီးမဟာမင်းလှမင်းခေါင်ဘွဲ့ ဖြင့်ရွှေတိုက်ဝန်ရာထူး ခန့်အပ်လိုက်၏ ။ ၁၈၃၇ ခုနှစ် ဇူလိုင်လတွင် ရွှေတိုက်ဝန် မင်းကြီးမဟာမင်းလှမင်းခေါင်အား အဆောင်အရွက်များ ပေးအပ်ချီးမြှင့်ခဲ့သည် ။ ရွှေတိုက်ဝန် ဦးစွာသည် ၁၅ ဇူလိုင် ၁၈၃၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် သွေးသောက်အဖွဲ့၌ ခေါင်းဆောင်ပါဝင်ခဲ့သူ ဖြစ်သည် ။ ၅ မတ် ၁၈၄၅ ခုနှစ်တွင် တရုတ်သံအဖွဲ့ကို ကြိုဆိုရာ၌မူ ရွှေတိုက်ဝန်မင်းကြီးမဟာသက်တော်ရှည်ဘွဲ့ ပေးအပ်ခဲ့သည်ဟု မှတ်ယူရ၏ ။

သရက်မင်းသားအရေး[ပြင်ဆင်ရန်]

ပုဂံမင်း ( ၁၈၄၆ - ၁၈၅၂ ) လက်ထက် ရွှေတိုက်ဝန်အဖြစ် ခန့်အပ်ခံရသူမှာ ဦးဟန်ဖြစ်သည် ။ ရွှေတိုက်ဝန်သည် ၁၈၅၁ ခုနှစ် ၊ ဇွန်လအတွင် ဖြစ်ပွားခဲ့သော သရက်မင်းသားအရေး၌ ပါဝင်ပတ်သက်ခဲ့သူ ဖြစ်သည်ဟုဆိုသည်။ သရက်မင်းသားသည် ပုဂံမင်းသား၏ သားတော်တစ်ပါးဖြစ်ပြီး မသင့်မတင့်သော အကြံကိုကြံစည်ခဲ့သည်ဆို၏ ။ သရက်မင်းသားသည် စားကျေးမြို့ရွာများ နုတ်သိမ်းခံရပြီး ထိန်းသိမ်းခ့ခဲ့ရသည်။ ကြံရာပါများမှာလည်း စီရင်ခံခဲ့ရ၏ ။ ရွှေတိုက်ဝန် ဦးဟန်ကို စစ်ဆေးမေးမြန်းရာတွင် ဦးဟန်က ရွှေတိုက်တော်မှ နန်းစဉ်ဘဏ္ဏာလက်နက်များကို ထုတ်ပေးခဲ့ကြောင်း ထွက်ဆိုခဲ့သောကြောင့် နှမ ဒေါ်ဖြူ ၊ သားသမီးများနှင့်အတူ ထောင်သွင်းအကျဉ်းချထားခံခဲ့ရသည် ။

ရွှေတိုက်ဝန် ဦးရှင်ကလေး[ပြင်ဆင်ရန်]

၁၈၅၃ ခုနှစ်တွင် မင်းတုန်းမင်း နန်းတက်စတွင် မင်းလှစည်သူကျော်ဘွဲ့ခံ ဘဏ္ဏာစိုး ဦးရှင်ကလေးအား ရွှေတိုက်ဝန်အရာခံအပ်ခဲ့၏ ။ ၁၆ ဇွန် ၁၈၅၄ ခုနှစ် ဘိသိက်မင်္ဂလာအခမ်းအနားကျင်းပစဉ် ရွှေတိုက်ဝန် ဦးရှင်ကလေးကို မင်းကြီးမဟာသက်တော်ရှည်ဘွဲ့ဖြင့် ကောလင်းမြို့စား အတွင်းဝန်အရာ ပူးတွဲခန့်အပ်ခဲ့သည် ။

ရွှေတိုက်ဝန် ဦးသိုင်း[ပြင်ဆင်ရန်]

ဦးရှင်ကလေး ကွယ်လွန်သောအခါ သူ၏ရာထူးကို မင်းကြီးမင်းလှစည်သူဘွဲ့ခံ ဦးသိုင်းက ဆက်ခံခဲ့သည် ။ တောင်ခွင်းမြို့စားအရာကို ရရှိခဲ့သဖြင့် တောင်ခွင်မြို့စား ရွှေတိုက်ဝန် ဦးသိုင်းဟု အမည်တွင်ခဲ့သည် ။ ၂၀ ဧပြီ ၁၈၇၄ ခုနှစ်တွင် ဗုဒ္ဓဘိသိက်ခံ အခမ်းအနားကျင်းပသောအခါ ရွှေတိုက်ဝန်မင်းကြီး မင်းလှစည်သူ တက်ရောက်ခဲ့၏ ။ အတွင်းဝန်ရာထူးကိုပါ ပူးတွဲဆောင်ရွက်ရသဖြင့် ရွှေတိုက်အတွင်းဝန် ဦးသိုင်းဟုလည်း အမည်ထင်ရှား၏ ။

သီပေါမင်းနန်းတက်စ[ပြင်ဆင်ရန်]

၁၈၇၈ ခုနှစ် အောက်တိုဘာလတွင် သီပေါမင်း နန်းတက်လာသောအခါ တောင်ခွင်းမြို့စား ရွှေတိုက်အတွင်းဝန် ဦးသိုင်းကို ရာထူးဆက်လက် ခန့်အပ်ခဲ့သည် ။ ၁၈၇၈ ခုနှစ် နိုဝင်ဘာလတွင် မင်းတုန်းမင်း၏ ဝတ်လဲတော်များကို ပြာချ၍ လုပ်ဆောင်ရသော မံဖုရားဆင်းတုတော်ကြီးများကို အတုလဝေယံကျောင်းသို့ ပို့ဆောင်ခဲ့၏ ။ ၁ နိုဝင်ဘာ ၁၈၇၈ ခုနှစ်တွင် ၁၄ ဌာနအုပ်ချုပ်ရေး စတင်ခဲ့သောအခါ ရွှေတိုက်အတွင်းဝန် တောင်ခွင်းမြို့စား မင်းကြီး မဟာမင်းထင်စည်သူက သတ္တမဌာနကို တာဝန်ယူ လုပ်ဆောင်ပေးခဲ့ရသည်။

နောက်ဆုံးရွှေတိုက်ဝန်[ပြင်ဆင်ရန်]

မြန်မာဘုရင်လက်ထက် နောက်ဆုံးခန့်အပ်ခံခဲ့ရသည့် ရွှေတိုက်ဝန်မှာ ၂၃ မတ် ၁၈⁠၈၃ ခုနှစ်တွင် ခန့်အပ်ခံခဲ့ရသူ ပေါက်မြိုင်မြို့စား ဦးလှဘူးဖြစ်သည် ။ သူသည် အတွင်းဝန်ရာထူးကိုပါ ပူးတွဲထမ်းဆောင်ရသဖြင့် ရွှေတိုက်အတွင်းဝန်မင်းဟု ထင်ရှားခဲ့၏ ။ ၁၈⁠၈၅ ခုနှစ် နိုဝင်ဘာလတွင် သီပေါမင်းအား ဗြိတိသျှတို့ ဖမ်းဆီးခေါ်ဆောင်သွားသောအခါ ရွှေတိုက်အတွင်းဝန်သည် ဗြိတိသျှအစိုးရလက်အောက်၌ ဆက်လျက်အမှုထမ်းခဲ့ရသည် ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉