ကုလားဝန်

ဝီကီပီးဒီးယား မှ

ကုလားဝန်[ပြင်ဆင်ရန်]

ကုလားဝန်ဟူသည် နိုင်ငံရပ်ခြား ဥရောပတိုက်သား သိုးဆောင်လူမျိုးများ ပသီ ၊ ဇေဒဗာရီ လူမျိုးများနှင့် စပ်ဆိုင်သမျှကို လုပ်ဆောင်ရသူဖြစ်သည်။ ကုလားဝန် ရာထူးကို အများအားဖြင့် ဥရောပ ကပြားများ ၊ အိန္ဒိယနွယ်ဖွားများကိုသာ ခန့်အပ်လေ့ ရှိတတ်၏။

ညောင်ရမ်းခေတ် ကုလားဝန်[ပြင်ဆင်ရန်]

ကုလား ဝန်ရာထူးကို ညောင်ရမ်းခေတ် စနေမင်း (၁၆၉၈-၁၇၀၄) လက်ထက်ကပင် စတင်တွေ့ရှိရသည်။ စနေမင်းလက်ထက် ကုလားဝန်မှာ သီရိဇေယျကျော်ထင် ဖြစ်သည်။ မဟာဓမ္မရာဇာဓိပတိ (၁၇၃၃-၁၇၅၂) လက်ထက် ကုလားဝန်မှာမူ နန္ဒကျော်ထင် ဖြစ်သည်။ ၃၀ ဒီဇင်ဘာ ၁၇၃၉ တွင် ကသည်တပ်များ စစ်ကိုင်းကောင်းမှုတော်ဘုရားသို့ ဦးတည်ချီတက်လာစဉ် ကုလားဝန် နန္ဒကျော်ထင် ဦးစီးသော တပ်များက ခုခံတိုက်ခိုက်ခဲ့ကြသည်။ ကုလားဝန် နန္ဒကျော်ထင်၏ တပ်တွင် သင်္ဘောသား ကုလားအများ ပါဝင်ခဲ့သည်ဆိုသည်။ သင်္ဘောသား ကုလားဟူသည် နိုင်ငံခြားသားများ ဖြစ်ဟန်ရှိသည်။ အထူးသဖြင့် ကြေးစားတပ်များ ဖြစ်မည်ထင်ပါသည်။

ကုန်းဘောင်ခေတ်ဦးကာလ[ပြင်ဆင်ရန်]

ကုန်း ဘောင်ခေတ်ဦးကာလတွင် မြန်မာမင်း နေပြည်တော်သို့ ဥရောပတိုက်သားများ အဝင်အထွက် တစ်စတစ်စ များပြားလာရာ ကုလားဝန် ရာထူးမှာလည်း အရေးပါလာသည်။ ကုလားဝန်သည် အင်္ဂလိပ်ဘာသာနှင့် ဟိန္ဒီဘာသာစကားများ ကျွမ်းကျင်သူ ဖြစ်ဟန်ရှိ၏။


ဗဒုံမင်းလက်ထက်[ပြင်ဆင်ရန်]

ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် အစောဆုံးတွေ့ရှိရသည့် ကုလားဝန်မှာ မင်းကြီး မဟာမင်းလှကျော်ထင်ဖြစ်သည်။ သူသည် ၁၈၀၆ ခုနှစ်တွင် ကုလားဝန်အဖြစ် အမှုထမ်းလျက်ရှိပြီဖြစ်၏။ ကုလားဝန်မင်းကြီး မဟာမင်းလှကျော်ထင်၏ ၁၇ မေ ၁၈၀၇ ရက်စွဲပါ အမိန့်စာတွင် ကုလားပျို သေနတ်စာရေး ၊ သွေးသောက်ကြီး ၊ အကြပ်တို့အား နေမျိုးကျော်ခေါင်၏ အဘထံ၌သာ အမှုတော်ထမ်းရွက်ရန် ဖော်ပြပါရှိသည်။ မကြာမီ ကုလားဝန်ရာထူး အပြောင်းအလဲ ရှိလာခဲ့သည်။ ၁၇ နိုဝင်ဘာ ၁၈၁၆ တွင် သီရိဂုဏ္ဏရတ်ကို ကုလားဝန်ရာထူး ခန့်အပ်လိုက်ပါသည်။


စစ်ကိုင်းမင်းလက်ထက်[ပြင်ဆင်ရန်]

စစ်ကိုင်း မင်း (ဘကြီးတော်) နန်းတက်စ ၁၈၁၉ ခုနှစ် ဇွန်လတွင် ကုလားဝန်အဖြစ် ရန္တရွှေတောင်အား ခန့်အပ်ခဲ့သည်။ ရန္တရွှေတောင်အကြောင်းနှင့် ပတ်သက်၍ ကောင်းစွာမသိရှိရပေ။ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး၌ပင် ကုလားဝန်ရာထူးခန့်အပ်ခံရခြင်းကိုသာ ဖော်ပြထားသည်။


သာယာဝတီမင်းလက်ထက်[ပြင်ဆင်ရန်]

သာယာဝတီမင်း (၁၈၃၇-၁၈၄၆) လက်ထက် ကုလားဝန်မျာ မဟာသီဟမင်းထင် ဖြစ်သည်။ ၁၈ ဇန်နဝါရီ ၁၈၄၁ တွင် ပြင်သစ်ကုန်သည်များ လက်ဆောင်ပစ္စည်း ဆက်သရန် နန်းတွင်းသို့ ရောက်ရှိလာခဲ့စဉ်က ကုလားဝန် မဟာသီဟမင်းထင်ကပင် အစစ စီစဉ်ဆောင်ရွက်ပေးခဲ့ရ၏။ မှတ်တမ်းများအရ ပြင်သစ်ကုန်သည် စန္ဒနိကရကွပ်ကော်ရနယ်သည် ပြင်သစ်နာရီ ၊ လှံစွပ်သေနတ် ၊ ဘိလပ်ကော်ဇော ၊ ပိတ်အုပ် ၊ သံစုံသေတ္တာ စသည့် အဆန်းအပြား လက်ဆောင်ပစ္စည်းများ ဆက်သရန် ပြင်သစ်ကိုယ်စားလှယ် မစ္စတာစစ် (ငစစ်)အား တာဝန်ပေး အပ်ခဲ့သည်။ ထိုစဉ်က ပြင်သစ်ဘာသာဖြင့် ရေးသားထားသော စာရွက်စာတမ်းများကို မြန်မာဘာသာပြန်ဆိုပြီး ကုလားဝန် မဟာသီဟမင်းထင်နှင့်အတူ သာယာဝတီမင်းထံ ဝင်ရောက်ခဲ့ကြသည်။ သာယာဝတီမင်းက ပြင်သစ်ကိုယ်စားလှယ်အား သီရိဘောဂရာဇာဓမ္မရတ်ဘွဲ့ ပေးအပ်ခဲ့သည်။


ပုဂံမင်းလက်ထက်[ပြင်ဆင်ရန်]

ပုဂံမင်း နန်းတက်စ ၂၃ ဇန်နဝါရီ ၁၈၄၇ တွင် မဟာမင်းလှသီရိကျော်ထင်အား ကုလားဝန်အရာ ပေးအပ်ခဲ့သည်။ သူသည် ရွှေစလွယ် ၉ သွယ် ဆင်ယင်ခွင့် ရရှိခဲ့သူဖြစ်၏။ ပုဂံမင်းသည် ကုလားဝန်မဟာမင်းလှ သီရိကျော်ထင်အား အင်္ဂလိပ်မြန်မာ ဆက်ဆံရေး ပြေပြစ်လာစေရန် လုပ်ဆောင်စေခဲ့ဟန် တူသည်။ သူသည် ပုဂံမင်းနန်းကျစဉ် ရာထူးမှ ထုတ်ပယ်ခံခဲ့ရ၏။


ကုလားဝန် မက္ကတစ်[ပြင်ဆင်ရန်]

မင်းတုန်းမင်း နန်းတက်စ ၂၂ မတ် ၁၈၅၃ တွင် ကုလားဝန် မဟာမင်းခေါင် သီဟသူဘွဲ့ခံ မက္ကတစ်တာ မိုင်းနက်စ် (Makertish Ter Minas)အား အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲ အဆုံးသတ်စေရေးအတွက် ပြည်မြို့ရှိ ဗြိတိသျှ အာဏာပိုင်တို့ထံ သွားရောက် ဆွေးနွေးစေခဲ့သည်။ ထို့နောက် ဗြိတိသျှတို့ သိမ်းပိုက်ထားသော နယ်မြေများ ပြန်လည်ရရှိရေးအတွက် ၂၀ စက်တင်ဘာ ၁၈၅၄ တွင် နန်းမဟော်ဝန် ဦးပသီ ဦးဆောင်သော အဖွဲ့ အိန္ဒိယသို့ သွားရောက်ရာ၌ ကုလားဝန် မက္ကတစ် အတူလိုက်ပါခဲ့ရသည်။ ၁၄ ဖေဖော်ဝါရီ ၁၈၅၅ တွင် ယင်းအဖွဲ့ အမရပူရသို့ ပြန်လည်ရောက်ရှိလာပြီးနောက် မက္ကတစ်အား မလွန်မြို့ဝန်ရာထူးကိုပါ ပူးတွဲခန့်အပ်ခဲ့၏။ မက္ကတစ်သည် ငယ်စဉ်ကပင် စစ်မှုထမ်းခဲ့ဖူးသူဖြစ်သည်။ အာမေနီယံလူမျိုး တစ်ဦးဖြစ်ပြီး ကုလားဝန်နှင့် ဝန်ကတော်တို့မှာ အလှူဒါနရက်ရောကြသူများ ဖြစ်ကြသည်ဆို၏။ ကုလားဝန်တို့ ဇနီးမောင်နှံသည် မန္တလေးမြို့၌ မော်လဝီဆရာများအား ပင့်ဖိတ်ကာ ဆန်၊ ဆီ၊ ပိတ်၊ ထီး ၊ ဖိနပ် ၊ လုံချည် ၊ တဘက်များ မကြာခဏ လှူဒါန်းလေ့ရှိခဲ့သည်။ ထို့ပြင် တောင်ဆင်ကျုံးဗလီ တည်ဆောက်ရာ၌လည်း အလှူငွေ အများအပြား ထည့်ဝင်လှူဒါန်းခဲ့သေး၏။


မဟာသီရိဂုဏ္ဏရတ်ကျော်သူ[ပြင်ဆင်ရန်]

၁၈၆၇ ခုနှစ်တွင် ကာနယ်ဖိုက်ဦးဆောင်သော ဗြိတိသျှသံအဖွဲ့ မန္တလေးသို့ ရောက်ရှိလာရာ ကုလားဝန် မဟာသီရိ ဂုဏ္ဏရတ်ကျော်သူက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ရသည်။ ကုလားဝန်သည် အရေးပိုင် ကပ္ပတိန်စလေဒင်နှင့်အတူ ကာနယ်ဖိုက်နှင့် မင်းတုန်းမင်းတို့ အကြား ဘာသာပြန်ဆိုပေးခဲ့ရ၏။


ရွှေတိုက်စိုး ကုလားဝန်[ပြင်ဆင်ရန်]

၂၂ အောက်တိုဘာ ၁၈၇၁ တွင် မန္တလေးမှ အရာရှိ ၉ ဦး ရေနန်းစကြာသင်္ဘောဖြင့် ရန်ကုန်သို့ ရောက်ရှိလာခဲ့ကြသည်။ ရွှေတိဂုံစေတီ ထီးတော်သစ်တင်လှူရန်အတွက် ထီးတော်သစ်ကိုပါ တစ်ပါတည်း ပင့်ဆောင်လာခဲ့ကြရာ ယင်းအဖွဲ့တွင် ကုလားဝန် ရွှေတိုက်စိုး မဟာမင်းလှ မင်းထင်ရာဇာလည်း ပါဝင်ခဲ့သည်။ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကုလားဝန်သည် ရန်ကုန်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် ပြောဆိုဆက်ဆံရာ၌ များစွာ အကူအညီပေးခဲ့ရ၏။ ကုလားဝန် မဟာမင်းလှမင်းထင်ရာဇာ၏ အမည်ရင်းမှာ P.G. Gamaratta ဖြစ်သည်။ ရွှေတိုက်စိုး ရာထူးကိုပါ ပူးတွဲထမ်းဆောင်ရသူ ဖြစ်ရာ ရွှေတိုက်စိုး ကုလားဝန်မင်းဟု အမည်တွင်ပါသည်။ ၁၅ ဧပြီ ၁၈၇၂ တွင် သရက်အရေးပိုင် ဘရောင်း (Col.Horace Albert Brown) မန္တလေးသို့ ရောက်ရှိလာရာ ကုလားဝန် မဟာမင်းလှမင်းထင်ရာဇာက လိုအပ်သည်များကို လုပ်ဆောင်ပေးခဲ့ရ၏။ ၂၄ ဧပြီ ၁၈၇၂ တွင် အရေးပိုင်ဘရောင်း မင်းတုန်းမင်း နှင့် တွေ့ဆုံရာ ယင်းအခမ်းအနားသို့ ကုလားဝန်လည်း တက်ရောက်ခဲ့ရ၏။ မင်းတုန်းမင်းလက်ထက် နှောင်းပိုင်းကာလတွင် မနွတ်ဆိုသူအား ကုလားဝန်အရာ ခန့်အပ်ခဲ့သည်။


ကုလားဝန် မနွတ်[ပြင်ဆင်ရန်]

၁၈၇၈ ခုနှစ်တွင် သီပေါမင်းနန်းတက်လာပြီးနောက် အာမေနီယံလူမျိုး မနွတ် (J.S. Manook)အား ကုလားဝန်ရာထူး ဆက်လက်ခန့်အပ်ခဲ့သည်။ မနွတ်သည် ၁၈⁠၈၂ ခုနှစ်အထိ ကုလားဝန်အဖြစ် အမှုထမ်းရွက်ခဲ့၏။ ယင်းနောက် သီပေါမင်း အမျက်တော်ရှကာ မိသားစုနှင့်အတူ ရွှေဘိုထောင်၌ အကျဉ်းချထားခံခဲ့ရသည်။ သီပေါမင်း ပါတော်မူပြီး ဗြိတိသျှ အစိုးရလက်ထက် ရောက်မှသာ အကျဉ်းမှ လွတ်မြောက်ခဲ့သည်။ ထိုစဉ်က ကုလားဝန်ဟောင်း မနွတ်မှာ အိုမင်းမစွမ်းဖြစ်နေပြီဖြစ်ရာ ဗြိတိသျှ အစိုးရက ဂရုဏကြေး လစဉ် ၇၅ ကျပ်နှုန်း ထောက်ပံ့ပေးခဲ့သည်။ ကုလားဝန်မနွတ်၏ သမီးတစ်ဦးမှာ မိဖုရားခေါင် စုဖုရားလတ်၏ အပျိုတော်အဖြစ် အမှုထမ်းခဲ့ဖူးပါသည်။


ကုလားဝန် ဦးနေထွန်း[ပြင်ဆင်ရန်]

သီ ပေါမင်းလက်ထက် နောက်ဆုံး အမှုထမ်းရွက်ခဲ့သူ ကုလားဝန်မှာ မင်းလှမင်းထင်ဇာဘွဲ့ခံ ဦးနေထွန်းဖြစ်သည်။ အများကမူ သူ့အား ဦးဒွန်းဟု ခေါ်ဆိုကြသည်။ သူသည် မင်းတုန်းမင်းလက်ထက် ကုလားဝန် မဟာမင်းခေါင်သီဟသူဘွဲ့ခံ မက္ကတစ်၏ သားမက်တော်သူလည်း ဖြစ်၏။ ကုလားဝန် ဦးနေထွန်းမှာ ဆင်စီးခွင့်နှင့် ရွှေထီးနှစ်လက်ဆောင်းခွင့် ရရှိခဲ့သူဖြစ်သည်။ သီပေါမင်းလက်ထက် မေဏ္ဍယမဟာသာလဘွဲ့ခံ သူကြွယ် ဦးစံပျော်မှာ ကုလားဝန် ဦးနေထွန်းနှင့် ခမည်းခမက် တော်စပ်သူဖြစ်သည်။ ဦးနေထွန်း၏ သမီးမှာ ဦးစံပျော်၏ သား စာတော်ဖတ် ဦးဘိုးလှနှင့် လက်ဆက်ကာ ရှေ့နေဦးဘကြည်ကို ဖွားမြင်ခဲ့သည်။ သီ ပေါမင်း ပါတော်မူသွားပြီးနောက် ရတနာဂီရိ၌ နတ်ရွာစံပြီးစအချိန်တွင် မိဖုရားကြီး ရန်ကုန်မြို့သို့ ပြန်လည်လာရောက်နေထိုင်ခဲ့၏။ ထိုစဉ်က ကုလားဝန် မနွတ်၏ သမီး ဆာလာဆိုသူသည် မိဖုရားကြီးအား လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရ၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉