ဆင်မင်းဝန်

ဝီကီပီးဒီးယား မှ

ဆင်မင်းဝန်[ပြင်ဆင်ရန်]

မြန်မာမင်းများ လက်ထက်က လက်ဆောင်အဖြစ် ဆက်သခံရသည့် ဆင်များနှင့် ဖမ်းဆီးရမိသည့် လေ့ကျင့်သင်ကြားပေးပြီး ဆင်အချို့ကို ဆင်မင်းဟူ၍ သတ်မှတ်ကြ၏။ ဆင်မင်းများထဲတွင် မြို့စားအရာ ပေးအပ်ခံရသည့် ဆင်မင်းများလည်း ရှိသည်။ မောရိယ ပစ္စယနာဂရာဇာဘွဲ့ခံ ဆင်မင်းသည် ပတ္ထနဂိုရ်မြို့ကို မြို့စားရရှိခဲ့ဖူးပါသည်။ ယင်းသို့သော ဆင်မင်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရသူမှာ ဆင်မင်းဝန်ဖြစ်သည်။ ဆက်မင်းဝန်၏ လက်အောက်တွင် ဆင်မင်းဝန်ထောက်၊ ဆင်မင်းနာခံ၊ ဆင်မင်းစာရေးကြီး စသည့်ရာထူးများ ထားရှိသည်။

ဆင်မင်းဝန် မဟာမင်းလှ[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်ဦးကာလ ဆင်မင်းဝန်များကို မသိရပေ။ ဘိုးတော်ဘုရား (ဗဒုံမင်း)လက်ထက် အစောပိုင်းကာလ ဆင်မင်းဝန်တစ်ဦးမှာ အမတ်ကြီး မဟာမင်းလှ ဖြစ်သည်။ ၁၈၀၆ ခုနှစ်တွင် ဟံသာဝတီနယ် နိဗ္ဗာန်ရွာ (ယခု ပဲခူးတိုင်း သနပ်ပင်မြို့နယ်အတွင်း)မှ ဆဒ္ဒန်ဆင်မင်းဟုခေါ်ဆိုကြသည့် ဆင်တော် တစ်ကောင်အား ဖမ်းဆီးရမိခဲ့ရာ ဗဒုံမင်းက ဆင်တော်သိမ်းပွဲ အခမ်းအနားကို ကြီးကျယ်စွာ ကျင်းပခဲ့သည်။ ဆင်မင်းဝန် မဟာမင်းလှသည် ဆင်တော်သိမ်းပွဲ ကျင်းပအပြီး၌ ဆဒ္ဒန်ဆင်မင်းအဖြစ် ခန့်အပ်ခံခဲ့ရ၏။ ဆင်မင်းဝန် မဟာမင်းလှ၏ အမည်ရင်းမှာ ဦးမှုံ ဖြစ်သည်။

ဆင်မင်းဝန် အပြောင်းအလဲ[ပြင်ဆင်ရန်]

ဗဒုံမင်းလက်ထက်တွင် ဆင်မင်းဝန် အပြောင်းအလဲများရှိခဲ့ရာ ရွှေတောင်လှကျော် (၁၈၁၃) နှင့် နေမျိုးမင်းလှစည်သူ (၁၈၁၈) တို့၏ အမည်ကို တွေ့ရှိရသည်။ ဆင်မင်းဝန်များသည် စစ်ထွက်ရာ၌ လိုက်ပါရခြင်းမရှိဘဲ မင်းနပြေည်တော်၌သာ ဆင်မင်းများကို ပြုစုစောင့်ရှောက်ကြရသည်။

စစ်ကိုင်းမင်းလက်ထက်[ပြင်ဆင်ရန်]

ဘကြီးတော် (စစ်ကိုင်းမင်း) နန်းတက်စ ၃ နိုဝင်ဘာ ၁၈၁၉ ခုနှစ်တွင် ဆင်မင်းဝန် သိင်္ခဇေယျသူအား နေမျိုးမင်းကျော်ဘွဲ့ ပြောင်းလဲ ပေးအပ်ခဲ့၏။ အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲကာလအတွင်း ဆင်မင်းဝန်မှာ မဟာမင်းလှသင်္ခယျာ ဖြစ်သည်။ သူသည် ၂ ဧပြီ ၁၈၂၃ တွင် တရုတ်သံအဖွဲ့ လာရောက်စဉ် ကြိုဆိုခဲ့ရ၏။ ဆင်မင်းဝန် မဟာမင်းလှသင်္ခယျာ၏ အမည်ရင်းမှာ ဦးပွင့် ဖြစ်သည်။ ဦးပွင့်၏ ရာထူးကို ဆက်ခံလျက် ဆင်မင်းဝန်ဖြစ်လာသူမှာ ဦးရောက် ဖြစ်၏။ သူသည် အောက်မားဝန် ဦးထွန်း၏ သားမက်ဖြစ်သည်။

သာယာဝတီမင်းလက်ထက်[ပြင်ဆင်ရန်]

သာယာဝတီမင်း နန်းတက်စ ၁၈၃၇ ခုနှစ်တွင် ဆင်မင်းဝန်အဖြစ် မဟာသူရခင်ျာဘွဲ့ခံ ဦးမင်းအား ခန့်အပ်ခဲ့သည်။ သို့သော် လအနည်းငယ် အကြာတွင် နော်ရထာပျံချီ ဆင်မင်းဝန် ဖြစ်လာခဲ့ပြန်၏။ နော်ရထာပျံချီ၏ ရာထူးကို ဆက်ခံခဲ့သူမှာ မဟာမင်းလှကျော်ဖြစ်သည်။ ၁၈၄၂ ခုနှစ်တွင် မဟာမင်းလှကျော်မှာ ဆင်မင်းဝန် ဖြစ်နပြေီဖြစ်ပြီး ၅ မတ် ၁၈၄၃ ခုနှစ် တရုတ်သံအဖွဲ့အား ကြိုဆိုရာ၌ ဆင်မင်းဝန် မဟာမင်းလှကျော် ပါဝင်ခဲ့သည်။

ပုဂံမင်းလက်ထက်[ပြင်ဆင်ရန်]

၁၈၄၆ ခုနှစ်တွင် ပုဂံမင်း နန်းတက်လာသောအခါ မဟာကျော်ထင်တရဖျားအား ဆင်မင်းဝန် အဖြစ် ခန့်အပ်ခဲ့၏။ သို့သော် ဆင်မင်းဝန် မဟာကျောင်ထင် တရဖျားနှင့် ပတ်သက်၍ အချက်အလက် အကြောင်းအရာများကို မသိရပေ။

ရတနာပုံခေတ် ဆင်မင်းဝန်[ပြင်ဆင်ရန်]

ရတနာပုံခေတ် မင်းတုန်းမင်းလက်ထက် ဆင်မင်းဝန်မှာ မဟာမင်းခေါင် သီဟသူရ ဖြစ်သည်။ ဆင်မင်းဝန်၏ ဘွဲ့အမည်ကို ၁၈၇၀ ပြည့်နှစ်ခန့်တွင် တွေ့ရှိရခြင်း ဖြစ်၏။ သီပေါမင်း နန်းတက်စ ၁၈၇၉ ခုနှစ်တွင် မဟာမင်းထင် မင်းခေါင်အား ဆင်မင်းဝန်အရာ ခန့်အပ်ခဲ့သည်။ သို့သော် လအနည်းငယ်အကြာတွင် ဆင်မင်းဝန်ရာထူး အပြောင်းအလဲ ဖြစ်သွားသည်။ မဟာမင်းလှမင်းကျော်အား ပြောင်းလဲခန့်အပ်လိုက်၏။ သီပေါမင်းလက်ထက် နှောင်းပိုင်းကာလတွင် မင်းလှမင်းကျော် သီရိဘွဲ့ခံ ဦးတုပ် ဆင်မင်းဝန် ဖြစ်လာသည်။ ဦးတုပ်သည် ၁၈၈၅ ခုနှစ် မေလတွင် တောင်ငူနယ် ရန်အောင်မြင်တောမှ ရရှိခဲ့သည့် ဇေယဝသဎုနပစ္စယနာဂရာဇာဘွဲ့ခံ ဆင်ဖြူတော်ကို ပြုစုစောင့်ရှောက်ရသူ ဖြစ်သည်။ ဆင်မင်းဝန် ဦးတုပ်သည် ၁၅ ဒီဇင်ဘာ ၁၈၈၉ ခုနှစ်တွင် ကွယ်လွန်ခဲ့၏။

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ရောက် သီပေါမင်း၏ ဆင်တော်[ပြင်ဆင်ရန်]

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ကိုလိုနီခေတ်ဦးကာလ ၁၉၀၆ ခုနှစ် ဇန်နဝါရီလတွင် ဝေလမင်းသားနှင့် ကြင်ယာတော်တို့ ဖွင့်လှစ်ပေးခဲ့သည်။ ၁၈၈၆ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး ဗြိတိသျှ လက်အောက်သို့ ကျရောက်ခဲ့ရပြီးနောက် ၁၈၈၇ ခုနှစ်တွင် သီပေါမင်း၏ ဆင်ဖြူကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ယူဆောင်ပြသ ထားခဲ့သည်။ ယင်းဆင်ဖြူမှာ ၁၉၁၁ ခုနှစ်အထိ ရှိသေးပြီး နောက်ပိုင်း တိရစ္ဆာန်ရုံ၌ပင် သေဆုံးသွားသည်။