တရုတ်ဝန်

ဝီကီပီးဒီးယား မှ

တရုတ်ဝန်[ပြင်ဆင်ရန်]

တရုတ်ဝန်ရာထူးမှာ တရုန်မြန်မာ ဆက်ဆံရေးအတွက် အရေးပါလှသော ရာထူးတစ်ခုဖြစ်သည်။ ကုန်းဘောင်ခေတ်ဦး ကာလကပင် တရုတ်မြန်မာ အပြန်အလှန် ဆက်ဆံမှုများ တိုးမြှင့်လာခဲ့သည်။

တရုတ်မြန်မာစစ်ပွဲများ[ပြင်ဆင်ရန်]

ဆင်ဖြူရှင် (မြေဒူးမင်း)လက်ထက်တွင် မန်ချူးတရုတ်တို့နှင့် စစ်ပွဲလေးကြိမ် ဖြစ်ပွားခဲ့ရသည်။ ၁၇၆၄ ခုနှစ်တွင် တရုတ်ကုန်သည် လောကီအား အကြောင်းပြု၍ စစ်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ လောကီသည် နံဘက်ရွာအထက်မှ တပိန်မြစ်ကိုဖြတ်၍ တံတားဆောက်လုပ်ရန် ဗန်းမော်မြို့ဝန်ထံ ခွင့်တောင်းရာ မြို့ဝန်က ဘုရင်းမင်းမြတ်၏ အမိန့်တော်အရသာလျှင် တံတားဆောက်လုပ်နိုင်ကြောင်း ပြန်ကြားခဲ့သည်။ ဤကိစ္စကို လောလီက မချေမငံဆက်ဆံသဖြင့် သူ့အား နပြေည်တော်သို့ ခေါ်ယူစစ်ဆေးမှုများ ပြုခဲ့ရသည်။ လောလီအား ဗန်းမော်သို့ ပြန်ပို့ပေးသောအခါ ကုန်ပစ္စည်းအချို့ ပျောက်ဆုံးနေသဖြင့် နစ်နာကြောင်း ယူနန်ဘုရင်ခံထံ တိုင်ကြားခဲ့သည်။ ကျိုင်းတုံတွင်လည်း တရုတ်ကုန်သည် လောတာရည်နှင့် မြန်မာလူမျိုးအချို့ အကြွေးကိစ္စကြောင့် ရန်ပွဲဖြစ်ပွားရာ လောတာရည်က အစဉ်အလာမဟုတ်သည့် တောင်းဆိုချက်များကို တောင်းဆိုရုံမျှမက မိုင်းဆည်ရှိအကြီးအကဲများထံသို့ပင် တိုင်ကြားခဲ့သည်။ ဤသို့ဖြင့် ၁၇၆၅ ခုနှစ်တွင် ကျိုင်းတုံသို့ မန်ချူးတပ်များ ဝင်ရောက်ကျူးကျော်လာခဲ့ကြသည်။ နပြေည်တော်မှ လက်ဝဲဝင်းမှူး နေမျိုးစည်သူ၏ တပ်များစေလွှတ်ကာ နှိမ်နင်းခဲ့ရ၏။ တိုက်ပွဲတွင် မန်ချူးဗိုလ်ချုပ် ရည်တာလောရဲ ကျဆုံးပြီး တပ်ဆုပ်သွားကြသည်။ ၁၇၆၆ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၇၆၇ ခုနှစ်တွင် တတိယအကြိမ်နှင့် ၁၇၆၉ ခုနှစ်တွင် စတုတ္ထအကြိမ် စစ်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

တရုတ်ဝန်နေမျိုးစည်သူသင်္ခယျာ[ပြင်ဆင်ရန်]

၁၇၆၉ ခုနှစ်၊ ဩဂုတ်လအတွင်း စတုတ္ထအကြိမ် တရုတ်မြန်မာစစ်ပွဲ ဖြစ်ပွားစဉ် တရုတ်ဝန်နေမျိုးစည်သူသင်္ခယျာ၏ အမည်ကို စတင်တွေ့ရှိရသည်။ တရုတ်ဝန်သည် တပ်တစ်တပ်ကို ကွပ်ကဲအုပ်ချုပ်လျက် ရေကြောင်းမှ ပါဝင်တိုက်ခိုက်ခဲ့ရ၏။ ၂၉ နိုဝင်ဘာ ၁၇၆၉ တွင် တရုတ်တပ်များက စစ်ပြေငြိမ်း ကြရန် စကားကမ်းလှမ်းလာပါသည်။ သို့ဖြင့် ၁၃ ဒီဇင်ဘာ ၁၇၆၉ ခုနှစ်တွင် ကောင်းတုံမြို့၌ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြသည်။ ထိုစဉ်က တရုတ်ဝန် နေမျိုးစည်သူ သင်္ခယျာ စစ်ပြေငြိမ်းရေးအခမ်းအနားသို့ တက်ရောက်ခဲ့ရသည်။ စစ်ပြေငြိမ်းရေးအတွက် တရုတ်အရာရှိများနှင့် ဆွေးနွေးညှိနှိုင်းကြစဉ်ကပင် တရုတ်ဝန်နေမျိုးစည်သူ သင်္ခယျာပါဝင်ခဲ့ရာ တရုတ်ဝန်သည် တရုတ်ဘာသာစကား ကျွမ်းကျင်သူဖြစ်မည်ဟု မှန်းဆရသည်။

ဗဒုံမင်းလက်ထက်[ပြင်ဆင်ရန်]

ဗဒုံမင်းလက်ထက် တရုတ်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ ရွှေတောင်စည်သူ ဖြစ်သည်။ တရုတ်ဝန်ရွှေတောင်စည်သူ၏ အမည်ကို ၉ ဖေဖော်ဝါရီ ၁၇၉၅ ခုနှစ် မိတ္ထီလာမင်းသမီး၏ ကွမ်းခွံ့မင်္ဂလာ အခမ်းအနား တက်ရောက်သူ စာရင်း၌ တွေ့ရှိရသည်။ ရွှေတောင်စည်သူသည် ၆ ဧပြီ ၁၈၀၉ ခုနှစ်တွင် စစ်ကိုင်းမင်းသား (နောင်ဘကြီးတော်မင်း) အား အိမ်ရှေ့ အရာခန့်အပ်သောအခါ အိမ်ရှေ့အတွင်းဝန် ဖြစ်လာဟန်ရှိသည်။

တရုတ်ဝန်ဦးပိုး[ပြင်ဆင်ရန်]

၁၈၁၉ ခုနှစ်တွင် ဘကြီးတော် (စစ်ကိုင်းမင်း)နန်းတက်လာသောအခါ ဦးပိုးအား နန္ဒမိတ်ရွှေတောင်ဘွဲ့ဖြင့် တရုတ်ဝန်အရာခန့်အပ်လိုက်ပါသည်။ သို့သော် ၃ နိုဝင်ဘာ ၁၈၁၉ ခုနှစ်တွင် နန္ဒမိတ်ရွှေတောင်အား နေမျိုးရာဇကျော်စွာဘွဲ့ ပြောင်းလဲပေးအပ်ခဲ့၏။ ၄၀ တော် မှူးမတ်သမီးစာရင်း ပုရပိုက်မှတ်တမ်းအရ တရုတ်ဝန်ဦးပိုးတွင် မိရွှေနှစ်ဆိုသူ သမီးတစ်ဦးရှိကြောင်း သိရှိရသည်။ ဦးပိုးသည် စစ်ကိုင်းမင်းလက်ထက်တစ်လျှောက်တွင် တရုတ်ဝန်ရာထူးဖြင့် အမှုထမ်းရွက်ခဲ့ဟန်ရှိသည်။

တရုတ်သံရောက်မော်ကွန်း[ပြင်ဆင်ရန်]

၂၁ မတ် ၁၈၂၁ တွင် တရုတ်ပြည် တောက်တွန်ဥတည်မင်းက ရမ့်တာလောရဲ ဦးဆောင်သော တရုတ်သံအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။ ယင်းသံအဖွဲ့သည် ၁၈ ဒီဇင်ဘာ ၁၈၂၂ ခုနှစ်တွင် ဗန်းမော်သို့ ရောက်ရှိလာရာ ဗန်းမော်မြို့ဝန် မဟာသီရိသီဟသူဘွဲ့ခံ ဦးရွှေအိုက ကြိုဆိုကာ အမိန့်တော်အရ နပြေည်တော်သို့ ပို့ဆောင်ပေးခဲ့ရသည်။ ၁၈ မတ် ၁၈၂၃ တွင် တရုတ်သံအဖွဲ့ မင်းကွန်းရှားရောင်း ကင်းဆိပ်သို့ ရောက်ရှိလာရာ မြန်မာနန်းတွင်းအရာရှိ အချို့ သွားရောက်ကြိုဆို ကြရ၏။ တရုတ်သံအဖွဲ့အား ရွှေကြက်ယက်ဘုရားအနီး သံတဲ၌ နေရာချထားပေးပါသည်။ သံတဲ၌ နေထိုင်တည်းခိုစဉ်အတွင်း တရုတ်ဝန်၊ တရုတ်စာရေးတို့က စားရေးသောက်ရေးမှအစ ဂရုတစိုက် ပြုစုဧည့်ခံကြရသည်။ တရုတ်သံအဖွဲ့သည် သတ်မှတ်ရက်တွင် ဘကြီးတော် (စစ်ကိုင်းမင်း) အား တွေ့ဆုံခွင့် ရရှိကြ၏။ တရုတ်သံအဖွဲ့ လာရောက်ခဲ့ပုံနှင့် ပတ်သက်၍ စာဆိုတော် ဝက်မစွက် နဝဒေးဘွဲ့ခံ ဦးနုက မော်ကွန်းစပ်ဆိုခဲ့ရာ တရုတ်သံရောက်မော်ကွန်းဟု အမည်တွင်ပါသည်။ ဝက်မစွတ်နဝဒေး၏ မော်ကွန်းတွင် ပိုဒ်ရေ ၆၂ ပိုဒ် ပါရှိပြီး တရုတ်ပြည်၏ မြို့တော်နှင့် ပတ်သက်၍ 'ပဲ့ကျဉ်နဂရ၊ မြို့မနယ်ချက်' စသည်ဖြင့် ရေးဖွဲ့ထားသည်ကို တွေ့ရှိရသည်။ ထူးခြားသည်မှာ တရုတ်သံအဖွဲ့ ရောက်ရှိခဲ့ပုံကို သာမက အပြန်တွင် မြန်မာသံအဖွဲ့က တရုတ်နိုင်ငံသို့ လိုက်ပါသွားပုံကို ထည့်သွင်းစပ်ဆို ထားသည်။

တရုတ်ဝန်ရာထူးအပြောင်းအလဲများ[ပြင်ဆင်ရန်]

တရုတ်ဝန်ရာထူးကို ကုန်းဘောင်ခေတ်တစ်လျှောက် ခန့်ထားခဲ့ရာ ပုဂံမင်း (၁၈၄၆-၁၈၅၂)လက်ထက်တွင် ဦးရွဲဆိုသူအား တရုတ်ဝန်အရာခန့်အပ်ခဲ့သည်။ တရုတ်ဝန်ဦးရွဲသည် ၁၈၅၂ ခုနှစ်တွင် မင်းတုန်း ကနောင်မင်းသားများ ရွှေဘိုသို့ ထွက်ခွာကြစဉ် ပုဂံမင်း၏ အမိန့်တော်အရ နောက်မှ လိုက်လံ တိုက်ခိုက်ခဲ့ရသူ ဖြစ်သည်။ မင်းတုန်း ကနောင်မင်းသားများမှာ နောင်တော်ပုဂံမင်းကို နန်းချရန်အတွက် ရွှေဘို၌ စုရုံးကာ လက်နက်လူသူစုဆောင်းခဲ့ကြခြင်း ဖြစ်သည်။ ၁၈၅၃ ခုနှစ် ဖေဖော်ဝါရီလတွင် မင်းတုန်းမင်း နန်းတက်လာသောအခါ ဝန်းကျင်ဝန်ဦးဘဲအား နေမျိုးသိခင်ကျော်ထင်ဘွဲ့ဖြင့် တရုတ်ဝန်ရာထူးခန့်အပ်လိုက်ပါသည်။ နောင်တော်ပုဂံမင်းလက်ထက် တရုတ်ဝန်ဟောင်း ဦးရွဲကိုမူ ရာထူးမှ ဖယ်ရှားကာ ထောင်သွင်း အကျဉ်းချထားခဲ့သည်။ သို့သော် ၁၉ ဇွန် ၁၈၅၄ ခုနှစ်တွင် တရုတ်ဝန်ဟောင်း ဦးရွဲအား အကျဉ်းမှ လွှတ်ပေးခဲ့၏။ မင်းတုန်းမင်းလက်ထက်တွင် တရုတ်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူ ဝန်းကျင်ဝန် ဦးဘဲသည် စားတော်ကွမ်းရေကိုင်တစ်ဦးသာဖြစ်ရာ မင်းတုန်းမင်းလက်ထက်မှစ၍ တရုတ်ဝန်ရာထူးမှာ တစ်စတစ်စ အရေးပါမှုလျော့နည်းလာသည်ဟု မှတ်ယူရသည်။

နောက်ဆုံးတရုတ်ဝန်များ[ပြင်ဆင်ရန်]

သီပေါမင်းလက်ထက် နောက်ဆုံးခန့်အပ်ခံခဲ့ရသူ တရုတ်ဝန်မှာ ဦးဘိုးလှိုင်ဟု မှတ်သားထားကြသည်။ တရုတ်ဝန် ဦးဘိုးလှိုင်၏ အမည်ကို ဝက်မစွတ် ဝန်ထောက် ဦးလတ်၏ ဒိုင်ယာရီမှတ်တမ်းအရ ကိုလိုနီခေတ်ဦးကာလ ၁၁ ဇွန် ၁၈၉၃ ခုနှစ်အထိ တွေ့ရှိနေဆဲဖြစ်သည်။ တရုတ်ဝန် ဦးဘိုးလှိုင်သည် မန္တလေးဝါးတန်းရပ်ရှိ ဂုဏဝတီစာပုံနှိပ်တိုက်ပိုင်ရှင် ဦးချင်၏ ဇနီး ဒေါ်သန်းသန်းတို့၏ အဖိုးဖြစ်သည်။