ကသည်းဝန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကုန်းဘောင်ခေတ် ကသည်းမြင်းတပ်မှ စစ်သည်တော်တစ်ဦး

ကသည်းဝန်[ပြင်ဆင်ရန်]

ကသည်းဝန်သည် ကသည်း(ခေါ် ) မဏိပူရနွယ်ဖွားများနှင့် ပတ်သက်သည့် အရေးကို လုပ်ကိုင်ဆောင်ရွက်ရသူဖြစ်သည်။ ယခုအခါ အိန္ဒိယနိုင်ငံ၏ ပြည်တစ်ခုအဖြစ် တွေ့ရှိရသော မဏိပူရနယ်နှင့် မြန်မာနိုင်ငံ ချင်းတောင်တန်းဒေသတို့မှာ နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိပါသည်။ ကသည်းလူမျိုးများသည်ပင် ကုကီချင်းအနွယ်ဝင်များ ဖြစ်ကြသည် ဆိုပါသည်။ ယင်းကသည်းလူမျိုးတို့ နေထိုင်ရာ မဏိပူရနယ်မှာ ဘုရင့်နောင်မင်း (၁၅၅၁-၁၅၈၁) လက်ထက်က မြန်မာဘုရင် လက်အောက်ခံ နယ်တစ်ခုဖြစ်ခဲ့သည်။

ညောင်ရမ်းခေတ် ကသည်း-မြန်မာဆက်ဆံရေး[ပြင်ဆင်ရန်]

ကသည်း တို့သည် ညောင်ရမ်းခေတ်တွင် အခါအခွင့်သာတိုင်း မြန်မာနယ်နိမိတ်အတွင်းသို့ ဝင်ရောက် ထိပါးခဲ့ကြသည်။ သာလွန်မင်း (၁၆၂၉-၁၉၄၈) လက်ထက် ခရစ်နှစ် ၁၆၄၇ ခုနှစ်တွင် သားတော် ရှင်တရုတ်၏ တော်လှန်ပုန်ကန်မှု ဖြစ်ပွားစဉ်အတွင်း ကသည်းစော်ဘွားက အခွင့်ကောင်းယူလျက် သောင်သွပ်မြို့ကို ဝန်းရံတိုက်ခိုက်ခဲ့သည်။ သို့ဖြင့် ၁၅ ဇန်နဝါရီလ ၁၆၄၈ တွင် မင်းရဲရန်နောင်အား စေလွှတ် တိုက်ခိုက်စေခဲ့ရသည်။ ကသည်းစော်ဘွားသည် မြန်မာတပ်များ အလုံးအရင်းနှင့် ချီတက်လာကြောင်း ကြားသိရသည်နှင့် ခေတ္တမျှ ဆုတ်ခွာ သွားခဲ့သည်။

မင်းရဲကျော်ထင် (၁၆၇၃-၁၆၉၈)လက်ထက် ၁၆၉၃ ခုနှစ် ဒီဇင်ဘာတွင် ကသည်းတို့ သောင်သွပ်ကို ဝင်ရောက်တိုက်ခိုက်ကြပြန်၏။ အင်းဝနေပြည်တော်မှ တုရင်ဝေရ ဦးဆောင်သော တပ်များကို စေလွှတ်နှိမ်နင်းခဲ့ရသည်။ စနေမင်း (၁၆၉၈-၁၇၁၄) လက်ထက် ၁၃ ဖေဖော်ဝါရီ ၁၇၀၅ တွင် ကသည်းစော်ဘွားသည် မြန်မာဘုရင်ထံ သမီးကညာ ဆက်သလာပါသည်။ အသက် ၁၅ နှစ်အရွယ်ရှိ နှင်းလုံခံဆိုသူ အမျိုးသမီးငယ်အား နယ်ခြားဒေသသို့ မှူးမတ်အရာရှိများ စေလွှတ်ကြိုဆိုခဲ့ရခြင်းဖြစ်သည်။ ကသည်းတို့အနေဖြင့် အခြေအနေပေးပါက မြန်မာနယ်အတွင်း ကျူးကျော်ဝင်ရောက် တိုက်ခိုက်ကြပြီး အခြေအနေ မပေးသည့်အခါ သမီးကညာ ဆက်သခြင်းဖြင့် အလျှော့ပေး ဆက်ဆံတတ်ကြသည်။

တနင်္ဂနွေမင်း (၁၇၁၄-၁၇၃၃)လက်ထက် ၁၇၂၄ ခုနှစ်တွင် ကသည်းစော်ဘွား ဂါရစ်နဝပ် (Gharib Niwaz) (၁၇၁၉-၁၇၅၄) က သမီးကညာ ဆက်သလိုကြောင်း အင်းဝဘုရင်ထံ ဆက်သွယ်လာပါသည်။ သိုဖြင့် မြန်မာမှူးမတ်များအား ယူးဝ (မော်လိုက်မြို့နယ်အတွင်း)သို့ ကြိုဆိုရန် စေလွှတ်ခဲ့၏။ ယူးဝသို့ အရောက်တွင် ကြိုဆိုရေးအဖွဲ့ကို ကသည်းတို့က သတ်ဖြတ်ခဲ့သည်။ သို့ဖြင့် ၈ နိုဝင်ဘာ ၁၇၂၄ တွင် မင်းရဲသီဟကျော် ဦးဆောင်သော တပ်များ ချီတက်တိုက်ခိုက်ကြရသည်။ သို့သော် ကသည်းတို့၏ စစ်ပရိယာယ် ကြွယ်ဝမှုနှင့် မြန်မာတပ်အတွင်း ကျောက်ရောဂါ ဖြစ်ပွားမှုတို့ကြောင့် မြန်မာရဲမက် အများအပြား အသက်ဆုံးရှုံးခဲ့ရ၏။

မဟာဓမ္မရာဇာဓိပတိ (၁၇၃၃-၁၇၅၂)လက်ထက် ၁၇၃၇ ခုနှစ်တွင် ကသည်းတပ် မြေဒူးမြို့ အထိ ကျူးကျော်ဝင်ရောက်ကာ ဒေသခံအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ နောက်တစ်နှစ်တွင် စစ်ကိုင်းသို့တိုင် ရောက်ရှိလာခဲ့သည်။ ကောင်းမှုတော်အနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သေး၏။ ကသည်းတို့ ငါးရက်ကြာမျှ အိမ်ရာကျောင်းကန်တို့ကို ဖျက်ဆီးကာ ပြန်လည်ထွက်ခွာသွားကြသည်။ ၁၇၄၉ ခုနှစ်တွင် ကသည်းစော်ဘွားသည် သားကြီး ခူရာလက်ပ (Shan Shan) စစ်သူကြီး စန္ဒရော်မော်နီတို့နှင့်အတူ အကဲစမ်းသည့် အနေဖြင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာပြန်ပါသည်။ ဤတစ်ကြိမ်တွင် တောင်ငူရာဇာ ဦးဆောင်လျက် ကြည်းကြောင်း ၊ ရေကြောင်းဖြင့် အင်အားကြီးမားစွာ စစ်ချီသွားရာ သမီးတော်ဆက်သသည့် အစီအစဉ်သို့ ပြောင်းလဲသွား၏။ ယင်း သမီးကလေးမှာ ၁၇၅၂ ခုနှစ် အင်းဝပျက်စဉ် ဟံသာဝတီမင်း၏ ကိုယ်လုပ်တော် ဖြစ်လာခဲ့သည်။

အခြေချ နေထိုင်ကြသူများ[ပြင်ဆင်ရန်]

အလောင်းမင်းတရား နန်းတက်လာပြီးနောက် ၁၇၅၃ ခုနှစ် ဂါရစ်နဝပ် ကွယ်လွန်သွားရာ မဏိပူရတွင် ထီးနန်းဆက်ခံရေး ပြဿနာ ပေါ်လာခဲ့သည်။ အလောင်းမင်းတရားသည် မဏိပူရတို့ အင်အားချိနဲ့နေချိန်တွင် သွားရောက်တိုက်ခိုက်ရန် ဟန်ပြင်နေစဉ် ဂါရစ်နဝပ်၏ ထီးမွေနန်းမွေးခံ တစ်ဦးက ရတနာသိင်္ဃသို့ ရောက်ရှိအကူအညီတောင်းခံလာခဲ့သည်။ ဤသို့ဖြင့် အလောင်းမင်းတရား၏ တပ်များ မဏိပူရကို လွယ်လင့်တကူ သိမ်းပိုက်နိုင်ခဲ့၏။

အလောင်းမင်းတရားသည် ၁၉ ဇန်နဝါရီ ၁၇၅၉ တွင် ကသည်းမြို့တော်ကို သိမ်းပိုက်ပြီး နန်းဦး၌ ကျောက်စာတိုင် စိုက်ထူခဲ့သည်။ အပြန်တွင် ကသည်းလူမျိုးအများအပြားကို ခေါ်ဆော်လာကာ နေပြည်တော်ဝန်းကျင်၌ နေရာချထားပေးခဲ့သည်။ ကသည်းလူမျိုးများထဲတွင် လက်မှုပညာသည်၊ အနုပညာရှင် ၊ စာပေကျမ်းဂန်တတ် ပုဂ္ဂိုလ်များ ပါဝင်ခဲ့သည်။ အချို့မှာ နက္ခတ်ဗေဒင် ပညာရှင်များ ဖြစ်ကြပြီး အချို့က ပိုးထည်ရက်လုပ်သူများ ၊ ငွေပန်းထိမ်ပညာသည်များ ဖြစ်ကြ၏။ ထို့ပြင် မြင်းမွေးမြူပြုစုရာ၌ ကျွမ်းကျင်သူ ၊ မြင်းစီးကျွမ်းကျင်သူ မြင်းစီးသူရဲကောင်းများ ပါဝင်လာရာ ထိုသူများကို အလောင်းမင်းတရားက ကောင်းစွာ ပြုစုစောင့်ရှောက်ထားခဲ့သည်။

ကသည်းလူမျိုးများ သည် ကုန်းဘောင်ခေတ်တစ်လျှောက် ဒေသခံ မြန်မာတို့နှင့် ရင်းနှီးချစ်ကြည်စွာ နေထိုင်ခဲ့ကြသည်။ ဗဒုံမင်း (ဘိုးတော်ဘုရား)၏ ကိုယ်လုပ်တော် တစ်ဦးဖြစ်သူ ကေလာမှာ ကသည်းမင်းမျိုးမှ ပေါက်ဖွားလာသူ ဖြစ်သည်။ မြဝတီမင်းကြီး ဦးစ၏ ကသည်းမငယ် ကဗျာတွင် သရက်သီးသည် ကသည်းမကလေး နှစ်ယောက်ထံမှ မင်းကြီး၏ သမီးက သရက်သီးဝယ်ရင်း ဈေးဆစ်နေပုံကို ရေးဖွဲ့ထားသည်။ ယင်းကဗျာသည် မင်းကြီးဦးစက လိတ်ဆာဗျည်း (မိန်းကလေး) ၊ ဟိန်းဒု (သရက်သီး) စသည့် ကသည်းစကား အသံထွက်များကို ထည်းသွင်းရေးဖွဲ့ထားသည်။ မင်းကြီးဦးစ ကသည်းစကား ကောင်းစွာ တတ်ကြောင်း ဟင်နရီဘာနေးက မှတ်တမ်း တင်ခဲ့ဖူးသည်။ ကုန်းဘောင်ခေတ် မင်းနေပြည်တော်တစ်ဝိုက်တွင် ကသည်းလူမျိုးအများအပြားရှိသည်။ ခေတ်နှောင်းကာလတွင် ထင်ရှားခဲ့သည့် သီလရှင် မယ်ကင်းနှင့် မယ်နတ်ပေးတို့သည်ပင် ကသည်းနွယ်များ ဖြစ်ကြသည်ဆို၏။

အစောပိုင်းကာလ ကသည်းဝန်[ပြင်ဆင်ရန်]

ကသည်း လူမျိုးများအား အုပ်ချုပ်ကွက်ကဲရန် ကုန်းဘောင်ခေတ်ဦးကာလကပင် ကသည်းဝန်တစ်ဦး ခန့်အပ်ခဲ့သည်။ ကသည်းဝန်ကို အများအားဖြင့် ကသည်းနွယ်ဖွားများထဲမှ ရွေးချယ်ခန့်အပ်လေ့ရှိသည်ဟု ဆိုပါသည်။ မြေဒူးမင်း (ဆင်ဖြူရှင်) (၁၇၆၃-၁၇၇၆) လက်ထက် ကသည်းဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ နေမျိုးပျံချီ ဖြစ်သည်။ ကသည်းဝန် နေမျိုးပျံချီအမည်ကို မြေဒူးမင်း နန်းတက်စ ကာလ အင်းဝမြို့ကို ပြန်လည်ပြုပြင်တည်ထောင်ပြီးနောက် ၁၅ စက်တင်ဘာ ၁၇၆၄တွင် ဖွဲ့စည်းခဲ့သည့် ၄၀ တော် သွေးသောက်တစ်ဦးအဖြစ် တွေ့ရှိရသည်။

နေမျိုး ပျံချီသည် ဒီပဲယင်းမင်း (နောင်တော်ကြီး) (၁၇၆၀-၁၇၆၃) လက်ထက်ကပင် ကသည်းဝန်ရာထူး ရရှိခဲ့ဟန်တူပါသည်။ မြေဒူးမင်း လက်ထက် ၁၅ ဇန်နဝါရီ ၁၇၆၅ တွင် မဏိပူရသို့ စစ်ချီစဉ် ကသည်းဝန် နေမျိုးပျံချီသည် တပ်တစ်တပ်ကို ဦးစီးလျက် ချီတက်လိုက်ပါခဲ့ရသည်။ အလောင်းမင်းတရားသည် မဏိပူရကို သိမ်းပိုက်ပြီးနောက် စန္ဒရော်မော်နီအား ကသည်းစော်ဘွားအရာ ခန့်အပ်ကာ တပ်များကို ရုပ်သိမ်းလျက် ရတနာသိင်္ဃသို့ ပြန်လာခဲ့၏။ မြန်မာတပ်များ ရုပ်သိမ်းသွားပြီးနောက် မြန်မာဘုရင် လက်အောက်ခံအဖြစ်မှ ဆန့်ကျင်သည့် အနေဖြင့် မြို့သစ်၊ နန်းသစ်တည်ထောင်ခဲ့ကြရာ မြန်မာတပ်များ သွားရောက် တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။

မြန်မာတပ်များ သည် မဏိပူရအရောက် ချီတက်ခဲ့ကြရာ ကသည်းစော်ဘွား ထွက်ပြေးသွားသဖြင့် ၇ ဧပြီ ၁၇၆၅ တွင် နေပြည်တော်သို့ ပြန်လာခဲ့ကြသည်။ ယင်းနောက်ပိုင်း၌ ကျိုင်းတုံကို တရုပ်တပ်များ ဝန်းရံလျက်ရှိကြောင်း ကြားသိရသဖြင့် ၂၇ ဒီဇင်ဘာ ၁၇၆၅ တွင် စစ်ချီတက်ကြရပြန်ပါသည်။ မြန်မာတပ် ၁၁ တပ် သွားရောက်တိုက်ခိုက်ကြရာ၌ ကသည်းဝန် ဦးစီးသော တပ်တစ်တပ်လည်း လိုက်ပါစစ်မှုထမ်းခဲ့ရ၏။

နေမျိုးသီဟသူ[ပြင်ဆင်ရန်]

မြေဒူး မင်းလက်ထက်၌ပင် စန္ဒပူရိ (လင်းဇင်း)မှ သမီးတော်တစ်ပါး ဆက်သခဲ့ရာ လင်းဇင်းမင်းသမီးအား အခမ်းအနားဖြင့် ကြိုဆိုကြရသည်။ ၅ စက်တင်ဘာ ၁၇၆၉ တွင် နေပြည်တော်သို့ ရောက်ရှိစဉ် ကြိုဆိုရေးအဖွဲ့၌ ကသည်းဝန် နေမျိုးသီဟသူ ပါဝင်ခဲ့၏။ နေမျိုးသီဟသူသည် နေမျိုးပျံချီအား ဆက်ခံသော ကသည်းဝန် ဖြစ်ဟန်ရှိပါသည်။ ၁၃ ဒီဇင်ဘာ ၁၇၆၉ တွင် ကောင်းတုံ၌ တရုတ် မြန်မာ စစ်ပြေငြိမ်းရေး အခမ်းအနားကျင်းပရာ ယင်းအခမ်းအနားသို့ ကသည်းဝန် နေမျိုးသီဟသူ တက်ရောက်ခဲ့ရ၏။

ကသည်းဝန် ဦးပြန့်[ပြင်ဆင်ရန်]

စဉ့်ကူးမင်းလက်ထက်တွင် ဦးပြန့်အား ကသည်းဝန်အရာ ခန့်အပ်ခဲ့ဟန် တူပါသည်။ ဗဒုံမင်း (ဘိုးတော်ဘုရား) (၁၇၈၂-၁၈၁၉) နန်းတက်လာပြီးနောက် ဦးပြန့်အား ကသည်းဝန်ဟောင်းအဖြစ် ဖော်ပြသုံးနှုန်းထားသည်ကို တွေ့ရှိရ၏။ ကသည်းဝန်ဟောင်း ဦးပြန့်၏သား မောင်ကြာ (အသက် ၂၀ နှစ်) သည် ၁ ဇူလိုင် ၁၇၈၃ တွင် ဘိုးတော်ဘုရားသားတော် အိမ်ရှေ့မင်း ဦးပေါ်၏ မင်းမှုထမ်းငယ် တစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရပါသည်။

ကုန်း ဘောင်ခေတ်ဦးကာလ အထူးသဖြင့် စစ်မက်ထူပြောချိန်တွင် ကသည်းဝန်နှင့် ကသည်းမြင်းဝန်ရာထူးမှာ ကွဲပြားခြားနားမှုရှိဟန် မတူပါ။ တစ်ခါ တစ်ရံ ကသည်းဝန်အစား ကသည်းမြင်းဝန်ကပင် ကသည်းလူမျိုးများဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်ပေးရဟန်တူပါသည်။

ကသည်းမင်းကြီး ဦးစာနီ[ပြင်ဆင်ရန်]

ဗဒုံမင်း(ဘိုးတော်ဘုရား) လက်ထက်တွင် ကသည်းနွယ်ဖွားများနှင့် ပတ်သက်၍ ကြီးကြပ်အုပ်ချုပ်ရန် ဦးစာနီဆိုသူအား ခန့်အပ်တာဝန်ပေးခဲ့ရာ ကသည်းမင်းကြီးဟု အမည်တွင်ခဲ့သည်။ ယင်း ကသည်းမင်းကြီး ဦးစာနီသည်ပင် ကသည်းဝန်ဖြစ်ဟန်ရှိပါသည်။ ဦးစာနီ၏ ဘွဲ့မည်မှာ မဟာဇေယျသူရ ဖြစ်သည်။ ၁၇၆၀ ပြည့်နှစ်တွင် ဆားလင်းကြီး၌ ဆားလုပ်ငန်း လုပ်ကိုင်သူ ဦးနေဒွန်းနှင့် ဒေါ်မိန်းမတို့က ဖွားမြင်ခဲ့သူဖြစ်ပြီး ဘိုးတော်ဘုရားလက်ထက်တွင် အိမ်ရှေ့မင်း ဦးပေါ်ထံ အမှုထမ်းခဲ့သည်။ သူသည် အမိန့်တော်အရ ၁၈၀၅ ခုနှစ်တွင် ၃၇ မင်း နတ်ချင်းများကို မှတ်သားလေ့လာခဲ့ပြီးနောက် မကြာမီ ကသည်း မင်းကြီးအရာ ခန့်အပ်ခံခဲ့ရသည်။

စစ်ကိုင်းမင်း (ဘကြီးတော်)လက်ထက်တွင် ဦးစာနီကို ကသည်းမင်းကြီးအရာ ဆက်လက်ခန့်အပ်ခဲ့သည်။ ၁၀ စက်တင်ဘာ ၁၈၂၀ တွင် ယခင်လေ့လာပြုစုခဲ့သည့် ၃၇ မင်းနတ်ချင်းအား အမိန့်တော်အရ ပြင်ဆင်ဖြည့်စွက်မှုများ ပြုကာဆက်သွင်းခဲ့ရ၏။ ယင်းနောက် ၁၈၂၂ ခုနှစ် ၊ ဒီဇင်ဘာလတွင် ကချာသို့ စစ်ချီတက်စဉ်အတွင်း ကသည်းမင်းကြီး ဦးစာနီ ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သွားပါသည်။

ကုန်းဘောင်ခေတ်နှောင်းကာလ သာယာဝတီမင်းနှင့် ပုဂံမင်းတို့လက်ထက်တွင် ကသည်းဝန်ဟူ၍ သီးခြားမတွေ့ရသေးပါ။ ကသည်းမြင်းဝန်ကပင် ကသည်းမျိုးနွယ်များအား ကြီးကြပ် အုပ်ချုပ်ရဟန် ရှိပါသည်။ မင်းတုန်းမင်း (၁၈၅၃-၁၈၇၈)လက်ထက်သို့ ရောက်သောအခါ ကသည်းဝန်၏ အခန်းကဏ္ဍမှာ ပျောက်ကွယ်လုနီး ဖြစ်နေလေပြီ။ ၁၈၇၈ ခုနှစ်အတွင်း ဝက်မစွတ်ဝန်ထောက် ဦးလတ်နာမကျန်းဖြစ်စဉ် ကသည်းဝန် နေမျိုးနာဂသျှန္တကျော်ဘွဲ့ခံ ဟဇနနှင့် မိန်းမစိုး ပေါက်မြိုင်ရွာစားတို့ကို ခေါ်ယူကုသခဲ့ရကြောင်း သိရှိရ၏။

သီပေါမင်းလက်ထက် ဝန်စုမှူးစုစာရင်း၌ ကသည်းဝန်ရာထူးကို မတွေ့ရတော့ပေ။ မင်းတုန်းမင်းလက်ထက် ကသည်းဝန်ကပင် သီပေါမင်းလက်ထက်၌ ဆက်လက်အမှုထမ်းခဲ့ခြင်း ဖြစ်သလော သို့မဟုတ် ကသည်းဝန်ရာထူး ခန့်ထားခြင်းမရှိတော့သည်လော မသိရပါ။ ကုန်းဘောင်ခေတ်ဦးကာလ ကသည်းလူမျိုး အရေအတွက်မှာလည်း ခေတ်နှောင်းကာလတွင် အတော်အတန် နည်းပါးသွားပြီ ဖြစ်ပါသည်။ ၁၈၇၁ ခုနှစ် စာရင်းအရပင် ရန်ကုန်မြို့၌ ကသည်း ၃၁ ဦးသာရှိတော့ကြောင်း သိရှိရ၏။ ကုန်းဘောင်ခေတ်နှောင်းကာလတွင် ကသည်းဝန်၏ အနေအထားမှာ အနှိပ်သည်သာသာမျှပင် ရှိတော့သည်ဟု ဆိုနိုင်ပါသည်။ ကသည်းဝန်သည် နန်းတွင်း၌ပင် နေထိုင်ခွင့်မရတော့ဘဲ ကသည်းလူမျိုးစုများ နေထိုင်ရာ ရပ်ကွက်အတွင်း၌ နေထိုင်ရကြောင်း သိရှိရ၏။