ငွေခွန်ဝန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ငွေခွန်ဝန်သည် ငွေထွက်ရှိရာ မြေလတ်ဒေသများမှ ငွေခွန်တော်ဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်ရသူဖြစ်သည်။ ငွေခွန်ဝန်၏ လက်အောက်တွင် ငွေခွန်မှူးရာထူးကိုလည်း ထားရှိပါသည်။ မြန်မာမင်းများလက်ထက် ငွေခွန်မှူးအုပ်ချုပ်သည့် ငွေထွက်ရာနယ်မြေဒေသများမှာ ရွာငံ၊ ပွေးလှ၊ ဘော်ဆိုင်း၊ ပင်မှီ၊ လွယ်မောက်၊ ပင်းတယ၊ ကျုံး၊ ကျောက်ကူလေးရွာ၊ ဘော် စသည့် နယ်မြေများ ဖြစ်ကြပါသည်။

ငွေခွန်ဝန် နေမျိုးဂါမဏိ[ပြင်ဆင်ရန်]

ငွေခွန်ဝန် နေမျိုးဂါမဏိသည် ကုန်းဘောင်ခေတ်ဦးကာလ၌ အမှုထမ်းရွက်ခဲ့သူ ဖြစ်၏။ သူသည် ဆင်ဖြူရှင် (မြေဒူးမင်း) လက်ထက် ၁၅ စက်တင်ဘာ ၁၇၆၄ တွင် ဖွဲ့စည်းခဲ့သည့် ၄၀ တော် သွေးသောက်အဖွဲ့၌ ပါဝင်ခဲ့သူ ဖြစ်ပါသည်။ နေမျိုးဂါမဏိသည် မြေဒူးမင်း၏ သားတော် စဉ့်ကူးမင်းလက်ထက်တွင် ငွေခွန်ဝန်အဖြစ် ဆက်လက်အမှုထမ်းခဲ့ခြင်း ရှိမရှိကိုမူ မသိရပေ။

စဉ့်ကူးမင်းလက်ထက်[ပြင်ဆင်ရန်]

စဉ့်ကူးမင်းလက်ထက် (၁၇⁠၇၆-၁၇၈၂) တွင် ငွေခွန်ဝန်သည် စစ်ကိုင်းမြို့ အနောက်ဘက် အစေခံအရပ်၌ သုံးထပ် ကျောင်းဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ငွေခွန်ဝန်၏ ဘွဲ့မည်ကိုမူ မသိရပေ။ သုံးထပ်ကျောင်းကြီး ဆောက်လုပ်ပြီးစီးသွားပြီးနောက် ၃၀ ဇန္နဝါရီ ၁၇၈၂ တွင် စဉ့်ကူးမင်း ကိုယ်တိုင် ရေစက်ချ လှူဒါန်းပေးခဲ့သည်။

ဘိုးတော်ဘုရားလက်ထက်[ပြင်ဆင်ရန်]

ဘိုးတော်ဘုရား (ဗဒုံမင်း) နန်းတက်လာပြီးနောက် မုဒ္ဓါဘိသိက်မင်္ဂလာ အခမ်းအနားအပြီး ၁၁ ဇွန် ၁၇၈၄ တွင် ငွေခွန်ဝန်အား နေမျိုးမဟာသင်္ခယာဘွဲ့ ပေးအပ်လိုက်ပါသည်။ သို့သော် နောက်ပိုင်းကာလ ငွေခွန်ရာထူး အပြောင်းအလဲများကို မသိရပေ။

ဘကြီးတော်လက်ထက်[ပြင်ဆင်ရန်]

ဘကြီးတော် နန်းတက်စတွင် ရွှေတောင်ရဲလှကျော်သူ ငွေခွန်ဝန် ဖြစ်လာပါသည်။ စစ်ကိုင်းမင်း (ဘကြီးတော်)သည် ရွှေတောင်ရဲလှကျော်စွာအား နန်းတက်စဉ်ပင် ငွေအသပြာ ၅၀၀ ချီးမြှင့်ခဲ့ဖူးရာ ယုံကြည်အားထားရသည့် မင်းမှုထမ်းတစ်ဦးဟု ဆိုနိုင်ပါသည်။ ငွေခွန်ဝန် ရွှေတောင်ရဲလှကျော်စွာ၏ အမည်ရင်းမှာ ဦးနေဖြစ်၏။ ၃ နိုဝင်ဘာ ၁၈၁၉ တွင် မုဒ္ဓါဘိသိက်မင်္ဂလာ အခမ်းအနားကျင်းပစဉ် ငွေခွန်ဝန် ရွှေတောင်ရဲလှကျော်စွာဘွဲ့ခံ ဦးနေအား နေမျိုးမဟာမင်းခေါင်ဘွဲ့ ပြောင်လဲပေးအပ်ခဲ့ပါသည်။ ငွေခွန်ဝန် ဦးနေအား ၁၈၂၄ ခုနှစ် ဘိသိက်မင်္ဂလာပွဲ အပြီး၌လည်း အစီးအနင်း အဆောင်အရွက်များ ပေးအပ်ခဲ့သေးကြောင်း သိရှိရ၏။ ဘကြီးတော်မင်းလက်ထက် နှောင်းပိုင်းကာလတွင် ငွေခွန်ဝန်အဖြစ် ရွှေဓားမှူး ဦးမှုံအား ခန့်အပ်ခဲ့ပါသည်။ သူသည် ငွေခွန်ဝန်ရာထူးဖြင့် အမှုထမ်းရွက်နေစဉ်အတွင်း အင်းဝမြို့တော်တွင် ငွေစင်ချောင်းအနီး၌ နေထိုင်ခဲ့သည်။ တစ်ကြိမ်တွင် ငွေခွန်ဝန် ဦးမှုံ၏ နေအိမ်ဝင်းအတွင်းရှိ ရေတွင်းမှ အခိုးအငွေ့များ ထွက်နေကြောင်းတွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြား လျှောက်ထားခဲ့ရပါသည်။

ငွေခွန်ဝန် ဦးကြာဥ[ပြင်ဆင်ရန်]

ဘကြီးတော် (စစ်ကိုင်းမင်း) နန်းကျလုနီးအချိန်တွင် ဦးကြာဥ အား ထန်းတပင်မြို့စား ငွေခွန်ဝန် ရာထူးခန့်အပ်လိုက်ပါသည်။ ဦးကြာဥမှာ နောင်မကွေး မင်းကြီး ဦးကြာဥ ဟူ၍ အမည်ထင်ရှားခဲ့ပြီး ယောမင်းကြီး ဦးဘိုးလှိုင်၏ ယောက္ခမ တော်စပ်သူလည်း ဖြစ်ပါသည်။ မြောက်ထားဝယ်ဗိုလ် အဖြစ် အမှုထမ်းရွက်နေစဉ် မင်းလှသီဟသူဘွဲ့ဖြင့် ငွေခွန်ဝန်အရာ ခန့်အပ်ခဲ့ခြင်း ဖြစ်ပါသည်။ စစ်ကိုင်းမင်းသည် ငွေခွန်ဝန် ဦးကြာဥအား ၂၄ ဖေဖော်ဝါရီ ၁၈၃၇ တွင် သာယာဝတီမင်းသားနှင့် နှမတော် ပုဂံမင်းသမီး အိမ်တော်များအား သွားရောက် တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်။ ၁၈၃၇ ခုနှစ် ဧပြီလတွင် သာယာဝတီမင်းသားက နောင်တော် စစ်ကိုင်းမင်းအား နန်းချကာ ထီးနန်းရယူလိုကျသောအခါ ငွေခွန်ဝန် ဦးကြာဥကို မင်းလှသီဟသူဘွဲ့ဖြင့် ငွေခွန်ဝန်အရာ ဆက်လက်ခန့်အပ်ခဲ့ပါသည်။ ထို့ပြင် ၁၅ မေ ၁၈၃၉ တွင် ကျီဝန်ရာထူး ပူးတွဲခန့်အပ်ခဲ့၏။ ၁၈၄၁ ခုနှစ် အောက်တိုဘာလတွင် သာယာဝတီမင်း ရန်ကုန်သို့ စုန်ဆင်းသောအခါ ကျီဝန် ၊ ငွေခွန်ဝန် မင်းကြီးမဟာသီဟသူဘွဲ့ခံ ဦးကြာဥလည်း လိုက်ပါခဲ့ရသည်။ ဦးကြာဥသည် ပုဂံမင်းလက်ထက်တွင် ကျောက်မော်မြို့စား ဝန်ကြီးအရာ ရရှိခဲ့ရာ ငွေခွန်ဝန်ရာထူးကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ခြင်း ရှိ/မရှိ မသိရပေ။

မင်းတုန်းမင်းလက်ထက်[ပြင်ဆင်ရန်]

မင်းတုန်းမင်း နန်းတက်စ ၁၈၅၃ ခုနှစ်တွင် အကြီးစာရေး ဦးပေအား မဟာမင်းလှကျော်ဘွဲ့ဖြင့် ငွေခွန်ဝန်ရာထူးခန့်အပ်ခဲ့ပါသည်။ ထို့နောက် နှစ်အနည်းငယ် အကြာတွင် ဦးမောင်ကလေး ငွေခွန်ဝန်ဖြစ်လာခဲ့၏။ ဦးမောင်ကလေးမှာ နောင် လောင်းရှည်မြို့စား ဝန်ကြီးအဖြစ် ထင်ရှားခဲ့သူဖြစ်၏။ ဦးမောင်ကလေးသည် ၁၈၆၆ ခုနှစ် မြင်ကွန်း မြင်းခုံတိုင် အရေးတော်ပုံကာလအတွင်း လည်ပင်း၌ ဓားဒဏ်ရာရရှိခဲ့သဖြင့် ကောင်းစွာ အလုပ် မလုပ်နိုင်တော့ပေ။

သီပေါမင်းလက်ထက်[ပြင်ဆင်ရန်]

သီပေါမင်းနန်းတက်စ ၁၈၇၈ ခုနှစ်တွင် ငွေခွန်ဝန်အသစ် ခန့်အပ်ခဲ့သည်။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (တတိယတွဲ) စာ -၃⁠၃၁ တွင် ‘ယင်းသည် နတ်တော်လဆန်း ၂ ရက်နေ့ (၂၅ နိုဝင်ဘာ ၁၈၇၈) ခမည်းတော် မင်းတရားကြီး ဘုရားလက်ထက် ခန့်ထားသူကောင်းပြုတော်မူသည့် ငွေခွန်ဝန် အသက်အရွယ်ကြီးရင့် အိုမစွမ်းရှိသည်နှင့် ငွေခွန်ဝန်အရာကို နုတ်သိမ်းတော်မူ၍ စားတော်ကွမ်းရေကိုင် မင်းလှမင်းထင် သီဟသူကို ငွေခွန်ဝန်ခန့်တော်မူသည်’ ဟူ၍ ဖော်ပြပါရှိပါသည်။ ဤအမှတ်အသားအရဆိုလျှင် မင်းတုန်းမင်းလက်ထက် နှောင်းပိုင်းကာလတွင် အသက်အရွယ်ကြီးရင့်သူ ငွေခွန်ဝန်တစ်ဦးရှိခဲ့ပေလိမ့်မည်။ သို့သော် အမည်ကိုမူ မသိရပေ။ ငွေခွန်ဝန် မင်းလှမင်းထင်သီဟသူ၏ အမည်ရင်းမှာ ဦးမောင်ငယ်ဖြစ်ပါသည်။ သူသည် စားတော်ကွမ်းရေကိုင်အဖြစ်မှ ငွေခွန်ဝန် ရာထူးသို့ တိုးမြှင့်ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။ ငွေခွန်ဝန် ဦးမောင်ငယ်သည် ၂၂ ဖေဖော်ဝါရီ ၁၈⁠၈၃ တွင် သမီးတော်အား ဒေါဠကရဏ ကွမ်းခွံမင်္ဂလာ အခမ်းအနားကျင်းပစဉ် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရ၏။ မကြာမီ ဒိုင်းခင်⁠ခင်အရေး ပေါ်ပေါက်လာသောအခါ ငွေခွန်ဝန် ဦးမောင်ငယ် ပါဝင်ပတ်သတ်မှုဖြင့် အကျဉ်းချထားခံရပါသည်။ ယင်းနောက် ၇ ဇွန် ၁၈⁠၈၃ တွင် ငွေခွန်ဝန်ဟောင်း ဦးမောင်ငယ်အား ကောင်ဟန်ဝန်ဟောင်း ဦးခင်မောင်လတ်နှင့်အတူ မိုးကောင်းသို့ အကျဉ်းချထား ပေးပို့ခဲ့ရာ ဗန်းမော်မြို့ဝန်ထံ ထိန်းသိမ်းထားစဉ်အတွင်း ထွက်ပြေးလွတ်မြောက်သွားပါသည်။ ငွေခွန်ဝန်ဟောင်း ဦးမောင်ငယ်သည် ရန်ကုန်မြို့သို့ရောက်ရှိသွားပြီးနောက် ဗြိတိသျှအစိုးရထံ ခိုလှုံသွားပါသည်။ သီပေါမင်း လက်ထက် နောက်ဆုံးခန့်အပ်ခံခဲ့ရသည့် ငွေခွန်ဝန်မှာ ဦးပါတူ ဖြစ်ဟန်ရှိ၏။ ဝက်မစွတ်ဝန်ထောက် ဦးလတ်၏ ဒိုင်ယာရီအရ ငွေခွန်ဝန်ဟောင်း ဦးပါတူ၏ အမည်ကို ၂၂ ဒီဇင်ဘာ ၁၈၉၃ ခုနှစ်အထိ သက်ရှိထင်ရှား တွေ့နေရဆဲဖြစ်ပါသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉