မာတိကာသို့ ခုန်သွားရန်

ကျီဝန်

ဝီကီပီးဒီးယား မှ

ကျီဝန်

[ပြင်ဆင်ရန်]

ကျီဝန်ဟူသည် စပါး၊ ဆား၊ ဆီ၊ ငါးပိ စသည့် ဘုရင့်ကျီတော်များကို ကြီးကြပ်အုပ်ချုပ်ရသူ ဖြစ်၏။ ကျီဝန်ရာထူးကို ညောင်ရမ်းမင်းတရားကြီး လက်ထက် ၂၄ စက်တင်ဘာ ၁၅၉၈ ခုနှစ် ရက်စွဲပါ အမိန့်တော်တွင် အစောဆုံး တွေ့ရှိရသည်။ ထို့ပြင် သာလွန်မင်းလက်ထက် ကျီဝန်ရာထူးဖြင့် အမှုထမ်းခဲ့သူမှာ မဟာနန္ဒဘယကျော်ထင်ဖြစ်ကြောင်း သိရှိရ၏။ ကျီဝန်၏ လက်အောက်တွင် ကျီဝန်၏ အလုပ်တာဝန်ဝတ္တရားများအား ကူညီဆောင်ရွက်ရန် ကျီဝန် စာရေးနှစ်ဦး၊ ကျီစိုး ၄ ဦး၊ ကျီစာရေး ၂ ဦး ခန့်ထားမြဲဖြစ်သည်။

ကျီဝန်သည် ရာဇဌာနီဟု သတ်မှတ်ထားသော ကျီတော်များနှင့် သက်ဆိုင်သည်။ အဝေးကျီဝန် မှာ ရာဇဌာနီမှ အပ နိုင်ငံတော်အနှံ့အပြားတွင် ထားရှိသော ကျီတော်များနှင့် သက်ဆိုင်သည်။ ရာဇဌာနီရှိ ကျီတော်များမှာ စပါးတစ်မျိုးတည်းသာ မကဘဲ ငရုတ်၊ ကြက်သွန်၊ ချင်း၊ ပြောင်း၊ ပဲ၊ နှမ်း၊ ဆီ ဆား ငပိမှ စ၍ သိုလှောင်ရသည်။ []

ကျီဝန်၏ လုပ်ငန်းဆောင်တာ

[ပြင်ဆင်ရန်]

ရတနာပုံခေတ်တွင် ကျီဝန်ရုံးကို မြို့တော်မြောက်မျက်နှာ အလယ်တံခါး အဝင် လက်ဝဲဘက်၌ ထားရှိသည်။ ကျီဝန်ရုံး၏ အနောက်ဘက်တွင် လည်ပေါ်သုံးဆင့်ရှိ စပါးတင်းတစ်သိန်းဝင် မစိုးရိမ်ကျီတော်၊ မကြောင့်ကြကျီတော်၊ မတောင့်တကျီတော်၊ ခန့်တိုင်းဝင်ကျီတော်များရှိ၏။ ၎င်းစပါးကျီတော်များအပြင် ဆား၊ ဆီ၊ ငါးပိများအတွက်လည်း ကျီတော်လေးလုံးစီ ထားရှိ၏။ သိုလှောင် ရိက္ခါများ လဲလှယ်ချိန်တွင် စားသောက်ကုန်ပစ္စည်းများအား ပြည်သူပြည်သားများသို့ ဝေငှပေး၏။ ထိုခေတ်က ကျီတော်အမှုထမ်း နှစ်ရာကျော်ရှိရာ ကျီတော်နှင့်မလှမ်းမကမ်း၌ အကွက်ချနေထိုင်ကြသည်။ ကျီဝန်သည် အထူးသဖြင့် စစ်ရေးစစ်ရာကိစ္စများ ပေါ်ပေါက်လာသော အခါ ရိက္ခါများအလုံအလောက် ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးရ၏။ စပါးမောင်းထောင်းကိရိယာ အစုံ ၂၅၀ ကိုလည်း အသုံးပြုနိုင်ရန် အရန်သင့် ထားရှိ ရသည်။ ထို့ပြင် ဘုရင့်စပါးတော်များ ရေမစိုရေး၊ သန့်ရှင်းနေစေရေးအတွက် ကျီအမှုထမ်းများက အမြဲမပြတ်လုပ်ဆောင်ကြရ၏။ ကျီတော်ကို သော့ခတ် ထားရှိပြီး သော့များအား ကျီဝန်က သိမ်းဆည်းထားရသည်။

ကျီဝန်မဟာဓမ္မ

[ပြင်ဆင်ရန်]

ကုန်းဘောင် ခေတ်ဦးကာလ ကျီဝန်အဖြစ် ခန့်အပ်ခံရသူမှာ မဟာဓမ္မဖြစ်သည်။ မဟာဓမ္မသည် အလောင်းမင်းတရား လက်ထက် သို့မဟုတ် ဒီပဲယင်းမင်း (နောင်တော်ကြီး) လက်ထက်ကပင် ကျီဝန်အရာရရှိခဲ့ဟန် ရှိသည်။ မြေဒူးမင်း (ဆင်ဖြူရှင်) နန်းတက်စ ၁၅ စက်တင်ဘာ ၁၇၆၄ တွင် ကျီဝန်မဟာဓမ္မသည် ပြည်မြို့ဝန် သတိုးရာဇာ ဦးစီးသော လေးဆယ်တော် သွေးသောက်အဖွဲ့ ဖွဲ့စည်းရာ၌ ပါဝင်ခဲ့၏။ သို့သော် မကြာမီ ကျီဝန်ရာထူး အပြောင်းအလဲ ဖြစ်ခဲ့သည်။

မဟာဘယသင်္ကြန်

[ပြင်ဆင်ရန်]

ကျီဝန်မဟာဓမ္မကို ဆက်ခံခဲ့သူမှာ မဟာဘယသင်္ကြန်ဟု မှတ်ယူရသည်။ ကျီဝန်မဟာ ဘယသင်္ကြန်သည် ၅ စက်တင်ဘာ ၁၇၆၉ ခုနှစ်တွင် စန္ဒပူရီ (လင်းဇင်း)မှ သမီးကညာဆက်သသော အခမ်းအနားသို့ တက်ရောက်ခဲ့သူဖြစ်၏။ ကျီဝန်မဟာဘယသင်္ကြန်မှာ မြေဒူးမင်းလက်ထက်တစ်လျှောက် ကျီဝန်အဖြစ် အမှုထမ်းရွက်ခဲ့ဟန်တူသည်။

ကျီဝန်ဦးထွန်း

[ပြင်ဆင်ရန်]

ဦးထွန်း၏ မင်းပေးဘွဲ့အမည်မှာ နန္ဒကျော်ထင် ဖြစ်သည်။ ဦးထွန်းသည် ကျီဝန်ရာထူးအဖြစ် အတွင်းဝန်အဖြစ်ပါ အမှုထမ်းရွက်ခဲ့ရသဖြင့် ကျီအတွင်းဝန်မင်းဟု အမည်ထင်ရှားခဲ့၏။ သူသည် မြင်းစုကြီးဝန် ဦးတုတ်ကြီး၏ သမီး ရှင်ဖွားနှင့် စုံဖက်ခဲ့သူဖြစ်သည်။ စဉ့်ကူးမင်း (၁၇၇၆-၁၇၈၂) လက်ထက်တစ်လျှောက်ကျီဝန်အဖြစ် အမှုထမ်းခဲ့ရာမှ ၅ ဖေဖော်ဝါရီ ၁၇၈၂ တွင် ဖောင်းကားစား မောင်မောင် နန်းတွင်းသို့ ဝင်ရောက်သိမ်းပိုက်စဉ် သစ္စာခံခဲ့သူ ဖြစ်၏။ စဉ့်ကူးမင်း၏ မိဖုရားခေါင် ရှင်မင်းမှာ ကျီဝန်အတွင်းဝန် ဦးထွန်း၏ သမီးဖြစ်သည်။ ဗဒုံမင်း (ဘိုးတော်ဘုရား) နန်းတက်စ ၁၄ ဖေဖော်ဝါရီ ၁၇၈၂ တွင် မြို့လပ်ဝန်ကြီးနှင့်အတူ စီရင်ခံခဲ့ရသည်။

ဘိုးတော် ဘုရားလက်ထက် ကျီဝန်

[ပြင်ဆင်ရန်]

ဗဒုံမင်း (ဘိုးတော်ဘုရား)သည် နန်းသက် အနှစ် ၄၀ နည်းပါးကြာ ထီးနန်းစိုးစံခဲ့ရာ ကျီဝန်ရာထူးဖြင့် အမှုထမ်းခဲ့ရသူလည်း အဆက်ဆက် ရှိခဲ့သည်။ ဘိုးတော်ဘုရားလက်ထက် ကျီဝန်ဖြစ်ခဲ့ကြသူများမှာ ဦးအို၊ ဦးထွန်းညို၊ ဦးစံထွန်း၊ မင်းကျော် ရွှေတောင်၊ နေမျိုးမင်းလှမဟာနော်ရထာ၊ မဟာမင်းလှ၊ နေမျိုးကျော်သူ၊ ဦးကျော်ခေါင်သူတို့ ဖြစ်ကြ၏။

ကျီဝန် ဦးအို

[ပြင်ဆင်ရန်]

ဗဒုံမင်း နန်းတက်စ ၁၇၈၂ ခုနှစ်တွင် မင်းကြီးမင်းခေါင်ကျော်ဘွဲ့ခံ ဦးအိုအား ကျီဝန်အရာ ခန့်အပ်ခဲ့သည်။ သို့သော် မကြာမီကာလအတွင်း ကျီဝန်ရာထူး အပြောင်းအလဲ ဖြစ်ခဲ့၏။ ကျီဝန် ဦးအို၏ ရာထူးကို ဦးထွန်းညိုက ဆက်ခံခဲ့သည်။

ကျီဝန် ဦးထွန်းညို

[ပြင်ဆင်ရန်]

ဗဒုံမင်းက ဦးထွန်းညိုအား မဟာသခင်ျာဘွဲ့ဖြင့် ကျီဝန် ရာထူးခန့်အပ်လိုက်ပါသည်။ ဦးထွန်းညိုသည် စာပေပညာရှင်ကြီး တစ်ဦးဖြစ်ပြီး နောင် တွင်းသင်းမဟာရာဇဝင်သစ်အပါအဝင် စာပေကျမ်းဂန်များ၊ ပျို့ကဗျာများကို ရေးဖွဲ့ခဲ့သူ တွင်းသင်းတိုက်ဝန်အဖြစ် ထင်ရှားခဲ့သူ ဖြစ်၏။ ဗဒုံမင်းက သူ့အား ကျီဝန်အရာခန့်အပ်ခဲ့သဖြင့် ဦးထွန်းညိုက ကျေးဇူးဆပ်သည့်အနေဖြင့် ဇယဒိသပျို့ကို ရေးဖွဲ့သီကုံးခဲ့ရာ ၂၀ အောက်တိုဘာ ၁၇၈၂ တွင် ပြီးစီးခဲ့၏။ ကျီဝန်မဟာသခင်ျာဘွဲ့ခံ ဦးထွန်းညိုသည် ၁၇၈၅ ခုနှစ် ဇူလိုင်လတွင် ကျောက်စာတစ်ချပ် ရေးထိုးခဲ့ကြောင်း သိရှိရသည်။ ယင်းနောက် ၂၅ မတ် ၁၇၈၅ တွင် မဟာသခင်ျာဘွဲ့မှ မဟာစည်သူဘွဲ့သို့ ပြောင်းလဲပေးအပ်ခံခဲ့ရသည့် ဦးထွန်းညိုအား တွင်းသင်းတိုင်ဝန်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။

ကျီဝန် ဦးစံထွန်း

[ပြင်ဆင်ရန်]

ကျီဝန် ဦးထွန်းညို၏ ရာထူးကို မဟာတရဖျားဘွဲ့ခံ ဦးစံထွန်းက ဆက်ခံခဲ့သည်။ ကျီဝန် ဦးစံထွန်းသည် ဗဒုံမင်း၏ အလယ်နန်းမိဖုရား သီရိမဟာနန္ဒါဒေဝီဘွဲ့ခံ ဒေါ်လွန်းပု၏ ဖခင်ဖြစ်ပြီး အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိ (၁၇၂၂-၁၇၅၂) လက်ထက်ကပင် လုံးပေါ်မြင်းစာရေးကြီး အဖြစ် အမှုထမ်းခဲ့သူဖြစ်သည်။ ၂၁ ဖေဖော်ဝါရီ ၁၇၉၂ တွင် ကျီဩန်မဟာတရဖျားဘွဲ့ခံ ဦးစံထွန်းအား သံချက် အစုသားများအပေါ် အုပ်ချုပ်စီရင်ရန် အမိန့်တော်ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရ၏။

မင်းကျော် ရွှေတောင်

[ပြင်ဆင်ရန်]

ကျီဝန် မင်းကျော်ရွှေတောင်၏ အမည်ကို ၁၈၀၇ ခုနှစ်ဝန်းကျင်တွင် စတင်တွေ့ရှိရသည်။ ၁ ဇန်နဝါရီ ၁၈၀၇ တွင် ကျီဝန်မင်းကျော်ရွှေတောင်အား ချုပ်နှောင်ထားရှိရန် အမိန့်တော်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ သဇင်ပန်းများကို နန်းတွင်းသို့ ဦးစွာ မဆက်သဘဲ မင်းသားတို့ထံ ဆက်သခဲ့၍ ဖြစ်သည်ဆို၏။ သို့သော် မကြာမီ ဗဒုံမင်း စိတ်ပြေသွားပြီး အကျဉ်းမှ လွှတ်ပေးခဲ့သည်။ ၃၁ အောက်တိုဘာ ၁၈၁၀ ရက်စွဲပါ အမိန့်တော်တွင် ကျီဝန်မင်းကျော်ရွှေတောင်အား သစ်ကိစ္စနှင့် ပတ်သက်၍ စာရင်းများ ဆက်သွင်းရန် ဖော်ပြပါရှိသည်။

ကျီဝန်ရာထူး အပြောင်းအလဲ

[ပြင်ဆင်ရန်]

ဗဒုံမင်းလက်ထက်တွင် ကျီဝန်ရာထူး အပြောင်းအလဲများ ရှိခဲ့သည်။ ၁၈၁၁ ခုနှစ် နှစ်ဆန်းပိုင်းခန့်တွင် ကျီဝန်မင်းကျော်ရွှေတောင်အား ရာထူးမှ ဖယ်ရှားပစ်လိုက်ပြီး နေမျိုးမင်းလှမဟာနော်ရထာအား ကျီဝန်အဖြစ်ခန့်အပ်လိုက်၏။ သို့သော် ၅ နိုဝင်ဘာ ၁၈၁၁ တွင် ကျီဝန်နေမျိုးမင်းလှ မဟာနော်ရထာကို ရာထူးမှဖယ်ရှားကာ မဟာမင်းလှအား ကျီဝန်အဖြစ် ခန့်အပ်ခဲ့ပြန်ပါသည်။ ၅ ဇွန် ၁၈၁၂ ခုနှစ် ရက်စွဲပါ အမိန့်တော်တွင် ကျီဝန်မဟာမင်းလှအမည် ကိုတွေ့ရှိရဆဲဖြစ်သည်။ ယင်းနောက် ၂၁ ဩဂုတ် ၁၈၁၃ တွင် နေမျိုးကျော်သူအား ကျီဝန်ရာထူးခန့်အပ်ခဲ့ပြန်၏။ သူသည် ၁၅ ဖေဖော်ရီ ၁၈၁၄ တွင် မဏိပူရသို့ စစ်ချီရာ၌ လိုက်ပါစစ်မှုထမ်းခဲ့ရ၏။ ဗဒုံမင်း လက်ထက်နှောင်းပိုင်းကာလတွင် နေမျိုးဇေယနော်ရထာဘွဲ့ခံ ဦးကျော်ခေါင်အား ကျီဝန်ရာထူးခန့်အပ်ခဲ့သည်။ ဦးကျော်ခေါင်မှာ ငယ်စဉ်ကပင် ဗဒုံမင်းသား၏ အိမ်တော်၌ အမှုထမ်းခဲ့သူဖြစ်ပြီး ဆွေရိပ်မျိုးရိပ်လည်း မကင်းသူ ဖြစ်သည်။

စစ်ကိုင်းမင်းလက်ထက်

[ပြင်ဆင်ရန်]

စစ်ကိုင်းမင်း (ဘကြီးတော်) နန်းတက်လာပြီးနောက် ဦးကျော်ခေါင်အား ကျီဝန်ရာထူး ဆက်လက် ခန့်အပ်ပါသည်။ မကြာမီ ၃ နိုဝင်ဘာ ၁၈၁၉ တွင် နေမျိုးဇေယနော်ရထားဘွဲ့မှ မင်းကြီးမဟာမင်းခေါင်းဘွဲ့သို့ ပြောင်းလဲ ပေးအပ်ခဲ့သည်။ ၁၈၁၉ ခုနှစ် အတွင်း၌ပင် သတိုးဘွဲ့ ထပ်မံဖြည့်စွက်ကာ ဝန်ကြီးအရာခန့်အပ်ခဲ့ရာ ကျီဝန်ကြီးဟု အမည်တွင်ခဲ့၏။ ကျီဝန်ကြီး သတိုးမင်းကြီးမဟာမင်းခေါင် ဘွဲ့ခံ ဦးကျော်ခေါင်သည် သန်လျင်မြို့ကို မြို့စားအရာရရှိခဲ့ရာ သန်လျင်မင်းကြီး ဦးကျော်ခေါင်သည် သန်လျင်မြို့ကို မြို့စားအရာရရှိခဲ့ရာ သန်လျင်မင်းကြီးဟုလည်း အမည်တွင်ခဲ့၏။ စစ်ကိုင်းမင်း၏ မြောက်နန်းမိဖုရားမှာ ကျီဝန်ကြီး၏ သမီးဖြစ်သည်။ ၁၈၂၀ ပြည့်နှစ်တွင် ကျီဝန်ကြီး ဦးကျော်ခေါင် ကွယ်လွန်ခဲ့သည်။

ကျီဝန် ဦးရွှဲညို

[ပြင်ဆင်ရန်]

ကျီဝန်ကြီး ဦးကျော်ခေါင် ကွယ်လွန်သွားပြီးနောက် အသက် ၅၇ နှစ် အရွယ်ရှိ မင်းကြီးမဟာမင်းခေါင်ဘွဲ့ခံ ဦးရွှဲညိုအား ကျီဝန်ရာထူးခန့်အပ် လိုက်သည်။ ဦးရွှဲညိုသည် ဝင်းမှူးအဖြစ် အမှုထမ်းနေရာမှ ရာထူးတိုးမြှင့် ခန့်အပ်ခံခဲ့ရခြင်း ဖြစ်ပြီး ၁၈၂၃ ခုနှစ်တွင် သူ့အား ဝန်ကြီးရာထူး တိုးမြှင့် ပေးလိုက်ပြန်ရာ ကျီဝန်ကြီးဟု အမည်တွင် ခဲ့ပြန်ပါသည်။ ကျီဝန်ကြီး သတိုးမင်းကြီး မဟာမင်းခေါင်ဘွဲ့ခံ ဦးရွှဲညိုသည် ၁၈၂၅ ခုနှစ်၊ အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲအတွင်း ရန်ကုန် စစ်မျက်နှာ၌ အမှုထမ်းခဲ့သည်။ သို့သော် စစ်ပွဲကာလအတွင်း၌ပင် ကျီဝန်ရာထူး အပြောင်းအလဲ ဖြစ်ခဲ့၏။

ကျီအတွင်းဝန် ဦးပါရောက်

[ပြင်ဆင်ရန်]

၂ အောက်တိုဘာ ၁၈၂၅ တွင် စစ်ပြေငြိမ်းရေးကိစ္စ ဆွေးနွေးပွဲ ကျင်းပသောအခါ မြန်မာဘုရင်၏ ကိုယ်စားလှယ်အဖြစ် ကျီဝန်မဟာမင်းလှ သီဟသူဘွဲ့ခံ ဦးပါရောက် တက်ရောက်ခဲ့သည်။ ဦးပါရောက်သည် အတွင်းဝန် ရာထူးဖြင့် ပူးတွဲတာဝန် ထမ်းဆောင်ခဲ့ရသဖြင့် ကျီအတွင်းဝန်မင်းဟု အမည်တွင်ခဲ့၏။ သူသည် စစ်ကိုင်းမင်း နန်းကျချိန် ၃၀ ဧပြီ ၁၈၃၇ ခုနှစ်အထိ ကျီဝန်ရာထူးဖြင့် အမှုထမ်းရွက်ခဲ့ရပြီး ယင်းနောက်ပိုင်း နန်းကျဘုရင်ကို ပြုစုစောင့်ရှောက်ရေးအတွက် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ သို့သော် ၁၂ မေ ၁၈၄၀ တွင် မသင့်မတင့် ကြံစည်မှုဖြင့် နန်းမတော်မယ်နုတို့နှင့်အတူ စီရင်ခံခဲ့ရသည်။

သာယာဝတီမင်းလက်ထက်

[ပြင်ဆင်ရန်]

သာယာဝတီမင်း နန်းတက်စ ၄ မေ ၁၈၃၇ တွင် နန္ဒသူရိယအား ကျီဝန်ရာထူးခန့်အပ်လိုက်ပါသည်။ သို့သော် မကြာမီကာလ၌ပင် ကျီဝန်ရာထူးအပြောင်းအလဲ ဖြစ်ခဲ့ဟန်တူ၏။ သူ၏ ရာထူးကို ဆက်ခံခဲ့သူမှာ မင်းကြီး မဟာသီဟသူဘွဲ့ခံ ဦးမြတ်ဘူး ဖြစ်သည်။ ဦးမြတ်ဘူး ဝန်ကြီးရာထူးဖြင့်ပါ တာဝန်ထမ်းဆောင်ခဲ့ရာ ကျီဝန်ကြီးဟု အမည်တွင်ခဲ့သည်။ မြောက်နန်းမိဖုရား၏ ဖခင်လည်းဖြစ်သဖြင့် နန်းတွင်း၌ အရေးပါသူတစ်ဦး ဖြစ်ခဲ့ဟန် တူသည်။ ၁၁ မေ ၁၈၃၉ တွင် ကျီဝန်ကြီးမင်းကြီးမဟာသီဟသူဘွဲ့ခံ ဦးမြတ်ဘူး ကွယ်လွန်သွား၏။ ယင်းနောက် ၁၅ မေ ၁၈၃၉ တွင် သာယာဝတီမင်းက ထန်းတပင်မြို့စား ငွေခွန်ဝန် မင်းလှသီဟသူဘွဲ့ခံ ဦးကြာဥကို မင်းလှမဟာသီဟသူဘွဲ့ဖြင့် ကျီဝန်အရာ ခန့်အပ်လိုက်ပါသည်။ မကြာမီ အတွင်းဝန်ရာထူးရရှိသောအခါ ဘွဲ့မှာလည်း မင်းကြီးမဟာသီဟသူဟု ပြောင်းလဲသွားသည်။ ၂ အောက်တိုဘာ ၁၈၄၁ တွင် သာယာဝတီမင်း ရန်ကုန်သို့ စုန်ဆင်းလာသောအခါ ကျီဝန်မင်းကြီး မဟာသီဟသူဘွဲ့ခံ ဦးကြာဥလည်း လိုက်ပါလာခဲ့ရ၏။ သူသည် ရန်ကုန်သို့ ရောက်ရှိစဉ်အတွင်း ရွှေတိဂုံစေတီတော်၌ ဆည်းလည်းတစ်လုံးကိုပင် လှူဒါန်းခဲ့ပါသေးသည်။

ကျီဝန် ဦးပွား

[ပြင်ဆင်ရန်]

၁၈၄၆ ခုနှစ်တွင် ပုဂံမင်းနန်းတက်လာသောအခါ ကျီဝန်အတွင်းဝန် ဦးကြာဥကို ကျောက်မော်မြို့စားဝန်ကြီးအရာ တိုးမြှင့်ခန့်အပ်လိုက်ပြီး လစ်လပ်သွားသော ကျီဝန်ရာထူးကို မင်းကြီးမဟာသက်တော်ရှည်ဘွဲ့ခံ ဦးပွားအား ခန့်အပ်လိုက်ပါသည်။ ဦးပွားသည် စလေဦးပုည၏ ဦးရီးတော်စပ်သူ ဖြစ်သည်ဆို၏။ မကြာမီ ရေနံချောင်းမြို့စား အတွင်းဝန်အဖြစ်ပါ ပူးတွဲခန့်အပ်ခဲ့ပြီး သတိုးဘွဲ့ကိုလည်း ဖြည့်စွက်ပေးခဲ့သည်။ ၁၃ ဖေဖော်ဝါရီ ၁၈၄၈ တွင် ကျီဝန် အတွင်းဝန် သတိုးမင်းကြီး မဟာသက်တော်ရှည်ဘွဲ့ခံ ဦးပွား ဆောက်လုပ်ပြီးစီးခဲ့သည့် အာသောက ရာမကျောင်းတိုက်ကြီးအား ပုဂံမင်းက ရေစက်ချလှူဒါန်းပေးခဲ့သည်။ ၁၈၅၂ ခုနှစ် ဇူလိုင်လတွင် ဦးပွားအား ဝန်ကြီးအရာ တိုးမြှင့်ပေးလိုက်ရာ ကျီဝန်ကြီးဟု အမည်တွင်ခဲ့သည်။ ∞(ယခုအခါ မန္တလေး၌ ဦးပွားဘုရားဟု အမည်တွင်သည်။ ဦးပွားဘုရားအနီး ကုန်းကျော်တံတားကိုလည်း ဦးပွားကုန်းကျော်ဟု ခေါ်ကြသည်။)

မင်းတုန်းမင်း နန်းတက်စကာလ

[ပြင်ဆင်ရန်]

၁၈၅၃ ခုနှစ် မင်းတုန်းမင်း နန်းတက်စတွင် ငန်းမြာရွာအုပ်ကြီး ဦးဖိုးတုတ်အား ကျီဝန်ရာထူးခန့်အပ်လိုက်ပါသည်။ ယင်းနောက် ၁၆ ဇွန် ၁၈၅၄ တွင် ဦးဖိုးတုတ်ကို မဟာသီရိစည်သူဘွဲ့ ပေးအပ်ခဲ့သည်။ ဘိသိက်မင်္ဂလာအခမ်းအနား အပြီး၌ ယင်းသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၁၉ ဇွန် ၁၈၅၄ တွင် ကျီဝန် မဟာသီရိစည်သူအား မင်းတုန်းမင်း အမိန့်တော်ဖြင့် အကျဉ်းသားများကို လွှတ်ပေးရေး တာဝန်ယူစေခဲ့၏

ကျီဝန် ဦးဘိုးလှိုင်

[ပြင်ဆင်ရန်]

၁၈၅၇ ခုနှစ်တွင် မင်းလှစည်သူဘွဲ့ခံ ဦးဘိုးလှိုင်အား မင်းကြီးမင်းလှမဟာစည်သူဘွဲ့ဖြင့် အတွင်းဝန်ကျီဝန်အရာ ခန့်အပ်လိုက်ပါသည်။ သို့သော် ဦးဘိုးလှိုင် အနဖြေင့် ကျီဝန်ရာထူးကို ကောင်းစွာ ထမ်းရွက်နိုင်ခဲ့ဟန် မရှိပေ။ ၁၈၆၀ ပြည့်နှစ်တွင် ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်သည့် လုပ်ငန်းအား အမိန့်တော်အရ လုပ်ကိုင်ကြရရာ စုစုပေါင်း ကျောက်စာ ၇၂၉ချပ်အား ၈ နှစ်ကြာ ၁၈၆၈ ခုနှစ်အထိ လုပ်ဆောင်ခဲ့ကြရ၏။ ထိုအတောအတွင်း ၁၈၆၅ ခုနှစ် ခေတ္တ ရာထူးကျခဲ့သေးသည်။

ကျီဝန် ဦးပုလေး

[ပြင်ဆင်ရန်]

၁၈၆၉ ခုနှစ်တွင် သံတော်ဆင့် ဦးပုလေးအား မဟာမင်းကျော်စည်သူဘွဲ့ဖြင့် ကျီဝန်ရာထူးခန့်အပ်လိုက်ပါသည်။ ဦးပုလေးသည် မင်းတုန်းမင်း နတ်ရွာစံ လွန်ချိန်အထိ ကျီဝန်ရာထူးဖြင့် အမှုထမ်းခဲ့ရရာ ယင်းသို့ တာဝန်ထမ်းဆောင်စဉ်အတွင်း မန္တလေးမြို့ ချမ်းမြေ့သာစည်ရပ်၌ ကျောင်းတိုက်ကြီးတစ်တိုက် ဆောက်လုပ်လှူဒါန်းခဲ့သေး၏။ မိုးတားမြို့စား ကျီဝန်မင်းက ဆောက်လုပ်သော ကျောင်းတိုက်ကြီးဖြစ်သဖြင့် မိုးတားကျောင်းတိုက်ဟု အမည်တွင်ပါသည်။

သီပေါမင်းလက်ထက်

[ပြင်ဆင်ရန်]

၁၈၇၈ ခုနှစ်၊ အောက်တိုဘာလတွင် သီပေါမင်း နန်းတက်လာပြီးနောက် ဦးပုလေးအား ကျီဝန်မြင်းသစ်မြင်းဝန်ရာထူးများ ဆက်လက်ပေးအပ်ခဲ့သေး၏။ သို့သော် မကြာမီ မြင်းစုကြီးဝန်ရာထူး ပြောင်းရွှေ့ခန့်အပ်ခံရသဖြင့် သူ၏ နေရာအား မိုင်းခိုင်းအတွင်းဝန် ဦးယံ၏ သား ဦးစောကို အစားထိုး ခန့်အပ်လိုက်ပါသည်။ သံတော်ဆင့် ရာထူးကိုပါ ပူးတွဲထမ်းဆောင်ရသူဖြစ်ပြီး ဘွဲ့အမည်မှာ မဟာမင်းထင်စည်သူ ဖြစ်သည်။ ၁၈၇၉ ခုနှစ် စက်တင်ဘာလတွင် ဗြိတိသျှသံအဖွဲ့ လာရောက်စဉ် စစ်ရေးပြ အခမ်းအနား၌ ကျီဝန်သံတော်ဆင့် မဟာမင်းထင်စည်သူက စစ်ကြောင်း လက်ဝဲစစ်ကဲအဖြစ် လိုက်ပါခဲ့ရ၏။ ၁၈၈၂ ခုနှစ်တွင် ဖခင်မိုင်းခိုင်းမင်းကြီးက သားကျီဝန် သံတော်ဆင့် မဟာမင်းထင်စည်သူဘွဲ့ခံ ဦးစောထံ မေတ္တာစာများရေးသားပေးပို့ခဲ့သည်ကို တွေ့ရှိရ၏။ ကျီဝန်ဦးစောသည် ဗြိတိသျှအစိုးရလက်ထက် ၂၂ ဇူလိုင် ၁၈၉၁ တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်း(ငြိမ်း) ရေး၊ ညောင်ရမ်းမင်းသား၏ နောက်ဆုံးနေ့ရက်များနှင့် အခြားစာတမ်းများ၊ စာ-၁၅၊ ၂၀၁၅၊ ဒီဇင်ဘာ