အဝေးကျီဝန်

ဝီကီပီးဒီးယား မှ

အဝေးကျီဝန်သည် အဝေးမြို့ရွာများရှိ ဘုရင့်ဘဏ္ဏာတော်နှင့် လယ်တော်များမှ ထွက်ရှိသည့် သီးနှံများကို အဝေးမြို့ရွာအျားရှိ ကျီတော်ကြီးများသို့ ပို့ဆောင်သိုလှောင်ရာ၌ ကြီးကြပ်ရသူအရာရှိဖြစ်သည် ။ အဝေးကျီးဝန်၏ လက်အောက်တွင် ကျီစာရေး ၊ ကျီစိုး နှင့် ကျီအမှုထမ်း အများအပြားရှိကြ၏ ။ အဝေးကျီဝန်ရာထူးနှင့် သဘာဝအားဖြင့် ကွဲပြားခြားနားမှုရှိသည်။

ညောင်ရမ်းခေတ် အဝေးကျီဝန်[ပြင်ဆင်ရန်]

မြန်မာ့သမိုင်းတွင် အစောဆုံးတွေ့ရှိရသော အဝေးကျီဝန်မှာ မင်းရဲကျော်ထင် (၁၆၇၃ - ၁၆၉၈ )လက်ထက် ခန့်အပ်ခံရသူ စကျင်ရွာစား ဇေယျရန္တမိတ် ဖြစ်ဟန်ရှိသည် ။ သူသည် နောင်တွင် ဝန်ကြီးအရာတိုးမြှင့်ခန့်အပ်ခံခဲ့ရ၏ ။ စနေမင်း (၁၆၉၈ - ၁၇၁၄ ) လက်ထက် အဝေးကျီဝန်မှာမူ ပင်းတလဲမြို့စား သီရိဇေယျကျော်ထင်ဖြစ်၏ ။ သူသည်လည်း ၁၇၀၉ ခုနှစ်တွင် ဝန်ကြီးရာထူး ရရှိခဲ့သည်။

ကုန်းဘောင်ခေတ်ဦးကာလ[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်ဦးကာလတွင် အဝေးကျီဝန်ရာထူး ခန့်အပ်ခဲ့သော်လည်း အမည်မသိရသူက များပါသည် ။ ဗဒုံမင်းလက်ထက် ၅ ဖေဖော်ဝါရီ ၁၈၀၇ ခုနှစ်တွင် ဆင်ဖြူတော်သိမ်း အခမ်းအနားကျင်းပစဉ် အဝေးကျီဝန်သား လက်ယာရွှေတောင်တက်ရောက်ခဲ့သော်လည်း ဖခင်အဝေးကျီဝန်၏ အမည်ကိုဖော်ပြမထားပါ။

စစ်ကိုင်းမင်းနန်းတက်စ[ပြင်ဆင်ရန်]

စစ်ကိုင်းမင်း ( ဘကြီးတော် ) နန်းတက်စ ၃ နိုဝင်ဘာ ၁၈၁၉ ခုနှစ်တွင် အဝေးကျီဝန် နေမျိုးဇေယသင်္ခရာဘွဲ့ ပေးအပ်ခဲ့ကြောင်းသိရှိရ၏ ။ သို့သော် အဝေးကျီဝန်နှင့်ပက်သက်၍ အထောက်အထားများ ဆက်လက်ရှာဖွေ မတွေ့ရသေးပါ ။

ရပ်ဝေးဒေသမှ ဘုရင့်ကျီတော်များ[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်စစ်တမ်းများအရ နေပြည်တော်မှအပ အချို့မြို့ကြီးများ၌လည်း ဘုရင့်ကျီတော်များထားရှိကြောင်း သိရှိရ၏ ။ ထင်ရှားသော ကျီတော်တစ်ခုမှာ ရန်ကုန်မြို့တွင်တည်ရှိပြီး အနီးဝင်းကျင်ဒေသများဖြစ်သော ဟံသာဝတီ ၃၂ မြို့အဝင်မြို့ရွာများမှ အခွန်တော်ပစ္စည်းများကို လက်ခံသိုလှောင်ရာ ဌာနဖြစ်၏။ ကျွဲရှဉ်းခွန်ခေါ် လယ်ခွန်အဖြစ် တစ်ရှဉ်းလုပ်လျှင် စပါးတင်း ၅၀ ကျ ဟံသာဝတီကျီတော်သို့ သွင်းကြရသည် ။ သို့သော် နယ်မြေဒေသလိုက်ကွဲပြားမှုတော့ရှိသည် ။ အချို့ ဒေသများ၌ စပါး ၅၅ တင်း ၊ အချို့က ကျွဲရှိယုံမျှနှင့် ရွက်နီ ၁-ကျပ် ပေးကြရ၏ ။ တောင်ငူမြို့ နှင့် နီးသောဒေသများအတွက် တောင်ငူတွင်လည်း ဘုရင့်ကျီတော်တစ်ခုထားရှိသည် ။

အဝေးကျီဝန် မဟာနန္ဒသင်္ကြန်[ပြင်ဆင်ရန်]

မင်းတုန်းမင်း( ၁၈၅၃ - ၁၈၇၈ ) နန်းတက်စတွင် အဝေးကျီဝန်အဖြစ် မဟာနန္ဒသင်္ကြန်အားခန့်အပ်ခဲ့သည် ။ မဟာနန္ဒသင်္ကြန်ကို ပညာရှိအဝေးကျီဝန်ဟူ၍ ခေါ်ဆိုကြရာ ပညာဗဟုသုတနှင့် ပြည့်စုံသူတစ်ဦးဟု ဆိုနိုင်သည် ။ ၃၁ ဇန်နဝါရီ ၁၈၅၇ ခုနှစ်တွင် မန္တလေးမြို့တော်သစ်တည်ရန် မြေနေရာသွားရောက် ကြည့်ရှုကြသူများထဲတွင် အဝေးကျီဝန် မဟာနန္ဒသင်္ကြန်လည်း ပါဝင်သည် ။ သူသည် ထိုစဉ်က ဆီမီးခုံရွာစားအဖြစ် ထင်ရှားခဲ့သည် ။

အဝေးကျီဝန် ဦးဘေ[ပြင်ဆင်ရန်]

မဟာနန္ဒသင်္ကြန်၏ ရာထူးကို သံတော်ဆင့်ဦးဘီက ဆက်ခံခဲ့ဟန်ရှိသည် ။ ဦးဘီသည် သံတော်ဆင့် အဝေးကျီဝန်အဖြစ် နှစ်အနည်းငယ်မျှ တာဝန်ထမ်းဆောင်ခဲ့ရ၏ ။ နောင်သီပေါမင်းလက်ထက်တွင် မြို့သစ်မြို့စား အတွင်းဝန်အဖြစ် ထင်ရှားခဲ့သူ ဖြစ်သည် ။

အဝေးကျီဝန် ဦးလတ်[ပြင်ဆင်ရန်]

၁၈၆၀ ပြည့်နှစ်တွင် ဦးလတ်အား အဝေးကျီဝန်အဖြစ်ခန့်အပ်လိုက်ပါသည် ။ ဦးလတ်သည် ၁၈၇၈ ခုနှစ် မင်းတုန်းမင်းနတ်ရွာစံချိန်အထိ အဝေးကျီဝန်အရာဖြင့် အမှုထမ်းရွက်ခဲ့ရာ ၁၈ နှစ်မျှပင် ကြာသွားသည် ။ ဦးလတ်မှာ နောင် ဝက်မစွတ်ဝန်ထောက် ဦးလတ်အဖြစ် ထင်ရှားခဲ့သော စာရေးဆရာမကြီး ဒဂုန်ခင်⁠ခင်လေး၏ အဘိုးပင်ဖြစ်သည် ။


သီပေါမင်းလက်ထက်[ပြင်ဆင်ရန်]

သီပေါမင်းနန်းတက်စတွင် သံတော်ဆင့် ဦးဘိုးအိုအား မဟာမင်းခေါင်ရာဇာဘွဲ့ဖြင့် အဝေးကျီဝန် အရာခန့်အပ်ခဲ့သည် ။ အဝေးကျီဝန်မဟာမင်းခေါင်ရာဇာသည် ၂၂ ဖေဖော်ဝါရီ ၁၈⁠၈၃ ခုနှစ်တွင် ကျင်းပသော သီပေါမင်း၏သမီးတော် ဒေါဠကရဏမင်္ဂလာပွဲတွင် နန်ဒီပူဇော်ဆုတောင်းစာကို ဖတ်ကြားခဲ့ရ၏။ အဝေးကျီဝန် ဦးဘိုအိုး၏ ရာထူးကိုဆက်ခံခဲ့သူမှာ တောင်ကိုးခရိုင်အုပ် မင်းကျော်သီရိမင်းထင်စည်သူ ဖြစ်ဟန်ရှိသည် ။ အဝေးကျီဝန်မင်းကျော်သီရိမင်းထင်စည်သူသည် ဘုန်းတော်ကြီးကျောင်း၌ ကျမ်းစာပေထုပ်များ လှူဒါန်းခဲ့ကြောင်း ပေစာထုပ်ကြိုးစာအရ သိရှိရသည် ။ သူ၏သားဖြစ်သူ မှာလည်း တောင်ဘက် ကိုးသင်းမြင်းစာရေးကြီးတစ်ဦး ဖြစ်သည် ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉